News @ M-Media

Tag: MJN

  • သတင်းသမားများအား ဖမ်းဆီးမှု မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အစိုးရအား သပိတ်မှောက်မည်။

    သတင်းသမားများအား ဖမ်းဆီးမှု မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အစိုးရအား သပိတ်မှောက်မည်။

    မတ် ၁၄ ၊ ၂၀၁၅
    M-Media
    သီဟ

    481183_412340538840121_290595107_n

    မတ်လအတွင်း ဆန္ဒပြ သပိတ်မှောက်မှုများတွင် သတင်းသမားမှန်းသိသိဖြင့် ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် မုသားတဝက် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်  ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနတို့နှင့် ပတ်သက်သည့် သတင်းများ ရက်အကန့်အသတ်တခု ဖော်ပြခြင်းမပြုဘဲ စာမျက်နှာအလွတ်ထာရန်၊ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ယက်မှ သတင်းထုတ်ပြန်လိုက်သည်။
    .
    သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
    .
    ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ညနေ MJN အစည်းအဝေး ဆုံးဖြတ်ချက်
    —————————————————————
    ပြီးခဲ့သည့် မတ်လဆန်း အလုပ်သမားဆန္ဒပြမှုနှင့် မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု၊ လက်ပံတန်း ကျောင်းသားဆန္ဒပြမှုများတွင် သတင်းသမားများဖြစ်ကြောင်းသိလျက်နှင့် ရိုက်နှက် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသည့် နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ မုသားတ၀က် သတင်းဖေါ်ပြမှုများ လုပ်ဆောင်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာနတို့၏ လုပ်ရပ်အား ရှုတ်ချကြောင်း MJN အနေဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးဖြစ်သည်။
    .
    ယင်းလုပ်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာသတင်းသမားများ အနေဖြင့် တုံ့ပြန်မှု အချို့ လုပ်ဆောင်ရန် ယနေ့ ညနေ MJN အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါသည်
    .
    ၁။ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပတ်သက်သည့် သတင်းဖေါ်ပြမှုများကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖေါ်ပြခြင်းမပြုဘဲ စာမျက်နှာ အလွတ်ထားကာ မည်သည့်အတွက်ကြောင့် ဖေါ်ပြခြင်း မပြုသည်ကိုရှင်းပြသည့် စာသားကိုသာ ယင်းနေရာတွင် ဖေါ်ပြရန်
    .
    ၂။ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန်
    ဆုံးဖြတ်လိုက်ပြီး ပူးပေါင်းပါဝင်ရန် သတင်းမီဒီယာ အဖွဲ့အစည်းများ မီဒီယာ တိုက်များကို ရှင်းပြ စည်းရုံးသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

  • သတင်းသမားများ ခြိမ်းခြောက်ခံရမှု အတွက် အရေးယူဆောင်ရွက်ပေးဖို့ MPC နှင့် MJN တို့ ကြေညာချက်ထုတ်

    ဇွန် ၁၀၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ လတ်တလောအခြေအနေတွင် သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ယက် MJN တို့က ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ဇူလိုင်လ ၁ ရက်နေ့က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် သတင်းရယူခဲ့သော သတင်းထောက်များ အပေါ် ခြိမ်းခြောက်မှုများရှိခဲ့သောကြောင့် အခုလို ကြေငြာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

    ပဋိပက္ခဖြစ်ရာနေရာ၊ ဆန္ဒပြရာနေရာနေရာ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ မီဒီယာသမားများအနေနှင့် သတင်းရယူရာတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ကာကွယ်စောင့်ရှောက်မှုအား တောင်းခံခွင့် ရှိစေကြောင်း သတင်းမီဒီယာ ဥပဒေတွင် ပြဌာန်း ထားကြောင်း သိရပါတယ်။

    ယင်းဥပဒေကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးရန် အတွက် အဖွဲ့နှစ်ဖွဲ့မှ တောင်းဆို လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    သတင်းသမားများကိုခြိမ်းခြေက်မှုရှိနေသည့်အပြင် သတင်းဌာနများသို့လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့တွင် 7 Day သတင်းစာသို့ Email ဖြင့် ခြိမ်းခြောက်စာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

    မြန်မာဂျာနယ်လစ်ကွန်ရက် ၏ ထုတ်ပြန်ကြေညာချက်မှာ အောက်ပါအပိုင်းဖြစ်ပါတယ်။

    journalist conyat

  • MJN မှ သတင်းထောက်များ ပြည်သူလွှတ်တော်သို့ သွားရောက်လေ့လာ

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    အိမေ

    မြန်မာဂျာနယ်လစ်ကွန်ယက်မှ သတင်းထောက်များ ပြည်သူ့ လွှတ်တော်သို့ လေ့လာခရီး သွားရောက်လည်ပတ်

    P7180169

    မြန်မာဂျာနယ်လစ် ကွန်ယက်မှ သတင်းထောက်များသည် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈-ရက်တွင် လေ့လာခရီး သွားရောက်လည်ပတ်ခဲ့ကြောင်းသတင်းရှိသည်။

    လေ့လာခရီးတွင် လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက “ပြည်သူလူထု၏ စတုတ္ထဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများနှင့် ယခုလို တွေ့ဆုံရတာ ၀မ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ၁၉၈၈-ခုနှစ်ကနေ ၂၀၁၀-ခုနှစ်အထိ လွှတ်တော်ဆိုတာ မရှိခဲ့ပါဘူး။၂၀၁၂-ခုနှစ်မှာ လွှတ်တော်ဆိုတာကို ပြန်တည်ဆောက်တယ်။ ကျွန်တော်က လွှတ်တော်ဥက္ကဌ ဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ လွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေကလည်း အဘက်ဘက်က ကောင်းမွန်အောင် လုပ်နေပေမဲ့လည်း ပြည့်စုံမှုမရှိသေးပါဘူး။ နိုင်ငံတကာလွှတ်တော် ပုံစံမျိုးဖြစ်ချင်ရင် ဒီမိုကရေစီကာလမှာ ပိုပြီးလုပ်ဆောင်သင့်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်က လွှတ်တော်တွေ မရှိခဲ့ဘူး။ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ချင်ရင် လွှတ်တော်တွေရှိဖို့ လိုပါတယ်။

    နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်းမယ့် ဥပဒေကို ပြဌာန်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။လွှတ်တော်ကနေ ပြဌာန်းလိုက်တဲ့ ဥပဒေက နိုင်ငံနဲ့နိုင်ငံသားတွေ အကျိုးစီးပွားဖြစ်နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့က ပြည်သူကို အခြေခံတဲ့ လူမှုရေးအဖွဲ့ကို ကျင့်သုံးပါတယ်။ လူမှုရေးအဖွဲ့ကို ဖွဲ့စည်းချင်ရင် ဥပဒေကောင်းပြဌာန်းဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထမ်းဆောင်တဲ့နေရာမှာလည်း သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။မိမိတို့စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေနဲ့ အတူ ပြည်သူ့လွှတ်တော်က မီဒီယာတွေရဲ့ အကြံပေးမှုတွေကို လုပ်ဆောင်နေပါတယ်။”ဟု မီဒီယာများသို့ပြောကြားသည်။

    အဆိုပါလေ့လာရေးခရီးစဉ်တွင် သတင်းမီဒီယာများ၏ တွေ့ဆုံ မေးမြန်းမှုန်များကိုပြန်လည်ဖြေကြားခဲ့ပြီး နေ့လည် ၂ နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်လာခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲတွင် ရန်ကုန်မှသတင်းမီဒီယာ ၄၈-ဦး၊ မန္တလေးမှ သတင်းမီဒီယာ ၄-ဦး တို့ကို မြန်မာဂျာနယ်လစ်ကွန်ယက်မှ လေ့လာရေးခရီးအဖြစ် ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဓါတ်ပုံများ ကြည့်ရန်။ Click Here