ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့က လွတ်လပ်ရေးကျောက်တိုင်ဖြစ်ပါတယ်။
ရှာဖွေတင်ပြသူ – ရဲဆွေဝင်း
(၁) “သံတမန်အစ ပုဂံခေတ်က”
——————————-
တာတာဧကရာဇ် ကုဗလေ့ခန်မင်းကြီးလက်ထက် ပုဂံပြည်ရှင် တရုတ်ပြေးမင်းထံ သံတမန်များ ရောက်ရှိခဲ့သည်။ မောင်ဂိုစစ်ကြီး ပြီးဆုံးပြီးနောက် ပုဂံပြည်ရှင်က ရှင်ဒီသာပါမောက္ခကို သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ကုဗလေခန်မင်းကြီးထံ စေလွတ်ခဲ့သည်။
သံတမန်အပြန်ပြန် အလှန်လှန်စေလွတ်မှုသည် ပုဂံခေတ်အခါသမယကပင် ရှိခဲ့ကြောင်း ထင်ရှားနေပေသည်။ ခရစ်သက္ကရာဇ် (၁၅၃၈)ခု မဂိုလ်ဧကရာဇ်အက္ကဘာရ်၏ ခမည်းတော် တူမားရွန်းသည် (Gaur) ဂေါ်မြို့၌ စိုးစံနေသော (Gori Pathan) ဂိုရီပထန်မင်း
ဆက်များနှင့် စစ်တိုက်ခိုက်ခဲ့ရာ နောက်ဆုံး ဂိုရီပထန် (Gori Pathan) ဘုရင်များ အရေးနိမ့်ပြီး၊ ဂေါ်မြို့မှ တိမ်းရှောင် ထွက်ပြေးကြ ရလေသည်။ ဂိုရီပထန်စစ်သည်တော်များ (Parsi) ပါရ်စီစစ်သည်တော်များ၊ (Raiput) ရာဂ်ျပွတ်စစ်သည်တော်များသည်
နောက်ကထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေမှုကြောင့် နီးစပ်ရာ အိမ်နီးနားချင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ခိုလှုံကြရလေသည်။ ဂိုရီပထန်ပါရ်စီခေါ် ပသီစစ်ပြေးများသည် ရခိုင်ဘုရင်ထံ၌လည်းကောင်း၊ ဟံသာဝတီ တပင်ရွှေထီးဘုရင်ထံ၌ လည်းကောင်း၊
ဘုရင့်နောင်ကျော်ထင်မင်းတရားကြီးထံတော်ပါး သို့လည်းကောင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံများသို့လည်းကောင်း တစ်သုတ်ပြီးတစ်သုတ်တိမ်းရှောင် ခဲ့ကြလေသည်။ ထိုင်းနိုင်ငံတွင် ဂိုရီပထန်စစ် ပြေးများ နေထိုင်ရာ၊ ပထန်နီနယ် သို့မဟုတ် ပတာနီနယ်ကြီး ယခုတိုင်တည်ရှိ နေပေသေးသည်။ မဂိုလ် အက္ကဘာရ်ဘုရင်သည် ပထန်မင်းဆက်များကို အပြီး အပြတ်အောင်နိုင်တော်မူပြီး ဒေလီမြို့တော်၌ အိန္ဒိယ နိုင်ငံတစ်ခုလုံး၏ ဧကရာဇ်အဖြစ် နန်းတက်ခဲ့လေသည်။
အက္ကဘာရ်ဘုရင်လက်ထက်တော်၌ နောက်ဆုံး ဂိုရီပထန်မင်းဆက်သစ္စာခံတော်များသည် ဘုရင့်နောင် မင်းတရားကြီးထံတော်ပါးသို့ ခိုလှုံဝင်ရောက်ခဲ့ပေသည်။ ခရစ်သက္ကရာဇ် (၁၅၄၅) ခုနှစ် တပင်ရွှေထီး ရခိုင်သို့ ချီတက်စဉ် မဂိုလ်မင်းများ အကြောင်းကို ကြားသိသောကြောင့် ဆက်သွယ် ခဲ့သည်။
(၂)”ဘုရင့်နောင်ထံခိုလှုံပြန်”
——————————-
ဟံသာဝတီပြည့်ရှင် တပင်ရွှေထီးလက်ထက်တော် အခါသမယကပင် ပသီတပ်မတော်နှင့် ပေါ်တူဂီဘုရင်ဂျီတပ်မတော်များရှိခဲ့သည်။ ခရစ်သက္ကရာဇ်(၁၅၄၃) ခု မြန်မာသက္ကရာဇ် ၉၀၅ ခု တပင်ရွှေထီး၊ ပြည်မြို့သို့စစ်ချီတက်တော်မူစဉ် ပသီကုလား ပန်းသေး တပ်မတော်သားများ ပါဝင်ခဲ့ပေသည်။ ကုလားပန်းသေးတို့ကိုလည်း အထူးထူးသော ဦးရစ်ဘောင်းဘီတို့ဖြင့် တန်ဆာဆင်ယင် ၀တ်စားစေ၍ စိန်ပြောင်းမြတပူစွဲစေ၍ လိုက်ရသည်။
ဦးကုလားမဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ စာမျက်နှာ ၂၀၃
ဦးကုလားနှင့် မှန်နန်းရာဇ၀င်ကြီးများ၌ ပေါ်တူဂီဘုရင်ဂျီနှင့် ပသီပန်းသေးကုလားများကို ခွဲခြားပြီးရေးလေ့ရှိသောကြောင့် မှားယွင်းရန်မရှိပေ။
ဘုရင့်နောင်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် စစ်သည်ရဲမက်အင်အား လိုအပ်နေပေရာ ဘုရင့်နောင်မင်းတရားကြီးသည် ရဲမက်စစ်သည်တို့ကို စုဆောင်းလျက်ရှိပေသည်။ အိန္ဒိယနိုင်ငံဂေါမြို့တော်ကို ဟူမာယွန်းဘုရင်နှင့် အက္ကဘာရ်ဘုရင်တို့၏ တိုက်ခိုက်မှုကြောင့် စစ်ရှုံးဂိုရီပထန်များ၊ ပါစီခေါ် ပသီလူမျိုးများ ပဲခူးသို့ ခိုဝင်လာမှုကို လက်ခံခဲ့ပေသည်။ ဘုရင့်နောင်သည် မိမိ၏ကိုယ်ရံတော် တပ်မဟာကြီးတွင် ပစီ သို့မဟုတ် ပသီစစ်သား လေးထောင်တို့ကို မိမိ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ယင်းလူမျိုးများထံမှ အက္ကဘာရ်ဘုရင်၏ သတင်းများကို ကြားသိခဲ့ရလေသည်။
ဘုရင့်နောင်မင်းတရားကြီးသည် မိမိကဲ့သို့ ဘုန်းတန်ခိုးကြီးမားသော အက္ကဘာရ် ဧကရာဇ်ထံ သံတမန်များဆက်သွယ်ရန် ရည်ရွယ်ချက် ထားတော်မူသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ပြီးနောက်ဖာရီစီစကား၊ ဟင်ဒီစကားတတ်ကျွမ်းသောပသီများကို ဆင့်ခေါ်တော်မူပြီး သံကြီး၊ တမန်ကြီးများအဖြစ်ခန့်အပ်တော်မူသည်။ ရေလမ်းဖြင့် ပင်လယ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားပြည်သို့ သွားခဲ့သည်။ ဂင်္ဂါမြစ်များအတိုင်း လှော်တက်ပြီး ဒေလီမြို့တော်သို့ရောက်ရှိပြီး အက္ကဘာရ်ဘုရင်နှင့် ဆက်သွယ်ခဲ့ပေသည်။ စစ်ရဲမက်
အင်အား ပြည့်စုံသောအခါ ဟံသာဝတီ ပဲခူးနေပြည်နေပြည်တော်တွင် စိုးစံနေသော ဘုရင့်နောင်မင်းတရားကြီးသည်လည်း မဏိပူရပြည်၊ ထိုင်းနိုင်ငံ၊ ဇင်းမယ်ပြည်၊ ကမ္ဘောဒီးယားပြည်၊ အင်ဒိုချိုင်းနားပြည်၊ လောပြည်၊ တနင်္သာရီနယ်တို့ကို တိုက်ခိုက် သိမ်းယူတော်မူပြီး ဧကရာဇ်ဘွဲ့ကို ခံယူတော်မူသည်။
(၃) ပသီအစပါစီက
——————-
ဘုရင်နောင်လက်ထက်မှစ၍ မြန်မာမင်းတို့သည် အမြောက်ပြောင်းချ သေနတ်များကို အသုံးပြုကြသည်။ အမြောက်ကိုင် စစ်သား၊ သေနတ်ကိုင် စစ်သားတို့သည် အများအားဖြင့် သုံပန်းများဖြစကြသော ပေါ်တူဂီ ပသီ သို့မဟုတ် ယင်းတို့မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
ဇမ္ဗူဒ်ီပဥဆောင်းကျမ်းနိဒါန်း
ခရစ်သက္ကရာဇ် (၁၅၆၈) ခု၊ မြန်မာသက္ကရာဇ် (၉၃၀) ခု ဘုရင်နောင်မင်းတရားကြီး ထိုင်းနိုင်ငံသို့ ချီတက်ရာတွင် ပသီကိုယ်ရံတော် အသေခံတပ်မတော်သားပေါင်း လေးထောင်ခြံရံတော်မူလျက် ချီတက်တိုက်ခိုက်တော်မူခဲ့လေသည်။ ကုလားဘရင်ဂျီလေးရာ တို့ကိုလည်း ရွှေဦးထုပ်၊ ဘောင်းဘီဝတ်စေလျက် လက်ဝဲ၊လက်ယာ၊ ရှေ့နောက် တစ်ရာစီ စိန်ပြောင်းစွဲစေလျက် လိုက်ရသည်။ ကုလားပသီလေးထောင်တို့ကိုလည်း သံပေါက် ဘောင်းဘီဝတ်စေပြီးလျှင် သေနတ်စွဲစေ၍ ရှေ့နောက်၊ လက်ဝဲလကျာ်တစ်ထောင်စီ လိုက်ရသည်။
အပိုဒ် ၃၃၅၊ ဦးကုလား မဟာရာဇ၀င်ကြီး ဒုတိယတွဲ၊ စာမျက်နှာ ၄၀၁
ပုဂံခေတ်အခါသမယက ယင်းအရိယန်လူမျိုး အစ္စလာမ်ဘာသာဝင်များသည် ကံရာဇာကြီး၊ ကံရာဇာငယ် အာသံမှမြန်မာနိုင်ငံသို့ ၀င်ရောက်လာသော ပိုးလမ်းမကြီးအတိုင်း ၀င်ရောက်လာကြပြီး အနော်ရထာမင်းထံတော်တွင် အလုပ်အကျွေး ကုလားခြေလျင်ရှစ်ကျိပ် အဖြစ် အမှုထမ်းခဲ့ကြသည်။ တရုတ်ပြေးမင်းလက်ထက် ကုဗလေခန်မင်းကြီး၏ စစ်သူကြီး နဇရွဒ်ဒင်နှင့်အတူ ပါစီများ၊ တူရကီများ၊ ပန်းသေးများ၊ မဂိုလ်များပုဂံနေပြည်တော်သို့ ၀င်ရောက်ခဲ့ကြသည်။
ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သော ပသီပေါင်းမြောက်မြားစွာရှိသည့်အနက် စစ်ကျွမ်းကျင်သော ပသီ လေးထောင်ကျော်ကိုရွေးထုတ်တော်မူပြီး အသေခံပသီ လေးထောင် ကိုယ်ရံတော်တပ်မဟာကို ဖွဲ့စည်းခဲ့လေသည်။ ပသီဟူသည်ကား ဖာရစီစကား၊ ပါစီစကားမှဆင်းသက်လာပြီး ပါစီမှပသီအဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ပါရ်စီ အဓိပ္ပာယ်ကား မြင်းစီးသူရဲကောင်းဟူ၍ အဓိပ္ပာယ်ရရှိသည်။ ထို့ကြောင့်ပသီ၏ အဓိပ္ပာယ်သည် မြင်းစီးသူရဲကောင်းဟူ၍ အနက်ထွက်သည်။ ပါစီစကားပြော အမျိုးအနွယ်စုဝင်များကား ပထန်၊ တူရီဂီ၊ ဘိုခါရာလူ၊ တာတာ၊ မဂိုလ်၊ စီကိုင်းပန်း သေးများ၊ ရုရှားနိုင်ငံရှိ မွတ်စလင်လူမျိုးစုဝင်များဖြစ်ကြ၏။ ယင်းလူမျိုးများသည် စစ်တိုက်ဝါသနာ ထုံသူများဖြစ်ကြသောကြောင့် ရောက်လေ ရာနိုင်ငံများတွင် စစ်မှုထမ်းကြကုန်လျက် အခြေချနေထိုင်ကြလေ သည်။ ပါစီစကားပြော လူမျိုးအားလုံးသည် မူရင်းပါစီလူမျိုးများက ဆင်းသက်သူများ ဖြစ်ကြ၏။ ပါရှားနိုင်ငံသည် မူလစွန္နီဘာသာဝင်များဖြစ်ကြသည်။ ပါစီတို့ သာသနာပြုမှုကြောင့် လည်းကောင်း၊ သွေးသားနှီးနှောမှုကြောင့်လည်းကောင်း၊ ပထန်များ၊ ပန်းသေးများ၊ မဂိုလ်များ၊ တာတာများ၊ တူရဂီများ အစ္စလာမ်ဖြစ်လာရပေသည်။ နတ်ရှင်နောင် စပ်ဆိုသောရတုများတွင် ပိုလို(Polo) ကစားခြင်းအကြောင်းများ ပါရှိနေပေသည်။ ပိုလိုကစားမည့် သူများသည် အုပ်စုနှစ်စုခွဲပြီး၊ မြင်းများစီးရလေသည်။ သုံးပေကျော်ခန့် တုပ်တန်းထိပ်တွင်တူ(သို့မဟုတ်) တင်းပုတ်ပုံသဏ္ဍန်ရှိ အသားစလေးဆွတ်ပြီး မြင်းများပေါ်မှ ဂေါ်လီလုံးကို တုတ်တန်းနှင့်ရိုက်ပြီး ဂိုးသွင်းကစားနည်းဖြစ်သည်။ ယင်းကစားနည်းကို ပါစီ၊ မဂိုလ်၊ တာတာတူရကီ လူမျိုးများက ကမ္ဘာပေါ်တွင်စတင်တီထွင်ပြီး ကစားခဲ့လေသည်။ ဘုရင့်နောင်လက်ထက်တွင် ယင်းလူမျိုးများရှိနေ ကြောင်း ထင်ရှားနေပေသည်။ ပသီ အားလုံးတို့၏ ဘေးဘိုးများဖြစ်ပေသည်။ ပသီကိုယ်ရံတော် တပ်မတော်သားများသည် စစ်ရေးလေ့ကျင့်ရင်း ပိုလိုကစားနည်းကို ကစားကြသည်။ မြင်းစီး ကစားရသောကြောင့် ထိုခေတ်က မင်းဆွေမင်းမျိုးများ နှစ်သက်သောကစားနည်း ဖြစ်လာခဲ့ပေသည်။ စာဆိုတော်နတ်ရှင်နောင် ကိုယ်တိုင်ပိုလို ကစားခဲ့လေသည်။ ပါစီများသည် ကုဗလေခန်မင်းကြီး၏ မြင်း တပ်မတော်တွင် အမှုထမ်းခဲ့ကြသည်။ မြင်းစီးရင်း မြားပစ်လှံထိုး၊ ဓားခုတ်၊ ဂေါက်သီးရိုက် ကစားနည်းအားလုံးသည် တာတာများ၊ တူရကီများ၊ မဂိုလ်များ၊ ပါစီလူမျိုးတို့မွေးရာပါ ကစားနည်းများဖြစ်ကြကုန်၏။
(၄) “ဘုရင့်နောင်လက်အောက် ကသည်းရောက်”
————————————————-
“ဘုရင့်နောင် အိန္ဒိယနိုင်ငံနယ်စပ်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခြင်းအကြောင်း”
ခရစ်သက္ကရာဇ် (၁၅၅၉) ခု၊ မြန်မာသက္ကရာဇ် (၉၂၁) ခု ရတနာပူရအ၀ ကျေးလက်မြောက်ဘက် မင်းခင်းအောက်ကျေးရွာများကို ကသည်းစော်ဘွားက ထိပါးကျူးကျော်လာရာ စစ်သည်ငါးသောင်းနှင့် ဘုရင့်နောင်ကသည်းပြည်သို့ ချီတက်သိမ်းပိုက်စေခဲ့သည်။
အင်းဝညောင်ရမ်းမင်းဆက်များထိ မြန်မာမင်းများ၏ လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံအစွန်း ကသည်းပြည်သည် မြန်မာနိုင်ငံပိုင် ပြည်နယ်ဖြစ်လာခဲ့ရာ မဂိုလ်ဧကရာဇ် အက္ကသရ်ဘုရင်ပိုင်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လာခဲ့သည်။ ထိုအချက်သည်လည်း သံတမန်ဆက်သွယ်ရသော အကြောင်းရင်းများတွင် ပါသည်။ ကသည်းပြည်ရှိ ကသည်းပုဏ္ဏားများနှင့် ကသည်းပသီများသည် ဘုရင့်နောင်လက်ထက်ကစပြီး ဟံသာဝတီသို့ ရောက်ရှိခဲ့လေသည်။
ဦးကုလား မဟာရာဇ၀င်ကြီး၊ ဒုတိယတွဲ အပိုဒ်(၂၈၃)၊ စာမျက်နှာ(၃၂၇)။
(၅) ပသီစစ်ကူ ပို့ပြီးကူ
————————–
သီဟိုဠ်ကျွန်းသို့ စစ်ကူပို့သော သူရဲကောင်းများတွင် ပသီများပါရှိခြင်းအကြောင်း။
ခရစ်သက္ကရာဇ် (၁၅၇၆) ခု မြန်မာသက္ကရာဇ် (၉၃၈) ခုနှစ်၌ သီဟိုဠ်ကျွန်းတွင် အုပ်စိုးသော ဓမ္မပါလမင်းက ဘုရင့်နောင် မင်းတရားကြီးအား စစ်ကူတောင်းရာ သင်္ဘောငါးစင်းတွင် စစ်သည်ရဲမက်နှစ်ထောင့်ငါးရာတင်ပြီး သီဟိုဠ်ကျွန်းသို့ စစ်ကူပို့ခဲ့သည်။
ဟင်ဒူဘာသာဝင်တို့နှင့် ဗုဒ္ဓဘာသာဝင်တို့သည် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ်သတ်ဖြတ်ပြီး စားသောက်လေ့မရှိပေ။ သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောသူရဲကောင်းများသည် သီဟိုဠ်ကျွန်းသို့ရောက်သောအခါ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်တို့ကို အရှင်လတ်လတ် သတ် ဖြတ်ချက်ပြုတ်စားကြကြောင်းကို သီဟိုဠ်သားတို့မြင်လျှင် ဤသူတို့သည်ကား လူသားမဟုတ်၊ ဘီလူးများ ပင်တည်းဟု ဆိုကြလျက် ထိတ်လန့်ကြကုန်၏။ ကျွဲနွားတို့ကိုသတ်၍ အစိမ်းစားသောက်သည်ကိုမြင်လျှင် ဤသည်ကား လူမဟုတ်၊ ဘီလူးပင်ဖြစ်သည်။
ဦးကုလား မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ (၄၀)။
သို့ရှိရာ ဘုရင့်နောင် သီဟိုဠ်ကျွန်းသို့ ပို့လိုက်သောစစ်သည်နှစ်ထောင်ငါးရာတွင် ကျွဲနွားတို့ကိုစားသောက် သော ပသီလူမျိုးများ ပါဝင်လျက်ရှိကြောင်း သိရပေသည်။ သီဟိုဠ်ရောက် ပသီစစ်သည်တော်များထံမှ အက္ကဘာရ်ဘုရင်၏ သတင်းကိုကြားသိရပြီးနောက် ဟံသာဝတီသို့ပြန်ကြသော အခါ ဘုရင့်နောင်မင်းတရား ကြီးအား ပသီစစ်သည်တော်များ လျှောက်ထားမှုကြောင့် သံတမန် ဆက်သွယ်ခြင်း ဖြစ်နိုင်ပေသည်။
(၆) ဘုရင့်နောင်သံမှူး အက္ကဘာရ်ချီးကျူး
———————————————
ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးက ပသီအမျိုးသား ဖာရစီစကားတက်သူ စွန္ဒရာသီ ငါးဆယ် ရွာစားနှင့် ခွေးလင်း ရွာစားနှစ်ဦးတို့ကို သံကြီး တမန်ကြီး ခန့်အပ်တော်မူပြီး ဒေလီမြို့တော်ရှိ အက္ကဘာရ် ဘုရင်ထံ စေလွှတ်တော်မူခဲ့သည်။ ဒေလီဘုရင် အက္ကဘာရ် မင်းကြီးသည် ဘုရင့်နောင်၏သံတမန်များကို ထွက်တော်မူပြီး ကြိုယူတော်မူသည်။ ပသီသံမှူးများ အထူးအဆန်းဖြစ်သော ဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် ၀တ်စားဆင်ယင်ပြီးသော် မင်းကြီးနားသို့ ချဉ်းကပ်ပြီး ဘုရင့်နောင်မင်းတရားကြီး၏ လက်ဆောင်တော်များကို ဆက်သလေသည်။ အထူးအဆန်း ဆံမြိတ်နှင့် ၀တ်ဆင်ထားမှုကို အက္ကဘာရ်ဘုရင်ကမေးတော်မူသည်။
ဘုရင့်နောင်အကြောင်းကို အက္ကဘာရ်ဘုရင်က မေးတော်မူရာ ပသီသံတော်ကြီးများကတစ်ဆင့် ဆင်ဖြူရှင် ဘုရင့်နောင် ထွက်တော်မူလျှင် ရွှေဘုန်းတော်ကြောင့် ရေနေသတ္တ၀ါဖြစ်ကြကုန်သော မိကျောင်း၊ လိပ် ဂဏန်း၊ လပိုင်တို့ ကခုန်မြူး တူးကြကြောင်းပါ လျှောက်ထားခဲ့သည်။ အက္ကဘာရ်ဘုရင်ကြီးလည်း ကုလား သံတော်ကြီးများ ခန့်တော်မူပြီး ဘုရင့်နောင်ထံစေ လွှတ်တော်မူမည်ဟု မိန့်တော်မူသည်။ အက္ကဘာရ်ဧက္ကရာဇ်က မြန်မာ သံအမတ်တို့အား ဧည့်ခံကျွေးမွေးရာ ငါးတစ်ကောင်ကို တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကအကင် ပြုလုပ်ကျွေးမွေးခဲ့သည်။ မြန်မာနိုင်ငံ ဟံသာဝတီမြို့သို့ရောက်သောအခါ ဘုရင့်နောင်မင်းတရားကြီး အား လျှောက်ထားရာ ကြားတော်မူပြီး အက္ကဘာရ်ဘုရင်ကြီး၏သံတမန်တော်များ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာပါက ပြသနိုင်ရန် ထမင်းဟင်းချက်တက်သော ကုလားပသီတို့ကိုခေါ်တော်မူပြီး ကြိုတင်စီမံတော်မူသည်။ အက္ကဘာရ်ဘုရင်ကြီး၏သံကြီး တမန်ကြီးများ ဟံသာဝတီနေပြည်တော်သို့ ရောက်ရှိလာသောအခါ စီမံသည်ကား “ကြက်ဖို၊ ကြက်မတို့ကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန်၊ ချင်းစိမ်းအမွှေးမျိုးစုံသွတ်ပြီးမှ ကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားတို့ကိုခေါ်၍ ထောပတ်ဆီဥ နွားနို့ လူးပြီးမှကြော်ရ၏”
သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၃။
“စည်တော်သံ၊ တံပိုးခရာသံ၊ ဗုံသံ၊ မောင်းသံနှင့် ဒီရေကိုလိုက်၍ သားတက်ခိုက်ဖြစ်သောကြောင့် မိကျောင်း၊ လပိုင်၊ မကန်း၊ လိပ်၊ ငမန်းတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တပိုးသံ ကြားလျှင်ထိတ်လန့်၍ မြစ်ရေပြည့်မျှ ခုန်လွှားကုန်၏”
သုသောဓိက မဟာ ရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၅။
ဟံသာဝတီရောက် အက္ကဘာရ်မင်း သံတမန်တို့သည်လည်း မမြင်စဖူး ထူးကဲသောကြောင့် အံ့ဩချီးမွမ်းကြကုန်၏။ ဘုရင့်နောင်မင်းတရားကြီးစေလွှတ်တော်မူသော ပသီသံကြီး၊ တမန်ကြီးများ ဒေလီမြို့တော် သို့ရောက်စဉ် ကြိုဆိုဧည့်ခံသော အစီအစဉ်နှင့် ဘုရင့်နောင်မင်းတရားကြီးက အက္ကဘာရ်ဘုရင် သံတော်ကြီးများကို ကြိုဆိုဧည့်ခံသော အစီအစဉ်ကား- အက္ကဘာရ်မင်း ကလည်း လက်ဆောင်ပဏ္ဏာရအထူးထူး၊ ပုဆိုးကောင်း၊ သက္ကလပ်ကောင်း၊ စော်တရက်ရမထီး၊ မူရီခါသာပင်ကာသာလူ၊ ပတ္တူနီစိန်မြပုလဲတို့ကို များစွာစီရင်၍ သင်္ဘောသားတို့တွင် သာယာချေငံ သောစကားဖြင့် လျှောက်ဆက်လာ၏။ အက္ကဘာရ်သို့ ဗညားကျန်တော တူစွန္ဒရာသီနှင့်ငါးဆယ်စားခွေး လင်းတို့ကို ဆင်ဖြူရှင်မင်းတရားကြီးက သံဆက်တော်မူလိုက်၏။ သံတော်ပါသည်ဟုကြားလျှင် အက္ကဘာရ်သည် အမှူးအမတ်အပေါင်းနှင့် သင်္ဘောကတ္တူလွန်းကြင်အများနှင့် ကြိုရ၏။ မြို့သို့ရောက်လျှင် တဲကြီးကနားဆောက်၍ ပေး၏။ လက်ဆောင်ပဏ္ဏာများလည်း ဆက်သလေ၏။ များမကြာလျှင် အက္ကဘာရ်မင်းထွက်၍ မင်းသံတော်တို့ကိုခေါ်ရ၏။ မင်းသံတော်လည်း အဆန်းတကြယ်သော အ၀တ်တန်ဆာတို့ကိုဝတ်၍ စန္ဒရာသီလည်း ဦးခေါင်းမအုပ်ဘဲ ရမန်ဆံဆီစက်စက်နှင့် ထူးဆန်းလှသောနားတောင်းကိုဝတ်၍ ခွေးလင်းစားလည်း ကောင်းမွန်စွာ အ၀တ်တန်ဆာဝတ်၍ ပုတီးခေါင်းထုပ်နှင့် ပန်းမန်ထူးစွာပန်၍ အမွှေးအထုံလိမ်း၍တက်၏။ ခရီးတွင်များစွာသော ပြည်သူပြည်သားတို့သည် မမြင်စဖူးဖြစ်သောကြောင့် အံ့ဩသရဲဟူ၍ စွန္ဒရာသီအစားဦးဆံအသွားအလာ ဟန်ပန်ကိုလည်းကောင်း၊ ခွေးလင်းစားအထုံးအမြိတ် မင်းသေ့ခါးကိုလည်းကောင်း အံ့ဩကြကုန်၏။ အက္ကဘာရ်မင်းထွက်တော်မူသောအခါ နီးစွာချည်းနေရ၏။ ဆံမြိတ်အကြောင်း၊ မင်းသေ့ခါးအကြောင်းကို မေးတော်မူ၏။ ဆင်ဖြူများသခင် ကျန်းမာတော်မူစဟုမေးတော်မူ၏။ ဘုန်းတော် အလွန်ကြီးမြတ်တော်မူစဟူ၍လည်း မေးတော်မူ၏။
ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မင်းတရား ကြီးဘုရားသည် ရတနာသုံးပါး၊ ဂုဏ်တော်ကြောင့်ကျန်းခံ့သာ၏ ဟူ၍လျှောက်ပေ၏။ ဆင်ဖြူရှင်ရွှေနန်းနှင့် ငါ့နန်းနှင့်တူ၏လော မေး၏။ အက္ကဘာရ်မင်းနေသော နန်းကအုဌ်ရွှေနန်းတွင် ရွှေဇန်ခံကပ်၍ ရတနာအတိနှင့် ပြီး၏။ မင်းသံတော်တို့လည်း ကျွန်ုပ်တို့ သခင်အရှင် ဘ၀ရှင်ဆင်ဖြူများသခင် မင်းတရားကြီး ရွှေနန်း တော်သည်၊ သည်နန်းတော်ကဲ့သို့ မဟုတ်၊ များလှစွာသော ရွှေပြာသာဒ် ငါးဆင့်ရှိသောပြာသာဒ်၊ ကိုးဆင့်ရှိသောပြာသာဒ်၊ ခုနစ်ဆင့်ရှိသော ရွှေပြာသာဒ်တို့၌ မြေကြီးကသည်အထက်ဖျားတိုင်အောင် ရတနာကွန်ရက်တွင် ရတနာပုလဲ ဆိုင်း၊ ရတနာပတ္တမြားဆိုင်းတို့ကို ဆွဲလျက် ရတနာမှန်ကင်း၊ ရတနာ တံခွန်ဆောက်လျက် ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်း ကဲ့သို့ပြိုးပြိုးပြက်ပြက် ရှိ၏။ ထိုသို့သော ရွှေနန်းပြာသာဒ် တို့သည် နေရည်သောက်ခြင်း၊ မိုးရည် ထိခြင်း၊ လေပြင်းခပ်ခြင်းကြောင့် ရွှေတို့သည် လွင့်လေကုန်သော်တစ်ရာ့တစ်ပါးသောမင်းတို့သည် တစ်နှစ်ကိုတစ်ကြိမ်လျှင် ရွှေကို ပါးလှအောင်ခပ်ပြီးမှ ထိုရွှေနန်းပြာသာဒ်တို့ကို အသစ်ဖြစ်လျှင်းအောင် မွမ်းမံရသည်ဟုလျှောက်၏။
အက္ကဘာရ်မင်းလည်း ဆင်ဖြူရှင်မှာ ငါ့ထက်ရွှေ များပလေဟုဆို၏။ တစ်ရာ့တစ်ပါးသောမင်းတို့ကား၊ ပဇာမင်းတို့နည်းမေးပြန်၏။ မင်းသံတို့ကလည်း ယိုးဒယား(ထိုင်း) မင်း၊ ဇင်းမယ်မင်း၊ တောင်ငူမင်း၊ အင်းဝမင်း၊ ပြည်မင်း၊ ကုန်းဘောင်မင်း၊ သီပေါမင်း၊ မိုးကောင်းရပ်၊ ညောင်ရွှေ၊ မိုးညှင်း၊ မိုးမိတ်၊ ဗန်းမော်၊ မိုးနဲ၊ သိန္နီ၊ ခုံ၊ မုတ္တမ၊ မော်လမြိုင်၊ သန်လျင်၊ ဒဂုန်၊ တနင်္သာရီ၊ ထားဝယ်စသော နိုင်ငံတော် အလုံးအစုံကို လျှောက်၏။ အက္ကဘာရ်မင်းလည်း မင်းတကာတို့၏ အရှင်ဖြစ်ကြောင်းကိုသော်ကား ငါသိရပြီ၊ဘုန်းအလွန်ကြီးတော်မူ၏ ဟူ၍ မင်းသံတော်တို့လည်း ငါ့ကိုလျှောက်သည်၊ အဘယ်သို့ ဘုန်းကြီးမြတ်သနည်းဟူ၍ မေးမြန်း၏။ မင်းသံတော်တို့လည်း ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ဆင်ဖြူများသခင် ဘ၀ရှင်မင်းတရားကြီး ထွက်တော်မူသည်ကို ခပ်သိမ်းသော မင်းအပေါင်းတို့ကိုထား၍ ရေနေ သတ္တ၀ါဖြစ်သော မိကျောင်း၊ လပိုင်၊ ငါးဆင်၊ ငါးမန်း၊ လိပ် ငါးတို့သော်လည်း ထွက်တော်မူသော အခါ စည်တော်သံကိုကြားလျှင် ရေထက်မြူးတူးခုန်တင်လျက် မြစ်လုံးပြည့်မျှ ကျွန်ုပ်တို့သခင်အရှင် ဘ၀ရှင်မင်းတရားကြီး ဘုရားကိုခစားကြကုန်၏။ ယင်းသို့ဖြစ်သောကြောင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူ၏ဟု ကျွန်ုပ်တို့လျှောက်ဝံ့သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းလည်း သည်အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲဟုဆို၏။ ယင်းသို့မှ မင်းသံတော်တဲသို့ပြန်ရ၏။ များမကြာလျှင်သေနာပတိကခေါ်၍ အက္ကဘာရ်မင်း နန်းဦးတွင် မရေတွက်နိုင်သော အမှူးအမတ်တို့၏ အလယ်၌ရွှေလင်ပန်းနှင့် ထမင်းအဖြိုးအပြည့်ထည့်ပြီးလျှင်မှ အထူးထူးသော အမြိန်အရသာ၊ စားဖွယ်သောက်ဖွယ်အထပ်ထပ်ဖြင့် ထမင်းကျွေး၏။ မင်းသံတော်နှစ်ယောက်လည်း အပေါင်းအကျစ်၊ အကြော်အကင်စသည်တို့ကို နည်းတံများလျှောက် အနှံ့စားပြီးမှ ပြောဟော၍နေ၏။ ထမင်းပွဲကိုယူ၍ကြည့်သော် အလုံးအစုံကိုမြင်ပြီးမှ အက္ကဘာရ်မင်း သေနာပတိလည်း အဘယ်ကြောင့်မင်းဧကရာဇ်သံတမန်ဖြစ်လျက် ခပ်သိမ်းသောအရသာတို့ကို အနှံ့စားတော် မူသနည်းဟု ပွဲအလယ်၌မေး၏။ မင်းသံတော်တို့လည်း အက္ကဘာရ်မင်း၏သားကင်တို့သည်ခပ်သိမ်းသောအရသာတို့ကို အချက်အပြုတ်ကောင်းမွန်စွာ တတ်သလော၊ မတတ်သလောဟု စုံစမ်းလိုသောကြောင့် နှံ့အောင်စားသည်ဟူ၍ဆို၏။ သေနာပတိလည်း ငါတို့ အက္ကဘာရ်ပြည်ကြီး၌ သည်သားကင်သည်ကဲ့သို့ တတ်သောသူ မရှိပြီ၊ ဆင်ဖြူရှင်မင်းတရားကြီး သားကင်သည်တို့သည် ငါတို့အရပ်ဝယ် သားကင်သည်ကဲ့သို့ တတ်သလော၊ မတတ်လောမေးပြန်၏။ မင်းသံတော်တို့လည်း ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရား သားကင်သည်တို့သည် အံ့ဖွယ် သရဲတတ်လေသည်။ တစ်ခြမ်းကအကြော်၊ တစ်ခြမ်းကားအကင်၊ တစ်ခြမ်းကား အပေါင်း၊ ငါးတစ်ကောင်လျှင် တစ်ပိုင်းကား အကင်၊ တစ်ပိုင်းကားအဖုတ်၊ တစ်ခြမ်းကားအကျစ်၊ တစ်ခြမ်းကားအကြော် ဤသို့အထူးထူးတတ်သည်ဟူ၍ဆို၏။ အက္ကဘာရ်မင်းကလည်းသည် အတိုင်းမှန်ပေမူကား အံ့ဖွယ်သရဲ ငါကလည်းသံဆက်လိုက်မည် ဟုဆို၏။ များမကြာလျှင် ဆုလာဘ် များစွာပေးပြီးမှ ဘ၀ရှင်မင်းတရားကြီး သံတော်တို့ကိုလွှတ်လိုက်၏။
သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၀-၄၂ ။
(၇)”အက္ကဘာရ်ဘုရင်သံ ရောက်ပြန်”
———————————–
“အက္ကဘာရ်ဘုရင်ဧကရာဇ် သံတမန်တော်ကြီးများ ဟံသာဝတီ ဘုရင့်နောင်ထံရောက်ရှိခြင်း”
ဘုရင့်နောင်မင်းတရားကြီး၏သံမှူးကြီးများ ဒေလီမြို့တော်မှမြန်မာနိုင်ငံ ဟံသာဝတီ ပဲခူးမြို့တော်သို့ ပြန်ရန် စီစဉ်ကြကုန်၏။ မြန်မာ သံတမန်ကြီးများနှင့်အတူ အက္ကဘာရ်ဘုရင်မင်းကြီးကလည်း မဂိုလ်သံတမန်ကြီးများကို ခန့်အပ်တော်မူပြီး ထည့်တော်မူလိုက်၏ မဂိုလ်သံတမန်ကြီးများနှင့်အတူ လက်ဆောင်တော်များကို သံတမန်တော်များနှင့် ဆက်သလိုက်ပေသည်။ မြန်မာနိုင်ငံသို့ မဂိုလ်သံအမတ်ကြီးများ ပဲခူးနေပြည်တော်သို့ ကြွရောက်လာသောအခါ ပသီစားတော်ကဲများကိုခေါ်ယူပြီး ဧည့်ခံကျွေးမွေးရန် အထူးအံ့ဩဖွယ်ရာ စီမံသည်ကား သံလည်းဆက်လိုက်၏။ များစွာသော လက်ဆောင် ပဏ္ဏာနှင့်ဆက်သွယ် ကပ်ဖွယ်ပါ၏။ ရွှေဖ၀ါးတော်အောက်သို့ ရောက်လျှင်လည်း တဲကြီးကနားကြီးပေး၍နေရ၏။ မင်းသံတော်တို့ လွန်ကျူးမိလေသောအကြောင်းမျိုးကို ဗညားဒလသေနာပတိသံတော်ဦးတင်၍ ဆင်ဖြူမင်းတရားကြီးလည်း လွန်သောစကားနှင့် ညီအောင်ကို ဗညားဒလစီရင်မှ ကောင်းမည်ဟူ၍ မိန့်တော်မူ၏။ သံတော်ဦးတင်ပါပြီ ဘုရားဆိုသည်ထက် လွန်အောင်ကို ကျွန်ုပ်စီရင်မည်ဟူ၍ တင်လျှောက်၏။သံတော်ဦးတင်ပြန်၏။ ဘုန်းကြီးသော ဘ၀ရှင်ထွက် တော်မူလျှင်သော်လည်း ရွှေနန်းတော်ဝယ် မထွက်ဘဲ၊ သံတို့ကိုခေါ်၍ နန်းတော်မှထွက်တော်မူမှသင့်မည် ဟူ၍ သံတော်ဦးတင်၏။
များမကြာလျှင်ဗညားဒလအိမ်သို့ တတ်လှစွာသော သားကင်သည်တို့ကိုခေါ်၍ အထူးထူးသော အမဲပေါင်း၊ အမဲကျစ်၊ အမဲကြော်၊ အကင်အဖုတ် စသည်တို့ကို တစ်ပိုင်းကားအပေါင်း၊ တစ်ပိုင်းကားအကျစ်၊ တစ်ပိုင်း ကားအကြော်၊ တစ်ဖက်ကားအကင်၊ တစ်ဖက်ကားအဖုတ်၊ ငါးစသည်တို့ကိုလည်း ဤဆိုသည်အတိုင်း စီရင်ပြီးမှ၊ ကြက်ဖိုကြက်မကို သန့်စင်အောင်ဆေးကြော၍ ငရုတ်၊ ကြက်သွန် ချင်းစိမ်း၊ အမွေးမျိုးသွတ်ပြီးမှကျောကိုခွဲပြန်၍ ၀မ်းဘဲဥနှစ်လုံးစီသွတ်ပြီးမှ ကုလားကိုခေါ် ၍ ထောပတ်ဆီဦး နွားနို့လူးပြီးမှကြော်ရ၏။
ကြက်ပြီးလျှင် ၀မ်းဘဲဥ အရာဝယ် စာသငယ်နှစ်ခုကို အရှင်သွတ်ပြီးလျှင် ချည်ကိုမမြင်ရအောင်ချုပ်၍ နွား နို့ထောပတ် လှူပြီးမှ ရွှေလင်ပန်း၊ ရွှေသံတေးဖလား အစရှိတို့၌ ကောင်းမွန်စွာပြင်ပြီးမှ အက္ကဘာရ်သံကို ခေါ်၍ ရွှေလွတ်တော်တွင် မှူးစုံမတ်ပေါင်းတို့အလယ်၌ ထမင်းကျွေး၏။ အမဲသား အကျစ်အကြော်အလုံးစုံကိုမြင်လျှင်အလွန်အံ့ဩ၏။ သားကင်သည် ထိုကြက်ကိုကျောကချုပ်ရာ အသားကိုယူရာဝယ် စာသူငယ် များထွက်၍ပျံသည်ကိုမြင်လျှင် ရင်ကိုသပ်၍ လူ့ပြည်ဝယ်မမြင်ဖူးတကား အဘယ်သို့လျှင် သားကင်သည်တို့သည် စီရင်လေသနည်းဟု အံ့ဩကြကုန်၏။
စားသောက်ပြီးလျှင် ပြောဟော၍နေပြီးမှမင်းသံတော်တို့သည် တဲသို့ပြန်ရ၏။ အကြောင်းခပ်သိမ်းစုံကို ဘ၀ရှင်တရာကြီးအား ဗညားဒလသံတော်ဦးတင်၏။ များမကြာလျှင် သံကိုရွှေနန်းသဘင်ဝယ် ခပ်သိမ်းသော ထီးဆောင်မင်းအပေါင်း၊ အမှူးကြီး အမတ်ကြီးဒေါဗညားအပေါင်းနှင့် ခင်းကျင်း သပ္ပာယ်လျက် ဒီရေ အပြည့်တက်မည်ကို ငံ့လင့်တော်မူ၏။ မြစ်ကလည်းသင်္ဘောကတ္တူ လွန်းကြင်သံလှေလှော်ကား ကိုးနရားစာမရိ၊ မိကျောင်းရဲလောင်းအပြည့် ခင်းကျင်းစံပယ်လျှက် ကချေသဘင်၊ စည်ပတ်နရည်း ခရာနှဲ ပြွေ ဗုံမောင်း ကြေးစည် တံပိုး အရာတို့ကို တီးမှုတ်စေလျက် သဘင်ကြီးစွာစီရင်တော်မူ၏။ အက္ကဘာရ်မင်းသံတော်တို့လည်းကြည့်ရ၏။ ဒီရေပြည့်လျှင် အရှင်ဘ၀ရှင်မင်းတရားကြီး ထွက်တော်မူ၏။ စည်တော်သံ တံပိုး ခရာသံ၊ ဗုံသံမောင်းသံနှင့် ဒီရေကိုလိုက်၍ ငါးသား တက်ခိုက်ဖြစ်သောကြောင့် မိကျောင်း၊ လပိုင်၊မကန်း၊ လိပ်၊ ငါးမန်း၊ ငါးတို့သည် စည်သံ၊ ဗုံသံ၊ မောင်းသံ၊ တံပိုး ခရာသံကြားလျှင် ထိတ်လန့်၍ မြစ်လုံးပြည့်မျှ ခုန်လွှားကုန်၏။ အက္ကဘာရ်မင်းသံတော်တို့လည်း ဤကဲ့သို့ ဘုန်းတော်ကို ဇမ္ဗူဒီပါမြေအပြင်၌ မြင်ဖူးမည်ထား၍ ကြားဖူးမည်လောဟူ၍ အံ့ဩမူးတူး မှိုင်းထိုင်းရှိလျက် အက္ကဘာရ်မင်းကဆက်လိုက်သော လက်ဆောင်ပဏ္ဏာတို့ကိုဆက်၏။ အရှင်ဘ၀ရှင်မင်းတရားကြီးဝင်တော်မူလျှင်၊ မင်းသံတို့လည်းပြန်လေကုန်၏။ များမကြာလျှင် အက္ကဘာရ်မင်းသံတို့ကို ဆုလာဘ်များစွာ ပေးပြီးမှ သင်္ဘောကူး၍ လွှတ်တော်မူ၏။ အက္ကဘာရ်မြို့သို့ရောက်လျှင် ဘုန်းအာဏာ စက်ကြီးကြောင်း သားကင်သည် တက်ခဲ့ကြောင်း၊ပြည်ထဲရေးလေး မျက်နှာသာယာဝပြောကြောင်း၊ ထွက်တော်မူလျှင် ရေနေသတ္တ၀ါ အပေါင်းတို့သည် ခုန်လွှားမြူးတူးလျက်ခစားကြောင်း၊ အခြင်းအရာအလုံးစုံကို လျှောက်လေ၏။ ကြားလျှင် အက္ကဘာရ်မင်းသည်လည်း အဆက်ဆက်ဝယ်သည်ကဲ့သို့ ဘုန်းအာဏာစက်ကြီးသောမင်းသည် ရှိဘူးလိမ့်မည်လော။ စင်စစ်လျင် ဘုရားအလောင်းတော် ဟုတ်၏။ ၀မ်းမြောက်ဝမ်းသာ ရှိတော်မူ၏။ ငါသွား၍ ဆင်ဖြူများသခင်ဘ၀ရှင် မင်းတရားကြီး ဘုရားကိုခြေတော် ဦးတင်မည်ဟူ၍ အထူးထူးသော အဆန်းတကြယ်သော လက်ဆောင်ပဏ္ဏာတို့ကို များစွာစုရုံး၍ ကြီးလှစွာသောသင်္ဘောကို အက္ကဘာရ်မင်းစီးစရာ သင်္ဘောကတ္တူ လွန်းကြင်စီရင်၍ မင်းဧကရာဇ်နှင့် ထိုက်တန်အောင်စီရင်၍ ခြေဖ၀ါးတော်အောက်သို့ ခြေတော်ဦး တင်ရောက်အံ့သောငှာသင်္ဘောနှင့် ကူးတော့အံ့ဆဲဆဲတွင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘ၀ရှင်မင်းတရားကြီးသည် လူပြည်ငြီး၍ နတ်ပြည်စံတော်မူသောကြောင့် အက္ကဘာရ်မင်းသည် ရွှေဖ၀ါးတော်အောက်မရောက်ခင် ပြန်ရလေ၏။
သုသောဓိက မဟာရာဇ၀င်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၄၂-၄၄။
ဤသို့ အစ္စလာမ်ဘာသာဝင်ပြည်ရှင်မင်းသားနှင့် ဘုရင့်နောင်မင်းတရားကြီး သံတမန်ဆက်ဆံမှုရှိကြောင်း ကို ထောက်ရှုခြင်းအားဖြင့် အစၥလာမ္ဘာသာ၀င္ကုန္သည္သေဘၤာမ်ား အစၥလာမ္ဘာသာ၀င္မ်ား ပဲခူးနေပြည်တော်တွင် ၀င်ထွက် အခြေစိုက်ဖောက်ကားရောင်းဝယ်မှု ရှိနေကြောင်း ထင်ရှားနေပေတော့သတည်း။
(ရတနာပုံ) မောင်မောင်ခင်
ဘီအက်စီ၊ ဒစ်အီးဒီ
၁၉၉၄ ထုတ် လပြည့်ဝန်း စာစောင် စာမျက်နှာ-၁၁၂-၁၁၇ မှ ကူးယူဖော်ပြသည်။
*စာစောင် Hard copy ကို ဦးခင်မောင်ချို ထံမှ ရရှိပါသည်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတစုတည်းရဲ့လွတ်လပ်ရေး မဟုတ်။ဗမာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ကရင်နီ၊ ရခိုင်၊မွန်-ဗမာအစရှိတဲ့၊ ဗမာ တိုင်းရင်းသူ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးတို့စည်းစည်းလုံးလုံး ကြိုးပမ်းမှုကြောင့် ရတဲ့ လွတ်လပ်ရေး ဖြစ်တဲ့ အတွက်၊ ယခုလွတ်လပ်ရေးဟာ-ရှမ်း၊ချင်း၊ကချင်၊ကရင်၊ ကရင်နီ၊ရခိုင်၊မွန်-ဗမာ အစရှိတဲ့ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတန်းစား တစားတည်းရဲ့ လွတ်လပ်ရေး မဟုတ်။ ဗမာတနိုင်ငံလုံးမှာရှိကြတဲ့-လယ်သမား၊ အလုပ်သမား၊ဈေးသူ၊ဈေးသား၊ကျောင်းသူ ကျောင်းသား၊ အမှုထမ်း အရာထမ်းများမှ စ၍ တော်လှန်ရေးသမားများသို့တိုင်အောင် လူတန်းစားပေါင်းစုံက ညီညီညာညာ စွန့်စွန့်စားစားအုံကြွကာ-ကြိုးပမ်းမှုကြောင့်၊ ရရှိတဲ့လွတ်လပ်ရေးဖြစ် သဖြင့်။ ယခုလွတ်လပ်ရေးဟာ-လယ်သမား၊ အလုပ်သမား ၊ ဈေးသူဈေးသား၊ကျောင်းသူကျောင်းသား၊ အမှူထမ်း အရာထမ်းများမှစ၍၊ တော်လှန်ရေးသမားများ အထိ ပါဝင်သော လူတန်းစားအမျိုးမျိုးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
ယခုလိုတနိုင်ငံလုံးရှိ တိုင်းရင်းသားအသီးသီး လူတန်းစားအသီးသီး အသင်းအဖွဲ့အသီးသီးတို့ အပြင်းအထန်ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်သဖြင့် ဤလွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး-လူတန်းစားအားလုံး-အသင်းအဖွဲ့အားလုံး- ဟာ ရိုသေကြရမယ်။ မြတ်နိုးကြ ရမယ်။ လေးစားကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်အားဖြင့်သော်၎င်း ၊ သွယ်ဝိုက်တဲ့နည်း အားဖြင့်သော် ၄င်း ထိပါးငြိစွမ်း လာမယ်ဆိုလျှင်၊ တိုင်းရင်းသား အားလုံးသည်၎င်း လူတန်းစား အားလုံးသည်၎င်း- အသင်းအဖွဲ့ အားလုံးသည်၎င်း ၊ ရင်ကိုမြေကတုပ်လုပ်၍ ခုခံ ကာကွယ်စောင့်ရှောက်ကြရမယ် ၊ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတမျိုးတည်း အတွက် အသုံးချရန် မဟုတ်၊ ဗမာ ပြည်ထောင်စု သမတနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အသီးသီးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ လူတန်းစားတစားတည်းအတွက် အသုံးချရန်မဟုတ် ။ လူ့အခွင့်အရေးများကို ဘယ်အခါမှ ဒင်းပြည့်ကျပ်ပြည့်မရခဲ့ကြဖူးတဲ့ လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ-တသင်းတဖွဲ့တည်း အတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စု အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကြီးကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက်၊ မျှမျှတတ အသုံးချရန် ဖြစ်တယ်။
ဒီလွတ်လပ်ရေးမှ ပြည်ထောင်စု သမတ နိုင်ငံတော် အတွင်းရှိ လူအများဆုံးအတွက် အကျိုးအများဆုံး ရရှိနိုင်ဘို့အတွက် ဒီလွတ်လပ်ရေးကို ခိုင်ခိုင်ခံ့ခံ အုဠ်မြစ်ချပြီး ဗမာနိုင်ငံသစ်ကြီးကို ကျွန်တော်တို့ အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ကြတော့မယ်။ ဒီဗမာနိုင်ငံသစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါ ၊ ဒီနိုင်ငံအတွင်းမှာ လူညွှန့်ခူးစားနေတဲ့ လူတန်းစားလဲမရှိတော့ဘူး။ လူညွန့်ခူး အစားခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ် ခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ နှဖူးကချွေးခြေမ အထိ ကျအောင် ရွှံ့ဗွက်တွေထဲမှာ-စက်ရုံတွေထဲမှာ -တောအထပ်ထပ် တောင် အထပ်ထပ်တွေထဲမှာ-မြေတွင်းတွေထဲမှာ -နေပူမရှောင်၊ မိုးရွာမရှောင်၊ တကုန်းကုန်းတရုန်းရုန်းနှင့် လုပ်ကြရပြီး၊ လူတန်းစေ့ ဘဝကလေးတောင်မှ မရရှိကြတဲ့ လူတန်းစားတို့လဲ မရှိတော့ဘူး။ ဒီလူတန်းစားတွေကို ဒီလိုဘဝဆုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားတွေလဲ မရှိတော့ဘူး။
ဒီနိုင်ငံသစ်မှာ ရှိရှိသမျှလူတွေဟာ ကိုယ့်အစွမ်း ရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှ ဝင်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်တွေလုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ။ တွင်းတွေ တူးနိုင်တဲ့လူတွေကလဲ တွင်းတွေကို တူးကြ။ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ကြတဲ့လူတွေကလဲ တရားရုံးတွေ ရာဇဝတ် ဌာနတွေမှာ လုပ်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်ကြတဲ့လူတွေကလဲ စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာပါးနပ်ကြတဲ့လူတွေကလဲ၊ အစိုးရဌာန အသီးသီးမှာ ဝင်ရောက်ဆောင်ရွက်ကြ။ အဲ့ဒီနည်းနှင့် ဗမာ့မြေတွင်းမြေပြင်မှာ ရှိတဲ့ အဆီအနှစ်တွေကို ဗမာတိုင်းရင်းသားတွေ လူတန်းစေ့စေ့နေနိုင်တဲ့အခြေအနေကစပြီး လိုသလောက်အသုံးပြုနိုင်တဲ့အခြေအနေအထိ အားလုံးဝိုင်းပြီး ကြိုးပမ်းကြရမယ်။ ဗမာ့မြေဆီမြေနှစ်တွေနှင့် ဗမာတိုင်းရင်းသူ၊တိုင်းရင်းသားတွေရဲ့ လူဦးရေနဲ့ယှဉ်ကြည့်မယ် ဆိုလျှင်၊ မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတဲ့ အတွက် ခေါင်းဆောင်တွေကလဲ သစ္စာမဖေါက်ဘဲ- ခြေလှမ်းမမှားဘဲ- လူထုကလဲ ထမ်းဆောင်ရမည့်တာဝန်တွေကို မပျက်မကွက်ဘဲ၊ ဝါးအစည်းပြေသလို မပြေဘဲ- ဇွဲကောင်းကောင်နှင့် ကြိုးပမ်းလိုက်ကြရင်- ကျွန်တော်ပြောခဲ့တဲ့ ဗမာနိုင်ငံသစ်ကြီးဟာ – အနှေးထက် အမြန်ဆောက်ဖြစ်ရမယ်ဆိုတာ ကျွန်တော်အတည့် အလင်း ကျေညာလိုက်တယ်။
အဲ့ဒီနိုင်ငံသစ်ကြီးတည်ဆောက်နေတဲ့နေရာမှာ၊ ခေါင်းဆောင်တွေသစ္စာဖေါက်ကြရင်၎င်း၊ ခြေလှမ်းမှားကြရင်၎င်း၊ ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေး ကျောက်တိုင်ကြီးသည်- ထိုသစ္စာဖေါက်နေသော ခေါင်းဆောင်များ ကို၎င်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို ၄င်း အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။
အဲ့ဒီနိုင်ငံသစ်ကြီး တည်ဆောက်သည့်နေရာတွင် ဗမာ့လူထုကြီးသည် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်လျှင်၎င်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေကြတော့မည်ဆိုလျှင်၎င်း၊ ဤကျောက်တိုင်ကြီးသည် အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။
အဲ့ဒီနိုင်ငံသစ်ကြီးအား တည်ဆောက်ခြင်းကို ဖျက်လိုဖျက်ဆီး လုပ်လိုသော ပြည်တွင်း ပြည်ပ ရန်သူများ ပေါ်ပေါက်လျှင်လည်း၊ ထိုရန်သူများကို အပြီးတိုင် ချေမှုန်းပစ်နိုင်သည် အထိ- ဗမာ့လူထုကြီးအား ဇာတိသွေး ဇာတိမာန် များ တခဲနက် တက်ကြွလာနိုင်အောင် ဤကျောက်တိုင်ကြီးသည် စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဓါတ်ပုံ အညွှန်း -သမ္မတကြီး စိဝ်ရွှေသိုက်ထံ ကျမ်းသစ္စာ ကျိမ်ဆိုနေသည့် ဝန်ကြီးချုပ် သခင်နု။ (၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်)
(မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး နှင့် အသံလွှင့်ဌာန.. မှ ထုတ်ဝေသော ” မြန်မာနိုင်ငံတော် လွတ်လပ်ရေးအောင်ပွဲ ” စာအုပ်မှ မူရင်းအရေးအသား အတိုင်း ကူးယူဖေါ်ပြသည်။)
Credit => Nay Win FB စာမျက်နှာ
မေ-၁၀၊ ၂၀၁၃
M-Media
ဆောင်းပါးရှင်- သန်ဇင်အေး
မြန်မာစာပေနှင့်မြန်မာ့သမိုင်းအကြောင်းပြောမယ်ဆိုရင်တော့ အများကြီးပါ။ စာရှုသူ တို့နဲ့လည်း ရင်းနှီးပြီးသားပါ။ အဲဒါတွေထဲကမှ စာရေးသူလေ့လာမိတာလေးတွေကို ပြန်လည် မျှဝေလိုက်တာပါ။
ပထမဆုံးတွေးမိတာကတော့ ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်တဲ့ “ပန်းစံပယ် နန်းလယ် မပေါ်ခိုက်ဟာမို့”နဲ့အစချီတဲ့ “စံပယ်ပန်း”ကဗျာလေးပါပဲ။ နန်းတော်တွင်းမှာ စံပယ်ပန်းတွေမပေါ်ခိုက်မှာ နန်းတွင်းသူတွေဟာ ခံပွင့်ပန်းလေးတွေကို သီကုံးပန်ဆင်ကြရပေမယ့် “နန်းရဝေ မန်းမြေမှာစံပယ်လှိုင်တော့”ဆိုသလို နန်းတော်တွင်းမှာ စံပယ်ပန်းတွေ လှိုင်လှိုင်ပေါတော့ ခံပန်းပွင့်လေးတွေဟာ တောလေ့ရွာသုံး ဖြစ်သွားပါတယ်။ ကဗျာအမည်က စံပယ်ပန်း ဆိုပေမယ့် ခံပွင့်ပန်းကလေးတွေရဲ့အဖြည့်ခံဘ၀ကိုပါ ဖေါ်ပြ သွားတာပါ။ လိုအပ်ရင်ခေါ်သုံးပြီး မလိုအပ်ရင် နည်းမျိုးစုံအကြောင်းပြပြီး ပစ်ပယ်တတ်တဲ့ အတ္တကြီးတတ်တဲ့ လူအချို့ရဲ့ လူ့သဘောကိုပါ ပေါ်လွင်စေပါတယ်။ ဒါပေမယ့် ခံပွင့်ဆိုတာ ပန်းကလေးတွေပါ။ ခံပွင့်ပန်းကဲ့သို့သော လူတွေလည်း ရှိပါသေးတယ်။ အဲဒီလို ခံပွင့်ပန်းကဲ့သို့သော လူတွေကို အားပေးချင်တာက လူဆိုတာ သူများထားရာနေ၊ စေရာသွား ဘ၀မှာ တစ်သက်လုံးမနေပါဘူး။ နည်းလမ်း ရှာတတ်ပါတယ်။ ကိုယ်ကသာကိုယ်ကျင့်တရား ကောင်းမြတ်ပြီး သမ္မာအာဇီဝကျမယ်ဆိုရင် ကိုယ့်ကိုသူများတွေကို ဘယ်လိုပဲအသုံးချနေပါစေ၊ စွန့်ပယ်နေပါစေ။ အချိန်တန်ရင်တော့ ကိုယ့်အတွက် ထွက်ပေါက်နဲ့ အောင်မြင်မှုဆိုတာ ရလာမှာပါ။ ဒါဟာ ဘာသာရေး အဆုံးအမတွေထဲမှာလည်း ရှိပါတယ်။
နောက်တစ်ခုသွားတွေးမိတာက ဦးပုညရေး ဆဒ္ဒန်ဆင်မင်းဇာတ်။ အားလုံးသိကြပြီးဖြစ် တဲ့အတိုင်းပဲ၊ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဆဒ္ဒန်ဆင်မင်းဇာတ်။ စာဆိုတော်ဦးပုညရဲ့ ကလောင် စွမ်း၊ အားလုံးမြည်းဖူးကြမှာပါ။ ခံပွင့်ပန်းလိုလူတွေအကြောင်းပြောပြီးတော့ ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ထဲက သောနုတ္တရမုဆိုးလို လူတွေအကြောင်း ဆက်ပြောချင်ပါသေးတယ်။ မုဆိုး သောနုတ္တိုရ်ဘာလုပ်သလဲ၊ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ရော… အခက်အခဲကြုံလာရင် ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ၊ အဲဒီတော့ သင်ခန်းစာအဟောင်းလေး ပြန်တွေးကြည့်ရအောင်။
ဆဒ္ဒန်ဆင်မင်းဇာတ်အကျဉ်းကို မျှဝေပါရစေ။ ဆဒ္ဒန်ဆင်မင်းမှာ မိဖုရားနှစ်ပါးရှိတယ်။ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါ။ တစ်ရက်မှာတော့ ဆဒ္ဒန်ဆင်မင်းက မိဖုရားနှစ်ပါးကို ပန်းပေးမယ် ဆိုလုပ်တယ်။ ဆင်တွေဆိုတော့လည်း သူတို့နည်းသူတို့ဟန်နဲ့ ပန်းပေးတာပေါ့နော်။ မိဖုရား နှစ်ပါးကို ၀ဲညာရံစေလျက် ဆဒ္ဒန်ဆင်မင်းက အင်ကြင်းပင်ကို ဦးနဲ့ဝှေ့တော့ သစ်ပင်ပေါ်က အင်ကြင်းပန်းတွေက ကျလာတာပေါ့။ အဲဒီမှာဖြစ်ချင်တော့ မဟာသုဘဒ္ဒါဘက်ကို ပန်းတွေ ကျပြီး စူဠသုဘဒ္ဒါဘက်ကိုတော့ ခါချဉ်ကောင်တွေကျလာခဲ့တယ်။ အဲဒီတော့ စူဠသုဘဒ္ဒါက အမျက်တော်ရှသွားခဲ့တယ်။ အဲဒီစူဠသုဘဒ္ဒါမိဖုရားက သေဆုံးသွားပြီး ဒီဘ၀မှာ လူပြန်ဖြစ်ပြီး ဘုရင်ကြီးရဲ့ မိဖုရားဖြစ်နေတယ်။ ဆဒ္ဒန်ဆင်မင်းကတော့ ကံမကုန်သေးဘူး။ ဆင်မင်းဘ၀နဲ့ပဲ ရှိနေသေးတယ်။ အဲဒီမှာ သူ့ရဲ့ဒီဘ၀ကလင်တော်မောင်ဘုရင်ကြီးကို သူက ဆဒ္ဒန်မင်းရဲ့ အစွယ်ကို နားကွင်းလုပ်ပန်ချင်တာကြောင့် ဆဒ္ဒန်မင်းကို သတ်ပေးဖို့ ပူဆာတော့တယ်။ အမှန်တော့ ဆဒ္ဒန်ဆင်မင်းကို လက်စားချေတာပေါ့လေ။ အဲဒီတော့ ဘုရင်က မုဆိုးသောနုတ္တရကို စေခိုင်းတော့တာပါပဲ။
မုဆိုးသောနုတ္တိုရ်အကြောင်း…
ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံတယ်။ နောက်ဆုံးဆဒ္ဒန်ဆင်မင်းက ထိုမုဆိုးကို ဖမ်းမိသွား တော့ သင်း(သောနုတ္တိုရ်)ဘာလုပ်သလဲ… သူ့အပြစ်လွတ်အောင် “မြမရှား စိန်မရှား အလွန်ပင် များသည့်ကြားက နားလေးလေဟန် ဆင်စွယ်ကိုမှ နားတောင်းကွပ်၍ ပန်ဆင်လိုပါသည်”ဆိုပြီး မိဖုရားကိုလွှဲချ၊ ဒါတင်ပဲလား၊ မဟုတ်သေးဘူး၊ “သူ့မယားငိုတည့်လျှင် ဟိုလူကြီးက ပျာယီးပျာယာ ပဇာအရေး မမျှော်တွေးဘဲ ကျွန်တော်မျိုးအားဆင့်ခေါ်ပြီးလျှင် ဟယ်.. နော်လုဒ္ဒက ဆဒ္ဒန်အစွယ်မရက ဇီဝနတ္ထိ နင်သေမည်သိ”ဆိုပြီး ဘုရင်ကိုလွှဲချနဲ့… ကဲ…ကြည့်…..နောက်ဆုံး သူ့ကိုယ်သူတော့ဘယ်လိုပြောတယ်ထင်သလဲ။ “အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူမင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော် ကြံဖော်ကြံဖက် သုံးယောက် အနက်မှ ကံကွက်ကျား ငမိုက်သားမုဆိုးလေ”တဲ့..သောနုတ္တရတို့လျှောက်တင်ပုံများ။ ဆဒ္ဒန် ဆင်မင်းက သူ့ကိုလာသတ်နေတဲ့၊ သူ့ကိုလေးနဲ့ခွင်းထားတဲ့ ဒီမုဆိုးကို အပြစ်ပြောဖို့နေနေသာ သာ “သြော်…ဒီကောင်လေးလည်းနီးရာဓါးကြောက်ရရှာတာကိုး၊ သူ့အထက်ကခိုင်းလို့ လုပ်ရရှာတာကိုး”ဆိုပြီး ပြန်ပြီးတော့တောင် သနားရမလိုလို။ သောနုတ္တိုရ်ရဲ့လုပ်ရပ်ကလေးက အတုယူချင်စရာတောင်ကောင်းသလိုလို၊ အတုလည်းယူကြပါတယ်။ ထားပါတော့။ ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္တရလျှောက်တင်ချက်ကို သဘောပေါက်သွားပြီး ဆဒ္ဒန်ဆင်မင်းရဲ့ ယခင်ဘ၀က မိဖုရားစူဠသုဘဒ္ဒါရဲ့လက်စားချေတဲ့အကြံကို သိရှိသွားတဲ့အခါကျတော့ “လောင်စာရန်ငြှိုး မီးဆက်၍ပျိုးမည်စိုးသောကြောင့်” “မိန်းမဆိုးအမုန်း ဒီဘ၀နှင့်ပင်ဆုံး စေတော့”ဆိုပြီး မုဆိုးသောနုတ္တိုရ်ကို အလိုရှိရာကိုပြုနိုင်ကြောင်း ပြောလိုက်တဲ့ အခါမှာ စောစောကတော့ သူသေရမှာကို အကြောက်ကြီး ကြောက်ပြီး ဥာဏ်နီဥာဏ်နက်အစုံသုံးပြီး သူအပြစ်လွတ်အောင် ပျာပျာသလဲရှောင်နေတဲ့ မုဆိုးသောနုတ္တိုရ်တို့များ ပျော်လွန်းလို့ ထတောင်ကသတဲ့။ ဒါပါပဲ။ လူဆိုတာ ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီလို့ထင်တဲ့အခါ စရိုက်မှန်က ပေါ်လာတတ်တာကိုး။ နောက်ပြီးတော့ ဘာလုပ်သလဲ။ ဦးပုည အရေးအသားအရမ်းကောင်းပါတယ်။ “မုဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကိုလှန်၊ ဒိုင်းထောက်၍ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ်လွှကြီးနှင့်၊ အာစကိုဖြတ်တိုက်၊ ဦးနှောက်ခိုက်လုအောင်၊ အလျားလိုက်ထိုးသွတ်၊ စွယ်ရင်းကိုပွတ်၊ ဤတွင်ပေါက်လွတ်ဗလဖွာ၊ ကန်ကျိုး၍လာသကဲ့သို့၊ အာခေါင်တွင်းမှ သွေးချောင်းကျလျက် ၊ ကြီးစွာဝေဒနာ၊ ဖြစ်တော်မူ၏”တဲ့။ ကဲ..သောနုတ္ထရတို့ “မိုက်ချက်ကတော့ ကမ်းကုန်ပဲ”။ မိုက်တယ်ဆိုတာ မိုက်မဲတယ်၊ မိုက်ကန်းတယ် လို့ပြောချင်တာ၊ ချီးကျူးတာမဟုတ်ဘူး။ အဲဒီတော့ စာရေးသူအခု မျှဝေခဲ့တာ ဆဒ္ဒန်ဆင်မင်းဇာတ်တော်လာ မုဆိုးသောနုတ္ထိုရ်ရဲ့ အကြောင်းကိုအဓိကမျှဝေတာပါ။
ထို…မုဆိုး သောနုတ္ထိရ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ ဒါတင်ပဲလား၊ မဟုတ်သေး ဘူး၊ အခက်အခဲကြုံလာရင် သူ့အပြစ်လွတ်အောင်ရှောင်တတ်တယ်။ သူများကို အပြစ်ပုံချ တတ်တယ်။ သူ့ကိုယ်သူ သနားစရာဖြစ်အောင်၊ မလွှဲသာမရှောင်သာလို့လုပ်ရတာ၊ နီးရာဓါး ကြောက်လို့လုပ်ရတဲ့ ပုံစံမျိုးဖြစ်အောင် ဟန်ဆောင်တယ်။ စကားကြွယ်တယ်၊ ပါးနပ်တယ်၊ ဥာဏ်နီဥာဏ်နက်များတယ်။ သူလုပ်ထားတဲ့ အကုသိုလ်ဒုစရိုက်အလုပ်ကို ပပျောက်စေဖို့ ခါတော်မီ လျှာပေါ်လာဇာတ်လမ်းတွေ ထွင်တတ်တယ်။ အဲ…ဒါပေမယ့် သူ့ရဲ့ပါးနပ်မှုကတော့ သူ့ကိုအခါခပ်သိမ်း ကောင်းကျိုးမပေးခဲ့ပါဘူး။ အဲဒီတော့ သူ့အကြောင်းကို ရာဇ၀င်ဆရာများက ဘယ်လို ရာဇ၀င်မှာ စာတင်ခဲ့ပါသလဲ။ “မုဆိုးညစ်ထေးငမိုက်ခွေး သောနုတ္တိုရ်”တဲ့။ အဲဒါကြောင့် သောနုတ္တရမုဆိုး နှင့်တူသောသူများ မိမိကိုယ်ကို အချိန်မီပြင်သင့်ပါပြီ။ အချိန်ရှိပါ သေးတယ်။ စာရေးသူကတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် နာမည်တပ်ပြီး မပြောလိုပါဘူး။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့သိမ်းရမ်းတာမျိုး စာရေးသူမလုပ်ချင်၊ မလုပ်ရဲပါဘူး။ တော်ကြာ.. ကိုယ်ပါ သောနုတ္တိုရ်လို လူမျိုးစာရင်းထဲပါသွားမှဖြင့်….။ ကဲ…ဒီဇာတ်တော်မှာ မုဆိုး သောနုတ္တိုရ် မကောင်းဘူးဆိုတော့ ဘုရင်နဲ့ မိဖုရားကရော…။ ရန်ငြှိုးကြီးမားတဲ့ မိဖုရားနဲ့ စဉ်းစားဆင်ခြင်ဥာဏ်မသုံးဘဲ မယားအလိုကျ မယားခိုင်းတာလုပ်တဲ့ဘုရင်..။ ဒီလိုပြောလို့ လည်း မိန်းမ မကောင်းဘူး၊ ယောက်ျားမကောင်းဘူးပြောတာမဟုတ်ပါဘူးနော်။ ဇာတ်သဘော အရပြောတာပါ။
ယောမင်းကြီးဦးဘိုးလှိုင်နှင့် အမတ်ဒိန်မဏိရွတ်
“ယောအတွင်းဝန် ဦးဘိုးလှိုင်”ဆိုတာနဲ့ ခေါင်းထဲကနေ တန်းထွက်လာမှာပါ။ ငယ်ငယ် တုန်းက အော်ကျက်ခဲ့ရတဲ့ အင်မတန်မှ ပြောင်မြောက်လှတဲ့ ရှင်ဘုရင်ကိုလျှောက်တင်ပုံလေး။ “အစ်မ၊ နှမ၊ သမီးကကို စ၍ဆက်နှင်း လက်ဆောင်သွင်း၍ စိုးမင်းချစ်မြတ် ထိုအမတ်သည် အတတ်မရှိ သတ္တိကင်းကွာ ဘုန်းကြီးလှာမူ ပြည်ရွာပျက်ကြောင်း”ဆိုပြီး မင်းတုန်းမင်းကြီး ကိုလျှောက်တင်ခဲ့တာ။ မင်းတုန်းမင်းကြီးက သူ့ကို လှံနဲ့ထိုးမယ် လုပ်တော့ “ထိုးတော်မူပါ ဘုရား”ဆိုပြီး ရင်ကော့ပေးခဲ့တာ။ ဒါပေမယ့် ဘုရင်က မင်းကျင့်တရားနဲ့ ပြည့်စုံတဲ့ဘုရင် ဖြစ်တော့ သူ့ကို လှံနဲ့မထိုးတဲ့အပြင် အစစအရာရာမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မင်းအလိုလိုက်၊ မင်းအကြိုက် ဆောင်တဲ့အမတ်မဟုတ်ဘဲ ဟုတ်တိုင်းမှန်ရာ လျှောက်တင်ရဲသူ ဆိုပြီး ချီးမွမ်းတော်မူပါသတဲ့။
အမတ်ဒိန်တဲ့ ။ နာမည်က မွန်နာမည်။ မွန်ရာဇ၀င်မှာတော့ ဆင်ဖြူရှင်ဗညားဦးနဲ့ ရာဇာဓိရာဇ်လက်ထက်မှာ အလွန်ကျော်ကြားတဲ့အမတ်ကြီးပေါ့။ ဆင်ဖြူရှင်ဗညားဦးရဲ့သား တော် ဗညားနွဲ့ (ရာဇာဓိရာဇ်)က သူ့ဖခမည်းတော် နာမကျန်းဖြစ်နေစဉ်မှာ လက်နက်၊ လူသူ စုဆောင်းပြီး ထီးနန်းသိမ်းဖို့ကြံရွယ်တယ်။ ဒါပေမယ့် ထိုဗညားနွဲ့မင်းသားက သူ့ဖခမည်းတော် နှင့်သူဟာ ကြားကပယောဂတွေကြောင့် သွေးကွဲခဲ့ရပေမယ့် သူ့ဖခမည်းတော်ကိုတော့ သူ တော်တော်ချစ်ပါသတဲ့။ ဒီလိုနဲ့ ဆင်ဖြူရှင်နတ်ရွာစံကံတော်ကုန်တော့ ဗညားနွဲ့ဟာ ဟံသာ ၀တီထီးနန်းကို လက်နက်ဗိုလ်ပါတွေနဲ့ သိမ်းပိုက်ဖို့ရောက်လာခဲ့ပါသတဲ့။ အဲဒီမှာ ဟံသာဝတီ မြို့တံခါးမှူးက အမတ်ဒိန်။ ရာဇာဓိရာဇ်တပ်တွေဝင်ဖို့ မြို့တံခါးကို တစ်ဝက်ပဲဖွင့်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နတ်ရွာစံကံတော်ကုန်သွားတဲ့ ရှင်ဘုရင်ဗညားဦးရဲ့ ရုပ် အလောင်းက မသဂြိုဟ်ရသေးဘူးကိုး။ နောက်တော့ ရှင်ဘုရင် ရာဇာဓိရာဇ်က နန်းသိမ်း ဘိသိက်ပွဲခံအပြီး ပထမဆုံးကျင်းပတဲ့ညီလာခံမှာ “ငါ့မျက်စိထဲဝင်နေတဲ့ စူးနှစ်ချောင်းမှာ တစ်ချောင်းကနှုတ်ပြီးပြီ၊ နောက် တစ်ချောင်း ကျန်သေးတယ်”လို့မိန့်တာကိုး။ သူပြောတဲ့ ဆူးနှစ် ချောင်းဆိုတာ သူ့ရဲ့ ယောက်ဖတော် သမိန်ပရှုနဲ့ အမတ်ဒိန်ကိုပြောတာ။ သမိန်ပရှုကိုတော့ ရာဇာဓိရာဇ်တို့က ကွပ်မျက်ပြီးပြီ။ အမတ်ဒိန်ကျန်သေးတယ်။ သူ့ကို မြို့တံခါးတစ်ဝက်ပဲဖွင့်ပေး လို့ အမျက်တော်ရှနေတာ။ ဒါကိုသိတဲ့အမတ်ဒိန်က ချက်ချင်းပဲ သူဟာ ထီးဆောင်းမင်းကိုသာ ခစားကြောင်း၊ သူပုန်မင်းကို မခစားလိုကြောင်း၊ ရာဇာဓိရာဇ်တို့တပ်တွေ မြို့ထဲဝင်လာတုန်းက လည်း ဆင်ဖြူရှင်နတ်ရွာမစံသေးဘူးဆိုရင် သူက အသက်ပေးပြီးခုခံမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဆင်ဖြူရှင်ဗညားဦး နတ်ရွာစံပြီးဖြစ်ပေမယ့် မသဂြိင်္ုဟ်ရသေးလို့ မြို့တံခါးတစ်ဝက်ကိုသာ ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ သူဟာ အဲဒီလို ရာဇာဓိရာဇ်ရဲ့ဖခမည်းတော်အပေါ်မှာ သစ္စာရှိခဲ့ ကြောင်း၊ အခုလည်း ထီးဆောင်းမင်းရာဇာဓိရာဇ်ကို သူယခင်ကဖခမည်းတော် ဗညားဦး အပေါ်မှာသစ္စာရှိသကဲ့သို့ သစ္စာရှိမည်ဖြစ်ပြီး အမှုတော်ထမ်းမည်ဖြစ်ကြောင်း လျှောက်တင်တဲ့ အခါ ရာဇာဓိရာဇ်က အမျက်တော်ပြေပြီး သူ့ကို “မဏိရွတ်”ရတနာကဲ့သို့ထွန်းလင်းတောက်ပ တန်ဖိုးရှိသောအမတ် ဆိုတဲ့ဘွဲ့ကိုချီးမြှင့်ပြီး သူကောင်းပြုခဲ့ပါတယ်။ ဘုရင်ကတောင် ပြန်ပြီး တန်ဖိုးထားရတဲ့ အမတ်တွေပါ။
မင်းခယောက်ျား ကမ်းပါးသစ်ပင်ဆိုတာ
မြန်မာစာပေမှာတော့ ဆိုရိုးရှိပါတယ်။ “မင်းခယောက်ျား ကမ်းပါးသစ်ပင်”တဲ့။ မင်းထံ အခစားဝင်ရတဲ့ယောက်ျားတွေဟာ ကမ်းပါးကသစ်ပင်တွေလိုပဲ မတည်ငြိမ်ဘူးပေါ့။ ရေကြီးလို့၊ ကမ်းပါးပြိုလို့ အစရှိတဲ့အကြောင်းတွေကြောင့် အချိန်မရွေး ပြိုလဲပျက်စီးနိုင်တယ်ပေါ့လေ။ ဒါပေမယ့် အခုစာရေးသူတင်ပြခဲ့တဲ့ ယောမင်းကြီးတို့လို၊ အမတ်ဒိန်တို့လို မင်းခယောက်ျားမျိုး တွေကြတော့ “ကမ်းပါးသစ်ပင်”တွေမဟုတ်ကြပါဘူးလို့ စာရေးသူက ဖြည့်တွေးလေး တွေးမိ ပါတယ်။ သူတို့က အမှန်တရား၊ သစ္စာတရားအတွက်ဆို သေမှာတောင်မကြောက်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ရာထူး စည်းစိမ်ဆိုတာလောက်တော့ စာတောင်ဖွဲ့ကြမှာမဟုတ်လို့ပါပဲ။ ဒီလိုလူမျိုးတွေရဲ့သတင်းကတော့ ရာဇ၀င်မှာအမှန်တကယ်ပဲ ကြည်ညိုစရာကောင်းခဲ့ကြ ပါတယ်။ ဒီနှစ်ဦးတည်းတော့ မဟုတ်ပါဘူး။ အခြားသောကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အမတ်များ၊ မင်းခယောက်ျားများလည်း သမိုင်းမှာအများကြီးရှိပါသေးတယ်။
ကျန်စစ်မင်းကြီးရဲ့သားတော် ရာဇကုမ္မာ
ကျန်စစ်မင်းကြီးရဲ့သားတော်ရာဇကုမ္မာအကြောင်းလည်း သိကြပြီးသားပါ။ သူ့ဖခမည်း တော် မင်းကြီးက သူ့ကိုထီးနန်းမအပ်ဘဲ မြေးတော်ကိုထီးနန်းအပ်လိုက်ပေမယ့်လည်း ခမည်း တော်ကို အမျက်မသိုဘဲ ခမည်းတော်ပျံလွန်တော်မူကာနီးမှာ ခမည်းတော်အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ခမည်းတော် သာဓုခေါ်ဆိုနိုင်စေဖို့ ပြုလုပ်ခဲ့တာ.. ဒီလိုသားမျိုး။ ဒီလို စိတ်ဓာတ်မျိုး။ သြော်…. ကောင်းမြတ်တဲ့ကိုယ်ကျင့်တရား၊ ခန္တီတရားတွေ၊ စိတ်ဓာတ် ပြည့်ဝတဲ့သူတွေမှာတော့ မင်းစည်းစိမ်ဆိုတာ မရလည်း အေးဆေးပဲ။ တည်ငြိမ်စွာ သည်းခံနိုင်ကြတာပါလား။ ဒါဟာ စံနမူနာပြုစရာ ကောင်းမြတ်သော စိတ်ဓာတ်တွေ ပါလားဆိုတာ သိရပါတယ်။ ကြည်ညိုလေးစား ရပါတယ်။
ပင်းယစကြိုသူမြတ်ရဲ့ ဆုံးမသြ၀ါဒ
ရာဇာဓိရာဇ်အကြောင်းလေး နည်းနည်းထပ်ဆက်ချင်ပါသေးတယ်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်စဖြစ်ကာစအချိန်ပေါ့လေ။ အဲဒီအချိန်မှာ အင်းဝကနေ ပင်းယစကြိုသူမြတ် က မွန်ဘုရင် ရာဇာဓိရာဇ်ဆီကို ငြိမ်းချမ်းရေးသြ၀ါဒစကားမြွက်ကြားဖို့ ကြွရောက်တော်မူပါ တယ်။ ရာဇာဓိရာဇ်ကလည်း ပင်းယစကြိုသူမြတ်ကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံပြီး ပင်းယ စကြိုသူမြတ်ကိုကြည်ညိုတာရော၊ ပြီးတော့ ပင်းယစကြိုသူမြတ်အရှေ့မှာ ရာဇာဓိရာဇ်ရဲ့ တပ်က သမိန်သံကြယ်ဝင်လာပြီး ရွှေကြယ်ယက် ဘုရားကနေဖမ်းဆီးလာတဲ့ အင်းဝသား ဘုရားကျွန် ၇ ယောက်နဲ့ ခေါင်းပြတ် ၃၀ လောက်ကို ရာဇာဓိရာဇ်ကို လာရောက်ဆက်တာကို စကြိုသူမြတ်မြင်တော့ အတော်လေးစိတ်မကောင်းဖြစ်သွားပြီး ရာဇာဓိရာဇ်ကို “အင်းဝကို ချီလာတာ သာသနာတော်ကိုမြှောက်စားဖို့လို့ပြောပြီး ခုတော့ ဘုရားဝေယျာဝိစ္စလုပ်နေတဲ့ ဥပါသကာတွေကို သတ်တာမြင်ရလို့ ဒါတွေကိုမမြင်ချင်တော့ဘူး၊ အင်းဝပြန်ကြွတော့မယ်ဆို တော့ ရာဇာဓိရာဇ်က သူ့တပည့်တွေကို အရေးယူပါ့မယ်လို့ လျှောက်တယ်။ ပင်းယစကြို သူမြတ်ကလည်း သူ့ကို အာပတ်သင့်အောင်ထပ်မလုပ်ဖို့မိန့်တယ်။ ရာဇာဓိရာဇ်က အင်းဝသားတွေကိုသတ်ဖြတ်ပြီး သူ့ကိုလာဆက်သတဲ့ သူ့လက်အောက်ငယ်သားတွေကို အရေးယူမယ်ဆိုတာကို စကြိုသူမြတ်ကလက်မခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကြိုသူမြတ် ကြောင့်သာ ရာဇာဓိရာဇ်ရဲ့ငယ်သားတွေ ကွပ်မျက်ခံရမယ်ဆိုရင် စကြိုသူမြတ် အာပတ်သင့်မှာမို့ပါ။ “သြော်…. ၀ိနည်းနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ရဟန်း သံဃာတော်များ အတော်လေးစားဖို့ကောင်းပါလား”။ တကယ်တမ်းစဉ်းစားကြည့်ရင် စကြိုသူမြတ်က အင်းဝသား(အင်းဝကကြွလာတာ)၊ ရာဇာဓိရာဇ်တို့က ဟံသာဝတီ၊ အဲဒီအချိန်က အင်းဝနဲ့ ဟံသာဝတီ စစ်ဖြစ်နေတဲ့အချိန်။ ဒါကို အင်းဝကကြွလာတဲ့ စကြိုသူမြတ်က အင်းဝကို တိုက်နေတဲ့ ဟံသာဝတီတပ်သားတွေကို သူတို့ဘုရင်က ကွပ်မျက်မယ်ဆိုတာကို ဟန့်တား တာ။ ကြည့်.. ရန်သူကိုတောင်မှ မေတ္တာထားတာ။ ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အရေးယူရင် ပင်းယစကြို သူမြတ်ကြောင့်ဆိုပြီး ဖြစ်မှာကို လက်မခံတာပါ။ နောက်ဆုံး ရာဇာဓိရာဇ်က အင်းဝကိုမတိုက်တော့ပါဘူးလို့ ပင်းယစကြိုသူမြတ်ကို ကတိပေးတယ်။ ပြီးတော့ ရာဇာဓိရာဇ်က ဘုရားကျောင်းတော်တဆောင်ဆောက်လုပ်ဖို့ ခွင့်တောင်းတော့ ပင်းယစကြိုသူမြတ်ကခွင့်ပြုတယ်။ ဒါနဲ့ ရာဇာဓိရာဇ်လည်း သူစီးလာတဲ့ ရွှေဖောင်တော်ကြီးကို ဖျက်ပြီး ရွှေကြယ်ယက်ဘုရားတံတိုင်းတော်မှာ ဘုရားကျောင်းတစ် ဆောင်ဆောက်လုပ်လှူဒါန်းပြီး ဟံသာဝတီအပြန်လမ်းမှာ ပုဂံမှာရှိတဲ့ဘုရားတွေဝင်ဖူးဦးမှာမို့ စကြိုသူမြတ်ကိုလည်းဘုရားဖူးလိုက်ဖို့ပင့်တော့စကြိုသူမြတ်လည်းလိုက်မယ်လို့ဂတိပြုတာပေါ့။ ဟံသာဝတီတပ်တွေ စစ်ကိုင်းကနေတပ်ဆုတ်ပြီး ဧရာဝတီမြစ်ရေနဲ့အတူ စုန်ဆင်းသွားတာကို မြင်တာနဲ့ အင်းဝဘုရင်မင်းခေါင်က ရာဇာဓိရာဇ်လှူထားတဲ့ ရွှေကြက်ယက်ဘုရားက ကျောင်း ဆောင်ကို မီးရှို့ဖျက်ဆီးခိုင်းတော့တာပဲ။ အဲဒီအချိန် ရာဇာဓိရာဇ်ရဲ့တပ်ကြီးတွေက သိပ်ဝေး ဝေးမရောက်သေးဘူး။ ဒီတော့ ရွှေကြက်ယက်ဘုရားဘက်က မီးခိုးလုံးတွေ တလိပ်လိပ်တက် လာတာကိုကြည့်ပြီး သူလှူထားတဲ့ကျောင်းဆောင်ကို ဘုရင်မင်းခေါင်မီးရှို့ပြီဆိုတာ ရာဇာ ဓိရာဇ် သဘောပေါက်တာပေါ့။ သူ့တပ်တွေကိုလည်း အင်းဝကိုပြန်လှည့်ခိုင်းပြီး အင်းဝကို ပြန်တိုက်ဖို့လုပ်နေပြီ။ စကြိုသူမြတ်လည်း ဘုရင်မင်းခေါင်လုပ်ရပ်ကြောင့် အတော်ကလေး စိတ်မကောင်းဖြစ်သွားပြီ။ ဒါပေမယ့် ရာဇာဓိရာဇ်ကို သြ၀ါဒစကား မြွက်ကြားပါတယ်။ “ဒကာ တော်အရှင်မင်းကြီး၊ မီးခဲကိုကိုင်သူဟာ မီးလောင်သလိုပဲ၊ အရှင်မင်းရေစက်ချလှူဒါန်းထားတဲ့ ကျောင်းဆောင်တော်ဟာ သာသနာပိုင်ဖြစ်သွားပြီ၊ သာသနာ့ပစ္စည်းကို ဖျက်ဆီးသူဟာ သူပြုတဲ့အကြောင်းအတိုင်း ပျက်စီးမှုအကျိုးကိုရတော့မယ်။ အရှင်မင်းကြီးရင်ထဲမှာဖြစ်ပေါ်နေ တဲ့ ကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ ပီတိစိတ်ကိုအပျက်စီးမခံပါနဲ့၊ ခန္တီတရားကိုသာလက်ကိုင် ထားပါ”လို့ဆုံးမတော်မူပါတယ်။ ရာဇာဓိရာဇ်လည်း စကြိုသူမြတ်ရဲ့ဆုံးမသြ၀ါဒစကား၊ ပြီးတော့ သမိန်ဗြဇ္ဇနဲ့ အမတ်ဒိန်တို့လို အမတ်ကြီးတွေကပါ အင်းဝကို အခုနေသွားတိုက်ရင် အကျိုးထက်အပြစ်ပိုများလိမ့်မယ့်အကြောင်း လျှောက်တင်တော့ ဒေါသပြေပြီး ဟံသာဝတီ ပြန်သွားပါတော့တယ်။
နိုင်ငံရေးကစားတဲ့ နေရာမှာ သာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့သူတွေဟာ အသုံးချခံဖြစ်သင့်ပါဘူးဆိုတဲ့အကြောင်းကို ပြောထားတဲ့ သမိုင်း အဖြစ်အပျက်လေးပါ။ အဲဒီလို မဟုတ်ဘဲ ဒီသာသနိကအဆောက်အအုံတွေနဲ့ အပြစ်မဲ့ပြည်သူတွေကိုထိပါးခဲ့ရင်တော့ စကြိုသူမြတ်ဟောသလို မီးခဲကိုကိုင်မိသူလိုဖြစ်ပြီး မီးလောင်ပါလိမ့်မယ်လို့သာ မျှဝေချင်ပါ တော့တယ်။
လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံတဲ့ စစ်သည်တော် သူရဲကောင်း လဂွန်းအိမ်
ရာဇာဓိရာဇ်လက်ထက်က ထင်ရှားခဲ့တဲ့ သူရဲကောင်းစစ်သည်တော်ပါ။ လဂွန်းအိမ် အကြောင်းပြောရရင်တော့ တော်တော်များပါတယ်။ ရဲစွမ်းသတ္တိရှိတယ်၊ စစ်သည်တော် ယောက်ျားကောင်းပီသတယ်၊ ဒါပေမယ့် သူ့ဘုရင်ကို ကလေးဆိုးလို ဆိုးပြတယ်။၊ ဘုရင်ကိုတောင် သူကပြန်ပြီး အချစ်စမ်းလိုက်သေးတယ်။ အန္တရာယ်များတဲ့စစ်ပွဲတစ်ပွဲ မတိုက်ရသေးခင်မှာ သုရှင် ရာဇာဓိရာဇ်နဲ့မိဖုရားက တပ်သားတွေကိုအားပေးတယ်။ ပြီးတော့ စစ်ထွက်မယ့်အချိန် လဂွန်းအိမ်တို့အိပ်ရာကမထ၊ ဘာဖြစ်လို့လဲလို့မေးတော့ အခုန သူတို့ စစ် သည်တော်တွေကိုလာအားပေးသွားတဲ့ သုရှင်ရာဇာဓိရာဇ် မိဖုရားကိုကြိုက်လို့၊ အဲဒီမိဖုရား အလှမှာယစ်မူးသွားလို့၊ အဲဒီမိဖုရားကို သူ့မပေးရင် သူ့ကိုသတ်ချင်သတ်၊ သူစစ်မထွက်ဘူး ဆိုတာကိုး။ အမတ်တွေလည်း ခေါင်းမီးတောက်ပြီး ရာဇာဓိရာဇ်ကိုလျှောက်တော့ ရာဇာဓိရာဇ်က ရုတ်တရက်တော့ ဒေါသထွက်တယ်။ ဒါပေမယ့် စစ်ဘုရင်ဆိုတော့လည်း စစ်သားကို ပိုအလေးထားသလားမဆိုနိုင်ပါဘူး။ သူ့မိဖုရားကို ဖောင်တော်နဲ့ လဂွန်းအိမ်ဆီကို ပို့လွှတ်လိုက်တယ်။ မိဖုရားကလည်းငိုလို့။ ကဲ..ကြည့်။ အဲဒီခေတ်က အမျိုးသမီးများ။ ဘုရင့် မိဖုရားဖြစ်ရတာတောင်….။ ထားပါတော့. ။ အဲဒီလိုနဲ့ လဂွန်းအိမ်ဆီရောက်လာတော့ လဂွန်း အိမ်က ဘုရင့်မိဖုရားသူ့ဆီလာပြီကိုသိတာနဲ့ သူ့တပ်သားတွေကိုခေါ်၊ ပန်းနဲ့အမွှေးနံ့သာတွေနဲ့ ကန်တော့ပွဲဆင်ပြီး မိဖုရားကိုကန်တော့တောင်းပန်၊ အခုတိုက်မယ့်တိုက်ပွဲက အန္တရာယ်အရမ်း ကြီးတာမို့ သုရှင်က သူ့ကို တကယ်ချစ်/မချစ်သိချင်လို့ သုရှင်ကိုအချစ်စမ်းတာပါ၊ တကယ် တော့ သူ့မှာ မိဖုရားကိုစော်ကားလိုစိတ်မရှိပါဘူးဆိုပြီး မိဖုရားကိုကန်တော့၊ ပြီးတော့ သုရှင် ရှိရာဒေသဖက်ကိုမှန်းဆပြီးကန်တော့…အဲဒီလိုပွဲခံတာ။ အဲဒါ လဂွန်းအိမ်။ အဓိကမျှဝေချင်တဲ့ အကြောင်းပဲပြောပါတော့မယ်။
အင်းဝနဲ့ဟံသာဝတီစစ်ပွဲက အနှစ်(၄၀)လုံးလုံးမနားတမ်းတိုက်နေတာမဟုတ်ဘူးလေ။ ငြိမ်းချမ်းရေးစကားဆိုတဲ့အချိန်ရှိတယ်၊ စစ်နားထားတဲ့အချိန်တွေလည်းရှိတယ်။ ထားပါတော့။ တစ်ခါတော့ အင်းဝဘက်က စစ်ပြေငြိမ်းဖို့ကမ်းလှမ်းတော့ ရာဇာဓိရာဇ်က သဘောတူတယ်။ အင်းဝတပ်သားတွေနဲ့ ဟံသာဝတီတပ်သားတွေက နှစ်ဖက်တပ်တွေကြားက သဲသောင်ပြင်မှာ နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး ဆွေးနွေးမယ်။ ပြီးရင်ငြိမ်းချမ်းရေးစာချုပ်ချုပ်မယ်ပေါ့။ အဲဒီပွဲကို ပဲခူးက အိမ်ရှင်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီပွဲအတွက် မဏ္ဍပ်ထိုးဖို့၊ အခင်းအကျင်း ပြင်ဆင်ဖို့နဲ့ စားရေးသောက်ရေးကိုတာဝန်ယူတယ်။ အဲဒီပွဲက ငြိမ်းချမ်းရေးပွဲဆိုတော့ နှစ်ဖက် စစ်သည်တော်တွေလက်နက်မယူလာရဘူးပေါ့။ ဒါပေမယ့် ရာဇာဓိရာဇ်က သူ့တပ်သားတွေကို အဲဒီပွဲကျင်းပမယ့်သဲသောင်ပြင်မှာ လက်နက်တွေကြိုမြှုပ်နှံထားဖို့မှာပြီးသား၊ အင်းဝတပ်သား တွေကိုရှင်းဖို့ပေါ့။ သစ္စာပြုမဏ္ဍပ်ဟာ ၂ဖက်တပ်ချထားရာနဲ့ နည်းနည်းလှမ်းတယ်။ နှစ်ဖက် မှူးမတ်တွေဟာ ရာထူးအဆင့်တူချင်း တတွဲစီတွဲပြီးသွားရသတဲ့။ အဲဒီပွဲမှာ လဂွန်းအိမ်နဲ့တွဲရ တဲ့ အင်းဝဘက်က မှူးမတ်က မိုးညှင်းသတိုးတဲ့။ အဲဒီမှာ မိုးညှင်းသတိုးက လဂွန်းအိမ်ကို “ခင်ဗျားလည်းစစ်သား၊ ကျွန်တော်လည်းစစ်သား၊ စစ်သားစကားပြောကြရအောင်၊ ဒီပွဲက တကယ်ရော ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့လုပ်တဲ့ပွဲလား”လို့ မေးပါသတဲ့။ အဲဒီမှာ ဇာတ်လိုက်ကျော်ကြီးလဂွန်းအိမ်က မိုးညှင်းသတိုးကို “ခင်ဗျားရူးနေလား၊ ခင်ဗျားတို့နဲ့ကျုပ်တို့ စစ်တိုက်နေတာ၊ စစ်သဘောမှာ အောင်မြင်မှုဆိုတာကလွဲလို့ တရားမျှတမှုဆိုတာရှိလို့လား၊ ခင်ဗျားကိုကျုပ်ရလည်း ခင်ဗျားကိုကျုပ်သတ်မှာပဲ၊ ကျုပ်ကိုခင်ဗျားရလည်း ကျုပ်ကို ခင်ဗျား သတ်မှာပဲ၊ စစ်တိုက်ရင်းပြုတဲ့သစ္စာဟာ ယုံကြည်ထိုက်တယ်လို့ ခင်ဗျားထင်နေတုန်းလား၊ ဒါဆိုခင်ဗျားရူးနေလို့ပေါ့ဗျာ”လို့ ခပ်ပြတ်ပြတ်ပြန်ပြော၊ မိုးညှင်းသတိုးကလည်း ပါးနပ်တော့ ချက်ချင်းပဲ သူတို့ခေါင်းဆောင် မြင်စိုင်းစားသရေစည်သူကို သွားပြောတော့ ရာဇာဓိရာဇ် အကြံမအောင်ဘဲပွဲပျက်၊ ရာဇာဓိရာဇ်က လဂွန်းအိမ်ကိုအမျက်ထွက်ပြီးကွပ်မျက်ဖို့မိန့်၊ ဒါပေမယ့် အမတ်ဒိန်တို့၊ သမိန်ဗြဇ္ဇတို့၊ မင်းကံစီတို့ ၊ အဲမွန်ဒယာတို့ ကယ်လို့ လဂွန်းအိမ်လွတ်ငြိမ်းချမ်းသာခွင့်ရ။ စာရေးသူမျှဝေချင်တဲ့လဂွန်းအိမ်အကြောင်းပါ။ “သူ့ဘုရင်ကို သူသိပ်ချစ်တယ်။ အရမ်းလည်း သစ္စာရှိတယ်။ ဒါပေမယ့် သူ့ဘုရင်လည်း သူ့အရှေ့မှာ မတရားတာ၊ မမှန်ကန်တာမလုပ်နဲ့၊ လဂွန်းအိမ်ကတော့ အသေသာခံလိုက်မယ်၊ သူ့ဘုရင်ကိုတော့ ရာဇ၀င်မှာ နာမည်အပျက်ခံမှာ မဟုတ်ဘူး”ဒီလိုစစ်သားမျိုး။ ရှာမှရှားတဲ့ အာဂစစ်သည်တော်။
ရာဇာဓိရာဇ်ကံကောင်းပါတယ်။ သူ့အနားမှာ အမတ်ဒိန်တို့လို၊ မင်းကံစီတို့လို၊ လဂွန်းအိမ်တို့လို ပုဂ္ဂိုလ်ကျော်တွေရှိနေတာ။ ဒါကြောင့်လည်း ရာမညတိုင်းဌာနမှာ ရာဇာဓိရာဇ်တို့ နာမည်ကျော် ခဲ့တာပေါ့။
စာရေးသူလည်းဒီနေရာမှာ အလျဉ်းသင့်လို့ ဗျတ်ဝိ၊ ဗျတ္တ တို့အကြောင်း ရေးချင်တာ ပေါ့။ တော်ကြာ “ဟာ..ဒီကောင်၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြီ”လို့အပြောခံရမှာစိုးလို့။ မရေး ချင်ဘဲနေမလားနော်… ပုဂံရာဇ၀င်ရဲ့ အာဂစစ်သည်တော်တွေပဲဟာ။ ပုဂါရာမ ပုဂံနေပြည် တော်ကြီးမှာ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းတောက်ပစေဖို့ သထုံဘုရင်မနူဟာဆီက ပိဋကတ်သုံးပုံပင့်ဖို့ ချီ ရာမှာ အသက်ပေးဆပ်ခဲ့ရတဲ့ မြန်မာမွတ်စလင်မ် စစ်သည်တော်ပဲဟာ။ ဗျတ္တက မွတ်စလင်မ်လို့မင်းဘယ်သူပြောတုန်းလို့မေးလာခဲ့ရင်တော့ သမိုင်းပါမောက္ခ(ငြိမ်း)၊ သမိုင်းပညာရှင် ဒေါက်တာခင်မောင်ညွန့် ကိုသာမေးကြည့်ကြပါ။ ပြီးခဲ့တဲ့လအနည်းငယ်က တော်ဝင်နှင်းဆီခန်းမမှာကျင်းပခဲ့တဲ့ ဦးရာရှစ်အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းလေးလည်း နားထောင်ကြည့်ကြပါ။ အခြားပညာရှင်တွေရေးတဲ့စာအုပ် စာတမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ တောင်ပြုန်းကိုလည်း သွားကြည့်ကြပါဦး။ ဗျတ္တရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ ရွှေဖျဉ်းညီနောင်(မင်းကြီးမင်းလေး)ကိုးကွယ်သူများက သူတို့ကိုးကွယ်တဲ့နတ်များက မွတ်စလင်မ်နတ်တွေဖြစ်လို့ဆိုပြီး ၀က်သားမစားကြပါဘူး။ တချို့များဆိုရင် “သောကြာနေ့ ဆိုရင် မင်းကြီး၊မင်းလေး နတ်နှစ်ပါးကို ပင့်လို့မရပါဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ဗလီသွားတက်နေကြလို့တဲ့…”ကဲ..အေးရော။
အခုဒီဆောင်းပါးမှာ စာရေးသူတင်ပြခဲ့တဲ့ သံဃာတော်၊ ရှင်ဘုရင်များ၊ အမတ်များ၊ သူရဲကောင်းများအစရှိတဲ့ ကောင်းမြတ်သောစံနမူနာယူထိုက်စရာ သံဃာတော်များနဲ့ ရှင်ဘုရင် များ၊ မင်းခလုလင်များ၊ စစ်သည်တော်များ စာရေးသူတို့မြန်မာပြည်မှာ များစွာပေါ်ထွန်း ခဲ့ပါတယ်။ စာရေးသူလက်လှမ်းမီရာကိုသာ ပြန်လည်မျှဝေခြင်းပါ။
အချုပ်အားဖြင့်တော့ သာလွန်မင်းတို့၊ မင်းတုန်းမင်းတို့လိုဘုရင်မျိုး၊ အမတ်ဒိန်တို့လို၊ ယောမင်းကြီးတို့လိုအမတ်မျိုး၊ လဂွန်းအိမ်တို့လိုစစ်သည်မျိုး၊ ရာဇကုမ္မာလို သားကောင်းသား မြတ်မျိုးတွေနဲ့သာ စာရေးသူတို့တိုင်းပြည်ကြီး ရှေ့ခရီးဆက်ရမည်ဆိုလျှင်တော့ စာရေးသူတို့ တိုင်းပြည်ကြီးဟာ “လောကနိဗ္ဗာန်ကဲ့သို့အလား” ထင်မှတ်မှားရပါလိမ့်မယ်။ မုဆိုး သောနုတ္တိုရ် လိုလူမျိုးတွေကိုတော့ ဝေးဝေးကရှောင်ရပါလိ့မ်မယ်လို့ အကြံပြု တိုက်တွန်းရင်း…။ ။
မှီငြမ်း
၁။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း (ဒေါက်တာနိုင်ပန်းလှမြန်မာပြန်)
၂။ တက္ကသိုလ်ဝင်တန်းနှင့် အဆင့်မြင့်တန်း (မြန်မာစာအထူးပြု)အတွက် မြန်မာစာနှင့် မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်း စာအုပ်များ
ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
M-Media
တင်မင်းထွဋ်
တိုင်းပြည်တစ်ပြည်တည်ထောင်ရာတွင် မတူကွဲပြားသောလူမျိုးစုံ အယူဝါဒကွဲပြားသူများကို စုရုံးကာ တည်ထောင်ခဲ့ကြရသည်။ စုရုံးမှုသည် အား တစ်ခုဟု မှတ်ယူသင့်ပေသည်။ စုရုံးမှုမှ စည်းလုံးညီညွတ်မှု ကို ရှရှိနိုင်ပေသည်။ ပြိုကွဲခြင်းများသည် စည်းလုံးညီညွတ်မှုပျက်သုဉ်းသောအခါ ပေါ်ပေါက်လာခဲ့သည်။ အနော်ရထာမင်းကြီးသည် အစုစုပြိုကွဲနေသော ပြည်နယ်များ လူမျိုးများကို စုရုံးကာ ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ စုစည်းမှု၏ တန်ဖိုးကို ကောင်းမွန်စွာအသုံးချတည်ဆောက်ခဲ့သည်။
ဆက်ခံရာ မင်းဆက်များ၏ သမိုင်းကို ပြန်လည်လေ့လာသော် သမိုင်းလှခဲ့သည့် မင်းများ၏ ဆောင်ရွက်လုပ်ဆောင်ခဲ့သည်များသည် အလွန်မှတ်သားဖွယ် အတုယူဖွယ်များ တွေ့ရသည်။ မြန်မာမင်းများ၏ အမှုတော်ထမ်းရွက်ရန် မင်းမှုထမ်းများ ခန့်ထားမှုများနှင့် ပတ်သက်ပြီး မင်းတုန်းမင်းတရားကြီး၏ လူမျိုးပေါင်းစုံ တာဝန်ခွဲဝေခံထားမှုကို ဦးဖေမောင်တင် (မဟာဝိဇ္ဇာ) ရေးသားပြုစုတဲ့ မြန်မာမင်း လက်ထက်တော် စာတမ်းများ စာမျက်နှာ (၃၃) တွင်အောက်ပါအတိုင်း ဖော်ပြထားသည်။ ဤကဲ့သို့ သမိုင်းအထောက်အထားများ၊ မှတ်တမ်းများ များစွာရှိနေပါသည်။ သို့သော် ဒီသမိုင်းအထောက်အထားကိုတော့ လူသိနည်းသေးသည်ဟု ယူဆသည့် အတွက် ပြန်လည်တူးဖော်ခြင်းဖြစ်ပါသည်။
ပုဏ္ဏားအမှုထမ်းများလည်း ပုဂံခေတ်မှစ၍ တွေ့ရှိလာရာ မင်းတုန်းမင်းလက်ထက်တော်၌ ခတ္တိယ၊ ဗြဟ္မဏ၊ သုဒ္ဓ၊ ဗိသျှ၊ ပုဏ္ဏားဖြူ ၁၀ဝ၊ ပုဏ္ဏားညို ၁၀ဝ၊ ဘိသိက်တော်ပုဏ္ဏား ၃၀ဝ၊ ရေကြည်တော်ခပ် ၁၀ဝ၊ ဂြိုဟ်စာကျွေး နတ်တင် ၁၀ဝ၊ ဇာတာတော်ဆေး ၁၀ဝ၊ ပုရောဟိတ် ၆၀၊ အခါပေး ၁၀ဝ ရှိ၏။
ကသည်းလူမျိုးအမှုထမ်းများမှာ လှေတော်တန်း၊ မြင်းစီးသူရဲတန်း၊ ယက်ကန်းတော်၊ဆတ္တာတော်၊ ခဝါတော်၊ အနှိပ်တော်၊ ရေကြည်တော် ပျော်ရာက အမှုတော်ထမ်းကြရသည်။
မြန်မာမူဆလင်အမျိုးသားများဖြစ်ကြသော ကင်းတားကုလားပျိုတပ် အမှုထမ်းတို့သည်
(၁)ရန်ပြိုအမြောက်
(၂)ရန်ပုံခွင်းအမြောက်
(၃)ရန်ကင်းအမြောက်
(၄)ရန်လင်းကြီးအမြောက်
(၅)လက်မနှိပ်အမြောက် စသော အမြောက်စုအမှုတော်ထမ်း၌ တသင်းတွင် လူ ၁၀ဝ၀ ခန့်အမှုတော် ထမ်းရွက်ကြရသည်။ ထို့ကြောင့်လည်း မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဘာသာရေးလွတ်လပ်မှုရရှိရုံမျှမက မင်းတရားကြီးကိုယ်တော်တိုင် ပလီများ ဆောက်လုပ် လှူဒါန်းခဲ့လေသည်။
မြေထူးကုလားအမှုထမ်းတို့မှာ ကုလားပျိုကင်းတားအမြောက်စစ်သည်တော်တို့ မိမိတို့တတ်စွမ်းရာက အမှုထမ်းကြရသည်။
အက္ကပတ်ကသည်းတို့မှာ မြင်းစီး ဓားခုတ် လှံထိုး စစ်သည်တော်အဖြစ် အမှုထမ်း၏။
ကလယ်အမှုထမ်းတို့မှာ ပန်းဘဲအလုပ်၊ ဆင်တော် မြင်းတော်ကကြိုးတန်ဆာလုပ် အမှုထမ်းများ ဝတ်ဆင်ရန် အဝတ်တန်ဆာအချုပ်အလုပ်၊ ကြေးသွန်း၊ ပန်းတဉ်း၊ မိမိတတ်စွမ်းရာကအမှုထမ်းရသည်။
ဝေသာလီအမှုထမ်းတို့မှာ ဖျာရက်၊ ရိုင်ရက်၊ ခြင်းကြားရက်၊ ပဒေသာတန်ဆောင်တန်လုပ်ဝါးနှင့် ဆိုင်ရာ မိမိတတ်ကျွမ်းရာက အမှုထမ်းကြရသည်။
ရှမ်းအမှုထမ်းဖြစ်ကြသော ကောင်းဟန်ရှမ်း၊ ယွန်းရှမ်း၊ ဓနုရှမ်း၊ ကဒူးရှမ်းတို့သည် လက်နက်ကိုင် စစ်သည်ဘက်၌ အမှုထမ်းကြပြီးပလောင်အမှုထမ်းတို့မှာ လက်ဖက်၊ သစ်ကြားသီး၊ သစ်အယ်၊ သစ်တို၊ လိမ္မော်၊ ဗကျာက် ဟူသမျှအလုပ်နှင့်စစ်မှုတွင် ထမ်းဆောင်ကြရသည်။
တရုတ်အမှုထမ်းတို့မှာ မုန့်တော်ဆက်၊ နဂါးတိုး၊ နရားအက၊ လက်သမား၊ ကျောက်သွေး စသောအမှုတော်ကို ထမ်းရသည်။ ကုလားတိမ်အမှုထမ်းတို့မှာ မီးပန်း မီးကျည် မီးနီ မီးဝါ မီးစိမ်း မီးပြာ မီးဖြူ မီးပန်းအလုပ်၊ မျက်လှည့်၊ ကြေးသွန်း၊ ယမ်းချက်၊ ယမ်းထောင်း၊ အမြောက်ဆံလုပ် အမှုတော်ထမ်းကြရသည်။ (ပေါ်တူဂီ စသော တိုင်းတပါးမှ လာရောက်သော လူမျိုးများကို ကုလားတိမ်ဟုဆိုလိုခြင်း ဖြစ်ပါသည်။)
မရမံအမှုထမ်းများမှာ ဘုရင်ကိုးကွယ်တော်မူသော ဆရာတော် သံဃာတော်များ၏ ကျောင်းဝစ္စပသာကုဋီများကိုသုတ်သင်ရသည်။ ယိုးဒယားအမှုထမ်းတို့မှာ အချက်အပြုတ်အလုပ်၊ ရေကြည်တော်ခပ်၊ ယိုးဒယားရာမဇာတ်ဖြင့် အမှုတော် ထမ်းကြရသည်။ မော်လမြိုင် ဒလဘက်အမှုထမ်းတို့မှာ သင်းဘောသမ္ဘန်လှေတော်လုပ် လက်သမား စသဖြင့် အမှုထမ်းကြရလေသည်။
ဤသို့ဖြင့် မြန်မာမင်းများ၏အုပ်ချုပ်စီမံပုံသည် သဘောထားပြည့်ဝ၍ လွတ်လပ်မှုရှိသည်။
ဆရာဦးဖေမောင်တင်၏ မြန်မာမင်းလက်ထက်တော်များ စာအုပ်တွင် ဤကဲ့သို့ ဖေါ်ပြပါရှိသကဲ့သို့ စာမျက်နှာ (၃၅)တွင် ပေးထားသောမှတ်ချက် ၁-၂ သည်လည်း စိတ်ဝင်စားဖွယ် တွေ့ရပြန်သည်။
(မှတ်ချက် ၁၊ ၂။ ။ဤယံ ကောင်စစ်ဂျင်နရယ်တို့ တည်းခိုသော အခွန်ဝန်မူလာအီဗရာဟင်၏ တိုက်နေရာသည် ယခုမန္တလေးမြို့ ၂၆ ဘီလမ်း၊ အာဇာနီလမ်း ရိုးကုမ္ပဏီတိုက်ပျက်ကြီး၏မြောက်ဖက် ဝင်းကြီးပင်ဖြစ်သည်။ စစ်မဖြစ်မီက မွတ်စလင်အမျိုးသား အထက်တန်းကျောင်းရှိသည်။ ယခုအခါ ကေဘီမော်တော်စတိုး ကားပျက်များထားသည်။ ဈေးချိုတော် မြောက်ဖက်တိုက်တန်းနှင့်ကပ်လျက် စူလတီဗလီ၌ သင်းချိုင်းဂူတခုတွင် မူလာအီဗရာဟင်၏သား မူလာအစ္စမံအလယ်သည် အဖရှိစဉ်ကပင် မင်းတရားကြီးလက်ထက်တော်၌ သူဌေးကြီးတို့အစီးအနင်းအဆောင်အရွက် မဟာဘောဂဓနရာဇာဘွဲ့နှင့်တကွ သူကောင်းပြုတော်မူသည်။ ယင်းနောက် သား မာန်အောင် ရတနာစေတီတော်ဒါယကာသီပေါဘုရင်လက်ထက်တော်တွင် အခွန်ဝန် အကောက်ဝန် လောကဗိမာန် လှေတော်အုပ် ကျောက်ရဲမြို့စား မင်းလှစည်သူ ဘွဲ့အမည် အရည်နှင့် သူကောင်းပြုတော်မူသည်။ နောက် မြန်မာနိုင်ငံတော်ကို အရှင်အင်္ဂလိပ်အစိုးရ မင်းတို့ သိမ်းပိုက်အုပ်စိုးတော်မူရာ လူကြီးလူကောင်းမှန်သည့် အတိုင်း ခန်ဘဟာဒူးဟူသောဘွဲ့ကို ပေးသနားတော်မူ၍ မင်းသုံးဆက်တိုင် ရာထူးဌာနန္တရအမျိုးမျိုး သူကောင်းပြုတော်မူခြင်းကို ခံစံရသောမူလာအစ္စမံအလ်သည် သက္ကရာဇ် ၁၂၀၃ ခု ဒုတိယဝါဆိုလဆန်း ၁၁ ရက် တနင်္ဂနွေဘွား အသက် ၆၆ နှစ် သက္ကရာဇ်၁၂၆၇ နတ်တော်လဆန်း ၂ ရက် တနင်းလာနေ့ နံနက် ၅ နာရီအချိန် ထွက်ကသွာအေလာဟီရှိသည့်အတိုင်း အသျှင်မြတ်အမိန့်တော်ကို ခံရလေသည်}}စသည်ဖြင့် ကျောက်စာ ရေးထိုးထားလေသည်။)
ထိုခေတ်ကာလသမိုင်းများ တစ်လျှောက်တွင်ပင် လူမျိုး ဘာသာထက် အရည်အချင်း အရည်အသွေးကို သာကြည့်၍ ဦးစားပေးရွေးချယ် ချီးမြှင့်မြှောက်စားခဲ့ကြကာ အရောင်အသွေးအစုံ ပြည်သူများ၏ ချစ်ကြည်လေးစားမှုကို မြန်မာဘုရင်များ ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံတော်သည် သူ့ကျွန်ဘ၀ရောက်ခဲ့သော်လည်း ကျွန်ဘ၀ရောက်တဲ့ နိုင်ငံအများစုထက် စော၍ လွတ်မြောက်ခဲ့သလို ကျွန်ပြုခံကာလတစ်လျှောက်လုံးတွင်လည်း တိုင်းရင်းသားပေါင်းစုံ၏ နည်းမျိုးစုံ တော်လှန်မှုများကို ကာလအစဉ်အဆက် နယ်ချဲ့ များ ရင်ဆိုင်ခဲ့ရသည်။
ယနေ့အချို့ ပြောကြသလို တိုင်းတပါးသား ကျူးကျော်သူများ ဆိုပါက မိမိနိုင်ငံကိုသာ မိမိ အသက်ပေးချစ်ကာ စွန့်လွတ်ကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ မူရင်းနေထိုင်သူ တိုင်းရင်းသားအားလုံးသည် သမိုင်းကာလတစ်လျှောက်လုံး မြန်မာမင်းများ၏ ပျိုးထောင်ပေးခဲ့သော မိမိတိုင်းပြည် မိမိနယ်မြေကို ချစ်စိတ် တန်ဖိုးထားစိတ်များကြောင့်သာ ယခု လို ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ သမိုင်းတွင် ပေးဆပ်ပြခဲ့သည် လုပ်ပြခဲ့သည် ဆိုသော စကားများသည် ၎င်းပုဂ္ဂိုလ်များ ကိုသာမက လူမျိုးအားလုံးကို စော်ကားသော စကားများပင်ဖြစ်သည်။ ပေးဆပ်ရဲသော လုပ်ရဲသောသတ္တိသည် လူတစ်ထောင်တွင် တစ်ယောက် မလုပ်နိုင်သော စိတ်ဓါတ်ဖြစ်သည်။ ပေးဆပ်ခြင်း၏ နောက်ကွယ်တွင် ဘ၀ပေါင်းများစွာ တန်ဖိုးထားမှုများစွာကို ပေးအပ်ခဲ့ရသည်ကို သိသင့်လှပေသည်။
သမိုင်းတွင် စုပေါင်း အား ကြောင့်သာ အောင်မြင်ခဲ့သည်များသာ ရှိပါသည်။ လူမျိုးတစ်မျိုးတည်း၏ တီထွင်မှုများကြောင့် ကမ္ဘာကြီး တိုးတက်မလာသည်ကို တွေ့မြင်နိုင်သလို ကူးလူးဆက်ဆံ ဖလှယ်ခြင်းကြောင့်သာ တိုးတက်လာခြင်းဖြစ်ပေသည်။
မြန်မာ့နိုင်ငံ၏ တိုးတက်မှုဏ္ဍစုံကို ပြန်လည်လေ့လာပါက နယ်ပယ်စုံတွင် ထူးချွန်ပြောင်မြောက်သူများသည် လူမျိုးစုံ အယူဝါဒစုံသူများ သာ ဖြစ်သည်။ စနစ်ဆိုးများ၏ အောက်တွင် ဘ၀သက်တမ်းတစ်ခုစာမျှ နေထိုင်ခဲ့ရသော မျိုးဆက်များသည် ဆိုးမွေများကို အများအပြား ရရှိခဲ့ကြပေသည်။
ဘက်နှစ်ဖက်ကိုကြည့်တတ်သော စိတ်ဓါတ်များ ပျက်သုဉ်းကာ တစ်ဖက်ဆွဲ စိတ်ဓါတ်များ ရင့်သန်လာခဲ့ကြသည်။ စနစ်၏ သားကောင်များ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရသည်။
တိုင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ စည်လုံးညီညွတ်ခြင်းကို ဘယ်တော့အခါမျှ မည်သည့်အာဏာရှင်များ မနှစ်မြို့ နိုင်ပေ။ ထိုင်ခုံများတည်မြဲရေးအတွက် မဟာလူမျိုးကြီးဝါဒသည် အာဏာရှင်များ၏အသုံးချ နည်းဗျူဟာများထဲမှ သည်းခြေအကြိုက်တစ်ခု ပေဖြစ်သည်။ နေရာဒေသ နိုင်ငံကွာခြားသော်လည်း အာဏာရှင်ကြီးများ အနည်းနဲ့ အများ ကျင့်သုံးခဲ့ကြသည်ကို သမိုင်းတွင် လေ့လာနိုင်ပေသည်။
ရွှေထီးဆောင်းခဲ့သည်များကို အရိုးဆွေးသည့်အထိ ပြန်လွမ်းနေခြင်း မဟုတ်သလို ဘာကြောင့် ရွှေထီးဆောင်းခဲ့ကြရသည်၊ ဘာကြောင့်ဇန်လျောခဲ့ကြသည် များကိုတော့ ပြန်လည် သုံးသပ်သင့်ပါက လေ့လာသင့်ပေသည်။ ကာလအပိုင်းအခြားကြောင့် ခေတ်ပြောင်းခဲ့ပင်မဲ့ အချို့ သမိုင်းများသည် တစ်ပတ်လည် လာသည်။ ထိုအခါ သမိုင်းထဲက အမှားများကို ပြန်လည်သုံးသပ်မှုမရှိကာ သမိုင်းဟောင်းများထဲက အမှားများအတိုင်း ပြန်လည်မကျူးလွန်ဖို့ကိုတော့ သတိပြုသင့်လှပေသည်။
တင်မင်းထွဋ်
၂၀-ဒီဇင်ဘာ-၂၀၁၂