မေလ ၂၈ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွန် ဥပုသ်လ ပထမနေ့တွင် ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များ ညနေ ဥပုသ်ထွက်ချိန် (ဝါဖြေချိန်)အတွက် အစားအသောက်များ ရောင်းချ ဝယ်ယူနေကြပုံများ
ဓာတ်ပုံ_ မိုးစက်
မေ ၁၄၊ ၂၀၁၇
M-Media
– ဆွစ်ဇာလန် ဒါရိုက်တာကြီး ဘာဘတ် ရှခရူဒါတစ်ယောက် ယူဂန်ဒါ အာဏာရှင် အဒီ အေမင် အာဏာစက် အမြင့်ဆုံးရောက်နေတဲ့အချိန် အေမင်နဲ့အတူ လပေါင်းများစွာ ကုန်ဆုံးခဲ့ဖူးပါတယ်။ ဗစ်တိုးရီးယား ကန်ကြီးနဲ့ ကမ်ပါလာက ကမ်းခြေတွေမှာ လူသေအလောင်းတွေ လာလာတင်တိုင်း အေမင်ဟာ သူ့ကို ဆန့်ကျင်သူတွေကို စားသောက်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်လာပါတယ်။
ဒါပေမယ့် ဆိုးဆိုးဝါးဝါးပုဂ္ဂိုလ်တွေရဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးလာတဲ့ ဆယ်စုနှစ်များစွာအတွင်းမှာ သဘောထားတင်းမာသူ အမျိုးသားရေးသမား၊ မဘသ အကြီးအကဲ ဦးဝီရသူလောက် ကြောက်ရွံ့ရသူ မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
“သူ့ကို ၀ီရသူလို့ခေါ်ဖို့တောင် ကျွန်တော် ကြောက်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ရဲ့ နာမည်ကိုက ကြောက်စရာပါ။ ကျွန်တော်ကတော့ သူ့ကို ဒဘလျူ (W) လို့ ခေါ်ပါတယ်” လို့ နာမည်ကျော် ဒါရိုက်တာကြီးက ပြောပါတယ်။
မြန်မာနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အမုန်းတရားတွေ ဟောပြောတယ်၊ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်တယ်လို့ စွပ်စွဲခြင်းခံရတဲ့ ဒီဘုန်းကြီးကို ကြက်သီးထဖွယ်ဖော်ပြထားတဲ့ ရှခရူဒါရဲ့ The Venerable W မှတ်တမ်းရုပ်ရှင်ကို ကိန်းရုပ်ရှင်ပွဲတော်မှာ “ဖြစ်ပျက်နေဆဲ လူမျိုးစုလိုက် သုတ်သင်ရှင်လင်းမှုကို ပုံဖော်နိုင်တဲ့ မှတ်တမ်းရုပ်ရှင်” အဖြစ် လေ့လာဆန်းစစ်သူတွေက ချီးကျူးခဲ့ကြပါတယ်။
စခရူဒါက လက်မှိုင်ကျစေတာက ၀ီရသူဟာ ပြဿနာအတွက် အံ့သြစိုးရိမ်မှုမရှိတာ၊ ဘာမှ အရေးယူမခံဘဲ လွတ်မြောက်နေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းရေး၊ သံသယကလွတ်မြောက်ရေးနဲ့ မိမိကိုယ်ကိုယ် နားလည်ရေးစတဲ့ အယူဝါဒတစ်ခုဖြစ်တယ်လို့ ဒါရိုက်တာကြီးက ထင်ခဲ့တာပါ။
‘မိမိရဲ့ မစ္ဆရိယ စိတ်မနောကို ပြုပြင်ကုသရေး’ ဗုဒ္ဓရဲ့ လမ်းစဉ်ကိုလိုက်ဖို့ လွန်ခဲ့တဲ့ နှစ် ၅၀ က အိန္ဒိယကို ဘုရားဖူးခရီး သွားတဲ့အချိန်တုန်းက ဒီဘာသာတရားဟာ စခရူဒါရဲ့ဘ၀ကို တည်ငြိမ်စေခဲ့ပါတယ်။
ဒါပေမယ့် ၀ီရသူက နိုင်ငံလူဦးရေရဲ့ ၄ ရာခိုင်နှုန်းလောက်သာရှိတဲ့ မွတ်စလင်တွေဟာ ကလေးများများမွေး ပြီး လူများစု ဗမာတွေကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲတဲ့ကာ သူသီတင်းသုံးရာ မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်ကနေ အမုန်းစကားတွေ၊ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဖြူးမှုက စခရူဒါရဲ့ခေါင်းဟာ ချာချာလည်သွားခဲ့ပါတော့တယ်။
အလွန်ပါးနပ်
“သူဟာ ဆင်ခြင်ဉာဏ်ပိုရှိပြီး ကျွန်တော်ထင်သလို သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပါတယ်။ တကယ်တော့ သိပ်ပါးနပ်တာပေါ့လေ။ ကောက်ကျစ်စဉ်းလဲသူတစ်ယောက်၊ အရင်က သိပ်ပြီး ပါးနပ်တဲ့ ကွန်မြူနစ်တစ်ယောက်ကို ရင်ဆိုင်နေရသလိုပါပဲ” လို့ စခရူဒါက မှတ်ချက်ပြုပါတယ်။
ကမ္ဘာပေါ်က စက်ဆုပ်ဖွယ်ရာကောင်းသူတွေရဲ့ အကြောင်းကို Trilogy of Evil ဆိုတဲ့အမည်နဲ့ မှတ်တမ်းရုပ်ရှင်အတွဲ ရိုက်ကူးနေတဲ့ စခရူဒါဟာ ဂျာနယ်လစ်တစ်ယောက်လို မေးခွန်းတွေ မေးတာထက် ဒီ မှတ်တမ်းရုပ်ရှင်အတွက် သူ့ရဲ့ပုံစံအတိုင်း ဒီဘုန်းကြီးကို သူပြောလိုရာ ပြောခွင့် ပြုခဲ့ပါတယ်။
Trilogy of Evil မှတ်တမ်းရုပ်ရှင်အတွဲကို ယူဂန်ဒါအာဏာရှင် အီဒီအေမင်ရဲ့အကြောင်း ရိုက်ကူးပြီး ၁၉၇၄ ခုနှစ်က ပြသခဲ့တဲ့ General Idi Amin Dada ရုပ်ရှင်နဲ့ အစပြုခဲ့ကာ ၂၀၀၇ ခုနှစ်မှာတော့ Terror’s Advocate ခေါင်းစဉ်နဲ့ ပြင်သစ်ရှေ့နေ ဂျက်ကွက် ဗာဂက်စ်ရဲ့အကြောင်း ထွက်လာခဲ့ပါတယ်။ ဗာဂက်စ်ဟာ နာဇီ စ
စ်ရာဇ၀တ်ကောင် ကလော့စ် ဘာဘီနဲ့ ဆားဘီးယားခေါင်းဆောင် စလိုဘိုဒန် မီလိုဆီဗစ်တို့ကို ကာကွယ်ပေးတဲ့ ရှေ့နေတစ်ဦးပါ။
“စောင့်နိုင်မယ်ဆိုရင် အမှန်တရားက တစ်ဖြည်းဖြည်း ထွက်ပေါ်လာမှာပါ။ အီဒီ အေမင်နဲ့ ဂျက်ကွက် ဗာဂက်စ်တို့ကို ကျွန်တော် ဒီလိုပဲ လုပ်ခဲ့တာပါ။ သူက လိမ်ရင် ‘ပြောပါအုံး။ စိတ်ဝင်စားစရာကောင်းလိုက်တာ … ကုလကနေ ပိုက်ဆံရဖို့ ရိုဟင်ဂျာတွေက ကိုယ့်အိမ်ကို မီးပြန်ရှို့တယ်တဲ့လား’ လို့ ကျွန်တော်က ပြောပါတယ်”
“ကျွန်တော့်အတွက် အံ့သြတုန်လှုပ်ရဆုံးအချိန်က ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အိမ်ကို သူတို့ကိုယ်တိုင် မီးရှို့တယ်လို့ သူပြောတဲ့အချိန်ပါ။ လူ ၃၀၀ လောက်က မီးလောင်နေတဲ့ သူတို့အိမ်တွေကနေ ထွက်ပြေးနေတာကို မြင်ယောင်ကြည့်ပါ။ တော်တော်လေး စိတ်မသက်သာစရာ ကောင်းပါတယ်”
နောက်ထပ်အမှန်တရားတစ်ခုက ၂၀၁၃ ခုနှစ် မိတ္ထီလာမှာ မွတ်စလင်တွေကို ရိုက်သတ်နေမှု ကြည့်နေတဲ့ ၀ီရသူကို မြင်ခဲ့ရတာပါ။ မိတ္ထီလာမှာ ၀ီရသူ မွတ်စလင်ဆန့်ကျင်ရေးဟောကြားပြီး ၁ လအကြာမှာ ဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
အမုန်းစကားမြင့်တက်လာခြင်း
ဒီဘုန်းကြီးဟာ တည်ငြိမ်စေဖို့အတွက် ဒီမြို့ကို ပြန်သွားပေမယ့် သူဟာ ‘အဲဒီမှာ ဖြစ်ပျက်တာတွေအတွက် အနည်းဆုံး သွယ်ဝိုက်ပြီး တာဝန်ရှိသူ ဖြစ်တယ်’ လို့ စခရူဒါက ပြောကြားခဲ့ပါတယ်
“မွတ်စလင်တွေက ဘုန်းကြီးတစ်ပါးကို သတ်လိုက်လို့ ဒါတွေဖြစ်တယ်လို့ ၀ီရသူက ပြောပါတယ်။ ဒါပေမယ့် ပြဿနာဖြစ်စေတဲ့ လက်ကမ်းစာစောင်ကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ အဲဒီမှာရေးထားတာတွေက သူ့ အာဘော်တွေနဲ့ တော်တော်လေးတူညီပြီး သူရေးထားတာလည်း ဖြစ်နိုင်ပါတယ်” လို့ စခရူါဒက ပြောပါတ
ယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဗုဒ္ဓဘာသာအဖွဲ့က သူ့ကို တရားမဟောဖို့ မတ်လအတွင်းမှာ တားမြစ်ပိတ်ပင်ထားပေမယ့် ၀ီရသူဟာ ဒီလထဲမှာ ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေရှိတဲ့ ဒေသတွေကို သွားရောက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုအကြမ်းဖက်မှုတွေ ဖြစ်တဲ့အချိန်တုန်းက ရိုဟင်ဂျာမွတ်စလင် ရာချီသေဆုံးခဲ့ပြီး ၁ သိန်းကျော်လောက်ကလည်း ညစ်ပတ်နံဟောင်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆိုးဆိုးဝါးဝါး အခြေအနေနဲ့ နေထိုင်နေရပါတယ်။
(ရိုဟင်ဂျာစစ်သွေးကြွတွေက နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်) အောက်တိုဘာလက စတင်ပြီး စစ်တပ်ကပြုလုပ်တဲ့ တစ်လတာ နယ်မြေရှင်းလင်းရေးလုပ်ငန်းနောက်ပိုင်း ရိုဟင်ဂျာ ၇ သောင်း လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဒီစစ်တပ်ရေးအတွင်းမှာ ရိုဟင်ဂျာရာချီ သေဆုံးခဲ့ပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် ပြောလို့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်မှာ ကုလအထူးကိုယ်စားလှယ်က မြန်မာအစိုးရအနေနဲ့ ‘အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံဖို့ လှုံ့ဆော်မှုတွေ’ ကို ရပ်တန့်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ခဲ့ပြီး ဒါတွေဟာ ‘ဆိုးဆိုးဝါးဝါးမြင့်တက်လာတယ်’ လို့ ပြောခဲ့ပါတယ်။
The Venerable W မှတ်တမ်းရုပ်ရှင်မှာ အသက် ၇၅ နှစ်အရွယ် စခရူဒါက ၀ီရသူရဲ့ အစ္စလာမ်ကြောက်ရောဂါဟာ သူ့ရဲ့ဇာတိ ကျောက်ဆည်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကနေ ဖြစ်တည်လာပုံရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အတိအကျတော့ သူလည်း မပြောနိုင်ပါဘူး။ “နောက်ထပ် ဇာတ်လမ်းတစ်ခုက သူ့ရဲ့ မိခင်ဟာ သူ့အဖေကိုပစ်ပြီး မွတ်စလင်တစ်ယောက်နဲ့ ယူသွားတယ်။ ဒါမှမဟုတ် သူနေတဲ့ ဘုန်းကြီးကျောင်းဟာ သူ့အသက် ၁၄ နှစ်မှာ မီးလောင်သွားတယ် ဆိုတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အတည်ပြုချက်ယူတဲ့အခါတိုင်း
ဒါတွေဟာ သေချာမှုမရှိပါဘူး”
“ဟစ်တလာဟာ ဘာ့ကြောင့် ဒီလိုလူမျိုး ဖြစ်ခဲ့တာလဲ။ သူ့စိတ်ထဲမှာ ဒီလို အမှိုက်သရိုက်တွေ ဘယ်လိုစုသွားလဲဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မသိနိုင်သလိုပါပဲ”
Ref: AFP
(FIACHRA GIBBONS ရေးသားပြီး AFP သတင်းဌာနက ဖော်ပြသည့် Portrait of Wirathu chills Cannes Film Festival ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
စက်တင်ဘာ ၁၁၊ ၂၀၁၆
M-Media
ကိုဗခင် (စင်ကာပူ) ရေးသည်။
.
၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့ မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
.
စင်ကာပူ (Singapore River) မြစ်ဝမှာ ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
.
ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
.
ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့ မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့ မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။ အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့ ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက် ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။
.
သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
.
၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
.
ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
.
ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
.
ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊ ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
.
မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။
ကိုဗခင် (စင်ကာပူ)
ကူးချထားသောစာအုပ်များ
၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
၎) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant
သြဂုတ် ၁၊ ၂၀၁၆
M-Media
– ရန်ကုန်မြို့ရှိ ဗလီတစ်ချို့တွင် ခွင့်ပြုချက်မဲ့ တရားဟောကြားသည်ဟုဆိုကာ ဖမ်းဆီးထားသည့် ပါကစ္စတန်နိုင်ငံသား ၂ ဦးကို ယနေ့တွင် ဒဏ်ငွေ ၁ သိန်းစီ ချမှတ်လိုက်သည်ဟု သိရသည်။
အသက် ၆၃ နှစ်အရွယ် အဟ်မဒ် ဇူလ်ဖီကာရ်နှင့် ၎င်း၏သား အသက် ၂၉ နှစ်အရွယ် အဟ်မဒ် ဆိုက်ဖွလ္လာဟ်တို့ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ပန်းပဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များရှိ ဗလီဝတ်ကျောင်းတော်များတွင် တရာဟောကြားမှု ပြုလုပ်ခဲ့ပြီး အာဏာပိုင်များက ၎င်းတို့ထံ ခွင့်ပြုချက်မတောင်းဟုဆိုကာ စနေနေ့က ဖမ်းဆီးခဲ့သည်။
ယနေ့မနက်တွင် တာမွေတရားရုံးက ၎င်းတို့ကိစ္စနှင့်ပတ်သက်၍ ကြားနာခဲ့ပြီး လ၀ကဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ကာ ဒဏ်ငွေ တစ်သိန်းနှင့် ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်၂မျိုးမှ တစ်မျိုးအား ရွေးချယ်ခိုင်းခဲ့ရာ ၎င်းတို့က ဒဏ်ငွေ ၁ သိန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချမှတ်မှုပြီးနောက် ၎င်းတို့အား ရဲတပ်ဖွဲ့ကားများဖြင့် လေဆိပ်သို့ ပို့ဆောင်ခဲ့သည်။
အဟ်မဒ် ဇူလ်ဖီကာရ်၏ Facebook စာမျက်နှာအရ ၎င်းမှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ပါကစ္စတန်တွင် ထင်ရှားသည့် ဆူဖီပညာရှင်၊ စာရေးဆရာနှင့် တရားဟောဆရာလည်းဖြစ်ကာ နိုင်ငံပေါင်းများစွာကို သွားရောက် တရားဟောနေသူလည်းဖြစ်သည်။ ဆူဖီမှာ အစ္စလာမ့်ဓမ္မလမ်းစဉ်များမှ တစ်ခုဖြစ်ပြီး နာမ်ပိုင်းငြိမ်းအေးရာကို အဓိကထားရှာဖွေသည့် လမ်းစဉ်ဖြစ်ကာ ဗုဒ္ဓဘာသာအရ ၀ိပဿနာလမ်းစဉ်မျိုးဖြစ်သည်။
“ရှိခ်ဇူလ်ဖီကာရ်မှာ နိုင်ငံပေါင်း ၃၀ ကျော်သို့သွားရောက်ကာ ကမ္ဘာ့ပြည်သူများ စိတ်ငြိမ်းအေးရာရရှိအောင် ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ရှိခ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ တရားဒေသနာတွေကို အင်္ဂလိပ်၊ အူရဒူဘာသာတွေနဲ့ ဟောကြားပို့ချပါတယ်။ စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့သူဖြစ်ပြီး၊ အဲဒီစာအုပ်တွေထဲက တော်တော်များများကို အခြားဘာသာပေါင်းများစွာကို ပြန်ဆိုခဲ့ကြပါတယ်” ဟု Facebook စာမျက်နှာတွင် ရေးသားထားသည်။
အဟ်မဒ် ဇူလ်ဖီကာရ်၏ စာအုပ်များကို Amazon တွင် ရရှိနိုင်ပြီး ထိုအထဲမှ တစ်အုပ်မှာ အကြမ်းဖက်ဝါဒပပျောက်အောင် ဖြေရှင်းရေး နည်းလမ်းများကို ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။
မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီမှ အတွင်းရေးမှူးဖြစ်သူ ဦးတင်မောင်သန်းကမူ အဆိုပါ အဟ်မဒ် ဖူလ်ဖီကာရ်မှာ ဆူဖီနယ်ပယ်တွင် ထင်ရှားသည့် ဓမ္မပညာရှင်တစ်ဦးဖြစ်ပြီး၊ ဗလီဝတ်ကျောင်းတော်အတွင်း တရားဟောရန်အတွက် ခွင့်ပြုချက်မလိုဟု ပြောကြားခဲ့သည်။
“ဆရာကြီးက လမ်းပေါ်မှာ တရားဟောတာ မဟုတ်ပါဘူး။ ဗလီထဲမှာ ဟောတာပါ။ ဒ့ါကြောင့် ဆရာကြီး ဘာသာရေးတရားဟောဖို့အတွက် အာဏာပိုင်ဆီမှာ ကျွန်တော်တို့ ခွင့်တောင်းစရာ မလိုပါဘူး”
ရဲတပ်ဖွဲ့ကမူ ၎င်းတို့နှစ်ဦးမှာ အလည်ဗီဇာဖြင့် ရောက်ရှိလာသူများဖြစ်ပြီး ထိုဗီဇာမှာ တရားဟောရန်ခွင့်ပြုချက်မရှိဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ထုတ်ပေးသော အလည်ပတ်ဗီဇာမှာ အလုပ်လုပ်ခြင်းကို ကန့်သတ်ထားပြီး ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို အလုပ်ခေါင်းစဉ်အောက် ထည့်သွင်းထားသည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဦးတင်မောင်သန်းကမူ ဆရာကြီး၏ တရားများတွင် အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတို့နှင်ပတ်သက်သည့် အကြောင်းအရာများ မပါဝင်ကြောင်း နားထောင်သူများထံမှတစ်ဆင့် သိရှိရသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
“ဆရာကြီးဟာ ဘာသာတရားသီးသန့်သာ ပြောသွားတာပါ”
Ref : yangon.coconuts
ဇူလိုင် ၅ ၊ ၂၀၁၆
M-Media
အစ္စလာမ်သာသနာဝင် ကမ္ဘာ့မွတ်စ်လင်မ်များအဖို့ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်တစ်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသ်ွရ်” လို့ခေါ်တဲ့ ၀ါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တစ်ရက်သာ ကျင်းပကြပေမယ့် ၂ ရက် သို့မဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပတဲ့ နေရာဒေသအချို့လည်း ရှိပါတယ်။
ဒီနေ့ကို အစ်နေ့ သို့မဟုတ် အစ်ကလေး သို့မဟုတ် စမိုင်/ရှမိုင်အစ် လို့ အလွယ်တကူ ခေါ်ဆိုတတ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသော်လည်း လုပ်ငန်းရှင်အများစုကတော့ မွတ်စ်လင်မ်လုပ်သား ၀န်ထမ်းတွေအပေါ် နားလည်မှုပေးပြီး လိုလိုလားလား ခွင့်ရက် ပေးလေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် လစာ မဖြတ်တောက်တဲ့အပြင် မိမိတို့ရဲ့ မွတ်စ်လင်မ်ဝန်ထမ်းများဆီကို အခြားဘာသာဝင် ၀န်ထမ်းများနဲ့အတူ အလုပ်ချိန်မှာပင် တကူးတက အချိန်ယူ သွားရောက်လည်ပတ် အားပေးလေ့ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။
မြန်မာနိုင်ငံမှာ တစ်မျိုးတည်းသော ဆုံးဖြတ်ချက် ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်း ဆိုတာ မရှိတာကြောင့် အီးဒ်နေ့ သို့မဟုတ် ရမဿွာန်(ဥပုသ်ဆောက်တည်ရတဲ့လ) အစပြုရက်အတွက် လမြင်ခြင်း/မမြင်ခြင်းနဲ့ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ဖို့ ရံဖန်ရံခါ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့်လည်း မြို့ငယ်လေးဖြစ်စေ၊ ကျေးရွာမှာပင်ဖြစ်စေ အီးဒ်နေ့ စတင်ကျင်းပတဲ့နေ့က ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ အိးဒုလ် ဖိသ်ွရ် နေ့မြတ်ကို အစဉ်အဆက် အစိုးရဖက်က အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ခက်ခဲမှုရှိနေတာလည်း ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။ (အများပြည်သူအားလပ်ရက်ဆိုတာ တင်ကြိုသတ်မှတ်ပေးရတာပါ)။
ဒါပေမယ့်လည်း အစ္စလာမ်ရဲ့ အီးဒ်ပွဲတော်နေ့ ၂ မျိုးအနက် အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ “အီးဒုလ် အဿွ်ဟာ” နေ့မြတ်ကိုတော့ အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအဖို့ ဆင်နွှဲကျင်းပခွင့် ရကြပါတယ်။ ဒီ အီးဒုလ်အဿွ်ဟာ (တစ်နည်း) ကုရ်ဘာနီအစ်နေ့ကို တစ်ရက်တည်းသာ ကျင်းပလေ့ရှိတာက တစ်ကြောင်း၊ လမြင် လကြည့်ကိစ္စကို ဆယ်ရက်အလျင် ပြုလုပ်ပြီး ရက်သတ်မှတ်ထားနိုင်တာက တစ်ကြောင်း၊ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ (သို့) ၁၁ (သို့) ၁၂ ရက် – ၃ ရက်အထိ ပြုလုပ်နိုင်တာကတစ်ကြောင်းကြောင့် မြန်မာအာဏာပိုင်များအတွက် အားလပ်ရက်အဖြစ် ကြေငြာပေးဖို့ လွယ်ကူမှု ရှိပါတယ်။ ဟဂ်ျ ကိစ္စက မွတ်စ်လင်မ်အားလုံးအတွက် ပိုမိုအရေးကြီးတဲ့အတွက် ဆော်ဒီအစိုးရရဲ့သတ်မှတ်ရက်အတိုင်း လိုက်နာကြတာများပါတယ်။
မွတ်စ်လင်မ်များဟာ “သပ်ကဘီရ်” လို့ခေါ်တဲ့ ဖန်ဆင်းရှင်ရဲ့ကြီးမြတ်မှု၊ ဖန်ဆင်းရှင်အပေါ် ချီးမွှမ်းမှု ကို အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှု မစတင်မီအချိန်ကစပြီး ၃ ရက်တာ တစ်လျှောက်လုံး (ငါးကြိမ် ၀တ်ပြုမှု ပြီးလေတိုင်း) အသံထုတ်ရွတ်ဆို သရဇ္ဈာယ်လေ့ရှိကြပါတယ်။
မြန်မာနိုင်ငံ မွတ်စ်လင်မ်အများစုက စွန္နီမွတ်စ်လင်မ်ဖြစ်ပြီး ဟနဖီဓမ္မသတ်လမ်းကြောင်းအပေါ် လိုက်နာကြသူများ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအရ အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှုကို ၀ါဂျိဘ် (ဖန်ဆင်းရှင်ရဲ့အမိန့် မဟုတ်သော်လည်း တမန်တော့်ဓလေ့အရ အရေးပေါ်အကြောင်းထူးမရှိဘဲ မပျက်ကွက်အပ်တဲ့တာဝန်)အဖြစ် သတ်မှတ်ကြပါတယ်။ ၀တ်ပြုမှုကို ၂ ရကအသ်(၂ ကျော့)ကို သပ်ကဘီရ်(လက်မြှောက်ခြင်း) အပိုခြောက်ကြိမ်နဲ့ စုပေါင်း ၀တ်ပြုလေ့ရှိပါတယ်။
ရပ်ကွက်ထဲ မြို့ထဲက ဗလီဝတ်ကျောင်းတော်များမှာ လူမဆန့်တဲ့အခါမျိုးကျရင် မြို့တွင်း သို့မဟုတ် မြို့ပြင်က ကွင်းပြင်တစ်ခုခုမှာ အီးဒ်နေ့ ၀တ်ပြုမှုကို စုပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ မလိုလားအပ်တဲ့ အခြားတားမြစ်မှု၊ တင်းကြပ်မှုတွေ ရှိကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စည်းလွတ်ဘောင်လွတ်ပျော်ရွှင်မှုမျိုး မဖြစ်အောင်၊ အများကို မထိခိုက်စေအောင်၊ ဂုဏ်သိက္ခာနဲ့ မင်္ဂလာရှိအောင် ကန့်သတ်ပေးခြင်းပါ။
မြန်မာနိုင်ငံ မွတ်စ်လင်မ်များအနေနဲ့ ၀ါကျွတ် အီးဒ်ပွဲတော်မှာ ပြုလုပ်ကျွေးမွေးလေ့ရှိတဲ့ စားဖွယ်ရာများကတော့ ဆနွင်းမကင်း၊ ဟာလ၀ါ၊ ဒန်ပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လ္ဘက်သုတ်နဲ့ အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည်များ အပါအ၀င် ဒေသဆိုင်ရာနဲ့ လူမျိုးစုရိုးရာ အစားအသောက်များဖြစ်ကြပါတယ်။
အီးဒ်နေ့ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စလာမ်ဆိုခြင်း(ငြိမ်းချမ်းစေကြောင်း မေတ္တာပို့သခြင်း)၊ အီးဒ် မုဘာရပ်(မင်္ဂလာ အီးဒ်နေ့မြတ်) စကားနဲ့ နှုတ်ခွန်းဆက်ခြင်း ပြုကြပါတယ်။ အီးဒ်နေ့အထိမ်းအမှတ် ၀တ်ပြုမှုအပြီးမှာ အချို့မွတ်စ်လင်မ်အမျိုးသားများက သင်္ချိုင်းကို သွားရောက်ပြီး ကွယ်လွန်သူများကို တွေ့ဆုံဂါရ၀ပြုတာ၊ ကုသိုလ်ပို့တာ၊ ဆုမွန်ကောင်းတောင်းပေးတာမျိုးလည်း ကျင့်မူလေ့ရှိကြပါတယ်။ ၀ါကျွတ်အီးဒ်ပွဲတော်မှာ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေကို သွားရောက်တွေ့ဆုံနှုတ်ဆက်တာ၊ စားဖွယ်ရာနဲ့ပစ္စည်းတွေကို လက်ဆောင်သွားပို့တာမျိုးကို အစဉ်အလာတစ်ရပ်အနေနဲ့ ပြုလေ့ရှိပါတယ်။ မွတ်စ်လင်မ်မဟုတ်တဲ့ လုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေကိုပင်လျှင် သွားရောက်ဂါရ၀ပြု နှုတ်ဆက်ပေးကမ်းတာမျိုးလည်း ရှိကြပါတယ်။ မိမိရဲ့မိသားစုဝင်တွေ၊ မိမိလက်အောက်ခံ လုပ်သားဝန်ထမ်းတွေကို အ၀တ်အစားသစ်များ ဆင်ယင်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်တွေဟာ မိမိတို့ရဲ့ရင်သွေးများကိုရော အခြားကလေးငယ်တွေကိုပါ ပျော်ရွှင်အောင် “အီတီ” ခေါ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မုန့်ဖိုးတွေ ပေးတတ်ကြပါတယ်။ ကလေးငယ်တွေကလည်း ဆွေမျိုးတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ၊ သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ မွတ်စ်လင်မ်အိမ်မှန်သမျှ အုပ်စုလေးဖွဲ့ပြီး သွားရောက်လည်ပတ်စားသောက်လေ့ရှိတယ်။ နည်းများမဟူ ပေးကမ်းတဲ့ အီတီ မုန့်ဖိုးတွေ ရယူလေ့ရှိပါတယ်။ သက်ငယ်ပိုင်းများကလည်း မိမိတို့မိဘ၊ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေဆီ သွားရောက်တွေ့ဆုံ စလာမ်ဆို နှုတ်ဆက်ကြပါတယ်။ မိမိတို့အချင်းချင်းအကြား အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်တတ်ကြပါတယ်။ မိမိတို့ဖက်က အချိန်ယူပြီး သွားရောက်လည်ပတ်လေ့ရှိသလို လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူမရွေး ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လာရောက်တွေ့ဆုံလည်ပတ်သူများအတွက်လည်း တံခါးဖွင့်ထားပေးကြပါတယ်။
ဒါဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ၀ါကျွတ် အီးဒ်ပွဲတော် မြင်ကွင်းအကျဉ်း ဖြစ်ပါတယ်။ အာရဗီဝေါဟာရ အီးဒ် ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်းနေ့” ဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များသာမက မြန်မာပြည်လူထုအပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
××××××××××××
Dr. Ko Ko Gyi’s Burmese Muslims‘ way of celebrating Eid ကို ကိုးကားမှီငြမ်း၍ ဂျူလိုင်ရဲရင့် ရေးသားသည်။