News @ M-Media

Tag: Myanmar Law

  • နိုင်ငံတကာ ကျောင်းတွေ နဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ပြဿနာ

    နိုင်ငံတကာ ကျောင်းတွေ နဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ပြဿနာ

    Copy illustration image

    မေ ၃ ၊ ၂၀၁၇
    ရဲခေါင်ထွေး ရေးသည်။

    ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိလို့ Horizon International school ကျောင်းကို ပညာရေး ၀န်ကြီးဌာနက တရားစွဲ ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။

    အဲဒီ သတင်းမှာ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်မရှိပဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သာကေတ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ဧပြီလ ၂၈ ရက်နေ့မှာ အမှု့ဖွင့်တိုင်တန်းထားတယ်ဆိုပြီး မေလ ၂ ရက်နေ့ထုတ် The Voice Daily news နဲ့ The Voice website (http://thevoicemyanmar.com/news/8147-kpk ) တို့မှာ ဖေါ်ပြ ထားတာကို တွေ့ရတယ်။ အလားတူ အခြားသော ဂျာနယ် တစ်ချို့မှာလည်း ဖေါ်ပြထားတာကို တွေ့ရတယ်။

    အဲဒီမှာ တွေ့ရတာက ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကို ” ၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာလဆန်းက အတည်ပြုခဲ့တာ ဖြစ်ပြီး ယင်း ဥပဒေ အခန်း(၆) တားမြစ်ချက်များ၊ အခန်းပါ ပုဒ်မ (၂၈) တွင် ‘ မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ် မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ’ ဟု ပြဌာန်းထားသည်”-တဲ့။

    ရုတ်တရက် ကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ သာမာန်အားဖြင့်တော့ လိုင်စင်မှ မရှိတာ။ တရားစွဲဆိုခံရမှာပေါ့ လို့ ထင်ကြမှာပဲ။ ဒါပေမဲ့ –

    ကိုယ်ပိုင်ကျောင်းဆိုတာ ဘာလဲ ? မည်သူမျှ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လိုင်စင်မရှိပဲ ဆိုတာ ဘာလဲ? သေခြာ အဓိပ္ပါယ် ဖွင့်ဆိုဖို့ . . . . . သေခြာ စဉ်းစားဖို့ လိုပါလိမ့်မယ်။

    ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေလက်စွဲမှာ ‘ကိုယ်ပိုင်ကျောင်း’ ဆိုသည်မှာ ကို ရှင်းရှင်းလင်းလင်း ရေးထားပြီးသား ဖြစ်ပါတယ်။

    အခန်း (၁) အမည်နဲ့ အဓိပ္ပါယ် ဖေါ်ပြချက် ၊ ၂ (က) မှာ –

    #ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ပညာရေး ၀န်ကြီးဌာနက သတ်မှတ်သော အခြေခံပညာသင်ရိုးညွှန်းတမ်း နှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်း ဖြစ်စေ၊ အဆိုပါ ဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာ ကျောင်း ကို ဆိုသည်။”

    လို့ ရှင်းရှင်းလင်းလင်း ရေးထားတယ်။

    အဲဒီတော့ Horizon ကျောင်းတွေဟာ (ကျွန်တော်သိရသလောက်) ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားတဲ့ သင်ရိုး ညွှန်း တမ်းကို သင်ကြားပေးခြင်းလည်း မရှိဘူး။ သင်ရိုး မာတိကာတွေကလည်း အစိုးရ အခြေခံပညာကျောင်းက ဘာသာရပ်တွေ အတိုင်း လေ့ကျင့်ပေးခြင်းလည်း မရှိဘူး။ ထပ်ဆောင်းပေးခြင်းလည်း မရှိဘူး။ ကိုယ်သတ်မှတ်ထားတဲ့ နိုင်ငံတကာ အဆင့်မီ သင်ရိုးအတိုင်းသာ သင်ပေးနေခြင်း ဖြစ်တယ်။ အဲဒီကျောင်းက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းကိုသာ သင်ကြား ပေးတဲ့ ကျောင်းဖြစ်တယ်ဆိုတာကိုလည်း ကျောင်းသားမိဘတိုင်းက အသိပဲ ဖြစ်တယ်။ အဲဒီ courses တွေနဲ့ သင်လာတာ လဲ ၁၇ နှစ်လောက် ရှိပါပီ။

    တကယ်တမ်းပြောရယင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း ဥပဒေကလည်း ပညာရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ သင်ရိုးညွန်း တမ်းနဲ့ သင်ပေးတဲ့ကျောင်းတွေနဲ့ပဲ သက်ဆိုင်လို့ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေထဲမှာ ပါတဲ့ ပြဌာန်းချက်တွေနဲ့ အကျုံးမ၀င်တဲ့အတွက် မှတ်ပုံတင်ဖို့တောင် မလိုအပ်ပါဘူး။ ကိုယ်ပိုင်ကျောင်း ဥပဒေ အရလည်း ဘယ် international school မှ မှတ်ပုံတင်လို့ မရသေးပါဘူး။

    ၂၀၁၆ ခုနှစ်ထဲမှာ ရေးထားပြီး  မပြဋ္ဌာန်းရသေးတဲ့ နည်းဥပဒေ မူကြမ်း အတည်ပြုပြီးတဲ့နောက်မှာတော့ ဖြစ်လာနိုင် စရာ ရှိပေမဲ့ international schools တွေအနေနဲ့က မြန်မာနိုင်ငံပညာရေးဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေကို သင်နေတာ မဟုတ်တော့ မှတ်ပုံတင်စရာ မလိုသလို တင်ချင်ရင်လည်း တင်လို့ မရသေးဘူးဆိုတာတော့ လူတိုင်း နားလည်ကြမယ်လို့ ထင်ပါတယ်။

    ကျွန်တော် မေးမြန်းကြည့်တော့ အဲဒီ Horizon ကျောင်းတွေဟာ နိုင်ငံတကာ ပညာရေး သင်ရိုးညွှန်းတမ်းများဖြစ်တဲ့ IGCSE , IB စတဲ့ ဒီပလိုမာ သင်တန်းတွေကိုသာ ပေးပါတယ်။ ကမ္ဘာမှာ ဂုဏ်သတင်းကျော်ကြားတဲ့ IB (International Baccalaureate® ) ဒီပလိုမာကို အောင်မြင်စွာပေးနိုင်တဲ့ ကျောင်းဆိုလို့ မြန်မာနိုင်ငံမှာ Horizon နဲ့ ISY ကျောင်းတွေပဲ ရှိပါသေးတယ်။

    အဲဒါအပြင် Horizon ကျောင်းတွေက UK နိုင်ငံ Cambridge University ရဲ့ IGCSE Exam Centre အဖြစ် အသိမှတ်ပြုထားတဲ့ ကျောင်းလည်း ဖြစ်နေတယ်။ ဒါဆိုရင် Horizon ကျောင်းက UK နိုင်ငံ Cambridge University ရဲ့ IGCSE Exam Centre နဲ့ပဲ သက်ဆိုင်နေတာကို သွားတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ စာစစ်ဌာနနဲ့တောင်မှ မသက်ဆိုင်ပါဘူး။ သင်လည်းမသင်ဘူး။ အောင်လက် မှတ်လည်း မထုတ်ပေးဘူး။

    အဲဒါကို လွယ်လွယ်ကူကူ နားလည်နိုင်ဖို့ ပြောရယင် အလွတ်ကျက် (Parrot Learning) ကိုထိုးဖောက်ပြီး ကိုယ်ပိုင် တွေး တော စဉ်းစားတီထွင်နိုင်တဲ့ (Creative Learning) နည်းစနစ်နဲ့ ကလေးတွေကို တီထွင်တွေး ဖြစ်အောင် သင်ကြား ပေး နေတဲ့ ကျောင်းပါ။

    ကိုယ်ပိုင်ကျောင်းဆိုတဲ့ Definition အရ Horizon International schools ကျောင်းတွေဟာ ကိုယ်ပိုင်ကျောင်းဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ မ၀င်ဘူးဖြစ်နေတယ်။ မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနက အသိမှတ်ပြုထားတဲ့ သင်ရိုးညွှန်း တမ်းတွေကို သင်တာမဟုတ်ပဲနဲ့ နိုင်ငံတကာ သင်ရိုးကို သင်တာဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နဲ့ ပတ်သတ် ပြီး ဘာမှ မဆိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက အတိုချုံး ထပ်ပြောရခြင်း ဖြစ်တယ်။

    အဲဒီတော့ ကိုယ်ပိုင်ကျောင်းဆိုတဲ့ Definition နဲ့ လွဲနေတဲ့အတွက် သူတို့ ဘယ်လိုလုပ်ပြီး ဥပဒေ ချိုးဖောက်မှာလဲ?

    ပညာရေး ၀န်ကြီးဌာနအနေနဲ့လည်း ကျောင်း(school) ဆိုတဲ့ ဝေါဟာရစကားလုံးကြောင့် နားလည်မှု့ လွဲနေတယ်လို့ပဲ ယူဆမိတယ်။ နောက်ပြိးတော့ မှတ်ပုံမတင်တာလည်း မဟုတ်ဘူး။

    ကျွန်တော်သိရသလောက် အစထဲက အမျိုးသားစီမံကိန်း ၀န်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု့ ကော်မရှင်၏ ခွင့်ပြုချက်နဲ့ ကုမ္ပဏီ ထူထောင်ပြီး ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တယ်။ တခြား နိုင်ငံတကာကျောင်းလို့ခေါ်တဲ့ International School တွေကလည်း အလားတူ ကုမ္ပဏီတွေ ဖွင့်လှစ်ပြီးတော့ပဲ သင်ကြား ပေးနေခြင်းသာ ဖြစ်တယ်။ သူတို့အနေနဲ့ တင်ရင်လည်း တင်ဖို့ အဆင်သင့်ပဲ ဖြစ်ပါလိမ့်မယ်။

    ဒီကိစ္စကို ပြည်သူ့အစိုးရလို့ ခေါ်တဲ့ အန်အလ်ဒီ အစိုးရကို မေးချင်တာက-

    #လူမှု့ဘ၀ ကို ပျက်စီးစေနိုင်တဲ့ KTV၊ မာဆတ်၊ အရက်ဘီယာဆိုင်တွေကိုတော့ လိုင်စင်ရှိသယောင်ယောင် ဘုံးဘောလအော နေရာတိုင်းမှာ လက်ညိုးထိုးမရှောင် ဖွင့်လှစ်ခွင့် ပေးပြီးတော့ ‘ပညာရေးနဲ့ နိုင်ငံတော်ကို တည်ဆောက် အံ့’ လို့ ကြွေးကျော် လာခဲ့တဲ့ အန်အလ်ဒီ အစိုးရ လက်ထက်ကျမှ နိုင်ငံတကာ ကျောင်းတကျောင်းကို ပိတ်ပစ်လိုက်မယ်ဆိုတဲ့ သမိုင်း၊ ရာဇ၀င် ရိုင်းတော့မှာလား ဗျာ။

  • ယနေ့ မြန်မာနိုင်ငံ တရားစီရင်ရေး မဏ္ဍိုင် စစ်စစ်ကြီး အခြေနေ

    ဧပြီ-၁၉-၂၀၁၃
    M-Media
    ရေးသူ-အလိမ္မာရဲ့ ချိန်ဘာ

    no justice
    မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့မှာ ရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးထွန်းထွန်းဦး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ အလုပ်သမား ညီညီ ကိုလဲ ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေး ကို ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ /၁၁၄ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ /၁၁၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အရအမိန့်ချခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြခဲ့ကြပါတယ် ။

    အဲဒီမှာကျနော် ဘဝင် မကျတာက မည်သည့် ဥပဒေအရ ဆိုပြီး တိတိပပ ဖော်ပြထားခြင်း မရှိတာပါ ။ ပုဒ်မ ၃၂၅ ၊ ပုဒ်မ ၃၂၄ ၊ပုဒ်မ ၃၂၅ /၁၁၄ ၊ ပုဒ်မ ၃၂၄ /၁၁၄ ဆိုတာကတော့ အဖြစ်ပျက် နဲ့ ( ဖြည့်တွေးကြည့်တဲ့အခါ) ဖြည့်တွေးကြည့်တဲ့အခါ ပြစ်မှူ့ဆိုင်ရာဥပဒေ ဆိုပြီး ဆက်စပ် တွေးလို့ရနိုင်ပေမယ့် ပုဒ်မ ၃၈၂ ကတော့ လုံးဝ လုံးဝကိုတွေးလို့မရတာပါ။ ဆိုင်မှမဆိုင်တာကိုးဗျ။ ဥပဒေ ဆိုတာ အမျိုးအမည် ပေါင်း တစ်သောင်းခြောက်ထောင် မက ထွေပြားများပြလှတဲ့ အချိန်ခါမှာ ဘယ် ဥပဒေရဲ့ ပုဒ်မ ပါဆိုပြီး မဖော်ပြတာဟာ အများပြည်သူကို နားမလည် စေချင် လို့များပေလားဗျာ။

    ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ပုဒ်မ ၃၂၄ က ဘေးဖြစ်စေတက်သော လက်နက်ဖြင့် တပါးသူကိုနာကျင်စေမှူ့ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ကိုဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ၊ဒဏ် နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရပါ မည်  ။ဒီပုဒ်မက ထောင်ဒဏ်ပဲချချ၊ ငွေဒဏ်ပဲချချ ၊၂ ခုစလုံးဘဲချချ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ချလဲရပါတယ်။ ပုဒ်မ ၃၂၅ ကတော့ အပြင်းထန်နာကျင် စေမှူ့ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၇ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါသည်။ ထောင်ဒဏ်တော့ချကိုချရမည် ။ ပြစ်ဒဏ်ချမယ့်နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၁၁၄ ကတော့သူတပါး ပြစ်မှူ့ကျူးလွန်ရာတွင် ပြစ်မူ့ကျူးလွန်သူအား အစအဆုံး အားပေးကူညီခြင်းဖြစ်ပါတယ် ။ ပုဒ်မ ၁၁၄ ကတော့ ရှေ့ကပုဒ်မ ဖြစ်လာအောင် အစအဆုံး အားပေးကူညီခြင်း ဖြစ်ပါတယ် ။ ရှေ့ကပုဒ်မ အတိုင်းပြစ်ဒဏ်ချခံရပါမယ်။

    ဒါပေမဲ့ ပုဒ်မ ၃၈၂ က ပြစ်မှူ့ဆိုင်ရာဥပဒေ အရဆိုရင် နာကျင်စေရန်ပြင်ဆင်ပြီး ခိုးမှု့ ဖြစ်ပါတယ် ။ အမြင့်ဆုံး ပြစ်ဒဏ်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ထိ ချမှတ်ရ မည့် အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါတယ်။ ။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ် နှစ် ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။

    ပုဒ်မ ၃ မျိုး စလုံးကို တဆက်ထဲရေးသားထားတာဆိုတော့ ယေဘူယျ အားဖြင့် အမျိုးတူ ဥပဒေ ထဲကလို့ယူဆရမှာပါ ။ ဒါကြောင့် ပြစ်မှူ့ဆိုင်ရာဥပဒေ ရဲ့ ပုဒ်မ ၃၈၂ လို့ သတ်မှတ်ရမှာပါ ။ ဒါဆိုရင် ရွှေဆိုင်ပိုင်ရှင်တွေဟာ ခိုးတဲ့ အဆင့်ကိုရောက် လို့သွားပါပြီ ။ ရွှေဆိုင်ပိုင်ရှင်တောင် သူခိုးဆိုပြီးလုပ်လိုက်ကြပါပြီ ။ မြန်မာနိုင်ငံတရားစီရင်ရေး စစ်စစ်ကြီးပါ။

    ဒီလိုပုဒ်မတွေ တပ်ဖို့ အကြံပေးတဲ့ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ (အစိုးရှေ့နေ ) ကို ချီးကျူးရမှာဖြစ်သလို ၊ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ အကြံပေးတဲ့ အတိုင်း ပုဒ်မတွေ တပ် ပြီး တခါမှမချဖူးတဲ့ ပြစ်ဒဏ်တွေနဲ့ ချခဲ့တဲ့ မိတ္ထီလာ မြို့နယ်တရားသူကြီးကို လဲ ဩချရလောက်အောင်ချီးကျူးရမှာပါ ။ တရားစီရင်ရေးကို ဂိုဒ်လိုင်းပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများကို ဆို သာလို့ပင်ချီးကျူးရပေ အုံးမယ်ဗျာ ။

    ဆောင်းပါးရှင်၏ သုံးသပ်ချက်သာဖြစ်ပါသည်။

  • ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များ

    ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေး နှင့် တာဝန်များ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    M-Media

    နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက်ကို ယင်းအခန်း၌ ပြဋ္ဌာန်းထားကြောင်း သိရသည်။

    နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက်ခံရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းရရှိပါက စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) အရ သိရသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်   ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ ဦးဝင်းမြ (သံ အမတ်ကြီး-အငြိမ်းစား)၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ (သံအမတ် ကြီး-အငြိမ်းစား)၊ အတွင်းရေးမှူး ဦးစစ်မြိုင် (ညွှန်ကြားရေးမှူးချုပ်-အငြိမ်းစား)နှင့် အဖွဲ့ဝင် ၁၂ ဦးပါဝင်ကြောင်း သိရသည်။

    အခန်း(၈)
    နို်ုင်ငံသား၊ နိုင်ငံသားများ၏ မူလူလအခွင့်အရေးနှင့် တာဝန်များ
    ၃၄၅။ အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် –
    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊
    ( ခ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။

    ၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။

    ၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

    ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။

    ၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်တူညီသော
    အခွင့်အလမ်းရရှိစေရမည် –
    (က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
    ( ခ ) အလုပ်လုပ်ကိုင်မှု၊
    ( ဂ ) ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု
    (ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊
    ( င ) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊
    ( စ ) ၀ိဇ္ဖာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု၊

    ၃၅၀။ အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့်လစာတို့ကို ခံစားခွင့်ရှိသည်။

    ၃၅၁။ မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။

    ၃၅၂။ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကိုအကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင်အမျိုးသားများနှင့် သာလျော်ကန် သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။

    ၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။

    ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည် –
    (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်
    ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊
    ( ခ ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
    ( ဂ ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
    (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်။

    ၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ် ဒေသ၌ မဆို  ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

    ၃၅၆။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။

    ၃၅၇။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည်နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။

    ၃၅၈။ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။

    ၃၅၉။ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။

    ၃၆၀။ (က) ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊
    ( ခ ) ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကိုပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက်နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ။

    ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။

    ၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

    ၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။

    ၃၆၅။ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ် ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများ အချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိသည်။

    ၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ –
    (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
    ( ခ ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊
    ( ဂ ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာသုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်။

    ၃၆၇။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။

    ၃၆၈။ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု မထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်။

    ၃၆၉။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
    ( ခ ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။

    ၃၇၀။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

    ၃၇၁။ နိုင်ငံတော်သည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။

    ၃၇၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။

    ၃၇၃။ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက် ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။

    ၃၇၄။ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသောတရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ် လွှတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှု ထင်ရှားစီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှအပြီး အပြတ်လွှတ်သည့်စီရင်ချက်ကို အဆင့်မြင့် တရားရုံးကပယ်ဖျက်ပြီး အမှုကိုအသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါ မှတစ်ပါး ယင်းပြစ်မှု အတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။

    ၃၇၅။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်။

    ၃၇၆။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ သို့မဟုတ်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ။

    ၃၇၇။ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိရမည်။

    ၃၇၈။ (က) ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများနှင့်စပ်လျဉ်း၍ လျှောက်ထား လာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သည် အောက် ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိရမည် –
    (၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
    (၂) အာဏာပေးစာချွန်တော်အမိန့်၊
    (၃) တားမြစ်စေစာချွန်တော်အမိန့်၊
    (၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
    (၅) အမှုခေါ်စာချွန်တော်အမိန့်။
    ( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့်စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့်အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့်သဘောမျိုးသက်ရောက်သည့် အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။

    ၃၇၉။ အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေး အတွက် လိုအပ်သည့် ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများတောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုရ –
    (က) စစ်မက်ဖြစ်ပွားချိန်၊
    ( ခ ) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
    ( ဂ ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်။

    ၃၈၀။ နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်။

    ၃၈၁။ အောက်ဖော်ပြပါ အခြေအနေနှင့်အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင် ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ –
    (က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
    ( ခ ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊
    ( ဂ ) အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေချိန်။

    ၃၈၂။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသောတပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေ၀ပ်မှုများရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုရမည်။

    ၃၈၃။ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည် –
    (က) ပြည်ထောင်စုမပြိုကွဲရေး၊
    ( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
    ( ဂ ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။

    ၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။

    ၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

    ၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။

    ၃၈၇။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူ တစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်။

    ၃၈၈။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

    ၃၈၉။ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

    ၃၉၀။ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည် –
    (က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
    (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
    (ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊
    (ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

  • တရားမျှတမှု လိုလားသည်

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၃
    M-Media
    စိန်စံထိုက် (ဟံသာမြေ)

    justice5(၅.၆.၂၀၁၂) နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ ဖေါ်ပြချက်အရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မွတ်စလင်မ် ခရီးသွား (၁၀)ဦးအား လူ (၃၀၀)ခန့်မှ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဖေါ်ပြ ပါရှိပါသည်။

    ဤဖြစ်စဉ်နှင့် ပက်သက်၍ (၆.၆.၂၀၁၂) ရက်စွဲဖြင့် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း သိရှိရသည်။

    ယခု ၂၀၁၃ ဖေဖော်ဝါရီလ ရောက်သည့်တိုင် ထိုအဖွဲ့မှ တရားခံတစ်ဦးကိုမျှ ဖေါ်ထုတ် အရေးယူသည်ကို မကြားသိရပါ။

    သို့သော်လည်း (၂၄.၉.၂၀၁၂) နေ့ထုတ် (Voice) ဂျာနယ်တွင်

    (ကျောက်တော်လူသတ်မှု တရားခံဟု ယူဆရသူ ဘင်္ဂါလီခြောက်ဦးကို ဖမ်းဆီး) ဟူသော ခေါင်းစဉ်ဖြင့် ဖေါ်ပြရာတွင် “ရခိုင် အမျိုးသား ဦးကျော်မောင်ချေ အား သတ်ဖြတ်မှုဖြင့် (၁၁.၉.၂၀၁၂) နေ့၌ ကျူးလွန်သူဟု ယူဆရသူများကို ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း ဖေါ်ပြပါရှိပါသည်။”

    ဤဖြစ်စဉ်နှစ်ခုအား လေ့လာသုံးသပ်ရာတွင် တောင်ကုတ်မြို့ပေါ်တွင် လူ (၃၀၀)ခန့်က လူ (၁၀) ဦးအား အကြမ်းဖက် သတ်ဖြတ်သော တရားခံကို ယခု (၈)လတာ ကြာသည်အထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိပါဘဲ….

    ကျောက်တော်နယ်ရှိ လယ်ကွက်တစ်ခုအတွင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အမှုတွဲနှင့် ပက်သက်၍ တရားခံဟု ယူဆရသူ (၆) ဦးအား (၁၃) ရက်အတွင်း ဖမ်းဆီးနိုင်သော ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက အသိဥာဏ်ရှိသူတိုင်း အခြေအနေအမှန်ကို တွက်ဆ ခန့်မှန်းနိုင်မည်ဟု ယူဆပါသည်။

  • အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

    အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

    နိုဝင်ဘာ ၂၈ ၊ ၂၀၁၂
    M-Media
    မောင်လျောက်(မြယာမြေ)

    အစ္စလာမ်ဘာသာအပေါ် စော်ကားပုတ်ခတ်စာများရေးသားဖြန့်ဝေခြင်း၊ သမိုင်းအမှားများရေးသားခြင်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်၊ အစိုးရပိုင်းမှ အရေးယူခြင်းမရှိ

    ယခု လတ်တလောတွင် အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီး မလိုမုန်းတီးသူများက ပုတ်ခတ်စော်ကားစာများကို ဒေသ အချို့တွင် ဖြန့်ဝေနေကြောင်းသိရှိရပါသည်။ ကရင်ပြည်နယ်ဘားအံမြို့၊ မွန်ပြည်နယ်မော်လမြိုင်မြို့များတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စာမျက်နှာ(၂၀)ပါ စာအုပ်ပုံ သဏ္ဍာန်ဖြင့် အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားစာများကို ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဝေလျက်ရှိပါသည်။

    ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင်လည်း လျှို့ဝှက်အဖွဲ့အစည်းအမည် အမျိုးမျိုးတပ်ကာ အစ္စလာမ်ဘာသာဝင်များကို ပုတ်ခတ်စော်ကားသော လှုံ့ဆော်စာများဖြန့်ဝေနေကြောင်း သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဝေခဲ့တဲ့ News Watch (စောင့်ကြည့်သတင်းဂျာနယ်)အတွဲ-ရ၊ အမှတ်(၇၂)တွင် သရ၀ဏ်(ပြည်) အမည်ဖြင့် “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း”  ဆောင်းပါးကို ရေးသားရာတွင် သမိုင်းမှားများ၊ လုပ်ကြံ ဖန်တီးမှုများကို တမင်ပုံဖော်ရေးသား ကာ အစ္စလာမ်ဘာသာအပေါ် လွဲမှားသော အတွေးအမြင်များဖြင့် ထိုးနှက်ထားသည်ကို တွေ့ရသည်။

    အထက်ဖော်ပြပါလှုံ့ဆော်စာများနှင့် သမိုင်းမှားများရေးသားမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ(၂၃)ရက်က ကျင်းပသော အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာ ဗညားအောင်မိုး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၏ ဖြေကြားမှုကို ဖော်ပြလိုက်ပါသည်။

    မပြည့်စုံသောသမိုင်း သုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင့်ဖြင့် လိုရာဆွဲပြီး ကောက်ချက်ချပြောဆို ရေးသားခြင်း ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၆၅)နှင့်ငြိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ထိပါးခြင်းအား မည်ကဲ့သို့တားဆီး ကာကွယ်ရမည်နည်း မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ပိုင်းခြားသုံးသပ် ဆန်းစစ်ခဲ့ရာတွင် ယုံကြည် ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ တားဆီး ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၆၅) တတိယအပိုဒ်တွင် ပါသည့်အခြား တိုင်းရင်းသားလူမျိုး တစ်မျိုးကို ဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ၊ ထိခိုက် နစ်နာစေနိုင်ပါက သက်ဆိုင်သူများ အချင်းချင်း ညှိနှိုင်းပြီး ပြေလည်မှုရရှိရန် ဆောင်ရွက်ခြင်းနှင့် စာတမ်းတွင် လူမျိုး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတို့ကို ထိခိုက်စေနိုင်သည့် အချက်များပါဝင်ခြင်းရှိ၊မရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြိုတင်စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ခြင်းဖြင့် တားဆီး ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားပါသည်။

    အလားတူပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြန်လည်ဖြေကြားရာတွင် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၃၆၄)နှင့်ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၄)အရ ယင်းပုဒ်မပါပြဌာန်းချက်များကို ဆန့်ကျင်သည့် အပြုအမူအတွက် ပြစ်ဒဏ်ပေးနိုင်သည့် ဥပဒေပြဌာန်းရခြင်း မရှိသေးသော်လည်း စာတမ်းဖတ်ပွဲ၌  စာတမ်းရှင်ဖတ်ကြားသည့် စာတမ်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေသော အရေးအသား၊ အမျိုး၊ ဘာသာ၊ သာသနာကို စိတ်ဝမ်းကွဲစေသော အချက်များ ပါဝင်နေမည်ဆိုပါက စာတမ်းနှင့် သက်ဆိုင်သူတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေနှင့်ငြိစွန်းဖွယ်ရှိကြောင်းဖြင့် တင်ပြရှင်းလင်းသွားပါသည်။ ဒုတိယရှေ့နေချုပ်၏ ပြောကြားချက်၌ စာတမ်းဟုဆိုရာတွင် ကိုးကွယ်ရာ ဘာသာသာသနာကို ထိခိုက်စေသည့်စာတမ်း၊ ဆောင်းပါးများ ပါဝင်ပေသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၂)နှင့် (၃၆၃)တို့တွင် နိုင်ငံတော်က ခရစ်ယာန်ဘာ သာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္နူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများ ဟူ၍ အသိအမှတ်ပြုသည်ဟု လည်းကောင်း၊ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု လည်းကောင်း အသီးသီးပြဌာန်းထားပါသည်။

    လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ် ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားမှုများ ရှိသော်လည်း ယခုအခါ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မန္တလေးမြို့နှင့် အချို့ဒေသများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအပေါ် ဥပဒေပါအခွင့်အရေး၊ လူ့အခွင့်အရေးများကို ချိုးဖောက်ကာ ဆန့်ကျင်ရေးသား၊ ခြိမ်းခြောက်မှုများ၊ လှုံ့ဆော်ပြောဆို၊ ဖြန့်ဝေနေခြင်းတို့ကို လက်ငင်းကြုံတွေ့နေကြရပါသည်။

    အထက်ပါအချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံတင်ပြခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိခဲ့ကြောင်း ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။

    လတ်တလော အခြေအနေတွင် နိုင်ငံတော်အပိုင်းမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသော်လည်း မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များက မီဒီယာများတွင် သတင်းများ၊ ဆောင်းပါးများ၊ သမိုင်းရေးရာများ ဖော်ပြသည့်အခါ စာနယ်ဇင်း ကျင့်ဝတ်၊ သတင်းမီဒီယာ ကျင့်ဝတ်များနှင့်အ ညီ မှန်မှန်ကန်ကန် ဖော်ပြရန် လိုလားလျက်ရှိကြပါသည်။

    ထို့အပြင်အစ္စလာမ်ဘာသာအပေါ် ဥပဒေပါ အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ဆန့်ကျင်လျက် လှုံ့ဆော်စာများ ဖြန့်ဝေနေမှုကို နိုင်ငံတော်အစိုးရပိုင်းမှ ၀င်ရောက်ဖြန်ဖြေပြီး အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါသည်။

     

    ကိုးကား          – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    –       ၂၄-၁၂-၂၀၁၂ထုတ် မြန်မာ့အလင်းသတင်းစာ

    –       ၂၃-၁၀-၂၀၁၂ထုတ် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ကြေငြာချက်