News @ M-Media
Tag: Myanmar-Japan
  • မောင်တောအရေး သက်သေမရှိမချင်း မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း ဒေါ်စုပြော
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    35c705a2-1d75-4d04-afbf-b8a26b9b0ef5_cx0_cy8_cw0_w987_r1_s_r1
    ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ။
    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းနေတယ်ဆိုတဲ့ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံ တိုကျို မြို့ သတင်းထောက်များအသင်းမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရခိုင်ဒေသအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်မှု ထွက်ပေါ်နေချိန်မှာ အခုလိုပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။
    နိုဝင်ဘာ ၁ရက်နေ့က ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးကို စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၄ရက် သောကြာနေ့ ညနေပိုင်းမှာတော့ တိုကျိုမြို့ Chiyoda-ku မှာရှိတဲ့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး၊ ရခိုင်ဒေသအရေးကို ရှင်းလင်းပြောဆို သွားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဖြစ်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံ မူဆလင် တွေပေါ် အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
    “ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်မိဖို့ သိပ်ကို ဂရုတစိုက် လုပ်နေရပါတယ်။ အထူးသဖြင့် ဘယ်ကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိ တယ်ဆိုတာကို ခိုင်မာပြည့်စုံတဲ့ အထောက်အထား မတွေ့မချင်း သတိထားနေရပါတယ်။ နောက် သိကြတဲ့အတိုင်း မနေ့ကဘဲ ရှေ့တန်းက ရဲစခန်းတခု တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုတွေ စကတည်းက မူဆလင်တွေ သေဆုံးတာလည်း ရှိပါတယ် ”
    တရားဥပဒေနဲ့အညီ သက်သေအထောက်အထားတွေု သေချာစုံစမ်းစစ်ဆေးပြီးတာနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဘာမှဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ကျမတို့ ပြန်ကြားရေးဌာနမှာ အချက်အလက်တွေ အားလုံးရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ အပြစ်ရှိတယ်လို့ သက်သေမပြ နိုင်ခင်မှာတော့ အားလုံးဟာ အပြစ်မဲ့သူတွေလို့ သဘောထားပြီး တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ် ”
    ဒေသခံမူဆလင်တွေအပေါ် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်တွေ မီးရှို့တာတွေကို မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
    ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ၊ မြန်မာစစ်တပ်ဆီမှာ အာဏာတစုံတရာရှိနေတာကြောင့်၊ အခုဖြစ်ရပ်အတွက် မြန်မာ အစိုးရက ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြတာပါ။ ရခိုင်အရေးပြသနာပေါ် ဂျပန်အစိုးရရဲ့အမြင် နဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘ(ခေါ်) Hisao Tanabe က ခုလိုရှင်းပြပါတယ်။
    “ ဂျပန်အစိုးရ အနေနဲ့တော့ ဒါကိုအဓိကအားဖြင့် လူ့အခွင့်အရေးကိစ္စအနေနဲ့ ရှုမြင်သုံးသပ်နေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ဖက်ပိုင်း မောင်တော ဘူးသီးတောင်မှာ လူသတ်မှုတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာကို ဂျပန်အစိုးရ သိထားပါတယ်။ ဒါပေမယ့် ဒီလူမျိုးရေး ကိစ္စ ဒါမှမဟုတ် ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒါဟာ ကာယကံရှင် မြန်မာအစိုးရ ကသာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်၊ ဒါပေမယ့် ဥပမာ ဒီတိမ်းရှောင်ရေးစခန်းကို ရောက်လာသူတွေရဲ့ အစားအစာ မလုံလောက်တဲ့သူတွေရယ် ဆေးဝါးပစ္စည်း မရတဲ့သူတွေအတွက် အဲဒီလို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေပြီး ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ အသင့် ရှိတယ်လို့ ဂျပန်အစိုးရ ပြောနေပါတယ် ခင်ဗျ”
    ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို တိုကျို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ ဂျပန်ဧကရာဇ်ရဲ့ ဦးလေးတော်အိမ်ရှေ့မင်းသား Mikasa ရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့ဖြစ်ပြီး ဒီလိုအခြေအနေတွေကြား မှာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ ဂျပန်ဧကရာဇ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘက ခုလိုပြောပါတယ်။
    “ ဂျပန့်ဘုရင်က ဒေါ်စုနဲ့ တွေ့တယ်ဆိုတာ ထူးဆန်းတယ်၊ ပြီးတော့ ဂျပန်ဘုရင်ကြီး ဘာပြောသလဲဆိုရင် စစ်တွင်းခေတ်မှာတဲ့ ဂျပန်စစ်သား တွေက ခင်ဗျားတို့နိုင်ငံကို ၀င်ရောက်ပြီးတော့ အနှောက်အယှက်ပေးတာ အများကြီးရှိတယ် ကြားရပါတယ်တဲ့ …ဒါတောင် မြန်မာတွေက ဂျပန့်စစ်သားတွေကို ကူညီပေးတာမျိုးတွေ ရှိတယ်ကြားရပါတယ်တဲ့ .. အရမ်းကို ဝမ်းသာပါတယ်တဲ့၊ အဲလိုမျိုး ဂျပန်ဘုရင်ကြီးက ဒေါ်စုကို ပြောတယ်တဲ့ ..”
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ် မနက်ဖြန် စနေနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
    http://burmese.voanews.com/a/3580570.html
  • ဂျပန်-မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး ရခိုင် အရေးဆွေးနွေး
    ဂျပန်-မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး ရခိုင် အရေးဆွေးနွေး
    နိုဝင်ဘာ ၄ ၊ ၂၀၁၆
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကိုရောက်နေတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃-ရက် ဒီကနေ့မှာ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးနဲ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် တချိန်က သုတေသနလုပ်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလဲ လက်ခံရယူခဲ့ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ကြာသပတေးနေ့မှာတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ တိုကျိုမြို့မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေရေးအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဂျပန်အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်တယ်လို့ အဲဒီတွေ့ ဆုံပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kishida ပြောခဲ့ပါတယ်။
    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စံ တန်ဖိုးတွေ၊ အခြေခံ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း မျှဝေခံစား နေရတာကြောင့် မြန်မာနိုင်ငံဟာ ဂျပန်အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဂျပန်ရဲ့အစိုးရ ပိုင်းကရော ပုဂ္ဂလိက ပိုင်းကပါ မြန်မာနိုင်ငံကို ထောက်ပံ့ ကူညီသွားဖို့ ဆန္ဒရှိပါတယ်။”
    ဂျပန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့ဟာ မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသအရေးကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကတော့ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုကို တရားဥပဒေ စိုးမိုးရေးအခြေခံနဲ့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဘယ်လို အကြမ်းဖက်မှုပုံစံမျိုးကိုမှ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်း ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့နဲ့ ဒေသဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေဖို့အတွက် ဂျပန်နိုင်ငံသဘောင်္ အဟောင်း ၂ စင်းနဲ့ အသစ် တစင်းပေး အပ်ခဲ့ပါတယ်။
    နိုဝင်ဘာ ၂ ရက်နေ့တုန်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်မှာ JOCV (Japan Overseas Cooperation Voluteers) လို့ခေါ်တဲ့ ဂျပန်ရဲ့နိုင်ငံရပ်ခြား ပူးပေါင်းဆောင်ရေး စေတနာ့ဝန်ထမ်းအစီစဉ်တွေကို မြန်မာနိုင်ငံက စီးပွားရေး လူမှုရေးနယ်ပယ် အသီးသီးမှာ ကူညီသွားဖို့ကိုလဲ သဘောတူခဲ့ကြသလို၊ ဘီလူးချောင်းနဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံတွေအတွက် ဂျပန်ယမ်း (၁၀ ဒသမ ၈)ဘီလျံနီးပါး ချေးငွေပေးဖို့ သဘောတူခဲ့ပါတယ်။
    ကြာသပတေး မနက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်းလွဲပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့မြို့တော်ဟောင်း ကျိုတိုမှာရှိတဲ့ ကျိုတိုတက္ကသိုလ်ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်က ဘာ့ကြောင့်ဂုဏ်ပြုရသလဲ ဆိုတာနဲ့ပတ်သက်လို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီမြှင့်တဲ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာကျောင်းသား ဦးမျိုးမင်းဝင်းက ခုလိုပြောပါတယ်။
    b9f52834-4675-41e2-accd-768c3873fd74_w610_r1_s
    ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့် (MOI)
    “အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့အခွင့်အရေးတွေ ဒီမိုကရေစီအတွက်ကြိုးပမ်းနေတာတွေ စွမ်းစွမ်းတမံတွေဖြစ် တာတွေက တက္ကသိုလ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေက အများကြီး လူငယ်တွေအပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့လေ။ သက်ရောက်မှုရှိတဲ့အခါကျတော့ ကျိုတိုတက္ကသိုလ်အနေနဲ့ ခါတိုင်းဆိုရင် သိပ္ပံဆိုင်ရာဆုတွေပဲ ကျိုတိုတက္ကသိုလ်ကပေးခဲ့ရတဲ့အနေအထားကနေ ဒီကနေ့ကျတော့ ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒါ သိပ္ပံပညာရပ်ဆိုင်ရာ Academic ပိုင်းဆိုင်ရာမဟုတ်ဘူးပေါ့လေ။ ပညာရပ်ပိုင်းဆိုင်ရာမဟုတ်ပေမယ့် ဒီဟာကို ဒီနှစ်မှာပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြီးတော့ မေးမြန်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကလည်းမေးတယ်ပေါ့လေ၊ Academic နဲ့ ပဲပေးနေကျကို ဒါမျိုးပေးနေကျဟာကို ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်း နဲ့ လိုက်လျောညီထွေဖြစ်လားဆိုတာတွေကို မေးပြီးတော့ ကျောင်းကလည်း ဒါတွေက သက်ဆိုင်တယ်ဆိုတာတွေကို Science of Policy နဲ့Science of Peace ပေါ့လေ ဒါကလည်း Science တမျိုးပါပဲဆိုပြီးတော့ ဒါသိပ္ပံပညာသဘောပါပဲဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာပါ။”
    ဦးမျိုးမင်းဝင်းဟာ ဓါတုအင်ဂျင်နီယာ ဘာသာရပ်အတွက် ပါရဂူဘွဲ့ယူဖို့ ကျိုတိုတက္ကသိုလ်မှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသားဖြစ် ပါတယ်။ ကျိုတိုတက္ကသိုလ်မှာ ပညာတော်သင် မြန်မာကျောင်းသား ၄၀ နီးပါးရှိပြီး၊ ဒီကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တာနဲ့ ပတ်သက်ပြီးလဲ မြန်မာကျောင်းသား ဦးမျိုးမင်းဝင်းက ပြောပါတယ်။
    “ပြီးခါနီး ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာက အဓိက ဒီနိုင်ငံခြားကို ပညာတော်သင်အများကြီးလွှတ်တာနဲ့ ပတ်သက်ပြီးပြောသွားတယ်။ ပညာတော်သင်အများကြီးလွှတ်မယ်၊ လွှတ်တယ်ဆိုတဲ့နေရာမှာ အဓိက က ကိုယ်မြန်မာပြည်ကလာတယ်ဆိုတာလည်း ရဲရဲဝံ့ဝံ့ ဂုဏ်ယူပြီးတော့ ပြောရဲဖို့ နောက်တခုက ကိုယ့် အားနည်းတဲ့ စနစ်ကိုလည်း အမှန်အတိုင်းသိပြီးတော့ အားနည်းတယ်ဆိုတဲ့နေရာမှာ အားနည်းတယ်ဆိုပြီးတော့ လက်ညှိးထိုးအပြစ်တင်ဖို့မဟုတ်တဲ့ပုံစံမျိုးပြောတယ်။ နောက်ပြီးတော့ ဒီမှာအခွင့်အလမ်းရတုန်းကို အမိအရယူပြီးတော့ တိုင်းပြည်အတွက်ကောင်းကျိုးတွေကို သယ်ဆောင်ပေးခဲ့ဖို့ဆိုတဲ့ အဓိကတော့ အမေစုရဲ့ အဲဒါလေးပဲ အမေစုဆီက မြန်မာလိုလေးကြားခွင့်ရခဲ့တာပေါ့လေ။ ဒီနေ့ကတော့ English လို discuss လုပ်တာဆိုတော့ အမေစုရဲ့ဆုံးမစကားကတော့ အဲဒါလေးကို share ချင်လို့ပါ။”
    ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်တုန်းက ကျိုတိုတက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း သုတေသန စာတမ်းကို ပြုစုခဲ့တာ ဖြစ်ပါတယ်။
    မနက်ဖြန် သောကြာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဂျပန်ခရီးစဉ်နဲ့ပတ်သက်လို့ တိုကျိုမြို့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
    မူရင်းသတင်း Link => http://burmese.voanews.com/a/japan-myanmar-agree-to-stop-the-ethnic-conflict-/3577485.html
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ (၅) ရက်တာ ခရီးစဉ် စတင်
    နိုဝင်ဘာ ၁ ၊ ၂၀၁၆
    M-Media
    14938229_590902697776696_5171265251321282332_n
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ (၁-၁၁-၂၀၁၆) ရက်နေ့မှ (၅-၁၁-၂၀၁၆) ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် ယနေ့ ၀၇း၄၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။
    ref:Ministry of Foreign Affairs Myanmar
  • မြန်မာနိုင်ငံ၌ ဂျပန်နှင့် အိန္ဒိယသည် လက်တွဲဖော်များ ဖြစ်လာတော့မည်လော
    မြန်မာနိုင်ငံ၌ ဂျပန်နှင့် အိန္ဒိယသည် လက်တွဲဖော်များ ဖြစ်လာတော့မည်လော
    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media
    india
    – မြန်မာနိုင်ငံ၏ အတိုင်ပင်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏အစဉ်အလာဖြစ်သည့် ကြားနေနိုင်ငံခြားရေးမူဝါဒကို သူ့စကားအတိုင်း ပြန်လည်အားသစ်လောင်းရန် အထင်ကရ အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတို့အား ချိန်ခွင်လျှာညီမျှအောင် သတိထား၍ လျှောက်လှမ်းလျက်ရှိ၏။ ယခုရက်သတ္တပတ် ဒေါ်စုကြည်၏ အိန္ဒိယခရီးစဉ်ပြီးလျှင် ဘေဂျင်းနှင့် ၀ါရှင်တန်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
    မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်အကြား တည်ရှိနေခြင်းကြောင့် တည်နေရာ၊ ယဉ်ကျေးမှုနှင့် ပထ၀ီနိုင်ငံရေးအရ အဆိုပါ အင်အားကြီးနိုင်ငံနှစ်ခုစလုံး၏ ရေရှည်အကျိုးအတွက် အရေးပါနေပေသည်။
    ၁၉၈၀ ခုနှစ်များကစပြီး အမေရိကန်ဦးဆောင်သည့် ပိတ်ဆို့မှုများက သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံအား တရုတ်ပြည်၏ အရံသင့်စောင့်စားနေသောဗျူဟာအတွင်း တွန်းပို့လိုက်သလိုဖြစ်ခဲ့သည်။ ကန့်သတ်မှုမရှိသော ပိတ်ဆို့မှုများက မည်သည့်အခါမျှ အလုပ်မဖြစ်ခဲ့ပါ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် သူ၏ ၂၀၁၀ အိန္ဒိယခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အပြုသဘောဆောင် အိန္ဒိယ၏မူဝါဒအပေါ် ဝေဖန်ခဲ့သည်။ သို့သော် ပြည်တော်ပြန်ပြီး လအနည်းငယ်အကြာတွင် သူကိုယ်တိုင်က အလားတူခြေလှမ်းနောက်သို့ လိုက်ပါလျှောက်လှမ်းလိုက်ကြောင်း တွေ့ရလေသည်။ အမေရိကန်မူဝါဒအပြောင်းအလဲက မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား တွန်းအားကောင်းတစ်ရပ်ဖြစ်စေပြီး ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး ရပ်တန့်သွား၏။
    မြောက်ကိုးရီးယားအပေါ် ပိတ်ဆို့မှုနည်းလမ်းတစ်လမ်းတည်းကိုသာ တစိုက်မတ်မတ် အသုံးချခဲ့ရာမှ ဖြစ်ပေါ်လာသော သင်ခန်းစာအား အိုဘားမား၏အိမ်ဖြူတော်အစိုးရက ဥပေက္ခာပြုနေဆဲဖြစ်သည်။ မကြာသေးမီက မြောက်ကိုးရီးယားသည် ပဉ္စမမြောက်နှင့် စွမ်းအားအကြီးမားဆုံး နျူကလိယစမ်းသပ်မှု ပြုလုပ်နိုင်ခဲ့သည့်အပြင် ပြီးခဲ့သောသီတင်းပတ်ကလည်း မအောင်မြင်သည့် ဒုံးကျည်လွှတ်တင်စမ်းသပ်ချက်တစ်ရပ် ပြုလုပ်ခဲ့ပေသည်။
    လွန်ခဲ့သည့် ၇ လခန့် NLD ပါတီ အာဏာရရှိလာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး ပြည်ပခရီးစဉ် ထွက်ခဲ့၏။ ထိုခရီးစဉ်မှာ သူမ ပညာသင်ကြားလာခဲ့သည့် နယူးဒေလီ မဟုတ်ဘဲ ဘေဂျင်းမြို့တော် ဖြစ်နေသည်။ သူမ၏ရည်ရွယ်ချက်မှာ ယိုယွင်းစပြုလာသော တရုတ်ပြည်နှင့်ဆက်ဆံရေးအပေါ် ချောမွေ့ပြေလည်လာစေရန်ဖြစ်သည်။ တရုတ်တို့၏ထောက်ပံ့မှု ဒေါ်လာ ၃.၆ ဘီလီယံကိုသုံး၍ တည်ဆောက်သည့် မြစ်ဆုံဆည်စီမံကိန်းအား မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့လိုက်ရာမှ တရုတ်-မြန်မာ ဆက်ဆံရေး အေးစက်လာခဲ့သည်။ တရုတ်အမျိုးသားနေ့၏အကြိုနေ့တွင် ဆိုင်းငံ့လိုက်ခြင်းက ဘေဂျင်းအစိုးရအား ပေယျာလကန် ပြုရာရောက်သွား၏။ ပို၍ဆိုးသွာသည်မှာ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းစတင်ခြင်း၊ ပြင်ပကမ္ဘာနှင့် ပေါင်းစည်းခြင်း ဆောင်ရွက်ချက်များကြောင့် ဖြစ်သည်။
    မြစ်ဆုံစီမံကိန်းလုပ်ငန်းမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားပြီးသည့်နောက် မြန်မာနိုင်ငံအပေါ် တရုတ်ပြည်၏ဆက်ဆံရေးမှာ သိသိသာသာ အေးစက်သွားခဲ့သည်။ အခြားသော စွမ်းအင်နှင့် ဆည်စီမံကိန်းများများလည်း ခေတ္တရပ်တန့်လိုက်သည်။ သို့ပင်သို့ငြား ဘေဂျင်းအစိုးရသည် ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ မြန်မာအနောက်တံခါးမှ တရုတ်တောင်ပိုင်းသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုမူ ပြီးစီးအောင်မြင်သည်အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့၏။
    မြန်မာနိုင်ငံသည် ဒီမိုကရေစီအုပ်ချုပ်ရေး ရောင်နီသန်းလာသည်နှင့်အမျှ အင်အားကြီးနိုင်ငံများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို မျက်စေ့ကျလာစေသည်။ တရုတ်ပြည်သည်လည်း မိမိ၏ဗျူဟာနှင့် သယံဇာတအကျိုးအမြတ်အတွက် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏သတ္ထုတူးဖော်ခြင်းနှင့် အခြားစီမံကိန်းများကြောင့် ဖြစ်ပေါ်နေသော သဘာ၀၀န်းကျင်နှင့် လုပ်သားစားရိတ်ဆိုင်ရာ ပြဿနာများကို အလေးမထားဘဲ ဇွတ်တိုးလုပ်ဆောင်၍ မရနိုင်တော့ပေ။
    သို့သော် တရုတ်ပြည်သည် အခြားအင်အားကြီးနိုင်ငံမှန်သမျှထက် မြန်မာနိုင်ငံအပေါ် များစွာ လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ သမ္မတ ရှီကျင်းပင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းရန်၊ ၂၀၁၁ ခုနှစ် မျက်နှာပျက်ရခြင်းကဲ့သို့ မပြုမူရန် တွန်းအားပေးနေသည်။ ဒေါ်စုကြည်သည် တရုတ်၏ဖိအားကို ရှောင်လွှဲရန်အတွက် ဘေဂျင်းခရီးစဉ်မတိုင်မီ နိုင်ငံ့အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံနှင့် အခြားဆည်တာတမံစီမံကိန်းများအား ပြန်လည်သုံးသပ်မည့် အဖွဲ့ဝင် ၂၀ ဦးပါ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။
    တရုတ်ခရီးစဉ်ပြီးသည့်နောက် ဒေါ်စုကြည်သည် သူမ၏ ချိန်ခွင်လျှာထိန်းညှိရေးလုပ်ဆောင်ချက် တစ်စိတ်တစ်ဒေသအဖြစ် ၀ါရှင်တန်သို့ သွားရောက်သည်။ စက်တင်ဘာ ၁၄ ရက်နေ့တွင် အိမ်ဖြူတော်က သူမအား နွေးထွေးစွာ လက်ခံတွေ့ဆုံသည်။ များမကြာမီ အောက်တိုဘာ ၁၇ ရက်နေ့တွင် အိုဘားမားက မြန်မာနိုင်ငံအပေါ် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားလိုက်လေသည်။ သို့သော် စစ်တပ်နှင့်ဆက်နွှယ်နေသော ပိတ်ဆို့မှုများကိုမူ ဆက်လက်ထားရှိဆဲဖြစ်၏။
    ဒေါ်စုကြည်သည် အရေးပါသော ၀န်ကြီးများနှင့်အတူ အိန္ဒိယသို့သွား၍ ဂိုအာတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာထိပ်သီးတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။ နယူးဒေလီ၌ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီနှင့်လည်းကောင်း၊ ထိပ်ပိုင်းဆိုင်ရာအရာရှိများနှင့်လည်းကောင်း နှစ်ဖက်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
    သူမ၏ခရီးစဉ်မှာ “ဘင်္ဂလားပင်လယ်အော်အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာနှင့်စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး” (BIMSTEC) မှ အဖွဲ့ဝင်နိုင်ငံများသို့ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။ ဤဆွေးနွေးပွဲတွင် BRICS ဟုခေါ်ကြသည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက – နိုင်ငံငါးခုမှ ထိပ်သီးခေါင်းဆောင်များကိုပါ ပူးတွဲပါဝင်စေခဲ့သည်။ သို့ရှိရာ ဒေါ်စုကြည်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်ပြည်မှ ရှီကျင်းပင် အပါအ၀င် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များကို ဂိုအာမြို့တွင် တစ်ပေါင်းတစ်စုတည်း တွေ့ဆုံနိုင်ခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းတို့နှင့် နွေးထွေးသော ဆက်ဆံရေးရှိနေခြင်းကြောင့် BIMSTEC သည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများပူးပေါင်းဆောင်ရွက်ရေး (SAARC) ထက် ပိုမိုအားကောင်း ခိုင်မာနေ၏။ (SAARC) ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်နိုင်ငံမှ ခေါင်းထောင်စပြုနေသည့် အကြမ်းဖက်မှုကြောင့် ဒေသတွင်း၌ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများက မိမိတို့နယ်စပ်ဒေသများအတွင်း လတ်တလောဖြစ်ပေါ်နေသော အကြမ်းသမားတို့၏တိုက်ခိုက်မှုများမှာ ပါကစ္စတန်၏ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ၏လက်ချက်/အခင်းအကျင်းဖြစ်သည်ဟု စွပ်စွဲမှုအပြီး လာမည့်လ၌ အစ္စလာမဘတ်တွင် ကျင်းပတော့မည့် SAARC ထိပ်သီးဆွေးနွေးပွဲမှာ အဟောသိကံ ဖြစ်သွားရသည်။
    မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အရှေ့တံခါးဖြစ်သည်။ မြန်မာနိုင်ငံ နေပြည်တော်၌ ၂၀၁၄ နှစ်နှောင်းပိုင်းတွင် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆွေးနွေးတစ်ရပ် ကျင်းပခဲ့သည်။ ၎င်း၌ မိုဒီက အမေရိကန်ကျားကန်ပေးထားသော အိန္ဒိယ၏ အရှေ့တိုင်းအားပြုမူဝါဒကို ချပြခဲ့၏။
    ဒေါ်စုကြည်သည် အတိုက်အခံဘ၀၌ရှိနေစဉ် အိန္ဒိယသည် ဒေါ်စုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံအားပေးခဲ့သည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် အတိုက်အခံများစွာတို့ကို ခိုလှုံမှုနှင့် အကာအကွယ်ပေးခဲ့သည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအရ ပြန်လည်သင့်မြတ်စေရန်၊ မြန်မာနိုင်ငံအတွင်း တရုတ်၏ကြီးထွားနေသော ရိုက်ခတ်ချက်များ အရှိန်တန့်စေရန် သတိကြီးကြီးထားလျက် မြန်မာစစ်အစိုးရနှင့် ပြေလည်အောင် ဆက်ဆံခဲ့သည်။
    ယခုအခါ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်မှာ တရုတ်ပြည်နှင့်ပတ်သက်သော သပွတ်အူဆက်ဆံရေးအား ကိုင်တွယ်နိုင်ရန်ဖြစ်၏။ အိန္ဒိယ၏မြောက်ဖက်အိမ်နီးချင်းနိုင်ငံမှာ သမိုင်းကြောင်းအရ တိဘက်ဖြစ်၏၊ တရုတ်နိုင်ငံ မဟုတ်။ အလားတူ မြန်မာ့ခေတ်ဦးသမိုင်း၏အိမ်နီးချင်းနိုင်ငံမှာ သီးခြားရပ်တည်ခဲ့သော ယူနန်နယ်ဖြစ်ပြီး ၎င်းသည် ၁၉၅၀ ခုနှစ်အထိ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်မှု ရှိခဲ့သည်။
    အိန္ဒိယကဲ့သို့ မြန်မာသည်လည်း တရုတ်ပြည်၏ လက်လျှိုမှုစီးကြောင်းဖြစ်သော ပြည်တွင်းကွက်ကြားသူပုန်အုပ်စုများနှင့်ပတ်သက်၍ အချိန်အတန်ကြာအောင် ငြီးငြူခဲ့ရဖူးပြီ။ ထိုအုပ်စုအသီးသီးကို ဘေဂျင်းက ကျားကန်ပေးထားပြီး ၎င်း၏တန်ပြန်ကုတ်မောင်းသဖွယ် အသုံးပြုထား၏။ မြန်မာနိုင်ငံရှိ ဆယ်စုနှစ်ချီဖြစ်နေသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးမှာ ဘေဂျင်းသည် အဓိကပဲ့ထိန်း ဖြစ်နေသေးကြောင်း ဒေါ်စုကြည်က လူမျိုးစုရင်ကြားစေ့ခြင်း ခြေလှမ်းသစ်အတွင်း တရုတ်ပြည်အား အဓိကအခန်းကဏ္ဍ၌ ထည့်သွင်းခြင်းဖြင့် ပြသလိုက်သည်။ သို့ရာတွင် တရုတ်ပြည်သည် ဖျန်ဖြေသူနေရာတွင် ရှိနေလင့်ကစား ဒေါ်စုကြည်မှ နေပြည်တော်၌ ကမကထပြုဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးစုံညီပွဲသည် စက်တင်ဘာလဆန်းအတွင်း တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ရသည်။
    မြန်မာနိုင်ငံကို တရုတ်ပြည်က ၎င်း၏ မဟာဗျူဟာဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအလား သဘောထား၏။ ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းအား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် အမြင်ရှိ၏။ ၎င်းသည် အိန္ဒိယ၏ ပထ၀ီဆိုင်ရာ သဘာဝအားသာချက်အား အပိုင်းပိုင်း ဖြိုခွဲပစ်နိုင်၏။ မြန်မာ၏ဘင်္ဂလားပင်လယ်အော်ဆိပ်ကမ်းမြို့ဖြစ်သော ကျောက်ဖြူဒေသမှ တရုတ်ပြည်တောင်ပိုင်းသို့ စွမ်းအင်ပိုက်လိုင်းသစ် သွယ်တန်းခြင်းဖြင့် အခိုင်အမာ ခြေကုပ်ယူထားပြီးဖြစ်သည်။ ယခုသော် ဘေဂျင်းသည် တရုတ်နယ်စပ်နှင့် မနီးမဝေးနေရာမှ တောင်ဖက်စူးစူး အိန္ဒိယသမုဒ္ဒရာသို့ စီးဆင်းနေသည့် မြန်မာ့ဧရာဝတီမြစ်ကြောင်းအားဖြင့် ပိုမိုတိုတောင်း၍ ကုန်ကျစားရိတ်ကျဉ်းမြောင်းသော ဥရောပကုန်သွယ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပေသည်။
    ဤနောက်ကွယ်အခင်းအကျင်းအား ဟန့်တားနိုင်ရန် အိန္ဒိယသည် မြန်မာနိုင်ငံကို ဥပေက္ခာမပြုဘဲ ၎င်း၏ စီမံကိန်းများနှင့် မဖြစ်မေနေ တရွေ့ရွေ့ တိုးဝင်အကောင်အထည်ဖော်နိုင်ပေသည်။ ဂျပန်နှင့် ပူးပေါင်းလက်တွဲ၍ မြန်မာနိုင်ငံထဲတွင် ဖျတ်လတ်တက်ကြွစွာ င်ရောက်ဆောင်ရွက်မှ ရပေမည်။ ရန်ကုန်အရှေ့တောင်ပိုင်း သီလ၀ါစက်မှုဇုန်ကြီးက ဈေးကွက်သစ်ဖော်ဆောင်နိုင်ခြင်းနှင့် တရုတ်ပြည်ကို ရင်ဘောင်တန်းခြင်းဆိုင်ရာ ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုစစ်ဆင်ရေးအား ဖော်ကျူးနေပေသည်။
    မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသော အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံခြင်း၊ ပုန်ကန်မှုနှိမ်နှင်းခြင်း၌ မြန်မာနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတွင်းရှိ အရေးပါသော စီမံကိန်းများ၌ ဂျပန်နှင့် မိတ်ဖက်ပြုလက်တွဲခြင်းက တရုတ်၏သြဇာဆန့်တန်းမှု လျော့ကျစေရေးအတွက်လည်းကောင်း၊ ၎င်းပြင် ဒေါ်စုကြည်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြားနေ၊ ချိန်ဆ၊ အခြေခံကျကျအဖြေရှာရေးအစီအစဉ်ကိုလည်းကောင်း အထောက်အကူဖြစ်စေနိုင်ပါလိမ့်မည်။
    (ဖြည့်စွက်စာကြွင်း – ဒေါ်အောင်ဆန်းစုကြည်သည် များမကြာမီ ဂျပန်ခရီးစဉ် ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်)
    (The Japan Times ၏ ဖော်ပြချက်ဖြစ်သော Brahma Chellaney ၏ အတွေးအမြင်ဆောင်းပါး Why Japan and India must be partners in Myanmar ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဆောင်းပါးရှင် Brahma Chellaney သည် ဘာလင်မြို့ရှိ Robert Bosch Academy မှ Richard von Weizsacker အဖွဲ့ဝင်တစ်ဦးနှင့် နယူးဒေလီရှိ မူဝါဒရေးရာသုတေသနစင်တာမှ သေနင်္ဂဗျူဟာလေ့လာရေးပါမောက္ခ ဖြစ်သည်။)
  • MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?
    MPC ကြောင့် မြန်မာ-ဂျပန်ဆက်ဆံရေး ထိခိုက်သွားနိုင်မလား ?
    ဧပြီ ၂၊ ၂၀၁၆
    M-Media
    NLD
    – ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရသစ် နေရာယူ ၀င်ရောက်လာခြင်းနဲ့ တကွ ဂျပန်နဲ့မြန်မာ ဆက်ဆံရေးဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဆီ ရောက်ရှိသွားပါတယ်။
    နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလလွန်ပြီးနောက် အဲ့ဒီနေ့မှာပဲ ဒေါ်စုကြည်ရဲ့ အဓိကလူယုံတစ်ဦးဖြစ်တဲ့ ဦးထင်ကျော်က နိုင်ငံတော် သမ္မတအဖြစ် တာဝန်ရယူခဲ့တယ်။
    ဒေါ်စုကြည်က နိုင်ငံခြားရေးဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးနေရာလေးခုကို ရယူလိုက်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူမကို သမ္မတဖြစ်စေမှုမှ တားဆီးထားပေမယ့်လည်း အာဏာရ NLD ပါတီရဲ့ဦးစီးအနေနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ပူးတွဲတာဝန် ယူလိုက်ကြောင်း ထင်ရှားသွားစေပါတယ်။
    မြန်မာ-ဂျပန်ဆက်ဆံရေးကို သူမအနေနဲ့ ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆိုတာတော့ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။
    သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အမည်ခံအရပ်သားအစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်နိုင်ဖို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ တိုကျိုအစိုးရက ပြည်ပအကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ၀ိုင်းရံပေးခဲ့တယ်။
    ၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးကနေ အကူးအပြောင်းလုပ်လာကတည်းက မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ နီးပါးရှိလာပြီး ၆ ဆထိတိုးလာခဲ့တယ်လို့ Japan External Trade Organization (JETRO) စာရင်းဇယားမှာ ဖော်ပြထားပါတယ်။
    ယမန်နှစ်က ဂျပန်ရော အခြားနိုင်ငံများပါ ၀င်ရောက်ရင်းနှီးလုပ်ကိုင်နိုင်ဖို့အတွက် ရန်ကုန်အနီး သီလ၀ါအထူးစီးပွားရေးဇုံကို ဂျပန်အကူအညီနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်။
    အလားတူ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ မြို့ပြစီမံကိန်းများမှာ ချေးငွေနဲ့အကူအညီ ယန်း ၁၀၀ ဘီလီယံ ပေးနိုင်ဖို့ ဒေါ်စုကြည်ရဲ့မေတ္တာရပ်ခံချက်အရ ဂျပန်ဖက်က စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။
    ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှရေးရာဋ္ဌာနမှာ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်စုကြည်ဟာ ပိုမိုပွင့်လင်းမြင်သာသောနည်းလမ်းနဲ့ စီးပွားရေးကဏ္ဍကို ဖော်ဆောင်လိမ့်မယ်လို့ ဂျပန်ကုမ္ပဏီများက အပြင်းစား မျှော်လင့်လျက် ရှိနေပါတယ်။
    ဒါပေမယ့် မြန်မာလူထုအကျိုးကို ပထမဦးစားပေးစဉ်းစားသွားမယ်လို့ အဖန်တလဲလဲ ပြောဆိုထားတဲ့ NLD အစိုးရရဲ့ မူဘောင်အတွင်းက ကုမ္ပဏီများအနေနဲ့ ရေလိုက်ငါးလိုက် လုပ်ကိုင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ တိုကျိုက အာဆီယံ-ဂျပန်စင်တာရဲ့ ထိပ်တန်းစီမံကိန်း အရာရှိ Sayaka Hirose က ဆိုပါတယ်။
    NLD မှာ ပြီးပြည့်စုံတဲ့ မူဝါဒတစ်ရပ် မရှိသေးတာကြောင့် ဒီမျှော်မှန်းချက်က မှေးမှိန်နေဦးမှာဖြစ်ပြီး အစိုးရအသိုင်းအ၀ိုင်းကို အပြောင်းအလဲလုပ်ဖို့ အတိုင်းအတာတစ်ရပ်အထိ အချိန်ယူရဦးမှာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြပါတယ်။
    “မြန်မာနိုင်ငံကို ဂျပန်ကုမ္ပဏီတွေ ထပ်ဝင်ကြဦးမယ်၊ တစ်ချို့ကတော့ စောင့်ကြည့်ဗျူဟာကို လက်ကိုင်ပြုပြီး အစိုးရသစ် အသက်ဝင်လာတဲ့အထိ အချိန်ယူသွားနိုင်မယ်လို့ ကျွန်တော် ထင်မြင်ပါတယ်” လို့ JETRO က Toshihiro Mizutani က ဆိုပါတယ်။
    အဓိကကျတဲ့ စိန်ခေါ်ချက်တစ်ရပ်ကတော့ NLD အစိုးရကို စစ်တပ်က ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ပေးမလဲ ဆိုတာပါပဲ။
    စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပိတ်ဆို့မှုကို အမေရိကန်က ထိန်းသိမ်းထားဆဲဖြစ်တယ်။ ဒါက အမေရိကန်နဲ့ လုပ်ငန်းများလုပ်ဆောင်နေတဲ့ ကုမ္ပဏီအားလုံးနီးပါးအတွက် ကြောက်စရာ အဟန့်အတားကြီးတစ်ရပ်ပါ။
    တိုကျိုက ဆိုဖီယာတက္ကသိုလ်ရဲ့ ပါမောက္ခ Kei Nemoto ကလည်း ဒီပိတ်ဆို့မှုတွေကို စစ်တပ်အပေါ် အနီးကပ်စောင့်ကြည့်ခြင်းနဲ့ အတူ ဖြည်းဖြည်းချင်း ဖြေလျော့ပေးသွားသင့်တယ်ဆိုပြီး ပြောကြားနေဆဲဖြစ်ပါတယ်။
    ရင်းနှီးမြှုပ်နှံမှုရဲ့ ပြင်ပနယ်ပယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရဟောင်းကျောထောက်နောက်ခံပြုပြီး အကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာန MPC နဲ့ပတ်သက်လို့ တိုကျိုအပေါ် အာဏာရ NLD ပါတီတွင်းက ဝေဖန်မှုအချို့ ရှိနေပါတယ်။
    အဲ့ဒီဋ္ဌာနရဲ့ ပင်တိုင်အလှူရှင်ထဲမှာ ဂျပန်အစိုးရလည်း အပါအ၀င်ဖြစ်တယ်။ NGO တစ်ခုဖြစ်တဲ့ Nippon Foundation က အဆိုပါလုပ်ငန်းဆောင်တာများအတွက် ငွေကြေးထောက်ပံ့ရေးမှာ အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ ဆောင်ရွက်ပေးထားပါတယ်။
    အစိုးရဟောင်းလက်အောက်မှာ ထိန်းချုပ်ကိုင်တွယ်ခံထားရတဲ့ အဆိုပါငြိမ်းချမ်းရေး လုပ်ငန်းစဉ် နည်းလမ်း အပေါ် ဒေါ်စုကြည် က ဝေဖန်ထားကြောင်း ဆစ်ဒနီ lowy Institute ရဲ့ အရှေ့တောင်အာရှရေးရာသုတေသီ Aaron L. Connelly က ဆိုပါတယ်။ MPC ဟာ အကျင့်ပျက်ခြစားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဲ့ဒီထဲက စီးဝင်လာတဲ့ နိုင်ငံခြားငွေကြေးစာရင်းအင်းတွေကို စစ်ဆေးစိစစ်ဖို့ လိုအပ်နေတယ်လို့ ဒေါ်စုကြည်ရဲ့ထိပ်တန်းလူယုံတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ပြောကြားချက်ကို သူက ထောက်ပြထားပါတယ်။
    “ဂျပန်ဟာ MPC ကနေတဆင့် သြဇာလွှမ်းမိုးအောင် ကြိုးစားနေတယ်ဆိုပြီး NLD ပါတီအတွင်းမှာ ထင်မြင်ချက်တစ်ရပ် ရှိနေပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေအပေါ် NLD အနေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ့်ပုံဟန်က ဂျပန်-မြန်မာဆက်ဆံရေးကို ပုံဖော်သွားနိုင်ပါတယ်” လို့ Connelly က သုံးသပ်လိုက်ပါတယ်။
    (Jesse Johnson နှင့် Ayako Mie ရေးသားသော Japan Times ၏ သုံးသပ်ချက်ဆောင်းပါး New Myanmar government brings challenges for Tokyo ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။)
    ဖြည့်စွက်ချက် – လက်ရှိ MPC အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးတင်မောင်သန်းမှ Centre for Peace and Development အမည်ဖြစ် အဖွဲ့အသစ်ခွဲထွက်ပြီး လက်ရှိ MPC အဖွဲ့တွင် ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးတို့ ကျန်ခဲ့ပြီး MPC နှစ်ခြမ်းကွဲတော့မည့် အနေအထားကို မတ်လ ၂၁ ရက်နေ့က BBC ရဲ့ သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။
    နောက်ဆုံးကြားသိရတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းများအရ မတ်လ ၃၁ ရက်နေ့တွင် Myanmar Peace Center ကို ဖျက်သိမ်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေပါတယ်။