News @ M-Media

Tag: Myanmar Military

  • မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်

    မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို တရုတ်က အောင်မြင်စွာ စမ်းသပ်

    စက်တင်ဘာ ၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို ကန့်လတ်ဖြတ်သွားတဲ့ ကုန်းတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို တရုတ်က ဩဂုတ်လအတွင်းမှာ အောင်မြင်စွာ စမ်းသပ်ပြေးဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

    ရန်ကုန်ဆိပ်ကမ်းကနေ ချင်းရွှေဟော်နယ်စပ်ကိုဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ကျန်းမြို့အထိ ကားနဲ့သွားပြီး အဲဒီကနေတစ်ဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်မြို့တော် ချန်ဒူးကို ရထားနဲသယ်တဲ့ လမ်းကြောင်းပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းကြောင်းလည်း ဖြစ်ပါတယ်။

    ဒီလမ်းကြောင်းကို ဩဂုတ်လက စမ်းသပ်ပြေးဆွဲမှုအတွင်း ကွန်တိန်နာအလုံးရေ ၆၀ လောက် ပို့ဆောင်ခဲ့ပါတယ်။ လင်ကျန်း-ချန်ဒူးရထားလိုင်း ပြီးစီးသွားတာနဲ့ ချက်ခြင်းပြုလုပ်တဲ့ ဒီစမ်းသပ်ပြေးဆွဲမှုဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးတယ်ဆိုတာ ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဩဂုတ်လအတွင်း အာရှဆိုင်ရာ တရုတ်ရဲ့ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်လည်း မြန်မာနိုင်ငံကို ၈ ရက်ကြာ လျှို့ဝှက်ခရီးလာရောက်ခဲ့ပါတယ်။

    မြန်မာနိုင်ငံကိုဖြတ်ပြီး ရေနံ၊ ဓာတ်ငွေနဲ့ ကုန်စည်တွေသယ်တဲ့ တရုတ်ရဲ့လမ်းကြောင်း နှစ်ခုရှိပြီး တစ်ခုက ကျောက်ဖြူ-ကူမင်းလမ်းကြောင်း၊ နောက်တစ်ခုက ရန်ကုန်-ချန်ဒူးလမ်းကြောင်းဖြစ်ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုစလုံးဟာ တရုတ်ရဲ့ အဓိကကျတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လည်း ဖြစ်ပါတယ်။

    Ref: Bloomberg

  • ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အာဆီယံကိုယ်စားလှယ်က စစ်ကောင်စီနှင့် ညှိနှိုင်းနေ

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အာဆီယံကိုယ်စားလှယ်က စစ်ကောင်စီနှင့် ညှိနှိုင်းနေ

    စက်တင်ဘာ ၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းနေရဆဲဖြစ်ပြီး၊ ဖြုတ်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင်ရရေး လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်က ပြောပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်ပါအတိုင်း ဩဂုတ်လမှာ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အရီဝမ်ယူစွဖ်ကို မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။

    လာမယ့်လ အာဆီယံအစည်းအဝေးမတိုင်ခင် အရီဝမ်ဟာ မြန်မာနိုင်ငံကိုသွားရောက်ကာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ စစ်ကောင်စီက အရီဝမ်ကို လာခွင့်မပေးသေးပါဘူး။

    အရီဝမ်က မြန်မာနိုင်ငံကို မသွားခင်မှာ သဘောတူညီချက်တွေရဖို့ လိုအပ်တယ်လို့ ရိုက်တာသတင်းဌာနကို မနေ့က ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို အခုချက်ခြင်းသွားရောက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ဒီလိုမသွားခင်မှာ သေသေချချာ ဂဃနဏဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်လုပ်ရမယ့် ကိစ္စအတွက် ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။ ကျွန်တော်သွားတဲ့အချိန်မှာ ကျွန်တော့်ကို သူတို့ ဘာတွေလုပ်ခွင့်ပေးမလဲ ဆိုတာမျိုးပေါ့”

    အာဏာသိမ်းစစ်ကောင်စီဟာ တင်ကြိုကန့်သတ်ချက်တွေ မလုပ်ထားပေမယ့်၊ ဘာမှလည်း ရှင်းရှင်းလင်းလင်းမပြောဘူးလို့ အရီဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ ဖြုတ်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး အာဏာသိမ်းစစ်ကောင်စီထံ တောင်းဆိုထားတယ်လို့လည်း အရီဝမ်က ပြောပါတယ်။

    အရီဝမ်ရဲ့တာဝန်ဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ဖြစ်ပါတယ်။

    “ဒီကိစ္စကိုပဲ လက်ရှိ မြန်မာအာဏာပိုင်တွေကို ကျွန်တော် တောက်လျှောက်ပြောနေပါတယ်။ သက်ဆိုင်သူတွေအားလုံးနဲ့ ကျွန်တော် စကားပြောဖို့လိုတယ်။ ဒီကိစ္စကို ဆွေးနွေးနေဆဲပါ”

    မြေပြင်မှာ စစ်ကောင်စီနဲ့ အခြားအဖွဲ့အစည်းတွေကို အကြံ​ဉာဏ်ပေးတာတွေ လုပ်နေပြီး ထိရောက်မှုရှိကြောင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို ပတ်ဝန်းကျင်နိုင်ငံတွေက သက်ဆိုင်သူတွေပါဝင်မယ့် အကြံပေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း လုပ်ဆောင်နေကြောင်း အရီဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရန် ရက်ချိန်းပင်မရသေး

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရန် ရက်ချိန်းပင်မရသေး

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့အတွက် ရက်ချိန်းတောင် မရသေးဘူလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့အတွက် အာဆီယံအဖွဲ့ဟာ ဧပြီလမှာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ခုကို ချမှတ်ခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်ထဲမှာ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့လည်း ပါဝင်ပါတယ်။ ဩဂုတ်လက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ် မိုဟာမက် ယူစွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ရွေးခဲ့တာပါ။

    မြန်မာနိုင်ငံလာရောက်တဲ့အချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရချင်တယ်လို့ အရီဝမ်က ပြောကြားထားပါတယ်။

    ဗုဒ္ဓဟူးနေ့က အရီဝမ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အရီဝမ်တစ်ယောက် မြန်မာနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီဖက်က လာဖို့ ခွင့်မပြုသေးဘူးလို့ ဆိုက်ဖူဒင်က ပြောပါတယ်။

    “အထူးကိုယ်စားလှယ်ဟာ လက်ရှိ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး သိပ်မကြာခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့အတွက် တော်တော်လေး ကြိုးစားနေရတာကို ကျွန်တော် နားလည်ပါတယ်”

    အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်အတိုင်း မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အရီဝမ်ဟာ မြန်မာ့နိုင်ငံရေးက သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ခွင့်ရသင့်တယ်လို့လည်း ဆိုက်ဖူဒင်က ပြောပါတယ်။

    “မြန်မာအာဏာပိုင်တွေက သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ခွင့်ပေးပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတာဝန်ယူစဉ်ကာလမှာ မြန်မာနိုင်ငံကို တစ်ကြိမ်ထက်မက သွားရောက်ခွင့်ရရေး ကြိုးစားဖို့ အရီဝမ်ကို ကျွန်တော် ပြောခဲ့ပြီး ဒါမှသာ သူဟာ သက်ဆိုင်သူတွေကို များများစားစား တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်”

    နောက်လမှာလုပ်မယ့် အာဆီယံအစည်းအဝေးမတိုင်ခင် အရီဝမ် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လိုလားနေတာ ဖြစ်ပါတယ်။

    အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ AHC ကနေ မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးဖို့ ကိစ္စမှာလည်း အဟန့်အတားတွေ ရှိနေတယ်တို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: The Star

  • တယ်လီနောမြန်မာ လုပ်ငန်းချဲ့ထွင်ရေး ဒေါ်လာ သန်း ၃၀၀ ကျော် သုံးစွဲမည်ဟု ပိုင်ရှင်သစ်ပြော

    တယ်လီနောမြန်မာ လုပ်ငန်းချဲ့ထွင်ရေး ဒေါ်လာ သန်း ၃၀၀ ကျော် သုံးစွဲမည်ဟု ပိုင်ရှင်သစ်ပြော

    စက်တင်ဘာ ၄၊ ၂၀၂၁
    M-Media

    -တယ်လီနော မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းမှာ လာမယ့် ၃ နှစ်အတွင်း ကန်ဒေါ်လာ သန်းပေါင်း ၃၃၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ လက်ဘနွန်အခြေစိုက်ကုမ္ပဏီ M1 Group က ပြောကြားလိုက်ပါတယ်။

    M1 Group ဟာ နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Telenor ASA ကနေ ‘တယ်လီနောမြန်မာ’ ကို ကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ဇူလိုင်လမှာ ဝယ်လိုက်တာပါ။ M1 Group ကို စတင်တည်ထောင်သူတွေဖြစ်ကြတဲ့ လက်ဘနွန်နိုင်ငံသား မီကာတီညီအစ်ကိုနှစ်ဦးဟာ အရှေ့အလယ်ပိုင်းမှာ အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွားရေး လုပ်ကိုင်ကြသူတွေအဖြစ် နာမည်ထွက်ပါတယ်။

    တယ်လီနောက မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် မတည်မငြိမ်ဖြစ်လာတာ၊ ဆက်သွယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတာကြောင့် ဆက်လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ရောင်းချခဲ့တာလို့ ထုတ်ပြန်ပါတယ်။

    M1 Group စီအီးအို အဇ်မီ တာဟာ မီကာတီက ကွန်ယက်ချဲ့ထွင်ဖို့၊ အင်တာနက်နဲ့ အခြားဝန်ဆောင်မှုတွေ ပိုမိုပေးအပ်နိုင်ဖို့အတွက် လာမယ့် ၃ နှစ်အတွင်း တယ်လီနော်မြန်မာမှာ ကန်ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက Bloomberg နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

    “စိန်ခေါ်မှုရှိတဲ့ အသိုက်အဝန်းကနေ ရှောင်ဖယ်တာထက်စာရင်၊ နိုင်ငံအရေးအခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေ ပြည်သူတွေ ကမ္ဘာ့အဆင့်ဝန်ဆောင်မှုရအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ စိန်ခေါ်မှုတွေရှိနေတဲ့ အခြေအနေမျိုးမှာ တယ်လီဖုန်းဆက်သွယ်ရေးဟာ အရေးကြီးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်”

    M1 Group ဟာ မြန်မာနိုင်ငံက တယ်လီဖုန်းတာဝါတိုင် စိုက်ထူရေး ကုမ္ပဏီတစ်ခုမှာလည်း ရှယ်ယာပါဝင်ထားပါတယ်။

    အဇ်မီ မီကာတီက စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ယနေ့ခေတ်စျေးကွက်မှာ ဝင်ရောက်လုပ်ကိုင်ရေးဟာ မိမိတို့ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီအတွက်လည်း အဆင်သင့်ဖြစ်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အဇ်မီရဲ့ညီဖြစ်ပြီး M1 Group ကို ပူးတွဲပိုင်ဆိုင်တဲ့ နာဂျစ်မီကာတီဟာ အရင်က လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရပါတယ်။

    Ref: Bloomberg

  • မြန်မာဒုက္ခသည်ကလေးများကို အိန္ဒိယ မီဇိုရမ်ပြည်နယ်က ကျောင်းတက်ခွင့်ပေးမည်

    မြန်မာဒုက္ခသည်ကလေးများကို အိန္ဒိယ မီဇိုရမ်ပြည်နယ်က ကျောင်းတက်ခွင့်ပေးမည်

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေကို အစိုးရကျောင်းတွေမှာ လက်ခံသင်ကြားပေးဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက ပြည်နယ်ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်ပါတယ်။

    ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားစာမှာ ၂၀၀၉ ခုနှစ် ကလေးသူငယ်များ အခမဲ့ပညာသင်ကြားနိုင်ရေး အက်ဥပဒေကို ရည်ညွှန်းပြီး ချို့တဲ့တဲ့ အသိုင်းအ၀ိုင်းက အသက် ၆ နှစ်ကနေ ၁၄ နှစ်အကြား ကလေးငယ်တွေဟာ အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ရှိကြောင်း ထပ်လောင်းအတည်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီညွှန်ကြားစာကို ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်၊ ကျေးရွာအဆင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေထံ မီဇိုရမ်ပြည်နယ်အစိုးရက ပေးပို့ခဲ့ပြီး ပြည်နယ်အတွင်းရှိနေတဲ့ ဒုက္ခသည်တွေရဲ့ ကလေးတွေ ပညာသင်နိုင်ရေး ထောက်ပံ့ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

    ညွှန်ကြားစာမှာ မြန်မာဒုက္ခသည်တွေရဲ့ ကလေးတွေလို့ ရည်ညွှန်းဖော်ပြထားခြင်းမရှိပေမယ့် ဒီအမိန့်ဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် အဓိကရည်ရွယ်ပြီး၊ အိန္ဒိယမြေပေါ်ကိုရောက်နေတဲ့ အခြားနိုင်ငံက ဒုက္ခသည်တွေအတွက်လည်း အကျုံးဝင်တယ်လို့ ပြည်နယ် ပညာရေးဝန်ကြီး Lalchhandama Ralte က ပြောပါတယ်။ ကလေးငယ်တွေဟာ စက်တင်ဘာလကစပြီး ကျောင်းစတက်ခွင့်ရမှာပါ။

    “အိန္ဒိယမြေမှာ သူတို့ ရှိနေသမျှ သူတို့ကို စောင့်ရှောက်ပေးဖို့ဟာ ကျွန်တော်တို့ရဲ့တာဝန်ပါ။ သူတို့လေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါတဲ့ ပညာရေးကို လက်လွတ်လို့ မဖြစ်ပါဘူး”

    မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကဒုက္ခသည် စုစုပေါင်း ၉၄၅၀ လောက် ရှိတယ်လို့ ပြည်နယ်အစိုးရ မှတ်တမ်းတွေက ဆိုပါတယ်။ အများစုဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်က စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။

    Ref: Hindustan Times