News @ M-Media

Tag: Minority In Myanmar

  • ရခိုင်ကိစ္စ ကိုဖီအန်နန်ကော်မရှင် ဘာတွေပြောသလဲ

    ရခိုင်ကိစ္စ ကိုဖီအန်နန်ကော်မရှင် ဘာတွေပြောသလဲ

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    သမ္မတဦးထင်ကျော်အား အပြီးသတ်အစီရင်ခံစာ ပေးအပ်စဉ်

    – လက်ရှိ ရှိနေတဲ့ လူမျိုးရေးတင်းမာမှုတွေကို မဖြေရှင်းဘူးဆိုရင် ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေဟာ အစွန်းရောက်သွားမယ့် အန္တရာယ်မျိုးကို ကြုံတွေ့ရနိုင်တယ်လို့ ကုလအတွင်းရေးမှူးဟောင်း မစ္စတာ ကိုဖီအန်နန် ဦးဆောင်တဲ့ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

    တစ်နှစ်ကြာ လေ့လာသုတေသနတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာပြုလုပ်တဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်မှုမှာ ပြောကြားလိုက်ာတာဖြစ်ပြီး အကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားဖို့အတွက် နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို တစ်ပါတည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

    ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို ကန့်သတ်မှုတွေ ဖြေလျော့ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    မစ္စတာ ကိုဖီအန်နန် ဦးဆောင်တဲ့ အဲဒီကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က လူမျိုးစုတွေကြား ရင်ကြားစေ့ရေ၊ ပြည်နယ်သာယာဝပြောရေးအတွက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီနေ့မှာထုတ်ပြန်တဲ့ အပြီးသတ်အစီရင်ခံစာမှာ ကော်မရှင်က ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေဟာ တစ်ခုနဲ့တစ်ခု ကြောက်ရွံ့နေကြပြီး၊ အကြမ်းဖက်မှုတွေကြောင့် လူ့အဖွဲ့အစည်းတွေ သီးခြားဖြစ်နေတာက အခြေအနေကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

    “လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျင်လျင်မြန်မြန် မဖြေရှင်းဘူးဆိုရင် လူ့အဖွဲ့အစည်းနှစ်ခုအတွင်း အစွန်းရောက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ လိုအပ်နေတာက အကြမ်းဖက်မှုတွေ မြင့်တက်မလာအောင်၊ လူမျိုးစုချင်း ပဋိပက္ခတွေကို ထိန်းချုပ်နိုင်အောင် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေ ပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်” လို့ အစီရင်ခံစာကဆိုပြီး အင်အား အလွန်အကျွံ မသုံးဖို့လည်း သတိပေးခဲ့ပါတယ်။

    ဆင်းရဲမွဲတွေမှု လျှော့ချဖို့အတွက် ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ဖို့ ကော်မရှင်က တိုက်တွန်းခဲ့ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာမှု ကန့်သတ်တာကို ဖယ်ရှားပေးဖို့လည်း အကြံပြုခဲ့ပါတယ်။

    အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်မှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့ကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ တာဝန်မရှိကြောင်း ပြောကြားခဲ့ကာ၊ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ ပိုင်နက်ကို ကာကွယ်ပိုင်ခွင့် ရှိနေပေမယ့် စစ်အင်အား အလုံးအရင်းနဲ့ တုန့်ပြန်ဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်မှာ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ပြည်သူလူထု မခံစားရစေဖို့၊ သူတို့လိုအပ်နေတဲ့ ထောက်ပံ့မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့ လုပ်ပေးရပါမယ်” လို့ အဖွဲ့ဝင် ၉ ဦးပါတဲ့ ဒီကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကော်မရှင်ပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ကိစ္စကို ကြီးကြပ်ဖို့အတွက် ၀န်ကြီးအဆင့် ရာထူးတစ်ခုကို ခန့်အပ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

    “အချိန်ဖြုန်းလို့ မရတော့ပါဘူး။ ရခိုင်ပြည်နယ်က အခြေအနေဟာ စိတ်မချရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်” လို့ ကိုဖီအန်နန်က ပြောကြားခဲ့ပါတယ်။

    Ref: BBC, Reuters

  • လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေကြသည့် ရိုဟင်ဂျာများ

    – မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေ အင်အားဖြည့်တင်းမှု ပြုလုပ်လာတဲ့အတွက် လုံခြုံရေး စိုးရိမ်ရတာကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလာဒေ့ရှက်ဘက်ကို ထပ်မံထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အနည်းဆုံး ရိုဟင်ဂျာ ၃၅၀၀ လောက် ရောက်လာကြတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့တာပါ။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ၊ ကမ်းခြေစောင့်တပ်တွေ နယ်စပ်မှာ အားဖြည့်ထားတဲ့ကြားကနေ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြာစောင့်တပ်ဖွဲ့ကတော့ သူတို့ဟာ ကလေးငယ်တွေ အပါအ၀င် ရိုဟင်ဂျာ ၃၁ ယောက်ပါဝင်တဲ့ လှေတစ်စီးကို မြန်မာဘက် ပြန်ပို့လိုက်တယ်လို့ ဒီတစ်ပတ်ထဲမှာ ပြောကြားထားပါတယ်။

    “ဘာလူခါလီ စခန်းတစ်ခုတည်းမှာပဲ ရခိုင်ပြည်နယ်က ရွာတွေကကနေ ရိုဟင်ဂျာ ၃၀၀၀ လောက် ရောက်လာကြပါတယ်” လို့ အဘ်ဒူလ် ခါလစ်ဆိုသူက ပြောကြားခဲ့ပါတယ်။

    ဘာလူခါလီဒုက္ခသည်စခန်းဟာ နတ်မြစ်ဘေးနားမှာရှိပြီး ရခိုင်ပြည်နယ်က ရောက်ရှိလာသူတွေ ပထမဆုံးနေထိုင်တဲ့ စခန်းဖြစ်ပါတယ်။

    အခြားစခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကမာလ် ဟူစိန်က ပြီးခဲ့တဲ့ ၁၁ ရက်အတွင်းမှာ ရိုဟင်ဂျာမိသားစု ၇၀၀ နီးပါး ရောက်လာကြကြောင်း၊ စခန်းမှာ နေရာမရှိတဲ့အတွက် တော်တော်များများဟာ ဟင်းလင်းပြင်မှာ အိပ်စက်ရကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအတွင်း မြိုတိုင်းရင်းသားတစ်ချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ တပ်တွေကို တိုးမြှင့်ချထားခဲ့ပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းရေး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဒီသတ်ဖြတ်မှုကို ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် ရခိုင် နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတစ်ချို့နဲ့ မီဒီယာတစ်ချို့ကတော့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့အဓမ္မကျင့်မှုတွေရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ကုလကအခုနှစ်စောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီကိစ္စတွေကို ငြင်းဆိုခဲ့ပြီး ချဲ့ကားပြောဆိုတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးကျင့်သုံးမှုကို ကန့်သတ်သည့် အမိန့်များ ရန်ကုန်မြို့နယ်များတွင် ထုတ်ပြန်

    အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးကျင့်သုံးမှုကို ကန့်သတ်သည့် အမိန့်များ ရန်ကုန်မြို့နယ်များတွင် ထုတ်ပြန်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဒဂုံမြို့နယ်မှ ကြေငြာချက်

     

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှု၊ ဓမ္မရေးရာ သင်ကြားမှုတွေကို ကန့်သတ်တားမြစ်တဲ့ ဒေသန္တရအမိန့်တွေကို ရန်ကုန်က မြို့နယ်တစ်ချို့မှာ သြဂုတ်လ ၂၂ ရက်၊ ၂၃ ရက်နေ့တွေမှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်

    အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ ဒီစာရွက်တွေဟာ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေက ထုတ်ပြန်တဲ့ အမိန့်တွေဖြစ်တယ်ဆိုတာ သေချာကြောင်း၊ သြဂုတ်လ ၂၃ ရက်နေ့ ညပိုင်းမှာ သာကေတမြို့နယ်အပါအ၀င် မြို့နယ်တစ်ချို့မှာ အသံချဲ့စက်နဲ့ လိုက်လံကြေငြာခဲ့ကြောင်း ဒေသခံတွေက အတည်ပြုခဲ့ကြပါတယ်။

    သြဂုတ်လ ၂၂ ရက်နေ့ရက်စွဲနဲ့ ဒေါပုံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ

    “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လွန်စွာအရေးပါသော ဤကာလ၌ ဘာသာရေးကိစ္စများကို အကြောင်းပြု အဓိကရုဏ်းများ ဖြစ်ပွားစေနိုင်မည့် ကိစ္စအရပ်ရပ်ကို ရှောင်ရှားရန် အထူးအရေးကြီးကြောင်း၊ ညွှန်ကြားချက်များအရ ဗလီအတွင်း၌သာ ၀တ်ပြုဆုတောင်းနိုင်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်”

    “သို့ဖြစ်ပါ၍ ရပ်ကွက်များအတွင်း ခွင့်ပြုချက်မရှိဘဲ ဘာသာရေးဆိုင်ရာ အဆောက်ဦးများ ဆောက်လုပ်ခြင်း၊ ဘာသာရေးဆိုင်ရာ စာပေသင်ကြားခြင်း၊ နေအိမ်နှင့် ဘာသာရေးစာသင်ကျောင်းများတွင် စုပေါင်းဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်း မပြုလုပ်ရန်နှင့် ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ကာယကံရှင်အား တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

    သာကေတမြို့နယ်နဲ့ ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ထုတ်ပြန်တဲ့ ကြေငြာချက်တွေကလည်း ဒီလိုသဘောသက်ရောက်တဲ့ ကြေငြာချက်မျိုးတွေ ဖြစ်ပါတယ်။

    ဒီမြို့နယ် ၃ ခုအပါအ၀င် ရန်ကုန်မြို့အတွင်းက မြို့နယ်တော်တော်များများမှာ အစ္စလာမ်ဘာသာဝင်တွေအတွက် လိုအပ်နေတဲ့ ၀တ်ပြုရာနေရာတွကို ခေတ်အဆက်ဆက် အစိုးရတွေက ဆောက်လုပ်ခွင့်မပေးတာကြောင့် ဘာသာရေး စာသင်ကျောင်းတစ်ချို့မှာ စုပေါင်းဝတ်ပြုနေရတာ၊ နေအိမ်တစ်ချို့မှာ ကလေးငယ်တွေကို ဓမ္မစာပေတွေ သင်ကြားနေရတာတွေ ရှိနေပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုရာနေရာ မလုံလောက်မှု ကိစ္စအတွက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတော့ ဒီကြေငြာချက်တွေမှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

    သာကေတမြို့နယ်မှ ကြေငြာချက်
    ဒေါပုံမြို့နယ်မှ ကြေငြာချက်

     

  • ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    မလအွန် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တစ်ဦး

    – ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားရာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က မိမိကိုယ်ကို သတ်သေနှုန်း မြင့်မားနေတဲ့ စခန်းတွေမှာ အနာဂတ်မဲ့စွာ နေထိုင်နေရပါတယ်။ တတိယနိုင်ငံတွေမှာ နေရာချထားပေးရေး မျှော်လင့်ချက်တွေ ကျဉ်းမြောင်းလာခဲ့တာကြောင့် တစ်ချို့တွေက မြန်မာနိုင်ငံကို ပြန်သွားနေကြပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းရေးမှာ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။

    ဒုက္ခသည် တစ်သောင်းလောက်ရှိတဲ့ မယ်လအွန်ဒုက္ခသည်စခန်းမှာ မီးစက်နဲ့ တစ်ညကို တစ်နာရီလောက်သာ ဓာတ်အားလွှတ်ပေးပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွန်ပျူတာဆရာ နေကောထူးတစ်ယောက် မီးရတဲ့အချိန်အများစုကို ဖုန်းအာသွင်းတာ၊ သူနှစ်သက်တဲ့အဆိုတော် ဘရူနိုမားစ်ရဲ့သီချင်း နားထောင်တာတွေ လုပ်လေ့ရှိပါတယ်။ ဒုက္ခသည်စခန်းကနေ လွတ်မြောက်ရင် ကွန်ပျူတာပညာရှင်တစ်ယောက်၊ ဒါမှမဟုတ် ပရိုဂရမ်မာတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေလည်း သူ့မှာ ရှိနေပါတယ်။

    ကရင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြေင့် မြန်မာနိုင်ငံအရှေ့ပိုင်းက ဒုက္ခသည် တစ်သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သူတို့ထဲကအများစုဟာ ထိုင်းမြန်မာနယ်စပ်က စခန်း ၉ ခုမှာ နေထိုင်နေရတာပါ။

    နေကောထူးဟာ တတိယနိုင်ငံတစ်ခုမှာ ခိုလှုံ့ခွင့်ရဖို့ စောင့်နေတာ ၃ နှစ်လောက်ရှိပါပြီ။ ဒါပမယ့် သူ့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ ကုလဒုက္ခသည်များအေဂျင်စီ UNHCR က ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချနိုင်ဖို့ စာရင်းသွင်းမှုကို ၂၀၁၄ ခုနှစ်မှာ ရပ်နားလိုက်ပြီးနောက်ပိုင်း သူဟာ ထိုင်းနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

    အမေရိကန်မှာ အခြေချရေးဆိုတဲ့ အိပ်မက်နဲ့ နေကောထူးတစ်ယောက် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပေမယ့် စခန်းထဲက တစ်ချို့ကတော့ မျှော်လင့်ချက်မဲ့မှုတွေသာ ပိုမိုတိုးလာခဲ့ပါတယ်။ နယ်စပ်မှာ အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒုက္ခသည် ၂၈ ဦးဟာ မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး ၆၈ ဦးကလည်း အဲဒီလို သတ်သေဖို့ ကြံစည်ခဲ့တယ်လို့ နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ (IOM) ရဲ့ လေ့လာမှုက ပြသနေပါတယ်။

    ထိုင်းနိုင်ငံက IOM အဖွဲ့အကြီးအကဲ ဒါနာ ဂရာဘာရ် လာဒက်က ဒီနှုန်းဟာ ကမ္ဘာ့ပျမ်းမျှ မိမိကိုယ်ကို သတ်သေမှုနှုန်းထက် ၃ ဆလောက်ရှိတယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ နှစ်ဖက်မိသားစုက တော်တော်လေး ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ပိုးသတ်ဆေးတွေသောက်ပြီး အဆုံးစီရင်ခဲ့ပါတယ်။

    “တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ” လို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ ဂရာစီယာ ဖဲလ်မက်သ်က ပြောပါတယ်။

    သူမဟာ အဲဒီဇနီးမောင်နှံက အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ကို အခင်းမဖြစ်ပွားခင် ၂ ရက်အလိုမှာ တွေ့ခဲ့သူပါ။

    အောက်စဖို့ဒ်တက္ကသိုလ်က ပီအိခ်ျဒီကျောင်းသူ ဖဲလ်မက်သ်တစ်ယောက် ဒုက္ခသည်စခန်းအတွင်း ၂ နှစ်ကြာ သုတေသနတွေအရ အမျိုးသမီးတွေ မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်ပိုင်း ဖြစ်ပွားတတ်တဲ့ စိတ်ကျရောဂါလိုမျိုး စိတ်ကစဥ့်ကလျား ဖြစ်စဉ်တွေဟာ ဒုက္ခသည်အမျိုးသမီးတွေကြားမှာ တိုးလာနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ သူမကတော့ ဒီလို စိတ်ရောဂါတွေ ဖြစ်နေကြောင်း စောစောစီးစီးသိတာဟာ မိမိကိုယ်ကိုသတ်သေမှုကို တားဆီးဖို့အတွက် သော့ချက်တစ်ခုဖြစ်ပြီး အသက်ရွယ်၊ လိင်အလိုက် ထောက်ပံ့ကူညီရေးအဖွဲ့တွေကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

    မယ်လစခန်းက အမည်မဖော်လိုတဲ့ အခြား အကြံပေးတစ်ဦးကလည်း ဒုက္ခသည်စခန်းတွေအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆိုးဆိုးဝါးဝါး အားနည်းနေပြီး အထူးသဖြင့် လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူမျိုးမရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

    အမျိုးသမီး တော်တော်များများက သူတို့ဟာ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေကြောင်း၊ တစ်ချို့ကတော့ ကရင်ပြည်နယ်ကို အတင်းပြန်ပို့ခံရမှာ ကြောက်နေကြောင်း ဖဲလ်မက်သ်ကို ပြေကြားခဲ့ပါတယ်။ စစ်ပွဲအနိဌာရုံတွေကြောင့် တွယ်တာစရာမိသားစု၊ ပိုင်ဆိုင်ရာမြေယာတွေ မရှိတော့အတွက်အကြောင့် မပြန်ချင်သူတွေလည်း ရှိနေပါတယ်။

    နယ်စပ်မှ မသေချာမှုများ

    မယ်လအွန်ဒုက္ခသည်စခန်းရဲ့ အစိတ်အပိုင်းတွေက ရွာတွေလိုဖြစ်နေပြီး အိမ်တွေကို ၀ါးဓနိတွေနဲ့ ဆောက်လုပ်ထားတာပါ။ လူငယ်အချို့ဟာ မြေပြောင်ပြောင်မှာ နှစ်ဖက်ခွဲကာ ပိုက်တားပြီး ကြိမ်လုံးတစ်လုံးကို ခတ်နေကာ ဘေးမှာလည်း လူတွေက ၀ိုင်းကြည့်နေကြပါတယ်။ ဒီကစားနည်းကို ‘ခြင်းလုံးခတ်တယ်’ လို့ခေါ်ပြီး အနု
    ပညာပုံစံတစ်ခုအဖြစ်လည်း မှတ်ယူကြပါတယ်။

    ထိုင်းမှာ ဒုက္ခသည်တွေဟာ အလုပ်လုပ်ခွင့်မရှိပါဘူး။ တစ်ချို့ဆိုရင် သီးခြားဖြစ်နေတဲ့ ဒုက္ခသည်စခန်းကနေ ထွက်ခဲပါတယ်။

    “တရားမ၀င်အလုပ်လုပ်ရင် ထိုင်းအာဏာပိုင်တွေက ကျွန်မကိုဖမ်းပြီး ထောင်ထဲ ထည့်လို့ရပါတယ်” လို့ ထမင်းချက်ဖို့ ဆန်ဆေးနေတဲ့ ကော်ကေပေါက ပြောပါတယ်။ မယ်လအွန် ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သူမဟာ အသက် ၂၀ အရွယ်ရောက်နေပေမယ့် ပြင်ပကမ္ဘာနဲ့ ထိတွ့ဆက်ဆံဖူးခြင်း မရှိသေးပါဘူး။

    အသက် ၂၄ နှစ်အရွယ် စောကူဒဟ်ကတော့ လူငယ်တွေကို စိတ်ပျက်စေတာက နေ့စဉ်နေ့တိုင်း တစ်ပုံစံတည်း ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေက ဦးစီးဖွင့်လှစ်ထားတဲ့ ပညာဒါန ကျောင်းလေးတွေမှာ စာသင်ပြီးသွားရင် ဘာလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး လူငယ်တွေမှာ မရှိပါဘူး။

    ပြန်လည်နေရာချထားရး အစီအစဉ် ရပ်တန့်သွားတာကြောင့် တစ်ချို့ဒုက္ခသည်တွေက မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ UNHCR အကူအညီနဲ့ ပထမဆုံး နေရပ်ပြန်ပို့မှုအတွင်း ဒုက္ခသည် ၇၁ ဦးဟာ သူတို့ဆန္ဒအလျောက် အိမ်ပြန်ခဲ့ကြပါတယ်။

    လက်နက်ကိုင်အုပ်စုတွေက ၂၀၀၅ ခုနှစ်မှာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ ငြိမ်းချမ်းတယ်လို့ ပြောနိုင်ပေမယ့် ပြန်ရောက်လာတဲ့အရေအတွက်က သိပ်ပြီး များများစားစား မရှိပါဘူး။ ကရင် လူ့အခွင့်အရေးအဖွဲ့က စောဝေလေးကတော့ ငြိမ်းချမ်းရေးဟာ အာမခံချက်မရှိဘူးလို့ ဆိုပါတယ်။

    “ဒုက္ခသည်တွေပြန်လာဖို့ဆိုတာဟာ စစ်မက်ဇုန်မဖြစ်တော့တာနဲ့ ဆက်စပ်နေပါတယ်။ အစိုးရတပ်ဖွဲ့တွေ၊ စခန်းတွေဟာ ကရင်ဒေသမှာ ဆက်ရှိနေတုန်းပါပဲ”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်းမှာ စစ်တပ်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကရော မြေမြှုပ်မိုင်းတွေကို ထင်သလို ချထားမှုကြောင့် ကရင်ပြည်နယ်မှာ မိုင်းတွေကလည်း ပြန့်ကျဲနေပါတယ်။

    ဒုက္ခသည်စခန်းကနေ ပြန်ရောက်လာသူတွေ ကြုံတွေ့ရမှုကို စောင့်ကြည့်နေတဲ့ KHRG က လူတစ်ချို့ဟာ လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    “ပြန်လာလိုက်တာကောင်ပါတယ်” လို့ စောဘီလို့သာ အမည်ပြောတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ဇနီးနဲ့အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ပြန်ရောက်လာမှုအကြောင်း KHRG ကို ပြောပါတယ်။ နိုဟ်ပိုး ဒုက္ခသည်စခန်းမှာ အထောက်အထားမဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက် သူတို့ဟာ နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ရရှိခဲ့ပါတယ်။

    “လူတစ်ယောက်ဟာ နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်” လို့ စောဘီက ဇွန်န၀ါရီမှာ KHRG ကို ပြောပါတယ်။

    ဒါပေမယ့် အလုပ်ရှာလို့မရတာကြောင့် UNHCR က ပေးတဲ့ အကူအညီနဲ့ပဲ သူတို့ဟာ ရပ်တည်နေကြပါတယ်။

    “ဒီမှာ အရင်ကတည်းက နေလာကြတဲ့ ရွာသားတွေက ကျွန်တော်တို့ကို ခွဲခြားဆက်ဆံချင်တဲ့ပုံပဲဗျ။ အလုပ်ရှိတယ်ုဆိုရင် ကျွန်တော်တို့ကို မပြောချင်တာမျိုး၊ မရစေချင်တာမျိုး ရှိနေတယ်”

    မြေနဲ့ အခြားအကူအညီတွေ ရရှိပေမယ့် ဒုက္ခသည်စခန်းကနေ ပြန်လာသူတွေက ရေ၊ ကျောင်းတက်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလို အခြားအရာတွေ မရဘူးလို့ KHRG ကို ပြောပါတယ်။ အလုပ်နဲ့ အခြားဝန်ဆောင်မှုတွေလို အခွင့်အလမ်းမျိုးတွေ မရဘဲနဲ့ ဒုက္ခသည်တော်တော်များများဟာ ပြန်လာနိုင်မှာမဟုတ်ဘူးလို့ စောဝေလေးက ပြောကြားခဲ့ပါတယ်။ တွေ့ကြုံခံစားခဲ့ရတာတွေက စိတ်ထဲစွဲထင်နေတာကြောင့် ဘယ်တော့မှ ပြန်မလာဘူးလို့ တစ်ချို့ဒုက္ခသည်တွေက ပြောခဲ့ကြပါတယ်။

    ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုကွန်ယက်က ရှာမူးက လူတွေ အစုလိုက်ပြန်လာဖို့အတွက် ကရင်ရွာတွေရဲ့အခြေအနေဟာ မလုံလောက်သေးဘဲ လက်ရှိ စခန်းအတွင်း အကူအညီတွေ ဖြတ်တာက်ထားမှုဟာ ဒုက္ခသည်တွေ အဆင်သင့်မဖြစ်သေးခင် ကရင်ပြည်နယ်ကို ပြန်ဖို့အတွက် ဖိအားဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Newsdeeply

    (Refugees Deeply တွင် ဖော်ပြထားသည့် Karen Refugees Wary of Return to Myanmar as Despair Rises in Camps ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ရခိုင်တွင် ရန်လိုမှုမြင့်လာသည့်အတွက် အကူအညီပေးရေးအဖွဲ့များကို ကုလက သတိပေးထား

    ရခိုင်တွင် ရန်လိုမှုမြင့်လာသည့်အတွက် အကူအညီပေးရေးအဖွဲ့များကို ကုလက သတိပေးထား

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    ၂၀၁၄ ခုနှစ် စစ်တွေတွင် အကူအညီပေးရေးအဖွဲ့များ တိုက်ခိုက်လုယက်ခံခဲ့ရစဉ်က

    – မတည်မငြိမ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကနေ ရန်လိုမှုတွေ၊ ဆန့်ကျင်ဆန္ဒပြဖို့ ကြိုးစားမှုတွေ ရှိနေတာကြောင့် လုပ်ငန်းတွေကို သတိထားပြီး ဆောင်ရွက်ကြဖို့ ကုလက အကူအညီပေးရေးအဖွဲ့တွေကို သတိပေးထားတယ်လို့ Reutres သတင်းဌာနက ဒီနေ့မှာ ဖော်ပြပါတယ်။

    ကုလနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေက ၀န်ထမ်း ၃၀၀ လောက်ကို မနေ့က ဖြန့်ဝေခဲ့တဲ့ ‘လုံခြုံရေးဆိုင်ရာ ကြိုတင်သတိပေးချက်’ ကို သူတို့ ရရှိခဲ့တယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။

    ရခိုင်ပြည်နယ်မှာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုလနဲ့ အခြား အကူအညီပေးရေး အဖွဲ့တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကိုသာ ကူညီနေတယ်လို့ ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက ပြောကြားထားပါတယ်။

    ကုလရဲ့ သတိပေးစာမှာတော့ ပြည်နယ်အတွင်း ‘မတည်ငြိမ်ဖြစ်မယ့်အလားအလာ မြင့်တက်လာကြောင်း၊ ဖြစ်နိုင်ဖွယ်ရှိနေတဲ့ ဆန္ဒပြမှုကနေ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ ဌာနေကိုယ်စားလှယ်ရုံးကလည်း ဒီသတိပေးချက် ထုတ်ပြန်ထားတာကို အတည်ပြုခဲ့ပြီး ပုံမှန်ပြုလုပ်နေကျ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ကုလအဖွဲ့တွေဟာ မွတ်စလင် စစ်သွေးကြွေတွေကို ထောက်ပံ့ပေးနေတယ်၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေကိုသာ ကူညီပေးနေတယ်ဆိုတဲ့ သဘောထားဟာ ‘ဆိုရှယ်မီဒီယာက အကူအညီပေးရေးအဖွဲ့ ဆန့်ကျင်ရေး အယူအဆတွေ၊ သဘောထားတင်းမာတဲ့ အုပ်စုတော်တော်များများရဲ့ ရန်လိုတဲ့ မှတ်ချက်တွေကို မီးထိုးပေးနေတယ်’ လို့လည်း အဲဒီ သတိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    “ကုလနဲ့ INGO ဆန့်ကျင်ရေးစကားတွေနဲ့ ရန်လိုမှုတွေကို မီးထိုးဖို့၊ စိုးရိမ်မှုတွေ မြင့်တက်လာစေဖို့အတွက် ကောလဟာလတွေ၊ မှားယွင်းတဲ့အချက်အလက်တွေကို ဆက်လက်အသုံးပြုပါလိမ့်မယ်။ သတိဝိရိယရှိနေဖို့၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ချက်ခြင်းတင်ပြဖို့ အကြံပြုပါတယ်” လို့ ကုလက အကူအညီပေးရေး ၀န်ထမ်းတွေကို တိုက်တွန်းထားပါတယ်။

    ရခိုင်ဗုဒ္ဓဘာသာခေါင်းဆောင်တွေဟာ နိုင်ငံရပ်ခြား အကူအညီပေးရေးအဖွဲ့တွေ တည်ရှိတာကို မလိုလားတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ရိုဟင်ဂျာတွေကိုသာ ကူညီနေတယ်လို့ သူတို့က စွပ်စွဲထားတာပါ။ ၂၀၁၄ ခုနှစ်ကလည်း ပြည်နယ်မြို့တော် စစ်တွေက အကူအညီပေးရေးရုံးတွေဟာ ဖျက်ဆီးလုယက်ခံခဲ့ရပါတယ်။

    ဇူလိုင် ၃၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ စစ်သွေးကြွစခန်းတစ်ခုမှာ WFP တံဆိပ်နဲ့ ဘီစကစ်တွေကို တွေ့ရှိခဲ့တာက ရခိုင်လူမျိုးတွေကို ပိုပြီး ဒေါသထွက်စေခဲ့တယ်လို့ စစ်တွေက ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောဆိုခဲ့ပါတယ်။

    ရခိုင်ဘုန်းတော်ကြီးတွေနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်တွဟာ တနင်္ဂနွေနေ့က စစ်တွေမှာ တွေ့ဆုံခဲ့ပြီး ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအများစုရှိရာဒေသက မွတ်စလင်မဟုတ်တဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    နိုင်ငံရပ်ခြားအကူအညီပေးရေးအဖွဲ့တွေ ချက်ခြင်းထွက်သွားပေးဖို့၊ ပြည်နယ်အတွင်းက မွတ်စလင်တွေအတွက် နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေ အလျင်အမြန်လုပ်ဖို့အတွက် ပြည်နယ်တစ်ခုလုံး ဆန္ဒပြပွဲ စီစဉ်နေတယ်လို့လည်း ဦးသန်းထွန်းက ပြောကြားခဲ့ပါတယ်။

    “အရင်ကလို အကြမ်းဖက်မှုမျိုး မဖြစ်ဘူးလို့ ကျွန်တော်တို့ အာမမခံနိုင်ဘူးဗျ။ ကုလနဲ့ INGO ၀န်ထမ်းတွေက သူတို့ ဘယ်လို လုပ်ကိုင်၊ နေထိုင်နေလဲဆိုတာ သတိထားသင့်တယ်။ မြို့ထဲမှာ သူတို့ အရင်က ပုံစံအတိုင်း လှုပ်ရှားသွားလာနေမယ်၊ ဒါမှမဟုတ် မွတ်စလင်ရွာတွေကို သွားနေမယ်ဆိုရင် ရခိုင်တွေက သူတို့ကို မုန်းသွားမှာပါ။ အားလုံးက သူတို့အပေါ်မှာ မူတည်နေပါတယ်”

    ရခိုင်ပြည်နယ်အစိုးရက ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ဒေသခံတွေဟာ ယခင်အမှားတွေကနေ သင်ခန်းစာရသွားပြီး အကူအညီပေးရေးအေဂျင်စီတွေကို အကြမ်းဖက်မှု ထပ်လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ၀န်ထမ်း အနည်းဆုံး ၄ ဦးဟာ ရခိုင်လူမျိုးတွေရဲ့ မောင်းထုတ်မှုကို ခံခဲ့ရတယ်လို့ ကုလကို သတင်းပေးပို့ခဲ့ပြီး INGO ၀န်ထမ်းနှစ်ဦးကလည်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလလုံခြုံရေးအကြံပေးက မနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီသတိပေးချက်မှာ ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းမယ်လို့ မျှော်လင့်ရပေမယ့်၊ ကြီးထွားလာနိုင်ပြီး အကူအညီပေးရေးအဖွဲ့ ရုံးတွေကို နောက်ဆုံးမှာ ပစ်မှတ်ထားလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

    Ref: Reuters