News @ M-Media

Tag: MPC

  • MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?

    MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?

    ဧပြီ ၂၊ ၂၀၁၆

    M-Media
    NLD

    – ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရသစ် နေရာယူ ၀င်ရောက်လာခြင်းနဲ့ တကွ ဂျပန်နဲ့မြန်မာ ဆက်ဆံရေးဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဆီ ရောက်ရှိသွားပါတယ်။

    နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလလွန်ပြီးနောက် အဲ့ဒီနေ့မှာပဲ ဒေါ်စုကြည်ရဲ့ အဓိကလူယုံတစ်ဦးဖြစ်တဲ့ ဦးထင်ကျော်က နိုင်ငံတော် သမ္မတအဖြစ် တာဝန်ရယူခဲ့တယ်။

    ဒေါ်စုကြည်က နိုင်ငံခြားရေးဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးနေရာလေးခုကို ရယူလိုက်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူမကို သမ္မတဖြစ်စေမှုမှ တားဆီးထားပေမယ့်လည်း အာဏာရ NLD ပါတီရဲ့ဦးစီးအနေနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ပူးတွဲတာဝန် ယူလိုက်ကြောင်း ထင်ရှားသွားစေပါတယ်။

    မြန်မာ-ဂျပန်ဆက်ဆံရေးကို သူမအနေနဲ့ ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆိုတာတော့ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

    သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အမည်ခံအရပ်သားအစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ဖို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ တိုကျိုအစိုးရက ပြည်ပအကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ၀ိုင်းရံပေးခဲ့တယ်။

    ၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးကနေ အကူးအပြောင်းလုပ်လာကတည်းက မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ နီးပါးရှိလာပြီး ၆ ဆထိတိုးလာခဲ့တယ်လို့ Japan External Trade Organization (JETRO) စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

    ယမန်နှစ်က ဂျပန်ရော အခြားနိုင်ငံများပါ ၀င်ရောက်ရင်းနှီးလုပ်ကိုင်နိုင်ဖို့အတွက် ရန်ကုန်အနီး သီလ၀ါအထူးစီးပွားရေးဇုံကို ဂျပန်အကူအညီနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်။

    အလားတူ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ မြို့ပြစီမံကိန်းများမှာ ချေးငွေနဲ့အကူအညီ ယန်း ၁၀၀ ဘီလီယံ ပေးနိုင်ဖို့ ဒေါ်စုကြည်ရဲ့မေတ္တာရပ်ခံချက်အရ ဂျပန်ဖက်က စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။

    ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှရေးရာဋ္ဌာနမှာ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်စုကြည်ဟာ ပိုမိုပွင့်လင်းမြင်သာသောနည်းလမ်းနဲ့ စီးပွားရေးကဏ္ဍကို ဖော်ဆောင်လိမ့်မယ်လို့ ဂျပန်ကုမ္ပဏီများက အပြင်းစား မျှော်လင့်လျက် ရှိနေပါတယ်။

    ဒါပေမယ့် မြန်မာလူထုအကျိုးကို ပထမဦးစားပေးစဉ်းစားသွားမယ်လို့ အဖန်တလဲလဲ ပြောဆိုထားတဲ့ NLD အစိုးရရဲ့ မူဘောင်အတွင်းက ကုမ္ပဏီများအနေနဲ့ ရေလိုက်ငါးလိုက် လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ တိုကျိုက အာဆီယံ-ဂျပန်စင်တာရဲ့ ထိပ်တန်းစီမံကိန်း အရာရှိ Sayaka Hirose က ဆိုပါတယ်။

    NLD မှာ ပြီးပြည့်စုံတဲ့ မူဝါဒတစ်ရပ် မရှိသေးတာကြောင့် ဒီမျှော်မှန်းချက်က မှေးမှိန်နေဦးမှာဖြစ်ပြီး အစိုးရအသိုင်းအ၀ိုင်းကို အပြောင်းအလဲလုပ်ဖို့ အတိုင်းအတာတစ်ရပ်အထိ အချိန်ယူရဦးမှာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြပါတယ်။

    “မြန်မာနိုင်ငံကို ဂျပန်ကုမ္ပဏီတွေ ထပ်ဝင်ကြဦးမယ်၊ တစ်ချို့ကတော့ စောင့်ကြည့်ဗျူဟာကို လက်ကိုင်ပြုပြီး အစိုးရသစ် အသက်ဝင်လာတဲ့အထိ အချိန်ယူသွားနိုင်မယ်လို့ ကျွန်တော် ထင်မြင်ပါတယ်” လို့ JETRO က Toshihiro Mizutani က ဆိုပါတယ်။

    အဓိကကျတဲ့ စိန်ခေါ်ချက်တစ်ရပ်ကတော့ NLD အစိုးရကို စစ်တပ်က ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ပေးမလဲ ဆိုတာပါပဲ။

    စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပိတ်ဆို့မှုကို အမေရိကန်က ထိန်းသိမ်းထားဆဲဖြစ်တယ်။ ဒါက အမေရိကန်နဲ့ လုပ်ငန်းများလုပ်ဆောင်နေတဲ့ ကုမ္ပဏီအားလုံးနီးပါးအတွက် ကြောက်စရာ အဟန့်အတားကြီးတစ်ရပ်ပါ။

    တိုကျိုက ဆိုဖီယာတက္ကသိုလ်ရဲ့ ပါမောက္ခ Kei Nemoto ကလည်း ဒီပိတ်ဆို့မှုတွေကို စစ်တပ်အပေါ် အနီးကပ်စောင့်ကြည့်ခြင်းနဲ့ အတူ ဖြည်းဖြည်းချင်း ဖြေလျော့ပေးသွားသင့်တယ်ဆိုပြီး ပြောကြားနေဆဲဖြစ်ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုရဲ့ ပြင်ပနယ်ပယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရဟောင်းကျောထောက်နောက်ခံပြုပြီး အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာန MPC နဲ့ပတ်သက်လို့ တိုကျိုအပေါ် အာဏာရ NLD ပါတီတွင်းက ဝေဖန်မှုအချို့ ရှိနေပါတယ်။

    အဲ့ဒီဋ္ဌာနရဲ့ ပင်တိုင်အလှူရှင်ထဲမှာ ဂျပန်အစိုးရလည်း အပါအ၀င်ဖြစ်တယ်။ NGO တစ်ခုဖြစ်တဲ့ Nippon Foundation က အဆိုပါလုပ်ငန်းဆောင်တာများအတွက် ငွေကြေးထောက်ပံ့ရေးမှာ အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ ဆောင်ရွက်ပေးထားပါတယ်။

    အစိုးရဟောင်းလက်အောက်မှာ ထိန်းချုပ်ကိုင်တွယ်ခံထားရတဲ့ အဆိုပါငြိမ်းချမ်းရေး လုပ်ငန်းစဉ် နည်းလမ်း အပေါ် ဒေါ်စုကြည် က ဝေဖန်ထားကြောင်း ဆစ်ဒနီ lowy Institute ရဲ့ အရှေ့တောင်အာရှရေးရာသုတေသီ Aaron L. Connelly က ဆိုပါတယ်။ MPC ဟာ အကျင့်ပျက်ခြစားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဲ့ဒီထဲက စီးဝင်လာတဲ့ နိုင်ငံခြားငွေကြေးစာရင်းအင်းတွေကို စစ်ဆေးစိစစ်ဖို့ လိုအပ်နေတယ်လို့ ဒေါ်စုကြည်ရဲ့ထိပ်တန်းလူယုံတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ပြောကြားချက်ကို သူက ထောက်ပြထားပါတယ်။

    “ဂျပန်ဟာ MPC ကနေတဆင့် သြဇာလွှမ်းမိုးအောင် ကြိုးစားနေတယ်ဆိုပြီး NLD ပါတီအတွင်းမှာ ထင်မြင်ချက်တစ်ရပ် ရှိနေပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေအပေါ် NLD အနေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ့်ပုံဟန်က ဂျပန်-မြန်မာဆက်ဆံရေးကို ပုံဖော်သွားနိုင်ပါတယ်” လို့ Connelly က သုံးသပ်လိုက်ပါတယ်။

    (Jesse Johnson နှင့် Ayako Mie ရေးသားသော Japan Times ၏ သုံးသပ်ချက်ဆောင်းပါး New Myanmar government brings challenges for Tokyo ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။)

    ဖြည့်စွက်ချက် – လက်ရှိ MPC အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးတင်မောင်သန်းမှ Centre for Peace and Development အမည်ဖြစ် အဖွဲ့အသစ်ခွဲထွက်ပြီး လက်ရှိ MPC အဖွဲ့တွင် ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးတို့ ကျန်ခဲ့ပြီး MPC နှစ်ခြမ်းကွဲတော့မည့် အနေအထားကို မတ်လ ၂၁ ရက်နေ့က BBC ရဲ့ သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

    နောက်ဆုံးကြားသိရတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းများအရ မတ်လ ၃၁ ရက်နေ့တွင် Myanmar Peace Center ကို ဖျက်သိမ်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေပါတယ်။

  • ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    ဘာသာရေး စော်ကားရေးသားမှု အောင်ဇေယျတု ဂျာနယ်ကို စာနယ်ဇင်းကောင်စီ ခေါ်ယူဆွေးနွေး

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    သတင်း- သူရိန်
    Reply from MPC
    ၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ) အပေါ် မှားယွင်းသော အသုံးအနှုန်းများဖြင့် ရိုင်းစိုင်းစွာ စော်ကား ပုတ်ခတ် ရေးသားထားခဲ့မှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ် အောင်ဇေယျတုဂျာနယ်ကို စာနယ်ဇင်းကောင်စီ(ယာယီ) က ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

    အောင်ဇေယျတုဂျာနယ်တွင် ဘာသာရေး လူမျိုးရေး အမုန်းတရား ပွားများစေသော ရေးသားချက်များ ပါဝင်နေပြီး ဘာသာရေး စော်ကားမှု စိတ်နာကြည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ရေးသားဖြန့်ဝေနေကြောင်း အစ္စလာမ်ဘာသာဝင်(၁၀) ဦးမှ လက်မှတ်ထိုးပြီး အောက်တိုဘာ ၂၂ ရက်နေ့က စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူ တိုင်ကြားခဲ့တာပါ။

    ထိုသို့ တိုင်ကြားခဲ့ခြင်းအပေါ် ယခုကဲ့သို့ ခေါ်ယူ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဂျာနယ် တာဝန်ခံများမှ နောင်တွင် ပြင်းထန်သော အသုံးအနှုန်းများ မပါဝင်အောင် စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ ) ၏ တိုင်ကြားသူများကို အကြောင်းပြန်ကြားသော စာမှာ ဖော်ပြထားပါတယ်။

    နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီဌာနချုပ် (UNC) မှလည်း အောက်တိုဘာလ (၂၇) နေ့ တွင် နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ထံ လိပ်မူပြီး အစ္စလာမ်ဘာသာ အပေါ် စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ရေးသားမှုများကို အရေးယူပေးရန် တင်ပြခဲ့ကြောင်းလည်းသိရပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ကလည်း အောက်တိုဘာလ ၂၂ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနများကို အရေးယူတားမြစ်ပေးရန် ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အနေဖြင့် အစ္စလာမ်ဘာသာ သာသနာ အပေါ် စော်ကား ရေးသားချက်များနှင့် စပ်လျဉ်း၍ အောင်ဇေယျတုဂျာနယ်၏ ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အမှတ် ၇ စာစောင်တွင်လည်း ပါရှိကြောင်းတွေ့ရှိရ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

    Image via-Ali Tintun Oo FB

  • သတင်းသမားများ ခြိမ်းခြောက်ခံရမှု အတွက် အရေးယူဆောင်ရွက်ပေးဖို့ MPC နှင့် MJN တို့ ကြေညာချက်ထုတ်

    ဇွန် ၁၀၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။ ။ လတ်တလောအခြေအနေတွင် သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) MPC နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ယက် MJN တို့က ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ဇူလိုင်လ ၁ ရက်နေ့က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် သတင်းရယူခဲ့သော သတင်းထောက်များ အပေါ် ခြိမ်းခြောက်မှုများရှိခဲ့သောကြောင့် အခုလို ကြေငြာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

    ပဋိပက္ခဖြစ်ရာနေရာ၊ ဆန္ဒပြရာနေရာနေရာ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ မီဒီယာသမားများအနေနှင့် သတင်းရယူရာတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ကာကွယ်စောင့်ရှောက်မှုအား တောင်းခံခွင့် ရှိစေကြောင်း သတင်းမီဒီယာ ဥပဒေတွင် ပြဌာန်း ထားကြောင်း သိရပါတယ်။

    ယင်းဥပဒေကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးရန် အတွက် အဖွဲ့နှစ်ဖွဲ့မှ တောင်းဆို လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    သတင်းသမားများကိုခြိမ်းခြေက်မှုရှိနေသည့်အပြင် သတင်းဌာနများသို့လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့တွင် 7 Day သတင်းစာသို့ Email ဖြင့် ခြိမ်းခြောက်စာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

    မြန်မာဂျာနယ်လစ်ကွန်ရက် ၏ ထုတ်ပြန်ကြေညာချက်မှာ အောက်ပါအပိုင်းဖြစ်ပါတယ်။

    journalist conyat