News @ M-Media

Tag: Moroco

  • ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    ခြင်္သေ့မများ သမိုင်းမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ

    သြဂုတ် ၄၊ ၂၀၂၃

    M-Media 


    -မော်ရိုကို အမျိုးသမီး ဘောလုံးအသင်းဟာ မနေ့က ကိုလံဘီယာအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ 

    ဒါဟာ မော်ရိုကိုအမျိုးသမီးအသင်း ၄ ခုမြောက် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလား၀င်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်အသင်း၊ အုပ်စုဒုတိယပွဲ တောင်ကိုရီးယားကို အနိုင်ကစားကာ ကမ္ဘာ့ဖလား ပထမဆုံးနိုင်ပွဲစံချိန်၊ အခု ရှုံးထွက်အဆင့်ကို ပထမဆုံး တက်ရောက်နိုင်တဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။

    နောက်ခံလူ ဘန်ဇီနာဟာ ဟီဂျဘ်ပု၀ါနဲ့ ကမ္ဘာ့ဖလားမှာ ကစားတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    နာမည်ကြီး ဂျာမနီအသင်းဟာ တောင်ကိုရီးယားနဲ့ သရေကျပြီး နှစ်သင်းလုံး အုပ်စုနေ လှည့်ပြန်ခဲ့ရပါတယ်။ 

    မော်ရိုကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ တွေ့မှာပါ။ 

    အသင်းခေါင်းဆောင် ရိုဆဲလာ အေယာနီက လက်ဖျားခါလောက်တဲ့ အသင်းလိုက်ကစားပုံကြောင့် အခုလိုအောင်ပွဲ ရခဲ့တာလို့ ပြောပါတယ်။ 

    “နောက်တစ်ဆင့်တက်ဖို့ ခက်ခဲမယ်ဆိုတာ ပြိုင်ပွဲစကတည်းက ကျွန်မတို့ သိပါတယ်။ တစ်သင်းလုံး ကြိုးစားခဲ့ကြပြီး အောင်ပွဲလည်း ရခဲ့ပါပြီ။ သမိုင်းသစ်တွေ ဖန်တီးခွင့်ရတဲ့အတွက် အံ့သြ၀မ်းသာမိပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာ့ဖလားခရီး ဆက်လက်ရှင်သန်နေပြီး ပြင်သစ်နဲ့ပွဲကို အာရုံစိုက်သွားမှာပါ”

    အမျိုးသမီးအသင်းရဲ့ အခုအောင်ပွဲအတွက် မော်ရိုကိုပြည်သူတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ချီးကျူးခဲ့ကြပါတယ်။ 

    Ref: Aljazeera

  • အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    အမျိုးသမီးဘောလုံးလောကတွင်သမိုင်းတင်နိုင်ခဲ့သည့် မော်ရိုကို

    ဇူလိုင် ၃၁၊ ၂၀၂၃

    M-Media 


    -သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မော်ရိုကို အမျိုးသမီးအသင်း သမိုင်းမှတ်တမ်းသစ်တွေ တစ်ခုပြီးတစ်ခု ရရှိနေပါတယ်။ 

    မော်ရိုကိုအမျိုးသမီးအသင်းဟာ ၁၉၉၈ ခုနှစ်လောက်ကမှ စတင်ပြီး ကမ္ဘာ့ဘောလုံးလောကထဲကို ၀င်ရောက်လာတာပါ။ တတိယအကြိမ်မြောက် အာဖရိကဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် မရခဲ့တာကြောင့် ဒေသတွင်း အိမ်ဖြည့်အသင်း အဆင့်ထက် မပိုခဲ့ပါဘူး။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အခြေအနေဟာ အကောင်းဖက်ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဖရိက ၅ နိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ တန်ဇန်းနီးယားကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ 

    ၂၀၂၂ ခုနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဖရိကဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် မော်ရိုကိုအမျိုးသမီးအသင်းဟာ အသေအချာ ပြင်ဆင်ခဲ့ပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ 

    ပထမဆုံးအသင်း 

    အာဖရိကဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအမျိုးသမီးအသင်းဟာ ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့်ရတဲ့ ပထမဆုံး မြောက်အာဖရိကနဲ့ အာရပ်နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဖရိကဖလားမှာ မော်ရိုကိုအမျိုးသမီးအသင်းဟာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး တောင်အာဖရိကအသင်းကို ရှုံးကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

    “ကမ္ဘာ့ဖလားမှာ ၀င်ရောင်ယှဥ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာရပ်အသင်း ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပုံရိပ်ကောင်းရဖို့၊ ရရှိထားတဲ့ အောင်မြင်မှုတွေကို ချဲ့ထွင်ဖို့ ကျွန်မတို့ ပုခုံးပေါ်မှာ တာ၀န်တစ်ခု ရှိနေပြီဆိုတာကိုလည်း နားလည်ပါတယ်” လို့ မော်ရိုကို အသင်းခေါင်းဆောင် ဂီဇ်လာနီ ချက်ဘက်က ပြောပါတယ်။ 

    ပထမဆုံးနိုင်ပွဲ 

    ဇူလိုင်လ နောက်ဆုံးပတ်ကစတင်ကာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မော်ရိုကိုအသင်းဟာ ကိုလံဘီယာ၊ ဂျာမနီ၊ တောင်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

    အတွေ့အကြုံနည်းတဲ့ မော်ရိုကိုအသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူတဲ့ အခြအနေမျိုးဖြစ်ပြီး အုပ်စုဖွင့်ပွဲမှာလည်း ဂျာမနီအသင်းကို ၆ ဂိုး ပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

    ဒါပေမယ့် ဒုတိယပွဲတော့ ခြင်္သေ့မတွေဟာ သမိုင်း၀င်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ 

    တောင်ကိုရီးယားအသင်းကို အကြိတ်အနယ်ကစားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ မော်ရိုကိုအသင်းရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

    ပထမဆုံး ပု၀ါဆောင်း ကစားသမား

    မော်ရိုကိုအမျိုးသမီးတွေအတွက် နောက်ထပ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူကတော့ နောက်ခံလူ နူဟိုင်လာ ဘန်ဇီနာ ဖြစ်ပါတယ်။ 

    ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟီဂျဘ်ပု၀ါဆောင်းပြီး ၀င်ကစားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် ဘန်ဇီနာတစ်ယောက် မှတ်တမ်း၀င်ခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဥ် ၂ ပွဲစလုံး ပထမ ၁၁  ယောက်စာရင်းမှာ ပါ၀င်ခဲ့ပြီး ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 

    “ဘန်ဇီနာနေရာကို ငါလည်းရောက်နိုင်တာပဲလို့ (မော်ရိုကို) မိန်းကလေးတွေ တွေးလာကြမယ်။ မူ၀ါဒ ချမှတ်သူတွေ၊ ဆုံးဖြတ်ချက် ချမှတ်သူတွေကလည်း ဒီအောင်မြင်မှုကို အသိအမှတ်ပြုပြီး၊ ပြိုင်ပွဲမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ ပိုမိုပါ၀င်လာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို လိုအပ်နေပြီလို့ ပြောလာကြတော့မှာပါ” လို့ Muslim Women in Sports Network အဖွဲ့ကို ပူးတွဲတည်ထောင်သူ အက်စ်မာ ဟီလာလ်က ပြောပါတယ်။ 

    မော်ရိုကို အမျိုးသမီးအသင်းဟာ သြဂုတ်လ ၃ ရက်နေ့မှာ အုပ်စုဗိုလ် ကိုလံဘီယာအသင်းနဲ့ နောက်ဆုံးပွဲစဥ် ကစားရမှာဖြစ်ပြီး နောက်ထပ် သမိုင်းသစ် ရေးထိုးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Olympics.com/Wiki

  • ကမ္ဘာ့ဖလား ဆုကြေးငွေအားလုံး ချိုတဲ့သူများကိုလှူလိုက်တဲ့ ဟာကင်မ် ဇီယက်ချ်

    ကမ္ဘာ့ဖလား ဆုကြေးငွေအားလုံး ချိုတဲ့သူများကိုလှူလိုက်တဲ့ ဟာကင်မ် ဇီယက်ချ်


    ဒီဇင်ဘာ ၁၆၊ ၂၀၂၂

    M-Media


    -မော်ရိုကိုတိုက်စစ်မှုး ဟာကင်မ် ဇီယက်ချ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

    ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းဟာ ခြေစွမ်းပြပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာပါ။ 

    အုပ်စုအဆင့်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ စွမ်းဆောင်မှုနဲ့ ရှုံးထွက်ကို တက်ရောက်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ စပိန်၊ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို အနိုင်ယူကာ ပထမဆုံး ဆီမီးဖိုင်နယ်ရောက်တဲ့ အာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ပါတယ်။  

    ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်ကို ရှုံးနိမ့်ကာ ခရိုအေးရှားနဲ့ ဒီကနေ့မှာ တတိယနေရာလုပွဲ ကစားရမှာပါ။

    ဇီယက်ချ်ဟာ ပြိုင်ပွဲကနေ အနည်းဆုံး ဆုကြေးငွေ ပေါင် ၂၆၂၀၀၀ လောက်ရရှိခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် မော်ရိုကိုလက်ရွေးစင်အသင်းမှာ စတင်ကစားကတည်းက ဇီယက်ချ်ဟာ နိုင်ငံအသင်းက ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အားကစားအသင်းအဖွဲ့တွေကို လှူဒါန်းလေ့ရှိပါတယ်။ 

    ဇီယက်ချ်ဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီး လက်ရှိ ချယ်ဆီးအသင်းမှာ ကစားနေပါတယ်။ 

    Ref: The Sun

  • မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    ဖေဖော်ဝါရီ ၆၊ ၂၀၂၂
    M-Media

    -ရေတွင်းထဲကျသွားတဲ့ အသက် ၅ နှစ်အရွယ် ရိုင်ယန် အောင်ရမ်ဟာ ကယ်ဆယ်ရေးသမားတွေ မရောက်ခင်မှာပဲ သေဆုံးသွားတယ်လို့ မော်ရိုကိုအစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံမြောက်ပိုင်းက တောင်တန်းဒေသဖြစ်တဲ့ Chefchaouen မှာ ရိုင်ယန်တစ်ယောက် အင်္ဂါနေ့က ရေတွင်းထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။ ရိုင်ယန်ကို ကယ်ဖို့အတွက် မော်ရိုကိုအစိုးရက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ရေတွင်းအ၀ဟာ ၁၈ လက်မသာကျယ်ပြီး အတွင်းပိုင်းမှာ ပိုကျဉ်းသွားတာကြောင့် ကယ်ဆယ်ရေးသမား​တွေ ဆင်းကယ်ဖို့ မလွယ်ကူပါဘူး။ ရိုင်ယန်ဟာ ရေတွင်းအောက် ပေ ၁၀၀ လောက်မှာ ညပ်နေတာ ဖြစ်ပါတယ်။

    ကယ်ဆယ်ရေးသမားတွေဟာ ရေတွင်းဘေးနားက မြေတွေကို ဖြိုချပြီး အလျားလိုက် မြောင်းဖောက်ကာ ကယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ တောင်ကုန်းဖြစ်ပြီး မြေကလည်း ပျော့တာကြောင့် မြေပြိုမယ့်အန္တရာယ်ကို အထူးရှောင်ရှားပြီး တူးခဲ့ရတာ ဖြစ်ပါတယ်။

    မနေ့ကညပိုင်းက ရိုင်ယန်ညပ်နေတဲ့နေရာကို ရောက်ရှိခဲ့ပေမယ့် အသက်မမီတော့ပါဘူး။

    ရေတွင်းထဲပြုတ်ကျပြီးပြီးချင်းမှာ ရိုင်ယန်ဟာ အသက်ရှင်သေးပြီး ကယ်ဆယ်ရေးသမားတွေက အောက်ဆီဂျင်နဲ့ ရေတွေကို အပေါ်ကနေ ချကာ အသက်ဆက်နိုင်အောင် ကြိုးစားခဲ့ကြပါသေးတယ်။​ Chefchaouen ဒေသဟာ ဆောင်းတွင်းမှာ အလွန်အေးတဲ့ ဒေသလည်း ဖြစ်ပါတယ်။

    ရိုင်ယန်လေးသေဆုံးသွားမှုအတွက် ဝမ်းနည်းကြောင်း မော်ရိုကိုဘုရင် မိုဟာမက်က ကြေငြာချက် ထုတ်ပြန်ခဲ့သလို၊ မော်ရိုကိုနဲ့ ကမ္ဘာတစ်ဝှမ်း ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    Ref: Reuters

  • မော်ရိုကိုဘုရင် အစ္စရေးကိုလာလည်ရန် နေတန်ယာဟု ဖိတ်ခေါ်

    မော်ရိုကိုဘုရင် အစ္စရေးကိုလာလည်ရန် နေတန်ယာဟု ဖိတ်ခေါ်

    ဒီဇင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (ဝဲ) နှင့် မော်ရိုကိုဘုရင် မိုဟာမက် ၆ (ယာ)

    -အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ မော်ရိုကိုဘုရင် မိုဟာမက် ၆ တို့ဟာ မနေ့က ဖုန်းနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးခဲ့ကြပြီး အစ္စရေးကို လာရောက်ဖို့အတွက် နေတန်ယာဟုက မိုဟာမက်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

    ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ပြီးတဲ့နောက် မော်ရိုကိုဟာ အခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ မွတ်စလင်ကမ္ဘာက စတုတ္ထမြောက်နိုင်ငံ ဖြစ်ပါတယ်။

    နှစ်နိုင်ငံ ဆက်ဆံရေးထူထောင်နိုင်မှုအတွက် ခေါင်းဆောင်တွေက အပြန်အလှန်ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဒီဆက်ဆံရေး တိုးတက်ကောင်မွန်အောင် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစ္စရေးကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ မော်ရိုကိုတို့ဟာ တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ သံတမန် ဗီဇာကိစ္စ စတဲ့ ကဏ္ဍ ၄ ခုအတွက် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီနှစ်နိုင်ငံဟာ မကြာခင် သံရုံးတွေလည်း ဖွင့်လှစ်ဖို့ ရှိနေပါတယ်။

    အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံတဲ့အတွက် နေတန်ယာဟုက ဘုရင်မိုဟာမက်ကို မနေ့က ဆွေးနွေးမှုမှာ ကျေးဇူးတင်ခဲ့သလို၊ အစ္စရေးကို လာရောက်လည်ပတ်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    ဘုရင်မိုဟာမက်က နိုင်ငံအတွင်းရှိနေတဲ့ ဂျူးလူ့အဖွဲ့အစည်းနဲ့ နန်းတော်အကြား ဆက်ဆံရေးကောင်းတွေ ရှိနေမှုကို အလေးထားပြောကြားခဲ့တယ်လို့ မော်ရိုကို နန်းတော်က ထုတ်ပြန်တဲ့ ကြောငြာချက်မှာ ဖော်ပြထားပါတယ်။

    ၁၉၄၇ ခုနှစ် ပါလက်စတိုင်းဒေသမှာ အစ္စ​ရေးနိုင်ငံမပေါ်ခင်က မော်ရိုကိုဟာ ကမ္ဘာပေါ်မှာ ဂျူးလူမျိုးအများဆုံးရှိတဲ့ နိုင်ငံတွေထဲကတစ်ခု ဖြစ်ပါတယ်။ မော်ရိုကိုက ဂျူးတော်တော်များများဟာ အလယ်ခေတ် စပိန်နဲ့ ပေါ်တူဂီက ခရစ်ယာန်ဘာသာရေးအခြေပြု အုပ်ချုပ်မှုစနစ်အောက်မှာ ဘာသာခြားတွေကို ညှမ်းပမ်းနှိပ်စက်တဲ့ဒဏ်ကနေ လွတ်မြောက်ဖို့ ထွက်ပြေးခိုလှုံလာရသူတွေ ဖြစ်ပါတယ်။

    လက်ရှိ မော်ရိုကိုမှာရှိတဲ့ ဂျူးလူမျိုးအရေအတွက်ဟာ မြောက်အာဖရိကမှာ အများဆုံး ဖြစ်ပါတယ်။

    Ref: Reuters