News @ M-Media

Tag: muslim in myanmar

  • မြန်မာမွတ်စလင်မ်များအတွက် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၏ မိန့်ခွန်း(၄-၅-၁၉၄၁)

    မြန်မာမွတ်စလင်မ်များအတွက် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၏ မိန့်ခွန်း(၄-၅-၁၉၄၁)

    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media

    (ဤမိန့်ခွန်းမှာ ၁၉၄၁ ခုနှစ် မေလ ၄ ရက်နေ့က ယင်းတော်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန့်ဖရင့်တွင် ဆရာကြီးဦးရာဇတ် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်ပြီး ‘ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်’ ၏ ၀ဘ်စာမျက်နှာတွင် လွှင့်တင်ထားမှုကို ကူးယူဖော်ပြခြင်းဖြစ်သည်။)

    – ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော ဒုတိယ အကြိမ်မြောက်  ဗမာနိုင်ငံတော်လုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အဖွဲ့များ၏ အစည်း အဝေးကြီး ဥက္ကဋ္ဌအဖြစ် ကျွန်တော့အား ရွေးချယ်ခန့်ထားခြင်းကို ဗမာမွတ်စ်လင်မ် အချင်းချင်းပေးအပ်ချီးမြှင့်နိုင်သော ဂုဏ်ဒြပ် အပေါင်းတွင် အကြီးဆုံးသော ဂုဏ်ဒြပ်တစ်ခုဟု အောက်မေ့ပါသည်။ ဤချီးမြှင့်အပ်သော ၀တ္တရားကို ကျွန်ုပ်သည် အရှင်မြတ်၏ အလိုတော် နှင့် ကျွန်ုပ်တတ်စွမ်းသမျှ ဆောင်ရွက်ပါမည်။ ယင်းသို့ ဆောင်ရွက် ရာတွင် ကြွရောက်တော်မူကြကုန်သော ကိုယ်စားလှယ်အပေါင်းတို့ ကလည်း ကူညီ ထောက်ပံ့ကြလိမ့်မည်ဟု ယုံကြည် အားထား ပါကြောင်း…………..။

    ပါတီဝိုင်းအစည်းအဝေးမဟုတ်

    ကျွန်ုပ်သည် ဤအစည်းအဝေးကြီး၏ ဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ၏ မိန့်ခွန်းမြွက်ကြားရန် စဉ်းစားစီစဉ်ရာတွင် ဆင်ခြင်မိသည်ကား  ဤအစည်းအဝေးကြီးသည်  မြန်မာပြည်တွင် မကြာခဏ ပြုလုပ်နေကြ ဖြစ်သည့် နိုင်ငံရေးပါတီ အစည်းအဝေးမျိုးလော။

    နိုင်ငံရေးပါတီအစည်းအဝေးမျိုးလည်း မဟုတ်။

    အဘယ်ကြောင့်ဆိုသော် ဤကျွန်ုပ်တို့အစည်းအဝေးပွဲကြီးတွင် ဆင်းရဲသားဝါဒ  ပါတီ ကိုနှစ်သက်၍ ဆင်းရဲသားဝါဒပါတီဝင်များလည်းပါကြပေလိမ့်မည်။

    တို့ဗမာအစည်းအရုံးဂိုဏ်းဝင် ဗမာမွတ်စ်လင်မ်သခင်များလည်း ပါကြ ပေလိမ့်မည်။ မျိုးချစ်ပါတီဝင် မျိုးချစ်အသင်းသား ဗမာမွတ်စ်လင်မ် များ လည်းပါဝင်ကြပေလိမ့်မည်။အခြားဂိုဏ်းများကို နှစ်သက်သူများ လည်း ပါဝင်ကြပေလိမ့်မည်။

    ထို့ကြောင့် ဤအစည်း အဝေးကြီးသည် နိုင်ငံရေးပါတီဂိုဏ်း  အစည်းအဝေးမျိုးလည်း  မဟုတ်နိုင်ပေ။

    သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ရဟန်းပျိုအဖွဲ့နှင့် ယှဉ်ပြိုင် ရန်  အစ္စလာမ်ဘာသာရေး အစည်းအဝေး ပေလော။

    ဤသည်လည်းမဟုတ်သေး။ အဘယ်ကြောင့်ဆိုသော် ရဟန်းပျို ကိုယ်တော်များသည် နိုင်ငံရေးတွင်မည်သို့မျှ မစွက်ဖက်၊ ဘာသာရေးကို အဓိကထား၍ ဆောင်ရွက်ကြပေသည်။ ကျွန်ုပ်တို့က နိုင်ငံရေးကို ရှေးရှု၍ ဆောင်ရွက်ကြ၏။

    ကျွန်ုပ်တို့ အစည်းအဝေးကြီးသည် မည်သို့သဘောရှိသော အစည်း အဝေးကြီးပေနည်း။ ဖြေဆိုရန် မလွယ်။

    ယခု ကြွရောက်လာကြကုန်သော မင်းမိန်းမ၊ ယောက်ျား ပရိတ်သတ်ထဲတွင်- အချို့ကား  အဘသည်  နိုင်ငံခြားသားဖြစ်ပေလိမ့်မည်။

    အချို့ကား အဖိုးသာလျှင် နိုင်ငံခြားသားဖြစ်ပေလိမ့်မည် ။  အချို့ကား ဘီ၊ အချို့ကား ဘင်သာလျှင် ဖြစ်ပေလိမ့်မည်။  အချို့ကား မည်သည့် တိုင်းတပါးသားကိုမျှ ပြန်လည် ဆက် သွယ်နိုင်ခြင်းမရှိဘဲ နိုင်ငံခြားသွေး လုံးဝ ချောက်ခန်း ကွယ်ပျောက်၍  ဗမာ လူမျိုး စစ်စစ်သာလျှင် ဖြစ်ကြတော့၏။

    မှန်စီရွှေချဗလီ

    ဗမာမွတ်စ်လင်မ်တို့မှာ မြန်မာမင်းအဆက်ဆက်တို့က ချီးမြှင့် မြှောက်စား၊ ယုံကြည်သဒ္ဓါတော်မူခြင်းခံခဲ့ကြ၍ ကုန်းတပ်၊ အမြောက် တပ်များကိုအုပ်ချုပ်လျက် သက်စွန့် ကြိုးပမ်းအမှုတော်ကိုထမ်းဆောင် သော လူမျိုးများဖြစ်ခဲ့ကြ၏။

    အလောင်းမင်းတရား (ဦးအောင်ဇေယျ) သည် တလိုင်းတို့ ရန်ကို ဖြိုဖျက်ရာ၌ ဗမာမွတ်စ်လင်မ်တို့သည် အလုံး အရင်းနှင့်ဘုရင်မင်းမြတ်၏ ကျေးဇူး သစ္စာတော်ကိုစောင့်သိရိုသေစွာ အမှုတော်ထမ်းသဖြင့်မတူးနယ်၌ မှန်စီရွှေချ ဗလီကြီးများကို ဆောက်လုပ်ချီးမြှင့်ပေးသနားတော်မူခြင်း ခံရပေ၏ ။

    ယင်းကဲ့သို့ နှစ်ပရိစ္ဆေဒအဓွန့်ရှည်စွာ မြန်မာဗုဒ္ဓဘာသာများ နှင့် ဒိုးတူဘောင်ဖက် ဘုရင်အကျိုးကို သယ်ပိုးထမ်းဆောင်လာခဲ့ ကြသော ဗမာမွတ်စ်လင်မ်များကို

    လွန်ခဲ့သည့်(၁၃၀၀)ပြည့်နှစ် တွင်မှ အမှိုက်ကစ ပြသာဒ်မီးလောင်၊ တိမ်မြုတ်ငုပ်ကွယ်နေသော  စာအုပ် ဟောင်းတစ်အုပ်ကို ရိုးမယ်ဖွဲ့ကာ နိုင်ငံရေးသွေးစုပ်သမား အချို့၏ ပယောဂကြောင့် အဓိကရုဏ်းဖြစ်ခဲ့ရသည်။ ဗမာမွတ်စ်လင်မ်တို့မှာ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။

    ဥစ္စာပစ္စည်းဆုံးရှုံးနစ်နာသည်ထက်ရှေးအခါက လုပ်ဖော် ကိုင်ဖက်၊ ပေါင်းဟောင်း သင်းဟောင်း၊ အချင်းချင်းတို့၏ မေတ္တာ ဓာတ်ကို မေ့လျော့လျက်၊ မြန်မာပြည်တွင် စီးပွားရှာရန်မျှသာ လာရောက်သော နိုင်ငံခြားသားများနှင့် မခြား၊ သူစိမ်းပြင်ပြင် ပြုလုပ်ထင်မှတ်ခြင်းခံရသည်ကို ပိုမို နစ်နာကြ၏။ ကျွန်ုပ်တို့သာလျှင် စိတ်မချမ်းမသာဖြစ်ရသည် မဟုတ်။

    တိုင်းပြည် ရာဇ၀င်နှင့် နိုင်ငံရေး အမြင်ကျယ်သော ဗုဒ္ဓ ဘာသာ ခေါင်းဆောင်ကြီးများလည်း စိတ်အပျက်ကြီး ပျက်ခဲ့ကြ၏။

    ကျွန်ုပ်၏ ထင်မြင်ယူဆချက်ကား ထို(၁၃၀၀)ပြည့်နှစ် အဓိ ကရုဏ်းသည်  ဤအစည်းအဝေးကြီးဖြစ်ပေါ်စေသော အကြောင်းများ အနက် အကြောင်းတစ်ရပ်ဖြစ်၏။ထိုကဲ့သို့ အချင်းချင်း အထင်မှား၊ အမြင်မှား၊ သွေးကွဲခြင်းကို ကာကွယ်ရန်ဖြစ်၏။  ဤသို့ နှစ်စဉ်ကျင်းပလျက်ရှိသည့် ဗမာမွတ်စ်လင်မ် အစည်း အဝေးကြီး၏ ရည်ရွယ်ချက်ကား အဘယ်နည်းဟူသော ပုစ္ဆာ သည် ပေါ်ပေါက်လာပေ၏။

    သွေးခွဲအုပ်ချုပ်သောစနစ်

    ယခုခေတ်ကား ရှေးခေတ်မဟုတ်တော့ပြီ။ ယခုမင်းကား ရှေးမင်း မဟုတ်တော့ပြီ။ ငါ၏ ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ် ကုန်သော “ပသီ”တို့သည် ရပ်ခြား တိုင်းတစ်ပါးဖြစ်သော မက္ကဟ် မြို့တော်၌ မျက်နှာငယ်၍ ညိုးနွမ်းပင်ပန်းချိမ့်မည်ဟု၊ ဒေါင်းတံဆိပ်ခပ် သော ဇရပ်ကို မက္ကဟ်မြို့တော်တွင် ဆောက်လုပ်ချီးမြင့်ပေးသနား တော် မူသော ပဉ္စမသင်္ဂါယနာတင်(မင်းတရားကြီး) မရှိတော့ပြီ။

    ယခုအုပ်ချုပ်ရေးစနစ်ကား “ပသီ”တို့၏ လိုအင်ဆန္ဒကို အစဉ် သိရှိရန် ၊ “ပသီ”၀န် ကို ခန့်ထားသော နည်းစနစ် မဟုတ်။ နိုင်ငံရေးခေါင်းဆောင်ကြီးများ အစဉ်သတိပေးလျက်ရှိသည့် လူမျိုးချင်း သွေးခွဲ၍ အုပ်ချုပ်သော နည်းစနစ်ဖြစ်၏။  ထိုကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား လူမျိုးချင်း သွေး မကွဲစေမှုကို သတိပြု၍ ဆောင်ရွက်ရေးလည်းဖြစ်၏။

    ထို့ပြင် လူတို့မည်သည် ဂုဏ်ရှိသောသူ၊ ဥစ္စာဓနကုံလုံကြွယ် ၀သူ၊ အင်အားကြီးမားသောသူကိုသာလျှင် ခေါ်ချင်၊ ပေါင်းသင်းချင်၊ ဆက်ဆံချင်သော စိတ်အာသီသရှိကြ၏။

    ကျွန်ုပ်တို့ ဗမာမွတ်စ်လင်မ် များသည်  မညီမညွတ်၊ တစ်ကွဲတစ်ပြား၊ ကသီလင်တ နေကြပါလျှင် မည်သူကမျှ ဂရုမစိုက်၊ အသိအမှတ်ပြုကြမည် မဟုတ်။ သို့ဖြစ်ခြင်းကြောင့် ဤအစည်းအဝေးက ဤချွတ်ယွင်းချက် ကို လျစ်လျူမရှု။  အားကြိုးမာန်တက် ဆောင်ရွက်ရန်ကိုလည်း အာရုံ ပြုထိုက်၏။

    ကျွန်ုပ်အထက်က ဖော်ပြသည့်အတိုင်း အလောင်းဘုရား (ဦးအောင်ဇေယျ)သည် တလိုင်းတို့ ရန်ကို ဖြိုဖျက်၍  မြန်မာအင်ပါယာ နိုင်ငံကြီး ထူထောင်ရာ၌ မြေထူး(၇)ရွာမှ တို့ဗမာမွတ်စ်လင်မ်တို့သည် အလုံးအရင်းနှင့် စစ်မှုကို ထမ်းခဲ့၏။

    စစ်သားအမျိုး

    ထို့ပြင်ဘကြီးတော်ဘုရားလက်ထက် မဟာဗန္ဓုလစစ်သူကြီး အင်္ဂလိပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည့် ပထမစစ်ပွဲတွင်လည်း တို့ဗမာ မွတ်စ်လင်မ်တို့  ရဲမက်စစ်သည်တော်အဖြစ် စစ်မှုထမ်းခဲ့ကြသည်။

    ထို့ဗမာမွတ်စ်လင်မ်တို့သည် စစ်ရေးစစ်ရာ၌ နှစ်ပရိစ္ဆေဒ အဓွန့်ရှည်ကြာစွာ အခါသမယမှ  ရင်းနှီးဆက်ဆံလေ့လာလိုက်စား ၀ါသနာထုံခဲ့သည်ကို ရာဇ၀င်တွင် ထင်ရှားခဲ့သည်သာ မဟုတ်၊ သာဓက အထူးလိုငြားအံ့  မန္တလေးရွှေမြို့တော်ကိုသာ ရှုလော့။

    တို့ဗမာမွတ်စ်လင်မ်တို့ ယခုတိုင် နေထိုင်ကြသည့် ရပ်ကွက် များ၏အမည်များကို ဆင်ခြင်သည်ရှိသော် – မြန်မာမင်းတို့၏ အမြောက်တပ်ကို စီးနင်းအမှုထမ်းခဲ့ကြသူ အမြောက်တပ်သားများနေရာ အမြောက်တန်းဖြစ်၏။ ဘုရင့် ဗုံးတပ်တွင် အမှုထမ်းခဲ့သည် ဗုံးတပ်သားများ ဖြစ်ကြ ကုန်သော တို့ဗမာမွတ်စ်လင်မ်တို့သည် ဗုံးအိုး ရပ်၌ နေကြ၏။

    တို့ဗမာမွတ်စ်လင်မ်များနေကြသော စင်္ကြာနွယ်စဉ် အရပ် ကား စင်္ကြာ အမြောက်တပ်သားများ၏ နေထိုင်ရာအရပ်ဖြစ်၏။ မြန်မာဘုရင်များ ယုံကြည်သဒ္ဓါတော်မူခြင်းတည်းဟူသော ဂုဏ်ကိုရရှိခဲ့၍ ဘုရင်မင်းမြတ်၏အသက်စည်းစိမ်ကိုသက်စွန့်ကြိုးပမ်း ဆောင်ရွက်ရန် ရွေးချယ်ခန့်ထား သနားတော်မူခြင်း ခံစားကြရသော ကိုယ်ရံတော်ဗိုလ်မှူးများဖြစ်ကြကုန်သော တို့ဗမာမွတ်စ်လင်မ်များ၏ နေထိုင်ရာအရပ်သည် ကိုယ်ရံတော်ရပ်ဟု ယခုတိုင် ထင်ရှားရှိ၏။

    ဤမျှ သာဓကထင်ရှားသည့် တို့ဗမာမွတ်စလင်မ်တို့သည် ရှေးမင်းတို့လက်ထက်က စစ်မှုရေးရာဝါသနာထုံ၍ ကျင်လည် ကုန်သော Martial Race ဖြစ်သည်။

    တို့ဗမာမွတ်စ်လင်မ်များ၏တန်ခိုး

    အရှိန်မှေးမှိန်နေခိုက်ဖြစ်၍ ယခုအခါ ချင်း၊ ကရင်၊ ကချင် တို့ကို သာလျှင် စစ်တပ်များတွင် လက်ခံ၍ တို့ဗမာမွတ်စ်လင်မ် များကို စစ်တပ်များတွင် လျှောလျှောလျှူလျှူ ၀င်ခွင့်မပြုခြင်းကား ၀မ်းနည်း ဖွယ်ပင်ဖြစ်၏။ အင်္ဂလိပ်မင်းတို့ အမြင်မကျယ်ရာလည်းကျရောက်၏။

    လူနည်းစု ပြဿနာ လုံးဝ မပေါ်ထိုက်။ ထို့ပြင် ၀မ်းနည်းဖွယ်ရာ တစ်ရပ်ကားဤမျှလောက် ဘုရင်၏ အကျိုး တိုင်းပြည်အကျိုးကို သယ်ပိုး ရွက် ဆောင်ခဲ့သော ဗမာမွတ်စ်လင်မ်တို့အတွင်းမှ ယခုလက်ရှိ အောက် လွှတ်တော်တွင် ဗမာမွတ်စ်လင်မ်အမတ် တစ်ဦး တစ်ယောက်မျှ  မရှိ ခြင်း ပင်ဖြစ်၏။

    ဘိလပ်မြို့ မျက်နှာစုံညီအစည်းအဝေးကြီးတွင် ဗမာ မွတ်စ်လင်မ်တို့၏ ကိုယ်စားရွေးချယ်ခန့်ထားခြင်းခံရသော ယခု အထက်လွှတ်တော်အမတ်ကြီး ဦးအောင်သင်းသည် ဗမာမွတ်စ်လင်မ်များအဖို့ သီးသန့်နေရာရရှိရန်ကို အားတက်သရောတောင်းဆိုခဲ့၏။ ကျွန်ုပ်ကိုယ်တိုင်လည်း လူများစုအခြေမှ လူနည်းစုအခြေသို့ ဆိုက် ရောက်ခြင်းကို မနှစ်မြို့ပါ။

    သို့သော် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီး ဦးအောင်သင်းကားအခြားအခြားသော လူနည်းစုများကို သီးခြား နေရာပေးလျှင် ဗမာမွတ်စ်လင်မ်များလည်း ထိုအရေးကို လိုလား၏။

    ကျွန်ုပ်၏ ယူဆချက်ကား ဦးအောင်သင်း ယူဆသကဲ့သို့ မြန်မာပြည် တွင် လူနည်းစု ပြဿနာ လုံးဝ  မပေါ်ထိုက်။ ကျွန်ုပ်တို့သည် (၁၉၄၁) ခု နှစ် သန်းကောင်စာရင်းကောက်ရာတွင် ဗမာမွတ်စ်လင်မ်တို့၏  လူဦး ရေ စာရင်းကို သီးခြား ကောက်ယူရန် တောင်းဆိုရာ၌ ဤလူနည်းစု ပြဿနာနှင့် သီးခြားရွေးကောက်ခွင့်ပေးခြင်းကို ပပျောက် စေရန် ရည်ရွယ်ခဲ့၏။

    ဒီမိုကရေစီစနစ်၏အခြေခံအုတ်မြစ်

    မြန်မာပြည်တွင် လက်ရှိ အုပ်ချုပ်ရေးစနစ်ကား ဒီမိုကရေစီ နည်းစနစ်ဖြစ်၏။ ဒီမိုကရေစီနည်းစနစ်၏ အခြေခံအုတ်မြစ်ကား မဲဆန္ဒသာလျှင်ဖြစ်၏။ ထိုမဲဆန္ဒကိုအဖိုးထိုက်တန်အောင် အသုံးပြု နိုင် လျှင် ကိုယ်စားလှယ်နှင့်တကွ အုပ်ချုပ်ရေးသည်လည်း အဖိုးတန်၏။

    ဗမာမွတ်စ်လင်မ်တို့၏ မဲဆန္ဒများကား မြန်မာပြည်၌ အနှံ့ အပြား အစုလိုက်အအုပ်လိုက်မြို့တိုင်းနယ်တိုင်း၌ရှိ၏။ ထိုမဲဆန္ဒများ၏တန်ဖိုးကိုရရှိရန် ယခု ကွန်ဖရင့်အစည်းအဝေးကြီး ၊ ဗမာမွတ်စလင်မ် အစည်းအရုံးအားလုံးတို့၏ အသင်းချုပ်ကြီးက စီမံခန့်ခွဲနိုင်သင့်၏။

    သို့ စီမံခန့်ခွဲနိုင်သော အခြေရှိလျှင် ဗမာမွတ်စ်လင်မ် အမတ်များ သော်လည်း ရနိုင်ဖွယ်ရှိ၏။  ဗမာမွတ်စ်လင်မ်အမတ် မရနိုင်သည့် နယ်ပယ် များ၌ ဗမာမွတ်စ်လင်မ်တို့၏ အကျိုးကို စောင့်ရှောက်ပါမည်ဟု အာမ၀န်တာခံယူသော အမတ်များကိုသော်လည်းကောင်း စေ လွှတ်နိုင်ရန် အကြောင်းရှိ၏။

    နိဂုံးချုပ်ပြောလိုသည်ကား မြန်မာပြည်အတွင်း အယူဝါဒကွဲ ပြားခြင်းကို အကြောင်းပြု၍ လူမျိုး၏စည်းလုံးမှု၊ တိုင်းပြည်၏ တိုးတက်မှု၊  ချမ်းသာမှုကို မပျက်စီး စေရာ။သဘောထားကြီးခြင်း၊ တိုင်းပြည်ကို ချစ်ခြင်း စသော မေတ္တာတရားတို့ဖြင့်  လူမျိုးစည်လုံးမှုကို ဖြစ်စေလျက်၊ ငါကား သူနှင့်မတူ သီးခြားလူမျိုးဟူသော စိတ်ထားကို တိုင်းပြည်နှင့် လူမျိုးအတွက် ဖိနှိပ်ထားရာသည်။

    ငါတို့သည် လူမျိုးအားဖြင့် မြန်မာ ၊

    ဘာသာအားဖြင့် မွတ်စ်လင်မ် ၊

    နေထိုင်ရာဌာန မြန်မာပြည်၊

    သယ်ပိုးရန်ကိစ္စ မြန်မာ့အကျိုးဟူ၍

    စွဲစွဲလန်းလန်း ကြိုးစား ကြရန်ဖြစ်၏ ။   ။

    ဆရာကြီး  A ရာဇတ်  (B.A)

    (သဘာပတိ

    ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဖရင့်

    (၁၉၄၁)ခုနှစ်၊မေလ(၄)ရက်၊နံနက်(၉း၁၅)နာရီ

    ယင်းတော်မြို့)

  • မြန်မာနိုင်ငံက မဟာဒုက္ခ တွင်းဆုံးကျနေသော ဗုဒ္ဓဘာသာဝင်များနှင့် ဓားစားခံ ဖြစ်နေသော မွတ်စလင်များ

    မြန်မာနိုင်ငံက မဟာဒုက္ခ တွင်းဆုံးကျနေသော ဗုဒ္ဓဘာသာဝင်များနှင့် ဓားစားခံ ဖြစ်နေသော မွတ်စလင်များ

    ဇူလိုင် ၁၂၊ ၂၀၁၇

    M-Media

    ရေးသားသူ- By GERARD McCARTHY & JACQUELINE MENAGER | FRONTIER

    ဘာသာပြန် – ထွဋ်ခေါင်

    တည်းဖြတ် – လေးမောင်

    ၂၀၁၃ ခုနှစ် မေလက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုအတွင်း မွတ်စလင်အိမ်များနှင့် ဆိုင်များ မီးရှို့ခံရမှု မြင်ကွင်း

    – စစ်အစိုးရလက်ထက် နိုင်ငံတိုးတက်မှုမရှိတာအတွက် မွတ်စလင်တွေနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို လွှင့်ပြီး အာရုံလွှဲခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေဟာ စော်ကားခံနေရတယ်၊ အဓမ္မဘာသာပြောင်းခံနေရတယ်ဆိုတဲ့ ကောလဟာလ ၀ါဒဖြန့်မှုတွေဟာ အခိုင်အမာကို ရှိနေပါတယ်။ အချက်အလက်ပိုင်းအရ မှန်ကန်လေ့မရှိတဲ့ ဒီလို နိစ္စဓူဝ ဇာတ်လမ်းတွေကို ဖြေရှင်းလို့မရအောင် ဘာတွေက လုပ်ထားပါသလဲ။

    ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်က ပြည်သူတွေ ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေအပေါ် သက်ရောက်မှုရှိနေလို့၊ ဒါတွေအတွက် အပြစ်ပြောထိုက်လို့ ဒီကောလဟာလတွေဟာ ရှိနေတာပါလို့ ဆိုလာခဲ့ရင်တော့ ၄ နှစ်ကျော်ကြာ နက်နက်နဲနဲ တိတိကျကျ သုတေသနပြုထားမှုကို အခြေခံပြီး ကျွန်တော်တို့က ငြင်းချက်ထုတ်ရပါလိမ့်မယ်။

    မျိုးစောင့် ဥပဒေလေးချက်ကို အထောက်ကူဖြစ်ဖို့အတွက် ဒီလိုကစားကွက်တွေ ဖြစ်လာတယ်ဆိုတာ ကျနော်တို့ တွေ့ပါတယ်။ မဘသ က ထောက်ပံ့ရေးဆွဲခဲ့တဲ့ ဒီဥပဒေကြမ်းဟာ ဦးသိန်းစိန်မပြုတ်ခင်လေးတင်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒါဟာ အခုတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ဆူးညောင့်ခလုတ်ကန်သင်း တစ်ခုပါပဲ။

    ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်း၊ မြန်မာပြည်အလယ်ပိုင်းနဲ့ ရန်ကုန်မြို့မှာ ကျွန်ုတော်တို့ရဲ့ လက်တွေ့ ကွင်းဆင်းစဉ် ကာလအတွင်း၊ မျိုးစောင့်ဥပဒေလေးရပ်အကြောင်း ဆွေးနွေးဖက်တွေနဲ့ ပြောဆိုဆွေးနွေးကြတဲ့အခါ Facebook နဲ့ ယုံကြည်ရတဲ့ ရင်းမြစ်တွေဆီကနေတစ်ဆင့် ၀ါဒဖြန့်တဲ့ ကောလဟာလတွေအကြောင်း မကြာခဏဆိုသလို အဓိကထားခဲ့ပါတယ်။

    မွတ်စလင်ယောင်္ကျားတွေဟာ ဗုဒ္ဓဘာသာမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရော စော်ကားတယ်၊ ဒါမှမဟုတ် “အကြမ်းဖက်ပြီး” အစ္စလာမ်ဘာသာကို အဓမ္မကူးပြောင်းစေတယ်၊ ဗုဒ္ဓဘာသာ မိန်းကလေးယူရင် ဘောက်ဆူးပေးတယ်၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့လက်ထပ်စာချုပ်တွေနဲ့ အခိုင်အမာ ချုပ်ထားကြတယ်ဆိုတာ မကြာခဏ ကျနော်တို့ ကြားနေရပါတယ်။

    မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာပြန့်နှံ့ဖို့၊ ဗုဒ္ဓဘာသာကို အားနည်းသွားအောင်လုပ်ဖို့ စနစ်ကျတဲ့ မဟာဗျူဟာတစ်ခု ချထားတယ်ဆိုတဲ့ ၀ါဒဖြန့်ချီမှုကို ခိုင်မာစေဖို့ မွတ်စလင်အသိုင်းအ၀ိုင်းမှာ မွေးဖွားနှုန်းမြင့်မားနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုကို သက်သေအဖြစ် ထောက်ပြကြပါတယ်။

    မွတ်စလင်တွေဟာ ကြွယ်ဝချမ်းသာကြတယ်၊ အားကောင်းမောင်းသန်တယ်၊ နိုင်ထက်စီးနင်း လုပ်တတ်ကြတယ် ဆိုတဲ့ ယူဆချက်တွေ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေတယ်ဆိုတာကိုလည်း အောက်စဖို့တက္ကသိုလ်က လူမှုရေးပရောဂျက်တွေနဲ့ မြန်မာနိုင်ငံ မီဒီယာတွေရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။ နိုင်ငံတစ်ဝှမ်း တွေ့ဆုံမြေးမြန်းမှုတွေကို အခြေခံပြီး ပြုလုပ်တဲ့ သုတေသနအရ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးစုပဋိပက္ခ၊ အစ္စလာမ့်မစ်အစွန်းရောက်ဝါဒဆိုတဲ့ ကမ္ဘာက တင်ပြမှုတွေကို ယုတ္တိရှိအောင်လုပ်ဖို့ ယခင်ကဖြစ်ပျက်ခဲ့တာတွေကို မြန်မာနိုင်ငံက ပြည်သူတွေက ဘယ်လောက်တောင် ဆွဲယူအသုံးချနေလည်းဆိုတာကို တွေ့ခဲ့ရပါတယ်။

    မြန်မာမွတ်စလင်တွေနဲ့ပတ်သက်ပြီး ၀ါဒဖြန့်မှုတွေမှာ ‘အမှန်တရား’ တစ်ခုတစ်လေ ပါမယ်ဆိုတဲ့ ယူဆချက်တွေကိုလည်း ကျွန်တော်တို့ဟာ ငြင်းချက်ထုတ်မှာဖြစ်ပြီး ဘာ့ကြောင့်လည်းဆိုတော့ စစ်အာဏာရှင်လက်အောက် ဆယ်စုနှစ်ပေါင်များစွာ ခံစားလာခဲ့ရတာတွေကို အာရုံလွှဲဖို့အတွက် မွတ်စလင်တွေဟာ အသုံးချခံ၊ အပြစ်တင်ခံ လူ့အဖွဲ့အစည်း ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ကွမ်းယာဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ကြည့်ရအောင်။ ဖုန်ထူထူဈေးက အဲဒီဆိုင်ရဲ့ ပလက်စတစ်ထိုင်ခုံပေါ်မှာ အခန့်သားထိုင်နေသူတွေကို ဗမာလူငယ်လေးတစ်ယောက်က “လူတိုင်းကြည့်သင့်တဲ့ အရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook ဗီဒီယိုတစ်ခုကို သူ့စမတ်ဖုန်းနဲ့ ပြသနေပါတယ်။ Facebook က အဲဒီဗီဒီယိုကို အကြိမ် ၃ ထောင်လောက် မျှဝေပြီးမှ ဒီလူငယ်လေးက တွေ့ရှိခဲ့တာပါ။

    ၇-မိနစ်ကြာတဲ့ ဒီဗီဒီယိုဟာ ရှုပ်ရှက်ခပ်နေတဲ့ ဈေးတစ်ခုထဲမှာ မွတ်စလင်လို့ ယူဆရတဲ့ အသက် လေးဆယ်နားကပ်နေတဲ့ မုတ်ဆိတ်ရှိလူကြီးတစ်ယောက်နဲ့ ဗုဒ္ဓဘာသာဝင်လို့ယူဆရတဲ့ အသက်နှစ်ဆယ် မရှိတစ်ရှိ  မိန်းမငယ်လေးတစ်ယောက်တို့ ရန်ဖြစ်နေကြတဲ့ မြင်ကွင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

    ဘေးမှာ ရပ်ကြည့်နေတဲ့ လူတစ်ယောက်ယောက်က သူ့ရဲ့စမတ်ဖုန်းနဲ့ ရိုက်ထားတယ်လို့ ထင်ရတဲ့ ဒီဗီဒီယိုထဲမှာ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမပျိုလေးက မုတ်ဆိတ်နဲ့လူကြီးကို ထပ်ခါတလဲလဲ “လူလိမ်” လို့ ပြောဆိုစွပ်စွဲရင်း နင့် “ငါ့ကို ယူမယ်လို့ ကတိပေးပြီးတော့” လို့ ပြောကာ လူကြီးကို ပါးဆွဲချလိုက်ပါတယ်။

    ဗီဒီယိုကြည့်ပြီးတဲ့နောက် စကားဝိုင်းမှာ ဒီအမျိုးသမီးငယ်လေးရဲ့အဖြစ်အပျက်ကို ဘာသာမတူသူတွေနဲ့ အိမ်ထောင်ပြုတဲ့ကိစ္စသာမကဘဲ မွတ်စလင်တွေရဲ့ စီးပွားရေးအားသာချက်ကို သတိထားရမယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် ဖန်တီးလိုက်ကြပါတယ်။ “သူ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်လေ၊ ဒီတော့ ဒီကောင်မက စိတ်ဝင်စားတာပေါ့။ ခင်ဗျားတို့လည်း မွတ်စလင်တွေဆို လုံးဝကို မယုံသင့်ဘူး” လို့ တစ်ယောက်က ထပြောပါတယ်။

    စီးပွားရေးမှာ မွတ်စလင်တွေ လက်ဝါးကြီးအုပ်ထားတယ်၊ ပိုက်ဆံကို အသုံးချပြီး ထူအတဲ့ ဗုဒ္ဓဘာသာ သမီးပျိုတွေကို ကာမ ကျူးလွန်ဖို့ အလားလာရှိနေတယ်၊ အုပ်ချုပ်ရေးယန္တရားမှာ လာဘ်ပေးလို့ရနေတာက မွတ်စလင်တွေအတွက် အကွက်ပိုရစေတယ်ဆိုပြီး ဒီဗီဒီယိုလေးက အစဆွဲထုတ်စွပ်စွဲစရာ  အကွက်ရသွားခဲ့ပါတယ်။

    စစ်အာဏာရှင်ခေတ်က သူတို့တွေ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ပြန်ပြောင်းပြောရင်း အဲဒီကာလတုန်းက မွတ်စလင်တွေဟာ ချမ်းသာကြွယ်ဝတာကြောင့် အစိုးရအဖွဲ့ဝင် အရာရှိကြီးတွေကို ကောင်းကောင်းကြီး လာဘ်ထိုးတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်ခဲ့ပြီး မွတ်စလင်တွေကို သတိထားတာ အကောင်းဆုံးပဲလို့ ကြည့်ရှုသူအားလုံးကလည်း သဘောတူလိုက်ကြပါတယ်။

    တကယ်တော့ ဒါဟာ နည်းမှန်လမ်းမှန် ဆွေးနွေးမှုမျိုး၊ တစ်မူထူးခြားတဲ့ ဆွေးနွေးမှုမျိုး မဟုတ်သလို၊ အချက်လက်အား ဖြင့်လည်း မှန်ကန်မှု မရှိပါဘူး။ ဥပမာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ခရိုနီတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့ စီးပွားရေးမှာ မွတ်စလင်တွေဟာ မဆိုစလောက် အချိုးအစားသာ ပါဝင်ကြတာပါ။

    ဒါပေမဲ့လည်း အလားတူ သတိပေးဇာတ်လမ်းတွေဟာ ကွမ်းယာဆိုင်တွေနဲ့ တစ်ခြား လူစုံရာနေရာမျိုးတွေမှာ၊ ဟုတ် သော်ရှိ မဟုတ်သော်ရှိ၊ တစ်နိုင်ငံလုံး ပြန့်နှံ့နေပါတယ်။ ဒီပြောဆိုမှုတွေရဲ့ နောက်ကွယ်မှာတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့စိတ်ထဲမှာ စွဲထင်နေတဲ့ ‘လူမျိုး’ ဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး  အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုနဲ့ ချိတ်ဆက်နေတဲ့ စိုးရိမ်စရာကောင်းတဲ့ ခံစားမှုတွေကို မြင်နေရပါတယ်။

    မြန်မာနိုင်ငံအလယ်ပိုင်း ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ တောရွာလေးတစ်ရွာက ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ အသက်နှစ်ဆယ်စွန်းစွန်း ကုန်သည်ပေါက်စလေး ကိုကျော်ဝင်း (အမည်လွှဲ) ဟာ ဒီစိုးရိမ်စရာ အကြောင်းတရားတွေကို မီးမောင်းထိုးပြနေသူတစ်ဦးပါ။ ရွာဦးဘုန်းကြီးကျောင်းမှာ ဦးဝီရသူလာတုန်းက ၂၀၁၂ ခုနှစ် ရခိုင်အရေးခင်းအကြောင်း တရားဟောတာကို နားထောင်ပြီးနောက်မှာ ကျော်ဝင်းဟာ ၉၆၉ လှုပ်ရှားမှုရဲ့ အမာခံတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    တရားပွဲမှာ မုဒိမ်းမှုအကြောင်း အသေးစိတ် ဟောကြားတာကို ကြားခဲ့ပြီးတဲ့နောက် စိတ်ထိခိုက်သွားတဲ့သူဟာ ကန်ဒေါ်လာ ၁၀၀ ၀န်းကျင် ပမာဏရှိတဲ့ သူ့ရဲ့ နှစ်ပတ်စာ ချွေးနဲစာကို လှူဒါန်းခဲ့ပြီး ဦးဝီရသူရဲ့ တရားခွေ ဒီဗီဒီ အချပ် ၅၀၀ ကို ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ၊ ကျော်ဝင်းဟာ သူကုန်သွယ်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ ရွာကြီးရွာငယ် အသွယ်သွယ်မှာ ဒီအခွေတွေကို အခမဲ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ “မျိုးစောင့်ဥပဒေ” လေးရပ်ကို ထောက်ခံတဲ့ မဘသရဲ့ နိုင်ငံအနှံ့ လက်မှတ်ကောက်ယူပွဲတွေမှာ လုပ်အားပေးခဲ့ပါတယ်။

    ၂၀၁၅ နဲ့ ၂၀၁၆ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ သုတေသနလုပ်ငန်းထဲက တစ်ယောက်ဟာ ကျော်ဝင်းနဲ့ ပုံမှန် ဆုံဖြစ်ခဲ့ပါတယ်။ ဆုံတွေ့စဉ်အခိုက်မှာ ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်တွေအတွင်း သူ့မိသားစုဝင်တွေ ဘယ်လောက်တောင် ဒုက္ခရောက် ခဲ့ရသလဲဆိုတာကို မကြာခဏဆိုသလို ပြန်ပြောင်း ပြောပြပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အထီးကျန်နေမှု၊ အလုပ်လက်မဲ့များပြားမှုပြဿနာ “ချီးထုပ် ကျန်းမာရေးနဲ့ ပညာရေး စနစ်” လို့ သူကဆိုတဲ့ စနစ်တွေကြောင့် သူတို့မိသားစုဟာ ရုန်းကန်ခဲ့ရပါတယ်။ ကျော်ဝင်းက မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ အကျင့်စာရိတ္တ အခြေနေဟာ နှစ်ပင်လိမ်နေတယ်လို့ ဆိုပြီး “လူတော်တော်များများရဲ့ အကျင့်စာရိတ္တတွေက ပျက်စီးသွားပြီဗျ- သူတို့မှာ တရားထိုင်ဖို့လည်း အချိန်မရှိဘူး။ လူမှုရေး လုပ်ငန်းတွေ လုပ်ဖို့လည်း မအားကြဘူး” လို့ ပြောကြားခဲ့ပါတယ်။

    သူက စစ်အစိုးရ အုပ်ချုပ်ရေးအဆက်ဆက်ကိုလည်း “ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး အထီးကျန်နေခဲ့” တဲ့အတွက် အပြစ်တင်ခဲ့ ပါတယ်။ ၂၀၁၅ နိုဝင်ဘာမှာ သူမဲတောင် မထည့်ခဲ့ပါဘူး။ သူ့စကားအရ “လာဘ်စားတဲ့” ကြံဖွတ်ပါတီ၊ “ဘုန်းကြီးနဲ့ ရန်ဖြစ်တဲ့” အန်အလ်ဒီပါတီကို ဘယ်သူ့ကို မဲထည့်ရကောင်းမှန်းမသိဘူးလို့ ပြောပါတယ်။

    ဒါပေမဲ့၊ ကျော်ဝင်းက မျိုးစောင့်ဥပဒေ ဘာကြောင့်လိုအပ်တယ်ဆိုတာကို ရှင်းပြရာမှာတော့ ‘အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ’ ရဲ့လက်ထဲမှာ ဗုဒ္ဓပုံတော်တွေ မလေးမစားလုပ်ခံရတယ်၊ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အမြတ်ထုတ်မှုတွေ ခံရတယ်ဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ကိုးကားခဲ့ပြီး သူက ဗုဒ္ဓဘာသာရဲ့ အနာဂတ်အတွက် ရိုးရိုးသားသား စိုးရိမ်နေတာ ဖြစ်ပါတယ်။

    ဘာသာတိုင်းမှာ အကြမ်းဖက်ဝါဒ မရှိသင့်ဘူးလို့ မဘသကယုံကြည်ထားကြောင်း၊ ဒါကြောင့် မျိုးစောင့်ဥပဒေလေးရပ်ကို သူတို့ ရေးဆွဲခဲ့တဖြစ်ကြောင်း ကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

    “ဗုဒ္ဓဘာသာ အမျိုးသမီး တော်တော်များများက ဘာသာခြားတွေနဲ့ ယူနေကြတယ်။ မဘသက ဗုဒ္ဓဘာသာ အမျိုးသမီး တွေကို ဘာသာခြားတွေနဲ့ ယူခွင့်ပေးထားတယ်၊ ဒါပေမဲ့ အကြမ်းဖက်မှု ရှိသလား မရှိဘူးလား ဆိုတာကိုတော့ ဘုန်းကြီး တွေက စစ်ဆေးရမယ်လေ” လို့ သူက စောဒကတက်ပါတယ်။

    “တကယ်လို့ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်က သူမ အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်ပြီလို့ ဘုန်းကြီးတွေကို ပြောလာရင်၊ သူမ စိတ်ရင်းနဲ့ အမှန်တကယ်ပြောင်းတာလား၊ သူမ အဲဒီလူဆီမှာ ပေးဆပ်စရာ အကြွေးကိစ္စလို ဟာမျိုးရှိလို့၊ အကြမ်းဖက်ခံလိုက်ရလို့ ဘာသာပြောင်းလိုက်တာလားဆိုတာ ဘုန်းကြီးတွေက စစ်ဆေးဖို့ လိုပါတယ်”

    ၁၉၉၀ ပြည့်နှစ်တွေမှာ ခံစားခဲ့ရမှုတွေ၊ စိတ်ပျက်ခဲ့ရမှုတွေနဲ့ပတ်သက်ပြီး ကျော်ဝင်းနဲ့ အခြားသော မဘသ တက်ကြွလှုပ်ရှားသူတွေရဲ့ ပြန်ပြောင်းပြောပြမှုတွေကိုကြည့်ရင် ခွဲခြားဆက်ဆံတဲ့ ဥပဒေ၊ ‘ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့’ ဘုန်းကြီးတွေလိုအပ်မှုတွေ မှန်တယ်လို့ အယောင်ပြဖို့ ချမ်းသာကြွယ်ဝပြီး၊ အားကောင်းမောင်းသန်တဲ့ မွတ်စလင် ယောက်ျားတွေကို ခုတုံးလုပ်တာနဲ့ ဘာမှတော့ မဆိုင်ပါဘူး။

    ဒီကောလဟာလတွေ၊ ပြောကြားမှုတွေထဲမှာ နစ်ဝင်နေတဲ့ မကျေနပ်ချက်တနင့်ပိုးဟာ အလိုအလျောက် သူ့ဟာသူ ပေါ်လာတာ မဟုတ်ပါဘူး။ လိင်ကိစ္စကိုအခြေတည်တဲ့ ဒီ ကောလဟာတွေမှာ စွမ်းအားရှိပြီး အမျိုးသမီးတွေရဲ့ ခုခံနိုင်စွမ်းနည်းပါးမှုအပေါ်မှာ ဖြစ်လာတဲ့ နာကျည်းချက်တွေ၊ ခံစားမှုတွေ၊ ဒီထက်ပိုဆိုရရင် လူထုအတွင်း ဗုဒ္ဓဘာသာ ပြန်ရှင်သန်လာရေးနဲ့ ချိတ်ထားတာပါ။ ဒီလံကြုတ်ဇာတ်လမ်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရွယ်ချက်က အာဏာရှင်လက်ထက် ခံစားခဲ့ရတာတွေအတွက်   စစ်တပ်မဟုတ်တဲ့ အခြား ဓားစားခံတစ်ခုကို လွှဲချဖို့ ဖြစ်ပါတယ်။

    နိစ္စဓူဝတွေ့နေရတဲ့ ဒီတစ်ဖတ်သက် ကေလာဟာလတွေကိုကြည့်ရင် မြန်မာနိုင်ငံက မွတ်စလင်ဆန့်ကျင်ရေး  အထင်အမြင်တွေကို ‘လူထုပညာပေးမှု’၊ ဒါတွေဟာ စစ်အာရှင်စနစ်နဲ့ နာကျည်းချက်တွေ၊ ထိခိုက်ခံစားရခဲ့ရမှုတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို ၀န်ခံပြောကြားရမယ့် လှုပ်ရှားမှုတွေနဲ့တင် ဖြေရှင်းလို့မရဘူးလို့ အဓိပ္ပါယ်ထွက်နေပါတယ်။

    NLD အနေနဲ့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အစ္စလာမ်ကြောက်ရောဂါကို ဖြေရှင်းချင်တယ်၊ အားလုံးပူးပေါင်းပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်၊ ပြည်သူတွေ လူတန်းစေ့နေနိုင်ဖို့ လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုတွေကို စတင်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ  လူထု ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေရဲ့ အဓိကလက်သည်တရားခံတွေကို ကန့်လန့်ကာအပြင်ထုတ်ဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်းပါ။

    (ယင်းဆောင်းပါးပါ အချက်လက်များသည် မကြာသေးခင်ကမှ ထုတ်ဝေခဲ့သော “Gendered Rumours and the Muslim Scapegoat in Myanmar’s Transition”,  Journal of Contemporary Asia (vol 47, no 3, 2017, 396-412) ကောက်နှုတ်ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။)

  • ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ

    ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media
    လမင်း

    ဧပြီလနှောင်းပိုင်းက တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ကမန်တိုင်းရင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

    ရခိုင်။ ။ ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းခဲ့ပြီး ယင်းဒုက္ခသည်စခန်းမှ အိမ်ထောင်စုပေါင်း ၅၅ စုကို ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ခွင့် ပြုခဲ့ကြောင်း ဟု ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းလုံခြုံရေးအခြအနေ ထုတ်ပြန်ချက်မှာ လက်တွေ့နှင့် အနည်းငယ် လွဲချော်မှုများ ရှိနေကြောင်း တွေ့ရှိရပါတယ်။

    “ရန်ကုန်ကို အိမ်ထောင်စု ၅၅ ခုပြောင်းလာတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီပြောင်းလာတဲ့ အိမ်ထောင်စုက ရမ်းဗြဲ ဒုက္ခသည်စခန်းက လူတွေပဲ။ အခြား စခန်းကလူတွေ မပါဘူး။ ပေါက်တော်နဲ့ ကျောက်ဖြူက ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်တယ် ဆိုတာလည်း မဟုတ်ဘူး။ အဲ့ဒီမှာ အခုထိ ကမန် ဒုက္ခသည်တွေ ရှိနေသေးတယ် “ လို့ ကမန်တိုင်းရင်းသား လှုမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက M-Media ကိုဆိုပါတယ်။

    မြန်မာ အစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်

    ဒီလို ရန်ကုန်ကိုပြောင်းရွေ့နေထိုင်ဖို့ကိုလည်း ကမန်တိုင်းရင်းသားတွေက တောင်းဆိုတာ မဟုတ်ဘဲ အစိုးရဘက်မှ ရန်ကုန်ကိုပြောင်းရွေ့နေထိုင်နိုင်ကြောင်း ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

    “အဲ့ဒီဒေသမှာရှိတဲ့လူတွေကို ပြန်လည်ထူထောင်ရေး လုပ်ဖို့၊ မူလနေရာပြန်ရဖို့အတွက် သက်ဆိုင်ရာ လူတွေနဲ့ ညှိနှိုင်းနေတာ၊ သူတို့ဘက်ကလည်း အိမ်နေရာတွေကို တိုင်းတာတာမျိုးတွေ လာလုပ်နေပြီ။ သိပ်မကြာခင်မှာ ရန်ကုန်ပြောင်းချင်ပြောင်းလို့ရတယ်။ တစ်အိမ်ထောင်ကို (၅) သိန်းပေးမယ်ဆိုပြီး လာပြောကြတော့တာပဲ” လို့ ဦးထွန်းငွေက ဆက်လက်ပြောဆိုခဲ့ပါတယ်။

    အဆိုပါ ကမန်တိုင်းရင်းသားများ ပြောင်းရွေ့နေထိုင်လာခြင်းကို ဆိုရှယ်မီဒီယာ စာမျက်နှာများမှာ ဘင်္ဂါလီများ ခိုးဝင်ရောက် လာနေထိုင်ကြပြီဟု ဝါဒဖြန့်နေသူများကိုလည်း ၎င်းတို့ ကမန်တိုင်းရင်းသား လှုမှုကွန်ရက်အနေဖြင့် လက်လှမ်းမှီသလောက် မီဒီယာများမှတစ်ဆင့်၊ သက်ဆိုင်ရာ လမ်းကြောင်းများဖြင့် ရွေ့ပြောင်းနေထိုင်သူများမှာ ဘင်္ဂါလီ(ရိုဟင်ဂျာ) များမဟုတ်ဘဲ ကမန်တိုင်းရင်းသားများ ဖြစ်ကြောင်းကို ရှင်းလင်းသွားမယ်လို့လည်း သိရပါတယ်။

    ၂၀၁၇ ခုနှစ် ဧပြီ(၄) ရက်နေ့မှာ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန် တိုင်းရင်းသား လူမှုကွန်ရက်မှ တာဝန်ရှိသူတွေဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ဝန်ကြီးမှ ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသားများကို မူလနေရာတွင် အမြန်ဆုံးပြန်လည်နေရာချထားပေးမည်လို့ ပြောကြားခဲ့ကြောင်း၊ သို့ပေမယ့် ရမ်းဗြဲမြို့မှ ကမန်တိုင်းရင်းသားတွေကို အိမ်ထောင်စုတစုလျှင် (၅) သိန်းနှင့် မိသားစုဝင် တစ်ဦးလျင် ကျပ် (၁) သိန်းပေးကာ ပြောင်းရွှေ့လိုက ပြောင်းရွှေ့ဖို့ ဖိအားဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုက္ခသည်စခန်းမှခေါင်းဆောင်များ ထံလာရောက်ကာ အနုကြမ်းဝင်စီးနိုင်သည်ဟု ဖိအားပေးမှုကြောင့် ကယ်ဆယ်ရေးစခန်းမှ ကမန်တိုင်းရင်းသား အချို့မှာ ရွေးချယ်စရာမရှိဘဲ ရန်ုကုန်သို့ ပြောင်းရွှေခဲ့ရကြောင်း သိရှိရပါတယ်။

    အိမ်ထောင်စု ၅၅ စုမှာ ရန်ကုန်မြို့ရှိ ထောက်ကြံ့၊ မှော်ဘီသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး နေရာထိုင်ခင်း အခက်အခဲ၊ ကျန်းမာရေး အခက်အခဲ၊ ပညာရေး အခက်အခဲများကို စတင်ရင်ဆိုင် ကြုံတွေ့နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

  • ဇာတိမြေမှ တစ်ဖက်လှည့်နှင့် နှင်ထုတ်ခံရပြီး၊ ဘ၀ရှင်သန်ရန် ရုန်းကန်နေရသည့် ကမန်တိုင်းရင်းသားများ

    ဇွန် ၈၊ ၂၀၁၇
    M-Media

    ဧပြီလနှောင်းပိုင်းက တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ကမန်တိုင်းရင်းသားများ၏ သတင်းစာရှင်းလင်းပွဲမှ ပုံရိပ်တစ်ခု

    – မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကနေ အစိုးရရဲ့ ထောက်ပံ့ကြေး ၆ သိန်းကျော်ကျော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့အချိန်မှာ ဒေါ်နွယ်နွယ်ဦးတစ်ယောက် လူနည်းစုမွတ်စလင်တွေအပေါ် ညှင်းပမ်းနှိ ပ်စက်မှုတွေကနေ လွတ်မြောက်ပြီး ဘ၀သစ်တစ်ခု စတင်ဖို့ မျှော်လင့်ခဲ့တာပါ။

    အသက် ၅၀ ပြည့်တော့မယ့် သူမဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားကတည်းက အခြေအနေ ဆိုးဆိုးဝါးဝါး ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်ရောက်တဲ့အခါမှာတော့ သူရရှိတဲ့ ထောက်ပံ့ကြေး တစ်ဝက်ကျော်ကျော်ကို အသုံးပြုပြီး ၈၆ စကွဲယားပေ ကျယ်တဲ့ အခန်းတစ်ခန်းကို ငှားရမ်းခဲ့ပါတယ်။ အလုပ်အကိုင်မျှော်လင့်ချက် နည်းပါးမှု၊ နေထိုင်စားရိတ်ကြီးမှုတွေနဲ့အတူ ဇာတိမြေနဲ့ မိုင်ပေါင်း ၃၁၀ လောက်ဝေးတဲ့ မျက်နှာစိမ်းမြို့မှာ သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ သူမဟာ ရုန်းကန်နေရပါတယ်။

    “ပိုက်ဆံတွေကုန်သွားရင် ကျွန်မတို့ ဘာနဲ့စားကြမလဲ။ ကျွန်မတို့ အရမ်း စိုးရိမ်သောကဖြစ်နေတယ်။ ဒီမှာ အလုပ်လည်း ရှာမရဘူး” လို့ ဒေါ်နွယ်နွယ်ဦးက ပြောကြားခဲ့ပါတယ်။ သူတို့မိသားစုဟာ သမီးကြီးဖြစ်သူ လက်ဖက်ရည်စက်ရုံမှာ အလုပ်လုပ်တာကနေရတဲ့ တစ်လ၀င်ငွေ ၁ သိန်းကျော်အပေါ်မှာ မှီခိုနေရတာဖြစ်ပါတယ်။

    အာဏာပိုင်တွေဟာ ရမ်းဗြဲမြို့က သူမနေထိုင်ရာ ဒုက္ခသည်စခန်းငယ်လေးကို ဧပြီလအတွင်းမှာ စပိတ်ခဲ့ပြီး၊ ဒါဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်က အကြံပြုချက် ထွက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ၅ နှစ်အတွင်း ဒုက္ခသည်စခန်းတွေအားလုံး ပိတ်ပစ်ရေး ကြိုးပမ်းမှုရဲ့ အစလည်းဖြစ်ပါတယ်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီ ဒုက္ခသည်စခန်းတွေ တစ်ဖြည်းဖြည်းပိတ်ရေးကို ထောက်ခံပေမယ့် အစိုးရက စလုပ်တဲ့ပုံစံကို ဝေဖန်ခဲ့ပြီး ဒီလိုပုံစံမျိုးဆိုရင် လူတွေထောင်သောင်းချီ နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က ပိုကြီးတဲ့ ဒုက္ခသည်စခန်းတွေကို ရှေ့ဆက် ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကို ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုအားထုတ်တာမျိုး မရှိဘဲနဲ့ “ဒုက္ခသည်စခန်းတွေကို ပိတ်ပစ်တာဟာ တစ်နေရာက ပြဿနာကို နောက်တစ်နေရာစီ ရွှေ့ပြောင်းလိုက်တာမျိုးသာ ဖြစ်မယ်” လို့ မြန်မာနိုင်ငံက ကုလမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုရုံး (OCHA) အကြီးအကဲ မာ့ခ် ကတ်စ်က ပြောကြားခဲ့ပါတယ်။

    ဒေါ်နွယ်နွယ်ဦးမှာ ရန်ကုန်ကို ပြောင်းဖို့ကလွဲရင် တခြား ရွေးစရာ သိပ်မရှိပါဘူး။ အာဏာပိုင်တွေက ရမ်းဗြဲ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ မွတ်စလင် ၁၂၈ ဦးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု မခံရခင် သူတို့နေထိုင်ခဲ့တဲ့ ရမ်းဗြဲမြို့က နေရာတွေမှာ ဆက်လက်နေထိုင်ဖို့ မလုံခြုံဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ပဋိပက္ခထပ်မဖြစ်အောင် တားဆီးဖို့ ရဲအင်အားလုံလုံလောက်လောက် ကျွန်တော်တို့မှာမရှိဘူး။ ဒါ့ကြောင့် သူတို့သွားချင်တဲ့နေရာကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ ခွင့်ပြုခဲ့တာပါ” လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ပြောကြားခဲ့ပါတယ်။

    တရားဝင်အသိအမှတ်ပြု လူမျိုး

    ဒေါ်နွယ်နွယ်ဦးတို့ မိသားစုဟာ ကမန်လူမျိုးစုဝင်တွေ ဖြစ်ပါတယ်။ ကမန်လူမျိုးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ မတူဘဲ မြန်မာနိုင်ငံသားရရှိကာ တိုင်းရင်းသားအုပ်စုတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြု ခံထားရပါတယ်။

    ရမ်းဗြဲမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ လောက်သေဆုံးကာ၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ မွတ်စလင်နဲ့ ရခိုင်ဗုဒ္ဓဘာသာတွေအကြား ပဋိပက္ခမှာ ကမန်လူမျိုးတွေရဲ့ အိမ်တွေဟာ မီးရှို့ခံခဲ့ရပါတယ်။

    “အစိုးရသစ်က ရန်ကုန်ကိုပြောင်းဖို့ ကူညီပေးတယ်။ ဒါပမယ့် ကျွန်မတို့ ဇာတိကို ပြန်ရဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျွန်မ မသိပါဘူး” လို့ ဒေါ်နွယ်နွယ်ဦးက ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိရာ ရမ်းဗြဲမြို့က ထွက်သွားမယ်ဆိုရင် ဘတ်စ်ကားဖယ်ရီ၊ လေယာဉ်လက်မှတ်နဲ့၊ ထောက်ပံ့ကြေးနည်းနည်းပေးမယ်လို့ အစိုးရရဲ့ ကမ်းလှမ်းမှုကို ရယူကာ ဧပြီလကတည်းက ထွက်လာခဲ့တဲ့ ကမန်မွတ်စလင် ၁၀၀ နီးပါးမှာ ဒေါ်နွယ်နွယ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

    ရမ်းဗြဲက ကမန်တွေကို သူတို့နေထိုင်ရာ နေရာတွေဆီ ပြန်သွားခွင့်မပေးခဲ့ဘဲ၊ ထွက်သွားဖို့ကလွဲလို့ အခြား အလားအလာရှိတဲ့ ရွေးချယ်မှုမျိုး မပေးခဲ့ဘူးလို့ ဒီလူတွေက ကုလ ၀န်ထမ်းတွေကို ပြောကြားခဲ့ကြောင်း OCHA အကြီးအကဲ ကက်စ်က ဖွင့်ဟခဲ့ပါတယ်။

    ကမန်မွတ်စလင်တွေနဲ့မတူတာက ပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးကို ကျောက်ဖြူဒေသတစ်ဝိုက်က အိမ်ပေါင်း ၆၅ အိမ်မှာ အစိုးရက ပြန်လည်နေရာချထားပေးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ OCHA တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ မိသားစုတစ်စုကို ငွေ ၃ သိန်း ကျော်လောက် ထောက်ပံ့ပေးခဲ့ကာ ရေ၊ မီး၊ အိမ်သာ အပြည့်အစုံရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ နေအိမ်မှာ နေရာချထားခဲ့တာ ဖြစ်ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ ကမန်တွေကို သူတို့ရဲ့ နေရာတွေမှာ ပြန်နေခွင့်မပေးဘူးဆိုရင် ရခိုင်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းအထွက် အလုပ်ဖြစ်မယ့် ဖြေရှင်းမှုကို သိပ်ပြီး မျှော်လင့်လို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ ကမန်တွေကိုတောင် သူတို့ဆန္ဒအတိုင်း လုံလုံခြုံခြုံ နေရပ်ပြန်ခွင့်ကို အစိုးရက မစီစဉ်ပေးနိုင်ဘူးဆိုရင် ရိုဟင်ဂျာတွေအတွက် ဘာများ မျှော်လင့်နိုင်မှာလဲ” လို့ Amnesty International က သုတေသနပညာရှင် လော်ရာ ဟိုက်က ပြောကြားခဲ့ပါတယ်။

    ပြန်မသွားရ

    ရမ်းဗြဲမှာ ဘတ်စ်ကားသမားအချို့က မွတ်စလင်ဆို တင်ဖို့ငြင်းဆန်တာမျိုးတွေလို ခွဲခြားဆက်ဆံ ၀ိုင်းပယ်တဲ့ အခြေအနေမျိုးတွေကြောင့် ဗုဒ္ဓဘာသာဝင်ကြီးစိုးပြီး လူပေါင်း ၉၇၀၀၀ လောက်ရှိတဲ့ ဒီမြို့မှာ အလုပ်အကိုင် ရှာဖွေဖို့၊ ကလေးတွေအတွက် ကောင်းမွန်တဲ့ပညာရေးရရှိဖို့ အခွင့်အလမ်းက မရှိသလောက်ပဲလို့ ကမန်ဒေသခံတွေက ပြောပါတယ်။

    “ကိုယ့်ဇာတိကို ချစ်တာပေါ့ဗျာ။ ဒါပေမယ့် ဒီမှာနေရင် ပြဿနာတွေအများကြီး ကြုံရမှာဗျ” လို့ အသက် ၅၅ နှစ်အရွယ် ဦးတင်လှက ပြောပါတယ်။ ကလေးလေးယောက်ဖခင်ဖြစ်သူ ဦးတင်လှဟာ ရမ်းဗြဲက ဒုက္ခသည်စခန်းမှာ နောက်ဆုံးကျန်နေသူဖြစ်ပြီး ဒီလအတွင်းမှာ ရန်ကုန်ကိုပြောင်းဖို့ စီစဉ်နေပါတယ်။

    အချို့ကမန်မွတ်စလင်တွေကတော့ ဒုက္ခသည်စခန်းတွေ ပိတ်လိုက်ခြင်းဟာ သူတို့ရဲ့ နေ့စဉ်ဘ၀တွေ တိုးတက်လာစေမယ်လို့ မျှော်လင့်ချက် ရှိနေဆဲပါ။

    ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးမိုးဟာ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက အလုပ်အင်တာဗျူးရလဒ်ကို စိတ်စောစွာနဲ့ စောင့်မျှော်နေပါတယ်။

    နိုင်ငံရဲ့အကြီးဆုံးမြို့တော်က ဘ၀ဟာ ခက်ခဲကြမ်းတမ်းနိုင်ပေမယ့် ကိုကျော်စိုးမိုးကတော့ သွားလွာခွင့် ကန့်သတ်ခံထားရပြီး အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ ရမ်းဗြဲဒုက္ခသည်စခန်းမှာ နေရတဲ့ နေ့တွေထက်စာရင် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အနည်းဆုံးတော့ ဒီမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတာပေါ့ဗျာ”

    Ref: Reuters

    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် ‘What Will We Eat?’ – Myanmar Muslims Struggle After Camp Closures ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  •  ဥပုသ်ကာလမှာ ၀တ်ပြုဆုတောင်းရာနေရာ ရှားပါးလာတဲ့ မြန်မာမွတ်စလင်များ

     ဥပုသ်ကာလမှာ ၀တ်ပြုဆုတောင်းရာနေရာ ရှားပါးလာတဲ့ မြန်မာမွတ်စလင်များ

     

    မေ ၂၉၊ ၂၀၁၇
    M-Media

    သာကေတတွင် ချိတ်ပိတ်ခံလိုက်ရသည့် အစ္စလာမ့်ဘာသာရေး စာသင်ကျောင်း

    – မွတ်စလင်တို့ အထွတ်မြတ်ထားတဲ့ ရမ်ဇာန်ဥပုသ်လ အကြို ရန်ကုန်မြို့ သာကေတမြို့နယ် က မွတ်စလင်တွေမှာ ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းဖို့၊ သူတို့ရဲ့ ဘာသာတရားကို လေ့လာဆည်းပူးဖို့ နေရာအနည်းငယ်လောက် ပဲ ရှိပါတယ်။ အရင်လကပဲ၊ အဲဒီမြို့နယ်ရဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း နှစ်ခုကို ပိတ်ပေးဖို့ ဗုဒ္ဓဘာသာအမျိုးသားရေး အစွန်းရောက်လူအုပ်ကြီးက အစိုးရအာဏာပိုင်တွေကို ဖိအားပေးပြီးတဲ့နောက်မှာ သံကြိုးနဲ့ သော့ခတ်ချိတ်ပိတ်ခံလိုက်ရပါတယ်။ ဘာသာရေး စာသင်ကျောင်းတွေကို ပြန်ဖွင့် ခွင့်လည်း မပေးခဲ့သလို၊ တစ်ချို့ကလည်း အရင်က အာဏာပိုင်တွေ ပိတ်ပစ်ခဲ့တဲ့ မဒ်ရာဆာတွေ ပြန်ဖွင့်ခွင့် မရတော့တဲ့ ကံကြမ္မာမျိုး ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ဒါဟာ မြန်မာပြည်မှာ မွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ ဖိအားတွေနဲ့ ပတ်သတ်ပြီး အသေးအမွှားပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီရဲ့ သက်ရောက်မှု့ကတော့ တော်တော်လေးကို ကြီးပါတယ်။ မွတ်စလင်တွေ တိုးပွားလာတာနဲ့ အမျှ၊ သူတို့တွေ ၀တ်ပြု ဆုတောင်းရာနေရာလည်း အတော်လေးကို ရှားပါးလာပါတယ်။ ဗုဒ္ဓဘာသာ လူဦးရေဟာ ကိုးဆယ်ရာခိုင်နှုန်း လောက်ရှိပြီး၊ သူတို့တွေနဲ့ နှိုင်းစာရင် မွတ်စလင် လူဦးရေဟာ ဂဏန်းတစ်လုံးစာတောင် မပြည့်တပြည့်ပဲ ရှိပါတယ်။

    ဟိုး အရင်တုန်းက ဗုဒ္ဓဘာသာ အစွန်းရောက်တွေက မဒရဆာတွေမှာ မွတ်စလင်တွေကို ၀တ်ပြုဆုတောင်းခွင့် မပြုဖို့ ဖိအား မှန်သမျှ ပေးခဲ့ပေမဲ့လည်း၊ သာကေတက မွတ်စလင်တွေ ပြောတာကတော့ ရာမ်ဇာန် ဥပုသ်ကာလ ရောက်ရင် အစိုးရက သူတို့ကို ပြန်လည်ပြီး ၀တ်ပြုဆုတောင်းခွင့်ပေးခဲ့တာ နှစ်နဲ့ချီနေပြီလို့ ဆိုပါတယ်။ အခုတော့ သူတို့မှာ ရွေး ချယ်စရာမရှိတော့ပါဘူး၊ သူတို့ နေရာကနေ မိနစ်သုံးဆယ်လောက် လျှောက်မှ ရောက်တဲ့ လူပြည့်သိပ်နေတဲ့ ဗလီထဲမှာ ဒယိမ်းဒယိုင်နဲ့ မိုးထဲရေထဲမှာ (ဗလီအပြင်ဘက်မှာ) ၀တ်ပြုဆုတောင်းကြရပါတော့မယ်။

    “ကျနော်တို့ တိုင်းပြည်မှာ ဗလီအသစ်တစ်လုံး ဆောက်ခွင့်မရတာ နှစ်နဲ့ချီကြာနေပါပီ” လို့ မွတ်စလင် အဖွဲ့ ခေါင်းဆောင် ကိုကျော်ခင်က ပြောပြပါတယ်။ “တခြားဗလီတွေ တော်တော်များများလည်း အကြမ်းဖက်ခံရလို့ ပျက်စီးသွားခဲ့ပါပြီ။ တစ်ချို့ ဗလီတွေကိုလည်း အစိုးရက ပိတ်ထားကြတယ်။”

    မြန်မာအစိုးရတွေက သက်ဆိုင်ရာ ဘာသာရေးအဆောက်အအုံတွေကို အသစ်ပြန်လည် မွမ်းမံပြုပြင်ဖို့၊ တည်ဆောက်ဖို့ ခွင့်ပြုမိန့် ရဖို့ ခက်ခက်ခဲခဲ ကန့်သတ်တားမြစ်ထားတာတွေနဲ့ ဘယ်လိုမှ နည်းလမ်းရှာလို့မရအောင် ခွင့်မပြုထားတာတွေ ပိတ်ပင်တားဆီးတာတွေ လုပ်ဆောင်ထားပါတယ်။ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ၊ ၀တ်ပြု ဆု တောင်းပွဲတွေမှာလည်း ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးစုတွေ အပါအ၀င်၊ မြန်မာ ပြည်က မွတ်စလင်တွေဟာ စနစ်တကျ ခွဲခြားဆက်ဆံခြင်း ခံနေရတာတွေကိုလည်း မြန်မာပြည်မှာ ကျနော်တို့ အထောက် ထားတွေ ရရှိထားခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိပါပြီ။

    သက်ဆိုင်ရာ အန်အလ်ဒီ အစိုးရက မြန်မာပြည်က လူတွေအားလုံးကို လွတ်လွတ်လပ်လပ် ၀တ်ပြုဆုတောင်းခွင့် ပေးဖို့ လိုအပ်ပါတယ်။ ပိတ်ထားခဲ့တဲ့ ဘာသာရေး အဆောက်အအုံတွေကိုလည်း ပြန်ဖွင့်ပေးရမယ်။ ဘုန်းတော်ကြီးတွေရဲ့ရန်ကနေ လူနည်းစုဝင်တွေကို အကာကွယ် ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပျက်နေစဉ်မှာပဲ သာကေတမှာ ရှိတဲ့ မွတ်စလင်တွေ ကတော့ နေ့စဉ် ငါးကြိမ်ဝတ်ပြုဆုတောင်းဖို့ မဖြစ်မနေ နာရီနဲ့ချီတဲ့ ခရီးရှည်ကြီးကို နေစဉ်နဲ့အမျှ လျှောက်နေကြ ရမှာပဲ ဖြစ်ပါတယ်။

    (HRW တွင် ဖော်ပြထားသည့် Burma’s Muslims Face Long Walks to Pray during Ramadan သတင်းဆောင်းပါးကို ရဲဗလမင်းထင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)