အောက်တိုဘာ ၃၀ ၊ ၂၀၁၄
M-Media
သတင်း- သူရိန်
၂၀၁၄-ခု အောက်တိုဘာလ ၁၇-ရက်နေ့ အောင်ဇေယျတုဂျာနယ် အမှတ်(၄၄) တွင် အစ္စလာမ်သာသနာနှင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ) အပေါ် မှားယွင်းသော အသုံးအနှုန်းများဖြင့် ရိုင်းစိုင်းစွာ စော်ကား ပုတ်ခတ် ရေးသားထားခဲ့မှုနှင့် ပတ်သက်ပြီး ပြည်တွင်း ထုတ် အောင်ဇေယျတုဂျာနယ်ကို စာနယ်ဇင်းကောင်စီ(ယာယီ) က ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အောင်ဇေယျတုဂျာနယ်တွင် ဘာသာရေး လူမျိုးရေး အမုန်းတရား ပွားများစေသော ရေးသားချက်များ ပါဝင်နေပြီး ဘာသာရေး စော်ကားမှု စိတ်နာကြည်းစေမှု၊ အစ္စလာမ်သာသနာအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ် ရေးသားမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် အရေးအသားများကို အတင့်ရဲစွာ ရေးသားဖြန့်ဝေနေကြောင်း အစ္စလာမ်ဘာသာဝင်(၁၀) ဦးမှ လက်မှတ်ထိုးပြီး အောက်တိုဘာ ၂၂ ရက်နေ့က စာနယ်ဇင်းကောင်စီ(ယာယီ)ကို လိပ်မူ တိုင်ကြားခဲ့တာပါ။
ထိုသို့ တိုင်ကြားခဲ့ခြင်းအပေါ် ယခုကဲ့သို့ ခေါ်ယူ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဂျာနယ် တာဝန်ခံများမှ နောင်တွင် ပြင်းထန်သော အသုံးအနှုန်းများ မပါဝင်အောင် စိစစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ ) ၏ တိုင်ကြားသူများကို အကြောင်းပြန်ကြားသော စာမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီဌာနချုပ် (UNC) မှလည်း အောက်တိုဘာလ (၂၇) နေ့ တွင် နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ထံ လိပ်မူပြီး အစ္စလာမ်ဘာသာ အပေါ် စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်ရေးသားမှုများကို အရေးယူပေးရန် တင်ပြခဲ့ကြောင်းလည်းသိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ကလည်း အောက်တိုဘာလ ၂၂ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာနများကို အရေးယူတားမြစ်ပေးရန် ကန့်ကွက် တိုင်ကြားခဲ့ပါတယ်။
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အနေဖြင့် အစ္စလာမ်ဘာသာ သာသနာ အပေါ် စော်ကား ရေးသားချက်များနှင့် စပ်လျဉ်း၍ အောင်ဇေယျတုဂျာနယ်၏ ၃၁.၁.၂၀၁၄ ရက်နေ့ထုတ် အမှတ် ၇ စာစောင်တွင်လည်း ပါရှိကြောင်းတွေ့ရှိရ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့က နိုင်ငံတော်အစိုးရထံသို့ တရားဝင် ကန့်ကွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
Image via-Ali Tintun Oo FB
Leave a Reply
You must be logged in to post a comment.