News @ M-Media
Tag: MMSY
  • အလှစစ်ရှာဖွေခြင်း ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခု ရန်ကုန်မြို့တွင်ပြုလုပ်
    နိုဝင်ဘာ ၁၆ ၂၀၁၃
    M-Media
    KK
    SAM_0863a
    ရန်ကုန်။ ။ အလှစစ်ရှာဖွေခြင်းခေါင်းစဉ်ဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ လှည်းတန်း၊ Diamond Condo တာဝါ E ရှိ စကားဝါ ခန်းမတွင် ယနေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
    ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏အရေးကို အဓိကဆောင်ရွက်ပေးနေသည့် FED အဖွဲ့နှင့် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များအဖွဲ့ MMSY တို့မှ ပူးပေါင်းပြုလုပ်သော အဆိုပါအခမ်းအနားကို အစီစဉ် ၉ ခုဖြင့် ကျင်းပခဲ့သည်။
    အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ဒေါက်တာသိန်းလွင်၊ သမိုင်းသုသေတီ ဆရာဦးဘုန်းတင့်ကျော်နှင့် ဒေါက်တာဆောင်းလွင်အောင်တို့မှ အဓိက ဆွေးနွေးသူများအဖြစ် ဆွေးနွေးပေးခဲ့ကြသည်။
    အခမ်းအနားစတင်ပြီးနောက် ဒေါက်တာသိန်းလွင်က ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့တွင်ရှိသည့် တူညီချက်များ၊ ငြိမ်းချမ်းရေးရရန်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရှိခြင်း၏ အရေးကြီးပုံတို့အား ဗုဒ္ဓ၀င်နှင့် ကုရ်အာန်ကျမ်းစာတို့မှ အဆုံးအမများဖြင့် ဝေေ၀ဆာဆာ တင်ပြခဲ့သည်။
    ထို့နောက် ဦးဘုန်းတင့်ကျော်က မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ အပေါ် ယိုးစွပ်နေကြသည့် စွပ်စွဲချက်များ၊ တိုင်းတစ်ပါးမှ ခိုးဝင်လာသည့် နိုင်ငံခြားသားများအကြောင်းကို ဆွေးနွေးခဲ့ပြီး၊ ထိုယိုးစွပ်မှုများအား မြန်မာနိုင်ငံသား တိုင်းရင်းသား မွတ်စလင်များက ဖြေရှင်းကာ ဗုဒ္ဓဘာသာဝင်များ၏ စိတ်တွင်ဖြစ်ပေါ်နေသည့် သံသယများကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
    ဦးဘုန်းတင့်ကျော်၏ ဆွေးနွေးမှုပြီဆုံးခဲ့ပြီးနောက် ၂၀၀၇ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် စည်သူမောင်က အလ်ဟဂ်ျခလီဖာဦးအေးလွင်မှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
    ထို့နောက် ဒေါက်တာဆောင်းလွင်အောင်က ဘာသာတရားတိုင်း၏ အလှစစ်ကို မြင်အောင်ကြည့်တတ်ရန်နှင့် ထိုအလှစစ်အား မြင်လာပြီးနောက် ခံစားတတ်ရန်လိုကြောင်း၊ သို့မှာ လူဖြစ်ရကျိုးနပ်မည်ဖြစ်ကြောင်း၊ ယခုအချိန်မှာ ဘာသာတစ်ခုနှင့်တစ်ခု ရန်ဖြစ်ရမည့်အချိန်မဟုတ်ဘဲ၊ ပြည့်ဝသော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရေးကိုသာ နိုင်ငံသားအားလုံး အာရုံစိုက်လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-မွစ်လင်မ်များနေဖြင့် မြန်မာနိုင်ငံ၏ တာဝန်နှင့် မွတစ်စလင်တို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည်ဟု ကွယ်လွန်သွားပြီဖြစ်သည့် ဆရာကြီး ဂါဇီမုဟမ္မဒ်ဟာရှင်၏ ဆုံးမစကားအား ထည့်သွင်းပြောကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် ဒေါက်တာက ဗုဒ္ဓဘာသာ၏ အလှစစ်မှာ ဟိရိသြတ္တပတရား၊ ခရစ်ယာန်ဘာသာ၏ အလှစစ်မှာ သနားကြင်နာမှု၊ အစ္စလာမ်ဘာသာ၏ အလှစစ်မှာ တရားမျှတခြင်းဖြစ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောကြားခဲ့သည်။
    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ကော်ဖီနှင့် မုန့်များဖြင့်ဧည့်ခံကျွေးမွေးခဲ့သည်။ နောက်ပိုင်းတွင် အမေအဖြေများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ပင်တိုင်ဆွေးနွေးသူများမှ ဖြေကြားပေးခဲ့ကာ အခမ်းအနားကို ညနေ ၅ နီကျော်တွင်ရုပ်သိမ်းခဲ့သည်။ ထိုအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်စုစုပေါင်း ၆၀ နီးပါးခန့် တက်ရောက်ခဲ့ကြသည်။
  • MMSY၏ Android Project #5: ကုရ်အာန်ကျမ်းပါ တောင်းဆုတော် ၄၀ ကို အခမဲ့ ဖြန့်ချီ
    မေ-၂၀၊၂၀၁၃
    M-Media
    MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #5: ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ကို Google Play တွင် အခမဲ့ ဖြန့်ချီ
    40 Rabbana Duas
    96x96
    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ပဉ္ဖမမြောက် ပရောဂျက်အဖြစ် 40 Rabbana Duas (ကျမ်းတော်မြတ်လာ ရဗ္ဗနာ လေးဆယ်) Android application ကို Google Play မှာ ဖြန့်ချီ ကြောင်း သိရှိရပါတယ်။  MMSYမှ ယခင်ဖြန့်ချီခဲ့ပြီးဖြစ်တဲ့ app များအတိုင်း app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားပြီး၊ ads-free ဖြစ်ပြီးတော့ Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။
    ကျမ်းမြတ်ကုရ်အာန်တွင်းမှ တောင်းဆုဒိုအာ အပုဒ်လေးဆယ်ကို မူရင်း အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာ အသံထွက်၊ အဓိပ္ပါယ်၊ ရှင်းလင်းချက်၊ ကျမ်းကိုး နှင့်တကွ စုစည်း တင်ပြထားပါသည်။ တောင်းဆုတော်(ဒိုအာ) တိုင်းရဲ့ အာရဗီ အသံဖိုင်ကိုလည်း ထည့်သွင်းထားတဲ့အတွက် တစ်ပုဒ်ချင်းစီ နားဆင်နိုင်ပါကို တွေ့ရပါတယ်။
    ယခုဖြန့်ဝေလိုက်တဲ့  ကုရ်အာန်ကျမ်းတော်ပါ တောင်းဆုတော် ၄၀ (40 Rabbana Duas) ပ ရော ဂျက်အတွက် အသံဖိုင် များကို http://www.digitaldua.com/index.php/40-rabbana မှ ရယူ၍ ရှင်းလင်းချက်များကို မော်လဝီ ဟဗီဗွလ္လာဟ်ပြုစုသော “ကုရ်အာန် ကျမ်းတော်မြတ်၏ တောင်းဆုတော် အပုဒ် ၅၀” စာအုပ်မှ မှီငြမ်း ကိုးကားကြောင်းကို အဆိုပါ ပရောဂျက်ဦးဆောင်သူများမှ M-Media ရှင်းပြပါတယ်။
    တိုးတက်လာသော နည်းပညာခေတ်နှင့် အညီ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များရဲ့ နေ့စဉ် လူမှုဘဝတွင် လိုက်နာဆောင်ရွက် ရသော ဘာသာရေးကျင့်စဉ်များ အတွက် အလွယ်တကူ လေ့လာသိရှိ ကျင့်သုံးနိုင်အောင် ယခုလို Android App များကို ကြိုးစားပြီး ပြုလုပ်ကြတာဖြစ်ကြောင်းကို ပရောဂျက် ဦးဆောင်သူက ပြောပါတယ်။
    တောင်းဆု (ဒိုအာ)  ကုရ်အာန်မှ မူရင်းအာရဗစ်၏ မြန်မာအသံထွက်ကို အနီးစပ်ဆုံး တူအောင် ကြိုးစား ရေးသားထားကြောင်းနှင့် Android ဗားရှင်း ၄.၂ မှစ၍ ယူနီကုဒ်ဖောင့် အင်ဂျင် အား ပြောင်းလိုက်သဖြင့် ဇော်ဂျီဖောင့်သုံးသော မြန်မာစာလုံး အချို့ အထားအသို မမှန် ဖြစ်ကြောင်း ၄င်းပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းရန် အချို့ မြန်မာစာလုံးများ ကြားတွင် မလိုအပ်ဘဲ ခြားခြား၍ ရေးရသည်ကို အသုံးပြုသူများ နားလည်ပေးကြဖို့ M-Media မှ တဆင့်ပြောကြားပေးဖို့ ပရောဂျက်ကို ဦးဆောင်ပြုလုပ်ခဲ့သူ IT ပညာရှင်တစ်ဦးက M-Media ကို ပြောကြားခဲ့ပါတယ်။
    40 Rabbana Duas ကို ဒေါင်းလုတ်လုပ်ရန် [5.3MB]
    Google Play မှ ဒေါင်းလုတ်လုပ်ရန်
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်
    MMSY မှ အခြား ဖြန့်ချီပြီး apps များ
    Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)
    Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)
    Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)
    Project #4: Daily Dua (နေ့စဉ် ဒိုအာများ)
  • MMSY လူငယ်များ၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို အခမဲ့ ဖြန့်ချီ
    ဧပြီ ၂၂-၂၀၁၃
    M-Media
    MMSY  မြန်မာမွတ်စလင် ကျောင်းသား လူငယ်များအဖွဲ့၏ Android Project #4: Daily Dua [နေ့စဉ်ဒိုအာ] ကို Google Play တွင် အခမဲ့ ဖြန့်ချီ
    ic_launcherMMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ စတုတ္ထမြောက် ပရောဂျက် အဖြစ် “Daily Dua” Android application ကို Google Play Store မှာ အခမဲ့ ဖြန့်ချီလိုက်ကြောင်း သိရှိရပါသည်။  နေ့တဓူဝ လုပ်ငန်းဆောင်တာများအတွက် ဒိုအာအပုဒ် ၅၀ကို လက်လှမ်းမှီရာ ဟဒီးစ်နှင့် မြန်မာဘာသာပြန် ကျမ်းကိုးများမှ တဆင့် စုစည်း တင်ပြထားပါသည်။ ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း အသုံးပြုလို့ရစေရန် app အတွင်း မြန်မာဖောင့်ကို ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။
    ဤApplication အတွင်းတွင် ဒိုအာများကို
    ၁။ နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ
    ၂။ စားသောက်ခြင်းဆိုင်ရာ
    ၃။ အဇာန်၊ ဝူဇူနှင့် ဗလီဝင်/ထွက်
    ၄။ စိတ်ခံစားချက် တစ်စုံတစ်ရာ
    ၅။ ဈေး၊ ခရီးသွား၊ ယာဉ်စီး
    ၆။ အထွေထွေ
    ဟူ၍ ကဏ္ဍခြောက်ခုခွဲ၍ ဖော်ပြထားပါသည်။ ဒိုအာများ၏ အာရဗီစာသား၊ အနီးစပ်ဆုံး မြန်မာအသံထွက်၊ မြန်မာဘာသာပြန် အဓိပ္ပါယ် နှင့် ရှင်းလင်းချက်များကို ကျမ်းကိုးများနှင့်တကွ ဖတ်ရှုနိုင်ပါသည်။ ၄င်းပြင် နှစ်သက်သော ဒိုအာများကိုလည်း “Favorites” အဖြစ် မှတ်ထားနိုင်သည့် လုပ်ဆောင်ချက်လည်း ပါဝင်ပါသည်။
    dailyDuaScreensho
    နေ့စဉ်ဒိုအာ app ကို ဒေါင်းလုတ်လုပ်ရန်
    .မြန်မာနိုင်ငံမှာ Google Play Store ဖွင့်ပေးလိုက်ပြီဆိုပေမယ့် ဝင်ရတာ နှေးတယ်လို့ ပြောကြတဲ့အတွက် mediafire နဲ့ dropbox များမှာပါ တင်ပေးလိုက်ပါသည်။
    **************
    MMSY မှ အခြား ဖြန့်ချီပြီး apps များ
    Project #1: Asma Ul Husna Burmese (အလ္လာ့ဟ် ဂုဏ်တော် ၉၉ပါးနှင့် ထွတ်မြတ်မှုများ)
    Project #2: Ramadhan Handbook (ရမဿွန် လက်စွဲ)
    Project #3: Holy Quran Burmese (ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်)
  • MMSY Foundation မှ ကိုတိမ်မိုးလွင်နှင့် လျှပ်တပြက် အင်တာဗျူး
    ဇန်န၀ါရီလ ၄ရက်၊၂၀၁၃
    ရန်ကုန်။
    သတင်း-ဆောင်းနှင်းမှုံ
    ဇန်န၀ါရီလ ၄ ရက်နေ့က မိဘမဲ့ ကလေးသူငယ် ကျောင်းသားများအား MMSY Foundation မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနား တစ်ခုကို သာကေတမြို့နယ်ရှိ ငြိမ်းချမ်း သာယာ အစ္စလာမ် ဘာသာရေးကျောင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    ထို အခမ်းအနား၌ လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲ အခမ်းအနား ဦးဆောင်ကျင်းပ သူများထဲမှ MMSY Foundation မှ board member တစ်ဥိးဖြစ်သူ တိမ်မိုးလွင်ကို M-Media မှ လျှပ်တပြက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
    ကိုတိမ်မိုးလွင်က“မြန်မာ မွတ်စလင် လူငယ် တော်တော်များများဟာ ခွဲခြား ခံနေရတယ်။အဲလို အနေအထားမှာ ကျွန်တော်တို့ ဆီမှာ မိဘမဲ့ ကလေးတွေလည်း ရှိတယ်။ အဲဒီ မိဘမဲ့ ကလေးတွေကို ခုလို စောင့်ရှောက်ပေးနေတဲ့ ဒီလို ကျောင်းတွေလည်း ရှိတယ်။ ဒီလို စောင့်ရှောက် ပေးနေတဲ့ ကျောင်းတွေမှာ ဘာသာရေး ပညာသင်ယူနေတဲ့ ကလေးတွေကို ခေတ်ပညာပါ တွဲပြီး နှစ်ဖက် စလုံးမှာ ဘက်စုံ ထူးချွန်တဲ့်ပညာရှင်တွေ ပေါ်ထွက်လာဖို့ရည်ရွယ်တယ်။ အနည်းဆုံး အခြေခံကစပြီး ကလေးတွေ လစ်ဟင်းနေတဲ့ အပိုင်းတွေကို ကျွန်တော်တို့ MMSY Foundation က ပညာတတ် လူငယ်တွေက တတ်နိုင်သလောက် ပံ့ပိုး ကူညီပေးနေပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
    10
    ဆက်လက်၍ ၎င်းက“ကျွန်တော်တို့ ဒီမှာ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ သင်ပေးတယ်။ ဒီလို သင်ကြားပေးနေတာ (၂) နှစ် ရှိနေပါပြီ။ နောက် ကလေးတွေက မိဘမဲ့ကလေးတွေအများစု ဖြစ်နေတဲ့အတွက် တစ်ခါ တစ်ရံ စိတ်ဓာတ်ပိုင်း ဆိုင်ရာ စိတ်ဓာတ်ကျနေတာတွေကို MMSY က ညီအကို မောင်နှမတွေက သူတို့လေးတွေရဲ့ အကိုအမ တွေအနေနဲ့ စိတ်ဓာတ် မြှင့်တင်ပေးတယ်။ MMSY အဖွဲ့ဝင် ဆရာဝန်လူငယ်တွေ စုပေါင်းပြီးတော့လည်း ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မူ တွေကိုလည်း ပြုလုပ်ပေးတယ်။ ကျွန်တော်တို့ ဒီလို လုပ်နေတဲ့ အဖွဲ့အစည်းမျိုးကို အခြားသူတွေ မြင်လာအောင် စံပြ နမူနာ တစ်ခု အနေနဲ့ ထုတ်ပြချင်တာ။ ကျွန်တော်တို့ လုပ်ဆောင်ချက် တွေကြောင့် ထွက်လာမယ့် အဖြေကြောင့် အခြား လူငယ်တွေလည်း အားကျပြီး လုပ်လာတာမျိုးတွေကို မျှော်လင့်တယ်။ MMSY က တတ်နိုင်တဲ့ရှိတဲ့အားနဲ့ ဒီကလေးတွေရဲ့  အရည်အသွေးကို အဓိက ထားပြီး အခု လောလောဆယ်တော့ ကျွန်တော်တို့ ဒီတစ်ကျောင်းထဲကိုပဲ ရေရှည် ဒီကလေးတွေ ပညာတတ်လာတဲ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီထက် တိုးချဲ့ပြီး လုပ်ကိုင်နိုင်ဖို့ လူငယ်တွေ အများကြီး ပူးပေါင်း ပါဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်”ဟုပြောသည်။
    လွတ်လပ်ရေး အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍လည်း“ကျွန်တော်တို့ ခုလို ပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပေးပါတယ်။အပြင်မှာ မိဘ၊မိသားစု သိုက်သိုက်ဝိုင်းဝိုင်း ရှိတဲ့ ကလေးတွေ လွတ်လပ်ရေးနေ့မှာ ဆော့ကစားကြသလို ဒီက ကလေးတွေကိုလည်း ပျော်ပျော်ပါးပါး တန်းတူ ဆော့ကစားဖို့လည်း လိုအပ်တဲ့အတွက်ကြောင့်ပါ။ပြီးတော့ မြန်မာ-မွတ်စလင်လူငယ်တွေအနေနဲ့ မြန်မာနိုင်ငံသားပီပီ လွတ်လပ်ရေးဆိုတဲ့ အနှစ်သာရကို သူတို့လေးတွေ သိနိုင်အောင်၊ခံစားတတ်အောင်၊ တန်ဖိုးထားတတ်အောင် ရည်ရွယ်ပြီး ခုလို လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲ ကို ကျင်းပ ပေးရခြင်း ဖြစ်ပါတယ်။ နောက်ထပ်ပြီးလည်း အာဇာနည်နေ့လို အထင်ကရနေ့တွေရဲ့ အနှစ်သာရကို ကလေးတွေ သိရှိအောင် ပြုလုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ယင်းက ပြောသည်။
    ကလေးငယ်များရဲ့ ကျန်းမာရေး စစ်ဆေးပေးစဉ်
    ကလေးငယ်များရဲ့ ကျန်းမာရေး စစ်ဆေးပေးစဉ်
    MMSY အဖွဲ့ဝင်များမှ ကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်နေစဉ်
    MMSY အဖွဲ့ဝင်များမှ ကလေးငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်နေစဉ်
    “ကျွန်တော်တို့လို အဖွဲ့ အစည်းမျိုးတွေကို အခြားသော လူငယ်တွေက စိတ်ဝင်စားလာပြီး လုပ်ကိုင်ဆောင်ရွက်လာကြဖို့ မျှော်လင့်ပါတယ်။ဒီလို အဖွဲ့ အစည်းမျိုးတွေ ပွားများ လာဖို့က အဓိကပါ။ အခုဆိုရင် အခြား အဖွဲ့တွေ ပေါ်လာပြီး လုပ်ဆောင်နေတာမျိုးတွေ တွေ့ရပါတယ်။ဒါဟာ အရမ်းကောင်းပါတယ်။အဲလို အခြားအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး အစည်းအဝေးတွေ လုပ်ပါတယ်။ဘယ်လိုနေရာတွေမှာ ပူးပေါင်းပြီး လုပ်လို့ရလဲ ဆိုတဲ့ အပိုင်း လေးတွေကို ဆွေးနွေးပါတယ်။ MMSY ကို ပူးပေါင်းလာတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ကျွန်တော်တို့ လက်တွဲပြီး လုပ်နေကြပါတယ်။
    ကလေးတွေရဲ့ ပညာရေးနှင့် ပတ်သပ်၍လည်း ၎င်းက “ဒီလို ကလေးငယ်တွေမှာ ပညာတွေ လိုအပ်နေရင် ကျွန်တ်ာတို့ ပညာတတ် လူငယ်တွေမှာ တာဝန်ရှိပါတယ်။ တာဝန်သိမှ တာဝန်ရှိတယ် ဆိုတာမျိုးလိုပဲ။ ဒီတာဝန်ကို သိတဲ့ ပညာတတ် လူငယ်တွေ ထပ်ထွက်လာဖို့ လိုအပ်ပါတယ်။ပညာရေးကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းတွေ ဆိုရှယ်နက်ဝက်တွေ အများကြီး ပေါ်ထွက်လာမယ်ဆိုရင် ကျွန်တော်တို့ အနာဂတ် မွတ်စလင် တွေရဲ့ အခြေအနေဟာ တော်တော်လေး ပြောင်းလဲ သွားမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အာလင်မ်ပညာရှင်ဆိုတာ ကျွန်တော်တို့ မွတ်စလင်လောကရဲ့ ခေါင်းဆောင် အသစ်လေးတွေပါ။ ဒီကလေးတွေမှာ ဘယ်လောက် အရည်အသွေး ရှိလဲ၊ အဲဒီ အပေါ်မှာ ကျွန်တော်တို့ မွတ်စလင်တွေရဲ့ သိက္ခာရော အရည်းအချင်းတွေဟာ အများကြီး ပြောင်းလဲသွားမယ်။
    ဒီကလေးတွေ တစ်ချိန်မှာ အာလင်မ်ပညာရှင်တွေ အဖြစ်နဲ့ စင်မြင့်ပေါ့်မှာ တရားဟောလာပြီ ဆိုရင် တမန်တော်မြတ်(ဆွ) သင်ကြားပေးတဲ့ အကောင်းဆုံး  သင်ပေးသင်ယူ စနစ်နဲ့ အကောင်းဆုံး လမ်းညွှန်ဟောကြားနိုင်မှာပါ။ အဲလို ဆိုရင် အမြန်ဆုံး မွတ်စလင်တွေ ပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ တစ်ချိန်မှာ ခေါင်းဆောင် နေရာယူမယ့် သူတွေကို ခေါင်းဆောင် အရည်အသွေး ရှိလာအောင် မွေးထုတ်ပေးနိုင်အောင် ကြိုးစားနေကြခြင်းပါ။ နောက်ပိုင်းမှာလည်း ဒီကလေးတွေကို အထွေထွေ ဗဟုသုတ မျိုးစုံကို ရရှိစေနိုင်တဲ့ စာအုပ် စာပေတွေ ဖတ်ရူနိုင်ဖို့ ဒီကျောင်းမှာ စာကြည့်တိုက်လေး တစ်ခု ပြုလုပ်ပေးဖို့လည်း အစီအစဉ်တွေ ရှိပါတယ်။ MMSY Foundation အကြောင်းလေ့လာလိုလျှင် http://foundation.mmsy.org  မှာ ဖတ်ရှုနိုင်ပြီး ကူညီဆောင်ရွက် မေးမြန်းလိုတာများရှိရင် [email protected] သို့ အီးမေလ်ပို့နိုင်ပါတယ်” လို့ M-Media သို့ပြောကြားခဲ့သည်။
    ဓါတ်ပုံများကို အသုံးပြုခွင့်ပေးတဲ့ MMSY Foundation ကို ကျေးဇူးတင်ရှိပါသည်။
  • MMSY Foundation မိတ်ဆက်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    MMSY Foundation မိတ်ဆက်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    ဒီဇင်ဘာ ၁၈၊၂၀၁၂
    M-Media
    ဆောင်းနှင်းမှုံ
    MMSY Foundation မိတ်ဆက် အခမ်းအနားကို ဒီဇင်ဘာ ၁၆ရက်နေ့က ရန်ကုန်မြို့ Imperial Pearl Hall တွင် နေ့လည် ၂နာရီမှ ၅နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။
    အဆိုပါ အခမ်းအနားသို့ ဦးမောင်ကိုဂဖာရီ(ကမ္ဘာအလင်း စာစောင် အယ်ဒီတာချူပ်) ၊ ဦးမြသန်း(မောင်သဲနီ)၊ ဦးမင်းနိုင်(၀ါးခယ်မ မောင်မင်းနိုင်)၊ ဦးဂျာဝဒ်သန်း၊ ဒေါက်တာ သန်းမင်းထိုက် (မြန်မာစာ)၊ ရောင်နက်ဗလီရှေ့ဆောင် ဆရာ မောင်လာနာ အလ်ဟာဂ်ျ မွဖ်သီ အလီ စသည့် အစ္စလာမ့် အဖွဲ့အစည်း အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊စီးပွားရေး လုပ်ငန်းရှင်များ၊သတင်း မီဒီယာများ၊ဖိတ်ကြားထားသော ဧည်သည့်တော်များနှင့် MMSY မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
    အဆိုပါ အခမ်းအနားတွင် မငြိမ်းချမ်းထွေးမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး မသီတာလတ်မှ MMSY ၏ ရည်ရွယ်ချက်နှင့် ပေါ်ပေါက်လာခဲ့ပုံကို ရှင်းပြခဲ့သည်။ ကိုတိမ်မိုးလွင်မှ MMSY ၏ပြီးစီးသွားသော Projects များကိုတင်ပြခြင်း၊ မ၀ိုင်းဝတ်ရည်မှ MMSY ၏  ကြိုးစား၍ လုပ်ဆောင်သွားမည့် Projects များကို တင်ပြခဲ့သည်။
    ဆက်လက်၍ ဧည့်သည်တော်များမှ ရောင်နက်ဗလီရှေ့ဆောင်ဆရာ မောင်လာနာ အလ်ဟာဂ်ျ မွတ်ဖ်တီ အလီ၊ ဦးမင်းနိုင်(၀ါးခယ်မ မောင်မင်းနိုင်)၊ ငြိမ်းချမ်းသာယာ မိဘမဲ့ကလေး ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာ ဦးမြ၀င်း၊ ဒေါက်တာ သန်းမင်းထိုက်၊ ကိုလင်းခန့်ဇော်၊ မခင်စန္ဒီဇော် တို့မှ အမှတ်တရ စကား ပြောကြားခဲ့ပြီး ၊ ကျေးဇူးတင်လွှာကို မခင်မင်းဆက်မှ ပြောကြားခဲ့ပါသည်။
    “MMSY ရဲ့ လက်ရှိ အနေအထားက တော်တော်လေး မှန်တယ်၊ဘယ်လို မှန်လဲဆိုတော့ မွတ်စလင်တွေ တော်တော်လေး ဒုက္ခရောက်ပြီး စိတ်ညစ်နေတဲ့ အချိန်မှာ MMSYရဲ့ လှုပ်ရှားမှုတွေဟာ မှန်ကန် မျှတတာကို တွေ့ရတယ်၊ ၁၉၄၄ ခုနှစ်တုန်းက ဦးရာရှစ် တင်ပြခဲ့တဲ့ အချက်တွေ ရှိတယ်။အခု လက်ရှိကာလမှာ MMSY ရဲ့ လှုပ်ရှားမူတွေနဲ့ သွားတူနေတယ်။ဒါပေ့မယ် MMSY ရဲ့လုပ်ဆောင်ချက်တွေက အကောင်အထည် ပေါ်ပြီး ပိုပြီး ပီပြင်နေတာတွေ့ရတယ်၊ ဒီမျိုးဆက်သစ်တွေက ရှေ့လျှောက် ကျွန်တော်တို့ အနာဂတ်ကို အကျိုးရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု စာရေးဆရာ ဂျာဝဒ်သန်းမှ M-Media သို့ပြောကြားသည်။
    MMSY Foundation အဖွဲ့ဝင်လူငယ်များ
    “MMSY ရဲ့လှုပ်ရှားမူတွေက အစ္စလာမ်က လိုလားတဲ့ လောကကို အလှဆင်ဖို့ဆိုတာနဲ့ ကိုက်ညီတယ်၊ ဘာသာရပ်ပေါင်းစုံ လှုပ်ရှားနေတာဟာ လူမှု့နယ်ပယ်ထဲ မွတ်စလင် လူငယ်တွေ လုပ်ရမယ့် အလုပ်ကို လုပ်နေကြတာပဲ၊ MMSY ရဲ့လှုပ်ရှားမှု့တွေကို ကြိုဆိုတယ်၊ဒီထက် တိုးချဲ့အောင်မြင်အောင် လုပ်ပါ” ဟု ဦးမင်းနိုင် (၀ါးခယ်မ မောင်မင်းနိုင်) ကဆိုသည်။
    ဦးမြသန်း (မောင်သဲနီ) ကလည်း “MMSY ရဲ့လှုပ်ရှားမူတွေက အားရှိတယ်၊ အားလည်းရတယ်။ ၀မ်းသာတယ်၊ ဘာသာရပ် ပေါင်းစုံကို နိုင်ငံတကာထိ ရောက်တဲ့ လှုပ်ရှားမုတွေ ဖြစ်တဲ့ အတွက် ၀မ်းသာတယ်၊ရှေ့ဆက်ပြီး အနာဂတ်မှာ ဘာသာရေး အဆုံးအမတွေ ခံယူပြီး ဆက်လက်ရှင်သန်သွားမယ်ဆိုရင် အနာဂတ်မွတ်စလင်တွေ အတွက် စိတ်အေးစရာ ဖြစ်တယ်၊နောက်ထပ်လည်း ကျောင်းသား လူငယ်တွေကို အများကြီး စည်းရုံးပါလို့”ဟု  အားပေးစကားပြောပါသည်။
    ”ကောင်းတယ်၊ အရမ်းကောင်းတယ် MMSY ရဲ့လှုပ်ရှားမူတွေက လူငယ်တွေ ဖြစ်တဲ့အတွက် သူတို့လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ကို တောက်လျှောက် အကောင် အထည်ဖော်လာခဲ့တာ ကိုတွေ့ရတယ်”ဟု တက်ရောက်လာသူ တစ်ဦးမှ M-Media သို့ပြောကြား သည်။
    MMSY သည် Social Networking Site အနေဖြင့် ၂၀၀၇ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ပြင်ပတွင် ထိရောက်စွာဆောင်ရွက်နိုင်အောင် MMSY Foundation ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    MMSY Foundation ရည်ရွယ်ချက်များမှာ
    • အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊  ဘွဲ့ရများ နိုင်ငံခြားတွင် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အကူအညီ ပေးရန်။
    • ငွေကြေးအခက်အခဲကြောင့် အလယ်တန်းနှင့် အထူးသဖြင့် ၁၀- တန်း စာမေးပွဲဖြေရန် ကျောင်း (သို့) ကျူရှင် (သို့) အဆောင်ကြေးအခက်အခဲရှိသောကျောင်းသားကျောင်းသူများ၊ ကောလိပ်နှင့် တက္က သိုလ်ကျောင်းသူကျောင်းသားများအား ကူညီပေးနိုင်ရန်။
    • အသက်မွေးဝမ်းကြောင်းသင်တန်းများသို့ တက်ရောက်ပြီး skills များဖွံ့ဖြိုးပြီးသင့်တော်သည့် အလုပ် အကိုင် များလွယ်ကူစွာရှာဖွေနိုင်ရန်။
    • စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်အကိုင် လိုအပ်သော ၀န်ထမ်းများ ဆက်သွယ်ပေးရန်။
    • စာအုပ်စာတမ်းများကို ရှာဖွေသိမ်းဆည်း စုဆောင်းပြီး လူငယ်များ ပြန်လည်လေ့လာနိုင်သော စင်တာ တစ်ခုဖြစ်လာစေရန်။
    • ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် အထွေထွေ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာဆေးခန်း တစ်ခုဖွင့် ပြီး ငွေကြေးမတတ်နိုင်သူများ၏ ကျန်းမာရေးကို ကူညီရန်
    တို့ဖြစ်သည်။
    MMSY Foundation Website မှာ http://foundation.mmsy.org/ ဖြစ်ပြီး ကူညီ ပူးပေါင်းဆောင်ရွက်လိုသူများအနေဖြင့်  [email protected] ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။