News @ M-Media

Tag: MLIU

  • ရခိုင်ပြည်နယ်မှကလေးငယ်များပညာရေးအတွက် စာအုပ်များ စုပေါင်းလှူဒါန်း

    သြဂုတ်လ ၁၅၊ ၂၀၁၃
    M-Media
    ဆူးထက်

    မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ ကလေးငယ်များပညာရေးအတွက် အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များ ပေးအပ်လှူဒါန်း

    DSCN4728

    ရန်ကုန်။    ။    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘူးသီတောင်မောင်းတောနေ ကလေးများအတွက် အင်္ဂလိပ် ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်များကို မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုနှင့် ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ်လ ၁၄ရက်နေ့က ညနေ ၃နာရီမှ ၄နာရီထိ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ” အဲဒီမှာ ရှိတဲ့ ပညာရေးအားနည်းတဲ့ ကလေးတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ အတွက် ရည်ရွယ်ပါတယ်။ အဲဒီမှာ ရှိတဲ့ ကလေးတွေဟာ အခြားမှာရှိတဲ့  ကလေးတွေနဲ့ မတူဘဲ ဆရာ၊ ဆရာမတွေနဲ့ အလှမ်းဝေးတဲ့အတွက် သူတို့တွေအတွက် အလွယ်တကူ စာပေလေ့လာနိုင်အောင်ပါ။ စုစုပေါင်း တန်ဖိုးငွေ နှစ်သိန်း နှစ်ထောင် ငါးထောင်ကျော် ရှိပါတယ်။ ကျွန်တော်တို့အားလုံး ရှိတာလေး စုပေါင်းပြီးတော့ ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို လိုအပ်နေတဲ့ ကွက်လပ်များကို ရှေ့ဆက် ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်တော်တို့ အဖွဲ့နဲ့ အတူ ပူးပေါင်းပါဝင်နိုင်ပါတယ် ခင်ဗျား ” ဟု မြန်မာ့သစ္စာခံ အစ္စလာမ့်အင်အားစုမှ ဥက္ကဌ ဦးမောင်မောင်ဆင့်က  M-Media သို့ပြောသည်။

    အဆိုပါ အခမ်းအနားတွင် PCN အုပ်ချုပ်ရေးမှူး အဖွဲ့မှ ဦးသန်းဦးမှ အမှာစကားပြောကြားခြင်း၊  ၁၀၁လမ်း ရောင်နက်ဗလီထိပ် မေတ္တာအားမာန် လူမူကူညီရေး အဖွဲ့ကိုယ်စား ဦးဌေးသိန်းမှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အင်္ဂလိပ်စာ သင်ကြားရေး ကွန်ရက် (MTEN) ဥက္ကဌ ဦးအောင်မြင့်မှ အမှာစကားပြောကြားခြင်း၊ ဦးလှကြည်မှ အင်္ဂလိပ်ဝေါဟာရများ တိုးတက်မှုဆိုင်ရာ လေ့ကျင့်ခန်းစာအုပ်၏ အသုံးဝင်ပုံအား သုံးသပ်ပြောပြ ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ စာအုပ်များကို ရခိုင်ပြည်နယ်ရှိ ကလေးငယ်များ ကိုယ်စား မခင်မျိုးညွှန့် ( Special guide & Computer Trainer ) မှ လက်ခံယူပေးခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုတ်သိမ်းခဲ့ကြကြောင်း သတင်း ရရှိသည်။

    DSCN4731

    ဓါတ်ပုံများကြည့်ရန် Click Here

  • ” မြန်မာ့သစ္စာခံ အစ္စလာမ့် အင်အားစု” အမည်ဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ခု ဖွဲ့စည်း

    ” မြန်မာ့သစ္စာခံ အစ္စလာမ့် အင်အားစု” အမည်ဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်း တစ်ခု ဖွဲ့စည်း

    ဇွန်လ ၁၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    မြန်မာ့သစ္စာခံ အစ္စလာမ့် အင်အားစု ( Myanmar Loyal Islamic Union) အဖွဲ့ကို ရန်ကုန်မြို့ ဒေါ်သိန်းတင်လမ်းမ ပေါ်ရှိ ကွမ်းကျုံး စားသောက်ဆိုင် အထူးဧည့်ခန်းမဆောင်တွင် ဇွန်လ ၁၆ရက်နေ့ ည(၆)နာရီက ဒီမိုရေစီနည်းအရ ဖွဲ့စည်း လိုက်ကြောင်း၊ နိုင်ငံတော်ကို မှတ်ပုံတင်ရန် ဆုံးဖြတ် လိုက်ကြကြောင်း သတင်းရရှိသည်။

    အဆိုပါ အဖွဲ့အစည်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ အချက်(၅)ချက်ရှိကြောင်း ရှိကြောင်း သိရသည်။ ယင်းမှာ-
    (၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အစဉ်အမြဲ လိုက်နာဆောင်ရွက်ရန်။
    (၂) အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းပါ အခွင့်အရေးများအား အပြည့်အ၀ ဖော်ဆောင်နိုင်ရန်။
    (၃) ဘာသာတရား ပေါင်းစုံ အပြန်အလှန် လေးစားရေးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
    (၄) လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် မြင့်မား လာစေရန်။
    (၅) နိုင်ငံတကာနှင့် ချတ်ဆက်၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် အလို့ဌာ မြန်မာ့ သစ္စာခံ အစ္စလာမ့် အင်အားစု (MLIU) ကိုဖွဲ့စည်းလျှက် လူထု အကျိုးကို အစွမ်းကုန် ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြပါသည် ” ဟု ဖော်ပြပါရှိသည်။
    အဆိုပါ အဖွဲ့အစည်း ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ (MLIU) အဖွဲ့ဥက္ကဌ ဦးမောင်မောင်ဆင့်မှ ” ကျွန်တော်တို့ ဒီအဖွဲ့ ဖွဲ့စည်းရခြင်း အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသား အစ္စလာမ် သာသနာ နှင့် သာသနာဝင်များအား အကြမ်းဖက် သာသနာဟု မသိနားမလည်သူတို့၏ စွပ်စွဲမှုကို ဖြေရှင်းရန် အစ္စလာမ် သာသနာ၏ လေးနက် တည်ကြည် သန့်ရှင်းမှုကို ပြသရန် အတွက် ဖြစ်ပါတယ် ” ဟု M-Media သို့ပြောသည်။

    ” ဘာသာတရား အချင်းချင်းကြား ချစ်ခင်လေးစားမှုကို ထာဝစဉ် တည်ဆောက် သွားနိုင်ဖို့ (MLIU) အဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်ပါတယ် ” ဟု အတွင်းရေးမှူး ကိုဇေယျာ မှ M-Media သို့ပြောသည်။

    ယင်းနောက် အဆိုပါ အခမ်းအနားကို ည(၈)နာရီခွဲတွင် ဆုမွန်ဒိုအာဖြင့် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။