News @ M-Media

သတင်းသမားများအား ဖမ်းဆီးမှု မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အစိုးရအား သပိတ်မှောက်မည်။

မတ် ၁၄ ၊ ၂၀၁၅
M-Media
သီဟ

481183_412340538840121_290595107_n

မတ်လအတွင်း ဆန္ဒပြ သပိတ်မှောက်မှုများတွင် သတင်းသမားမှန်းသိသိဖြင့် ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် မုသားတဝက် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်  ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနတို့နှင့် ပတ်သက်သည့် သတင်းများ ရက်အကန့်အသတ်တခု ဖော်ပြခြင်းမပြုဘဲ စာမျက်နှာအလွတ်ထာရန်၊ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ယက်မှ သတင်းထုတ်ပြန်လိုက်သည်။
.
သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
.
၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ညနေ MJN အစည်းအဝေး ဆုံးဖြတ်ချက်
—————————————————————
ပြီးခဲ့သည့် မတ်လဆန်း အလုပ်သမားဆန္ဒပြမှုနှင့် မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု၊ လက်ပံတန်း ကျောင်းသားဆန္ဒပြမှုများတွင် သတင်းသမားများဖြစ်ကြောင်းသိလျက်နှင့် ရိုက်နှက် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသည့် နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ မုသားတ၀က် သတင်းဖေါ်ပြမှုများ လုပ်ဆောင်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာနတို့၏ လုပ်ရပ်အား ရှုတ်ချကြောင်း MJN အနေဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးဖြစ်သည်။
.
ယင်းလုပ်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာသတင်းသမားများ အနေဖြင့် တုံ့ပြန်မှု အချို့ လုပ်ဆောင်ရန် ယနေ့ ညနေ MJN အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါသည်
.
၁။ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပတ်သက်သည့် သတင်းဖေါ်ပြမှုများကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖေါ်ပြခြင်းမပြုဘဲ စာမျက်နှာ အလွတ်ထားကာ မည်သည့်အတွက်ကြောင့် ဖေါ်ပြခြင်း မပြုသည်ကိုရှင်းပြသည့် စာသားကိုသာ ယင်းနေရာတွင် ဖေါ်ပြရန်
.
၂။ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန်
ဆုံးဖြတ်လိုက်ပြီး ပူးပေါင်းပါဝင်ရန် သတင်းမီဒီယာ အဖွဲ့အစည်းများ မီဒီယာ တိုက်များကို ရှင်းပြ စည်းရုံးသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

Comments

Leave a Reply