News @ M-Media

Tag: Myanmar-Japan

  • မြန်မာအစိုးရသစ်လက်ထက်တွင် ဂျပန်နိုင်ငံက အကူအညီ အမြောက်အများပေးရန် ရှိနေ

    မြန်မာအစိုးရသစ်လက်ထက်တွင် ဂျပန်နိုင်ငံက အကူအညီ အမြောက်အများပေးရန် ရှိနေ

    မတ် ၇၊ ၂၀၁၆
    M-Media

    daw su 2

    – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးနှင့် မြို့ပြစီမံကိန်းတို့ကဲ့သို့ ကဏ္ဍများတွင် ကြီးမားသည့် အကူအညီများပေးရန် ဂျပန်အစိုးရက စဉ်းစားနေသည်ဟု အစိုးရနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ ဧပြီလတွင် အစိုးရအား ဦးဆောင်မည့် အခြေအနေ ရှိနေသည့်အချိန်တွင် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ODA အဖြစ် ဂျပန်နိုင်ငံက ယန်း ဘီလီယံ ၁၀၀ ဖိုး ချေးငွေများနှင့် ကတိက၀တ်များ ပေးအပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

    ထို့ပြင် အခြားသောနိုင်ငံများက အကူအညီမပေးခင်အလျင် ဇွန်လ၀န်းကျင်၌ ဂျပန်မှာ NLD အစိုးရနှင့် ထိုကိစ္စအတွက် ဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ အသေးစိတ်စီမံကိန်းများကို ချမှတ်ရန်လည်း စီစဉ်နေသည်။

    စစ်အာဏာရှင်၏ ဖိနှိပ်မှုကို ခံခဲ့ရစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံလာခဲ့သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒေါ်စုအစိုးရအား အကူအညီပေးရန် အစီအစဉ်ရှိနေပြီး၊ စစ်အာဏာရှင်လက်ထက်တွင် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည့် တရုတ်နိုင်ငံကလည်း အစိုးရသစ်ထံ ချဉ်းကပ်ချင်နေသည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အထူးအကြံပေး ဟီရိုတို အိဇုမိ သူမထံ လာရောက်လည်ပတ်စဉ်က ဂျပန်နိုင်ငံ၏ အကူအညီကို တောင်းခံခဲ့ခြင်းဖြစ်သည်။

    ဂျပန်နိုင်ငံမှ ပေးအပ်ဖွယ်ရှိသည့် ODA အကူအညီများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ရန်ကုန်ဧရိယာတွင် သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးရေးတို့ ပါဝင်မည်ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မြစ်ချောင်းများတွင် ရေကြောင်းပို့ဆောင်ရေး စနစ်တစ်ခု ဖော်ဆောင်ရန် စိတ်ကူးကိုလည်း ပြောပြခဲ့သည်ဟု ဂျပန်အစိုးရနှင့် နီးစပ်သည့်ရင်းမြစ်က ဆိုသည်။ NLD မှာ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုလည်း တိုးတက်ရန် ရည်ရွယ်နေပြီး ဂျပန်ကလည်း ထိုကဏ္ဍတွင် ပါဝင်ဖွယ်ရှိနေသည်။

    ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေး အိဇုမိကမူ မိမိတို့အစိုးရမှာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ၏ တကယ့်ခေါင်းဆောင်အဖြစ် ရှုမြင်ရန် စဉ်းစားထားသည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Japantimes

  • မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    japan

    – အလျင်အမြန်တိုးတက်လာသော မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ အတိုးနည်း နှစ်ရှည်ချေးငွေ ယန်း ၉၉.၈၅ ဘီလီယံ (ကန်ဒေါ်လာ ၈၁၂.၃၅ သန်း) ထုတ်ပေးသွားမည်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ကတိပြုခဲ့သည်။

    မြန်မာသမ္မတ ဦးသိန်းစိန်အား တိုကျိုမြို့၌တွေ့ဆုံစဉ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပမာဏထဲမှ ကန်ဒေါ်လာ ၃၃၄.၅၀ သန်းမှာ မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးမှု ကွန်ယက် ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ ၂၇၅.၅၅ သန်းမှာ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့နှင့် ကုန်လမ်းဖြင့် ဆက်နေသော အရှေ့-အနောက် ကုန်သွယ်ရေး ပူးပေါင်းလမ်းမကြီးမှ မြန်မာနိုင်ငံဘက်ခြမ်း တိုးတက်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ကျန်ရှိသည့် ကန်ဒေါ်လာ ၂၀၂.၃၀ သန်းမှာ ရန်ကုန်ရှိ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းနှင့် ပတ်သက်မည်ဖြစ်သည်။

    သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုအတွင်း အာဘေးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ဂျပန်ကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော ဂျပန်ကုမ္ပဏီများမှာ ၂၀၁၂ ခုနှစ်တွင် ၅၆ ခုသာ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၁၆၈ ခုအထိ တိုးလာခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

    မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်များအတွက် စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာမြင့်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ ပါင်းဆောင်ရွက်ရေးအတွက်လည်း အတည်ပြုခဲ့ကြသည်။

    Ref: Nikkei

  • အိန္ဒိယ၊ ဂျပန် ‘Soft Power’  နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    အိန္ဒိယ၊ ဂျပန် ‘Soft Power’ နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    ဧပြီ ၁၄ ၊ ၂၀၁၅
    M-Media
    MYANMAR-ASEAN-DIPLOMACY
    ချစ်ကြည်မှုတိုးမြှင့်လာနေတဲ့ နိုင်ငံနှစ်ခုက မြန်မာနိုင်ငံထဲ အတူတစ်ကွ ပူးပေါင်းလုပ်ကိုင်မှုမှာ အတိုင်းအတာတစ်ရပ်အထိ အခွင့်အလမ်းရှာမှုတွေ ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက အစိုးသစ်နဲ့အတူ – စီးပွားရေးပုံပြောင်းလုပ်ငန်းစဉ်နဲ့အတူ မြန်မာနိုင်ငံကို ယခုချိန်မှာ အာရှရဲ့ကြားစခန်းစားကျက်သစ် သို့မဟုတ် နောက်ဆုံးစားကျက်အဖြစ် သတ်မှတ်ထားကြတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးတိုးမြှင့်မှု အလားအလာရှိနေလို့ပါပဲ။

    တရုတ်နိုင်ငံရဲ့ဦးဆောင်နေခြင်းနဲ့တစ်ကွ နိုင်ငံအများအပြားဟာ မြန်မာနိုင်ငံထဲ ခြေလှမ်းကျွံနေပြီ ဖြစ်တယ်။ တရုတ်သြဇာကတော့ ကုန်သွယ်ရေးမှာဖြစ်စေ အကူအညီမှာဖြစ်စေ ကျောထောက်နောက်ခံဖွံ့ဖြိုးရေးမှာဖြစ်စေ အသိသာဆုံး အလွှမ်းမိုးဆုံးပါပဲ။ သို့တစေ မြန်မာလူဦးရေအတော်များများက တရုတ်ပြည်ကို မြန်မာ့သဘာဝရင်းမြစ်တွေအပေါ် ဖျက်ဆီးတဲ့ လက်ဝါးကြီးအုပ်လိုသူအဖြစ်အမြင်ရှိလာကြပြီး ဘေဂျင်းကို မျက်မုန်းကျိုးလာကြပါပြီ။ တရုတ်မြန်မာနယ်စပ် တစ်လျှောက် ကိုးကန့်နယ်က လက်ရှိတိုက်ပွဲများဟာ နှစ်ပင်လိမ်ပတ်သက်မှုကို ဆင့်ကဲရှုပ်ထွေးခက်ခဲသွားစေပါတယ်။

    ခုဆိုရင် မြန်မာပြည်က စီးပွားရေးတံခါးဖွင့်လို့ ကမ္ဘာ့နိုင်ငံများစွာကို အခိုင်အမာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ခေါ်ယူနေ တယ်။ နိုင်ငံများစွာအနက် စင်္ကာပူ၊ ဂျပန်နဲ့ အိန္ဒိယတို့က အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး နယ်ပယ်မှာ ခြေလှမ်းကျဲပြီး ခိုင်မာလျက်ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အလားတူကိစ္စနဲ့အလေးထားနေသူကတော့ အာရှဘီလူးများဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယတို့ ဖြစ်ကြတယ်။

    ဂျပန်ခြေလှမ်း
    ————-
    အမေရိကန်ဖိအားအောက်က ဂျပန်ဟာ မြန်မာစစ်အာဏာရှင် အုပ်ချုပ်ရေး ကာလများအတွင်း ပိတ်ဆို့မှုတွေ၊ အထောက်အပံ့ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့သော်လည်း တိုကျိုအနေနဲ့ လုံးလုံးလျားလျား အဆက်ဖြတ်ခြင်း မပြုခဲ့ပါဘူး။ သီးခြားသံတမန်နည်းလမ်းတွေ၊ ပုဂ္ဂလအဆက်အသွယ်တွေအားဖြင့် ရန်ကုန်က အာဏာပိုင်များ၊ စီးပွားရေးကွန်ရက်များကို ထိန်းသိမ်းထားခဲ့တယ်။ မြို့တော်သစ်နေပြည်တော်နဲ့လည်း ထိုနည်းလည်းကောင်း ၂၀၀၅ ခုနှစ်ကတည်းကပါပဲ။ စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးနဲ့ အစားထိုးလိုက်တဲ့အခါ ဂျပန်က မြန်မာပြည်ကို ပြန်လည်ထောက်ပံ့ခဲ့တယ်။ တကယ်တမ်းဆိုရယင် ဂျပန်က မြန်မာပြည်ရဲ့ ကာလရှည် အလှူရှင် ဖြစ်နေပြီးသားပါ။ မြန်မာနိုင်ငံဟာ  ၁၉၅၄ ခုနှစ်ကစပြီး ဂျပန်ဆီက စစ်လျော်ကြေး ပထမဆုံးရရှိတဲ့ အရှေ့တောင်အာရှ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ အထောက်အပံ့ အဆက်အသွယ် အခိုင်အမာရှိခဲ့တယ်။ အရပ်သားအစိုးရတက်လာတဲ့အခါ တိုကျိုမှ အကြွေး ဒေါ်လာ ၃ ဘီလီယံနီးပါးထိ လျှော်ခဲ့ပြီးတဲ့အပြင် နိုင်ငံ့ကျောထောက်နောက်ခံ စီမံကိန်းများအတွက် အတိုင်းအတာတစ်ရပ် ထုတ်ချေးမယ်လို့လည်း ကတိပြုခဲ့တယ်။ ဂျပန်ရဲ့အကြီးစားကူညီမှု ပမာဏကို ပြည်တွင်း ရထားလမ်းစနစ်၊ ကျန်းမာရေး လိုအပ်ချက်နဲ့ အခြား လူမှုဖူလုံးရေး ကဏ္ဍတွေမှာ ကူညီဖို့လျာထားတာဖြစ်တယ်။

    တစ်ချိန်တည်းမှာပဲ လက်ရှိနှစ်များ အတွင်း ဂျပန်နိုင်ငံရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း ဖြည်းဖြည်းနဲ့မှန်မှန် မြင့်မားလာတာဟာ တရုတ်ကို မှီလုမှီခင် ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်မှာ ဂျပန့်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၅၅.၇ သန်းဖြစ်ခဲ့လို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၆.၉ သန်းနဲ့ သိပ်မကွာလှတာ တွေ့ရတယ်။ မကြာသေးမီက မြန်မာနိုင်ငံထဲ လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ချပေးတဲ့ နိုင်ငံခြားဘဏ် ၉ ခုမှာ Bank of Tokyo-Mitsubishi UFJ (BTMU)၊ Sumitomo Mitsui Banking Corp၊ Mizuho Bank – ဂျပန်ဘဏ်သုံးခု ပါဝင်နေပါတယ်။ ဒီဘဏ်သုံးခုဟာ ဂျပန်ထောက်ကူရေးအေဂျင်စီဖြစ်တဲ့ Japan International Cooperation Agency (JICA)နဲ့ အတူလက်တွဲပြီး ရန်ကုန်မြို့ပြင် သီလ၀ါ အထူး စီးပွားရေးဇုံမြှင့်တင်ရေးမှာ ဆောင်ရွက်ကြမှာဖြစ်တယ်။ JICA က ၀န်ထမ်း ၃၅ ဦးနဲ့အတူ မြန်မာနိုင်ငံထဲ အထင်ကရ ရောက်ရှိနေပြီး သူ့ရဲ့ထောက်ပံ့မှုသာ မြင့်မားနေတာကိုတွေ့ရတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်တဲ့ ဂျပန်ကော်ပိုရေးရှင်းတွေအဖို့ အမြတ်ထွက်ရေးကို ဦးတည်ဖွယ်ရှိပါတယ်။

    အိန္ဒိယ၀င်ရောက်မှု
    —————–
    လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး အိန္ဒိယဟာ မြန်မာနိုင်ငံထဲ တစိမ့်စိမ့်နဲ့ လမ်းဖောက်နေခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံကနေ ၂၀၁၃-၂၀၁၄ မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ တန်ဖိုးမြင့်တက်သွားတယ်။ ဒီကိန်းဂဏန်းအရ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၃ ဘီလံယံအထိ မြင့်တက်ပြီး ၂၀၂၀ ခုနှစ်မတိုင်မီ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

    ONGC Videsh and GAIL ကဲ့သို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ အပါအ၀င် အိန္ဒိယကုမ္ပဏီ တစ်ချို့ကလည်း မြန်မာနိုင်ငံထဲမှာ လုပ်ကိုင် လည်ပတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ State Bank of India, Bank of India နဲ့ Exim Bank of India လို့ဘဏ်များကလည်း သူတို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ထားပြီဖြစ်တယ်။

    အိန္ဒိယကတော့ ကုန်သွယ်မှုဆက်ဆံရေးမှာ ဂျပန်လို ကန့်သတ်တာမျိုး မလုပ်ထားပါဘူး။ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦကဏ္ဍများမှာ ဒေလီဖက်က တိုးဝင်နေပါတယ်။ မကြာသေးမီက အိန္ဒိယဟာ မြန်မာကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဖို့၊ မြန်မာ့ကုန်သွယ်ရေးအရာရှိများကိုလည်း WTO အချက်အလက်များဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့  ကူညီပေးခဲ့တယ်။

    မြန်မာနိုင်ငံရဲ့ မဟာဗျူဟာတည်နေရာကြောင့် ဂျပန်နဲ့အိန္ဒိယ နှစ်နိုင်ငံစလုံးက စီးပွားရေးအရ စိတ်ဝင်စားမှုရှိနေကြတယ်။  “အရှေ့မျှော်ဝါဒ”ကနေ အိန္ဒိယလက်ရှိအစိုးရသဘောထားဖြစ်တဲ့ “အရှေ့တိုင်းဆန်ဝါဒ” မူဟန်အရ မြန်မာနိုင်ငံနဲ့ ရင်းနှီးမှုနဲ့ အဆက်အသွယ် ခိုင်မာအောင် မတည်ဆောက်ဘဲ ခြေလှမ်းစသူ ပြုလုပ်မှာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်။ ၁၉၈၇ မှ ၂၀၁၁ ခုနှစ်အတွင်း သူဟာ မြန်မာပြည်ကို ပထမဆုံးတရားဝင်လာရောက်ခဲ့တဲ့ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်ပါတယ်။ သူဟာ ဆက်တိုက်ဆိုသလို ၂၀၁၄ ခုနှစ်မှာ BIMSTEC ဘင်းစတက်ထိပ်သီးညီလာခံအကြောင်းနဲ့ လာရောက်ခဲ့ပြန်တယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်ဖို့ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီက မြန်မာပြည်ကိုလာရောက်ပြီး အပြန်အလှန်လည်ပတ်မှုခရီးစဉ်လည်း ထပ်မံ ဖြစ်လာဖွယ်ရှိပါတယ်။

    ပါဝါအပျော့နှစ်ရပ်ပူးပေါင်းမှု
    —————————-
    တခါ အိန္ဒိယ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးက လွန်ခဲ့တဲ့ဆယ်စုနှစ်များကတည်းက ခိုင်မာနေခဲ့ပြီး ဖြစ်တယ်။ သူတို့ရဲ့အမြင်မှာ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စတွေလည်း ပါဝင်ကြတယ်။ ၂၀၁၄ စက်တင်ဘာလက ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ ဂျပန်သွားလည်တဲ့အခါ အိမ်ရှင်ဂျပန်ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုရရှိခဲ့တာဟာ သူတို့ရဲ့ချစ်ကြည်ရေး နက်ရှိုင်းခိုင်မာမှုကို ထပ်မံဖော်ကျူးလိုက်ခြင်း ဖြစ်ပါတယ်။

    နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံအပေါ် ဗျူဟာပိုင်းအရ စိတ်ဝင်စားမှုတွေ ရှိနေကြတယ်။ ဒါကြောင့် ဘယ်လိုစစ်ရေးပူးပေါင်းမှုမျိုးမဆို တရုတ်ပြည်နဲ့တင်းမာအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲ အခြားကဏ္ဍများအကြောင်းပြုပြီး ဂျပန်နဲ့အိန္ဒိယတို့ ပါဝါပေါင်းစပ်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။

    JICA က အိန္ဒိယအရှေ့မြောက်ပိုင်းနယ်ရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံလျက်ရှိတယ်။ အဲ့ဒီဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေယုံသာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်မှုမှာလည်း ကောင်းကွက်ရသွားစေနိုင်ပါတယ်။

    စီးပွားရေးအပြင် ပညာရေး၊ ယဉ်ကျေးမှု စတဲ့ တခြားကဏ္ဍများမှာ မြန်မာပြည်ကိုကူညီမှုက ဂျပန်နဲ့ အိန္ဒိယအတွက် ရေရှည်အကျိုးအမြတ် ရနိုင်ပြီး၊ စီးပွားရေးအပါအ၀င် အခြားပူးပေါင်းမှုပုံဟန် အစပျိုးမှုအတွက် အသုံးဝင်တဲ့ ပလက်ဖောင်းတစ်ခု ရစေမှာလည်း ဖြစ်ပါတယ်။ လေ့ကျင့်သင်တန်းပေး အစီအစဉ်များအားဖြင့် အိန္ဒိယနဲ့ဂျပန်က မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အကူအညီပေးလာပါလိမ့်မယ်။ အခြားဖြစ်နိုင်ချေ ကဏ္ဍများကတော့ အရှေ့အိန္ဒိယကနေ မြန်မာအထိ ဗုဒ္ဓဘာသာဝင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဖြစ်ပါမယ်။ ဒီသုံးနိုင်ငံအကြား အခရာကျတဲ့ အချိတ်အဆက်က ဗုဒ္ဓ၀ါဒ ဖြစ်နေလို့ပါပဲ။ ဘိဟာရ်နယ်က နာလန္ဒတက္ကသိုလ် ပြန်လည်ထူထောင်ရေးအတွက် ဂျပန်က ဗုံးပေါလအော ကူညီပေးထားခဲ့တယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာနိုင်ငံထဲ ဗုဒ္ဓ၀ါဒအထူးပြု ကမ္ဘာ့အဆင့်မီသုတေသနစင်တာတွေ ထူထောင်ဖို့ ပူးပေါင်းလာနိုင်ပါတယ်။

    တတိယနိုင်ငံ တစ်ခုအတွင်း ဂျပန်-အိန္ဒိယပူးပေါင်း လက်တွဲမှုက အကောင်အထည်တော့ မပေါ်လွင်လှသေးပါဘူး။ အဲ့ဒီအရေး စတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံက နေရာကောင်းတစ်ခု ဖြစ်ပုံရပါတယ်။ တကယ်တော့ အိန္ဒိယနဲ့ဂျပန်အကြား ထပ်တူကျ မဟာဗျူဟာ တိုးချဲ့ရေး ဆိုတဲ့ မြင်ကွင်းအနှစ်သာရ ပေါ်လွင်နေပါတယ်။ သူတို့တစ်တွေရဲ့ကူညီမှုများဟာ ပမာဏ ကွာခြားနေသည့်တိုင် သဘောသဘာဝနဲ့ အနေအထားက ဆင်တူနေကြောင်း တွေ့မြင်နိုင်ပါလိမ့်မယ်။

    xxxxxxxxxxxxxxxxxxxxxxxx

    ဆောင်းပါးရှင်များဖြစ်တဲ့ Purnendra Jain ဟာ Adelaide တက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးဖြစ်ပြီး၊ Tridivesh Singh Maini ကတော့ The Jindal School of International Affairs, Sonepat နဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ အကြီးတန်းသုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

    ——————–

    Ref : India-Japan ‘Soft Power’ Cooperation in Myanmar ; The Diplomat
    မြန်မာပြန် – မြင့်မိုရ်မောင်မောင်

    ဓါတ်ပုံ ရှင်းလင်းလင်းချက်-  November 13, 2014 တွင်နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချူပ် အာဘေးနှင့် အိန္ဒိယဝန်ကြီးချူပ် မိုဒီတို့အား တွေ့ရစဉ်
    Photo Credit- gettyimages

  • ရထားပို့ဆောင်ရေးနှင့် ဆေးရုံများ အဆင်မြှင့်ရန် ဂျပန်မှမြန်မာသို့ ဒေါ်လာ ၇၈ သန်းကျော် ထောက်ပံ့

    မတ် ၂၄၊ ၂၀၁၄
    M-Media

    460x
    ဂျပန် ဝန်ကြီးချူပ် နှင့် သမ္မတဦးသိန်းစိန် ၂၀၁၃ ခုနှစ် မေ ၂၆ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် Photo-AP

    – ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ရထား ပို့ဆောင်ရေး လုပ်ငန်းနှင့် ဆေးရုံများ အဆင့်မြှင့်တင်ရန်အတွက် ဒေါ်လာ ၇၈ သန်း (ယန်း သန်း ၈၀၀၀) ထောက်ပံ့ပေးအပ်သွားမည်ဟု သိရသည်။

    ဂျပန်ဝန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီယိုကီရှီဒါမှာ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့် တွေ့ဆုံရန် ရှိနေပြီး၊ မီးရထားလမ်းကြောင်း စောင့်ကြည့်ရေးစနစ် တည်ဆောက်ရန်နှင့် ဆေးရုံများတွင် ခေတ်မီစက် ကိရိယာများ စမ်းသပ်တပ်ဆင်ရန်တို့ အတွက် ဂျပန်ယန်း သန်း ၈၀၀၀ ခန့် ထောက်ပံ့ငွေ ပေးအပ်သွားရန် ရှိနေသည်ဟု နှစ်နိုင်ငံ အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်များအရ သိရသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

    နှစ်နိုင်ငံဆက်ဆံရေး အားကောင်းစေရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေသည့် ဂျပန်စီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ရန် အတွက် စုစုပေါင်း ဂျပန် ယန်း ဘီလီယံ ၁၆၀ (ဒေါ်လာသန်း ၁၅၀၀ ကျော်) ပေးအပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက ကတိပြုထားသည်။

    မြန်မာအစိုးရတို့နှင့် တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသားများအား ဖမ်ဆီးမှုများကို ဖြေရှင်းရန် အတွက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံ၏ ထောက်ခံမှုရရှိရန် ဂျန်နိုင်ငံက မျှော်လင့်နေသည်။ ထို့ပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း သေဆုံးသွားခဲ့သည့် ဂျပန်စစ်သားများ၏ ရုပ်ကြွင်း တူးဖော်ရေးလုပ်ငန်းများအား မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကီရှီဒါက ဆွေးနွေးသွားမည်ဟု ကျိုဒိုသတင်းဌာနက ထည့်သွင်းဖော်ပြထားသည်။

    ကိုးကား ကျိုဒိုသတင်းဌာန

  • ရာသီဥတုဆိုင်ရာ ရေဒါစခန်းများ ဖွင့်လှစ်ရန် မြန်မာအား ဒေါ်လာ သန်း ၄၀ ဂျပန်ကူညီမည်

    ရာသီဥတုဆိုင်ရာ ရေဒါစခန်းများ ဖွင့်လှစ်ရန် မြန်မာအား ဒေါ်လာ သန်း ၄၀ ဂျပန်ကူညီမည်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media

    – မြန်မာနိုင်ငံတွင် မိုးလေ၀သရေဒါစခန်း ၃ ခုနှင့် ရာသီဥတု စောင့်ကြည့် လေ့လာရေးစခန်း ၃၀ ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံက ကန်ဒေါ်လာ သန်း ၄၀ ကူညီထောက်ပံ့မည်ဟု နိုင်ငံပိုင် မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံရှိ ရာသီဥတု ကြိုတင် သတိပေးချက်စနစ်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံက ထိုကဲ့သို့ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ၄ နှစ် သတ်မှတ်ထားသည့် ထိုပရောဂျက်အား ၂၀၁၄ ခုနှစ်တွင်စတင်ကာ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်မည်ဖြစ်သည်ဟု နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် မိုးလေ၀သ စောင့်ကြည့်ရေးနှင့် သတင်း အချက်အလက် ရယူရေး စနစ် အဆင့်မြှင့်တင်ရေး ပရောဂျက် အလုပ်ရုံဆွေးနွေးပွဲတွင် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုများအပြင် ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိပြီး ခေတ်မီကိရိယာများနှင့် နည်းစနစ်များ တပ်ဆင်ထားသည့် မိုးလေ၀သ စောင့်ကြည့်ရေး စင်တာ တစ်ခု တည်ဆောက်ရန်အတွက် ပဏာမ လုပ်ဆောင်မှုများကိုလည်း ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ပေးလျက်ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယခင်ကလည်း ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာနိုင်ငံ၏ မိုးလေ၀သ ခန့်မှန်းရေး ဆောင်ရွက်မှုအား အဆင့်မြှင့်တင်ရန် အတွက် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် ရေဒါစနစ်များ တပ်ဆင်ပေးခဲ့ဖူးသည်။

    Ref: ဆင်ဟွာ