News @ M-Media

Tag: Myanmar Law

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး

  • အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ

    အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ

    အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- သုတေသီ

    မြန်မာပြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဘာသာပေါင်းစုံ ချစ်ကြည်စွာစုစည်းနေထိုင်ရာ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ခုနောက်ပိုင်းတွေမှာ ပယောဂအမျိုးမျိုးနဲ့ ချစ်ခင်မှုကပျက်စီးပြီး သူ့ဘာသာ ငါစော်ကား ငါ့ဘာသာသူစော်ကားနဲ့ တယောက်နဲ့တယောက် ပုတ်ခတ်စော်ကားနေကြပါတယ်။ ဘာသာရေး အကြောင်းကို မပြောလိုပေမဲ့ လူမှုရေးစော်ကားတာဟာဖြင့် ဥပဒေကို မသိလို့၊ မလေ့လာလို့ လို့ခံစားရပါတယ်။ အဲတော့ ဥပဒေသိတဲ့ သူတွေအနေနဲ့ ဥပဒေအသိကိုမျှဝေပေးခြင်းဖြင့် တဘာသာနဲ့ တဘာသာ လူမှုရေး စော်ကားမှု၊ ပုတ်ခတ်မှုတွေကို အသင့်အတင့် တားမြစ်နိုင်လိမ့်မယ်လို့ယူဆမိပါတယ်။

    မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို ဘာသာတရားတိုင်း သူတို့ရဲ့ မိသားစုအရေးဖြစ်တဲ့ လက်ထပ်၊ ကွာရှင်း၊ သားသမီးအုပ်ထိန်း၊ အမွေ စတာတွေကိုသူတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့အညီ ကျင့်သုံးနိုင်ဖို့ ဥပဒေပြဌာန်း ခွင့်ပြု ထားပါတယ်။ ဒီလိုဥပဒေတွေကို ပုဂ္ဂလိကဥပဒေ (သို့) မိသားစုဥပဒေ (သို့) ဓလေ့ထုံးတမ်းဥပဒေလို့ ခေါ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ မွတ်စလင်တွေအတွက် အစ္စလာမ့်တရားဥပဒေ၊ ခရစ်ယျာန် ဘာသာဝင်တွေအတွက် ခရစ်ယျာန်ဥပဒေ၊ ဟိန္ဒူဘာသာဝင် အတွက် ဟိန္ဒူမိသားစု ဥပဒေလို့ လက်ခံထားရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေကို ဥပဒေစာအုပ်တခုတည်းမှာ အပြည့်အစုံ ရှာဖွေမတွေ့နိုင်ပါဘူး။ ဓလေ့ထုံးတမ်း ဥပဒေ ဖြစ်တဲ့အတွက် စီရင်ထုံး၊ ဖြတ်ထုံးတွေမှာပါ လေ့လာမှ အပြည့်အစုံသိရှိနိုင်ပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
    မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ မြန်မာတို့ရဲ့ မမှတ်မိနိုင်လောက်တော့အောင်ကို ရှေးကျပြီး နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံတွေဟာ ဥပဒေကဲ့သို့ အာဏာသက်ရောက်လာတဲ့အတွက် ပထမဆုံး ဓမ္မသတ်ကျမ်းအဖြစ် နဲ့ ဘုရင်ခေတ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းကိုလိုနီဘ၀မှာ ၁၉၃၀ အရေးတော်ပုံအပြီး ဗမာဗုဒ္ဓဘာသာဥပဒေ လို့ပြဌာန်းခဲ့ပါတယ်။ ဒါကို ဗမာတို့ရဲ့ မိသားစုအရေးဟာ ဘာသာရေးနဲ့ မသက်ဆိုင်ဘူး။ ဗမာတို့ရဲ့ နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ ဓလေ့ထုံးစံသာဖြစ်တယ်လို့ ဗုဒ္ဓဘာသာ ဥပဒေလို့ ခေါ်တာကို ကန့်ကွက်ခဲ့ပြီး ဗမာ့ဓလေ့ထုံးတမ်းဥပဒေလို့ သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းတခုဟာ ဥပဒေဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ လိုက်နာကျင့်သုံးခဲ့ခြင်းရှိရပါမယ်။ ဥပဒေကဲ့သို့ အာဏာသက်ရောက်ခြင်းရှိဖို့လဲလိုပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ခြင်းဟာ ဘာသာရေးနဲ့မသက်ဆိုင်ဘဲ လူမှုရေးကိစ္စသက်သက် သာဖြစ်ပါတယ်။
    တရားဝင်ထိမ်းမြားခြင်းမြောက်ရန် အခမ်းအနား၊ စာချုပ်စာတမ်း၊ သက်သေတို့မလိုအပ်ပါဘူး။ ပုဆိုးတန်းတင် အကြင်လင်မယားလို့ ဆိုရိုးရှိပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂ဦး တစ်အိမ်ထဲမှာ အတူတူ နေတယ်။ ဘုရားသွား ကျောင်းတက်အတူတူလုပ်တယ်။ ပတ်ဝန်းကျင်က လင်မယားလို့သတ်မှတ် ထားတယ် ဆိုတာတွေဟာ တရားဝင် လင်မယားဖြစ်ဖို့ လုံလောက်တဲ့သက်သေခံချက်တွေဘဲဖြစ်ပါတယ်။
    ကိုးကွယ်ယုံကြည်ရာ ဘာသာတရား တားမြစ်ချက်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကိုမဆို တရားဝင် လက်ထပ်နိုင်ပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ မိန်းကလေးနှင့် ယောကျာင်္းလေး လူပျို၊ အပျိုဖေါ်ဝင်ပြီး အိမ်ထောင်သားမွေး ပြုနိုင်တဲ့ မည်သည့် အသက်အရွယ်မဆို တရားဝင် ထိမ်းမြားနိုင်ပါတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရပြဌာန်းခဲ့တဲ့ ကလေးသူငယ်များ ထိမ်းမြားခြင်းကိုကာကွယ်သည့် ဥပဒေ (၁၉၂၉) ကြောင့် ယခုအခါ ယောကျာင်္းလေးအသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆ နှစ်မပြည့်ခင် လက်ထပ်ခွင့်  မရှိတော့ပါဘူး။
    တရားဝင် လင်မယားဖြစ်ဖို့အတွက် သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်ချက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မရှိပါဘူး။ နှမအရင်းနှင့်ပင်တရားဝင်လင်မယားဖြစ်နိုင်ပါတယ်။ မည်သူမျှတားမြစ်နိုင်ခြင်းမရှိပါ။
    ကွာရှင်းပြီးသားမိန်းမတယောက်သည် ချက်ခြင်းနောက်အိမ်ထောင်ပြုနိုင်ပါတယ်။

    ယောကျာင်္းတယောက် ဟာ တချိန်ထဲမှာ မိန်းမဘယ်နှစ်ယောက်ဘဲယူရမယ် ဆိုတဲ့ တားမြစ်ချက်လဲ မရှိပါဘူး။ မိန်းမအမြောက်အများ ယူတဲ့စနစ်ပါ။ နောက်မိန်းမယူဖို့ ပထမမယား သဘောတူရန်လဲ မလိုအပ်သလို ကန့်ကွက်လို့လဲ မရပါဘူး။ ယောကျာင်္းနောက်မိန်းမယူယုံမျှ ဖြင့်လဲ ပထမမိန်းမက ကွာရှင်းခွင့်မရပါဘူး။ ယောကျာင်္းကောင်းတယောက် မောင်းမပေါင်း ၁၀၀၀ လို့ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းဥပဒေပါ။

    မိန်းမ တယောက်ကတော့ တချိန်ထဲမှာ တရားဝင် လင်ယောကျာင်္း တယောက်သာ ယူခွင့်ရှိပါတယ်။ ယောကျာင်္းရှိလျှက် နောက်ယောကျာင်္းနှင့် ကာမ ကျူးလွန်ခြင်းဟာ မယားခိုးမှုလို့သတ်မှတ်ပါတယ်။ ရှေးယခင် ဓမ္မသတ်တွေအရ ထိုလင်ငယ်နေတဲ့မယားကို လင်ယောကျာင်္းက ရိုက်နှက်ဆုံးမခွင့် နဲ့ ကာမကျူးလွန်တဲ့ နောက် ယောကျာင်္းကို မိမိပိုင်နက်အတွင်းမိပါက သတ်နိုင်ခွင့်တောင်ပြဌာန်းထားပါတယ်။ ဒါကို ကိုလိုနီခေတ် ရာဇသတ်ကြီး ခေါ် ပြစ်မှုဆိုင်ရာဥပဒေ ပြဌာန်းလိုက်တော့ မှ နောက်ယောကျာင်္းဖြစ်တဲ့ မယားခိုးကို ထောင်ဒဏ်သာ သတ်မှတ် ပါတော့တယ်။ မိန်းမကိုတော့ အိမ်ထောင်ရေးဖေါက်ပြန်မှုအဖြစ် ယောကျာင်္းဘက်က ကွာရှင်းခွင့်ရပါတယ်။

    ကွာရှင်းခြင်းနဲ့ပတ်သက်ရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မည်သည့်အကြောင်းပြချက်မှမလိုဘဲ ၂ဦးသဘောတူ ကွာရှင်းနိုင်ပါတယ်။ မိန်းမဘက်ကတဘက်သတ်ကွာရှင်းချင်ရင်တော့ ယောကျာင်္းဖြစ်သူဟာ ကူးစက်ရောဂါခံစားနေရလျှင်၊ပေါင်းသင်းရန်ပျက်ကွက်လျှင်၊ ထောက်ပံ့ရန်ပျက်ကွက်လျှင်၊ နှင့် လက်ရောက်မှုတွေ ကျူးလွန်လျှင် ကွာရှင်းနိုင်ပါတယ်။

    ယောကျာင်္းတယောက်ကတော့ မိန်းမတယောက်ဟာ အကြောင်းမရှိဘဲ ပေါင်းသင်းရန်ပျက်ကွက်မှု၊ မိန်းမ၀တ္တရားမကျေပွန်မှု နဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုတွေကျူးလွန်ရင် ကွာရှင်းခွင့်ရပါတယ်။
    ကွာရှင်းမှုအပြီး တဆက်တည်း ပစ္စည်းခွဲဝေပေးရန်တောင်းဆိုနိုင်ကြပေမဲ့၊ မယားရဲ့ အိမ်ထောင်ရေး ဖေါက်ပြန်မှုကြောင့် ကွာရှင်းတာဆိုရင်တော့ ထိုမိန်းမမှာ ပစ္စည်းအပေါ်မှာ အရေးဆိုခွင့်မရှိပါဘူး။
    သားသမီးအုပ်ထိန်းခွင့်နဲ့ပတ်သက်လျှင်လည်း ၂နှစ်အောက်ငယ်တဲ့ သားသမီး၊ သမီးမိန်းကလေးများ အိမ်ထောင်ကျတဲ့အထိနဲ့ သားယောကျာင်္းလေးများ အရွယ်ရောက်တဲ့ထိ မိခင်ကအုပ်ထိန်းခွင့်ရှိပြီး ဖခင်က စရိတ်များကို တာဝန်ယူရမှာဖြစ်ပါတယ်။ မိန်းမရဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုကြောင့် ဆိုရင်တော့ မိခင်ဟာ သားသမီးအုပ်ထိန်းခွင့်ဆုံးရှုံးပါတယ်။

    ရှေးယခင် ဓလေ့ထုံးတမ်းအရ မယားကြီး၊ မယားငယ်၊ အမြောင် နဲ့ အပျော်မယား ရယ်လို့ အဆင့်အတန်းတွေ သတ်မှတ်ထားခဲ့ပြီး အမွေဆက်ခံခွင့်နဲ့ သားသမီးတွေရဲ့ခံစားခွင့်တွေမှာပါ ကွာခြားပါတယ်။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး များအထူးထိမ်းမြားမှု နှင့်အမွေဆက်ခံရေး အက်ဥပဒေ ပြဌာန်းပြီးနောက် မယားမည်မျှရှိစေကာမူ မယားအားလုံးဟာ ညီမျှသော မယားပြိုင် အဆင့်အတန်းရရှိလာကြပါတယ်။

    CEDAW လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာညီလာခံမှ အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူ အခွင့်အရေး ရရှိရေး၊ အမျိုးသမီးများအနှိမ်ခံရမှု ပပျောက်ရေးအတွက် ဥပဒေကြမ်းတခုတင်သွင်းခဲ့ပါတယ်။ ထိုဥပဒေအရ ပြည်တွင်းမိသားစုဥပဒေများကို သူ့ဥပဒေနဲ့အညီ လိုအပ်သလိုပြင်ဆင်ရပါမယ်။ ဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး တက်ရောက်ပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပေမဲ့ ပြည်တွင်းဥပဒေကို သူ့ဥပဒေနဲ့အညီ ပြင်ဆင်ဖို့ကိုတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများ မလိုက်နာနိုင်ကြသေးဘဲ ရှိနေပါတယ်။ ဒီထဲမှာ ပြည်တွင်း မိသားစုဥပဒေ တွေကို တလင်တမယားစနစ်အဖြစ် ပြဌာန်းပေးရမယ်ဆိုတာကို မလိုက်နာနိုင်တာလဲ တချက် အပါအ၀င် ဖြစ်ပါတယ်။

    ဒါကတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ အိမ်ထောင်ရေးဆိုင်ရာသိမှတ်စရာ အကျဉ်းချုပ်ဖြစ်ပါတယ်။