News @ M-Media

Tag: Myanmar Military

  • တရုတ်အစိုးရ၏ အာရှရေးရာကိုယ်စားလှယ် မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့

    တရုတ်အစိုးရ၏ အာရှရေးရာကိုယ်စားလှယ် မြန်မာနိုင်ငံကို တိတ်တဆိတ်လာရောက်ခဲ့

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်

    -တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ဟာ ဩဂုတ်လနှောင်းပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီသတင်းကို အာဏာသိမ်းစစ်ကောင်စီဖက်က လျှို့၀ှက်ထားခဲ့ပါတယ်။

    ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၈ ရက်တာကြာမြင့်ခဲ့တဲ့ ဆွန်ကော့ရှန်ရဲ့ခရီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းစစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

    စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ မြင့်တက်နေတဲ့အချိန်၊ အိန္ဒိယသမုဒ္ဒရာကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်ကို ကုန်စည်ပို့မယ့် လမ်းကြောင်း ပွင့်သွားပြီး စမ်းသပ်နေတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တရုတ်ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

    တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ကျောထောက်နောက်ခံပေးထားပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူဖို့ ဆောင်ရွက်မှုကို အဓိက ကန့်ကွက်တားဆီးပေးနေတာပါ။

    ဆွန်ကော့ရှန်ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့လားဆိုတာ မသိရပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ဘင်က အထူးကိုယ်စားလှယ်ဟာ စစ်ခေါင်း​ဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ကော့ရှန်က တိုင်းပြည်တည်ငြိမ်အောင်၊ ဒီမိုကရေစီပြန်လည် ဖြစ်ထွန်းအောင် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဆွန်ကော့ရှန်ရဲ့ ဒီခရီးစဉ်ကို အာဏာသိမ်းစစ်ကောင်စီဖက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိဘဲ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပြီးမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

    Ref: The Diplomat

  • စစ်ကောင်စီ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းမှုကြောင့် သေဆုံးသူ ၄၀ ကျော်ပြီ

    စစ်ကောင်စီ စစ်ကြောရေးတွင် နှိပ်စက်ညှင်းပမ်းမှုကြောင့် သေဆုံးသူ ၄၀ ကျော်ပြီ

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ကြောမှုအတွင်း သေဆုံးသူ အနည်းဆုံး ၄၁ ဦး ရှိပြီလို့ သိရပါတယ်။

    အာဏာသိမ်းမှုကို နိုင်ငံတစ်ဝှမ်း ပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုအပေါ် စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူတစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူက အနည်းဆုံး ၆ ထောင်နီးပါးရှိနေပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရဲစခန်း၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းမှာ လူမဆန်စွာ နှိပ်စက်ခံရမှု​တွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    စစ်ကြောရေးမှာ ညှင်းပမ်းမှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံး ၄၁ ဦး ရှိလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတို့မှာ ညှင်းပမ်းနှိပ်စက်ခဲ့ရမှုကြောင့် အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

    မကွေးတိုင်း ဂန်ဂေါမြို့နယ် နှင်းခါးရွာကို ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုမှာ အသက် ၇၂ နှစ်အရွယ် ဦးကံထောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နှိပ်စစ်ညှင်းပမ်းခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးကံထောက်တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။

    “PDF အဖွဲ့ဝင်တွေကို သိလားလို့ သူတို့က ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က မသိဘူးလို့ပြောတော့ မျက်နှာကို အကြိမ်ကြိမ်ကန်တယ်။ ဆံပင်ကိုဆွဲတယ်။ မျက်နှာကိုထိုးတယ်။ မျက်နှာမထိအောင် လက်နဲ့ကာထားရတယ်” လို့ ဦးကံထောက်က ဩဂုတ်လ ၂၁ ရက်နေ့ မကွယ်လွန်ခင် နာရီပိုင်းက ဗီဒီယိုမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: RFA

  • ရုရှားက စစ်ကောင်စီတပ်ထံသို့ Pantsir ဒုံးခွင်းစနစ် ပေးပို့မည်

    ရုရှားက စစ်ကောင်စီတပ်ထံသို့ Pantsir ဒုံးခွင်းစနစ် ပေးပို့မည်

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီတပ်က ဝယ်ယူထားတဲ့ Pantsir လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သဘောတူညီချက်မှာပါတဲ့ အချိန်အတိုင်း ပေးပို့သွားမယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။

    လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းလေယာဉ်တွေကို ပစ်ချနိုင်တဲ့ Pantsir လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့အတွက် မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ဇန်နဝါရီလက ရုရှားနဲ့ သဘောတူညီခဲ့တာပါ။

    တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းဆော်ဩနေပေမယ့် ရုရှား စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲက စာချုပ်ပါအတိုင်း မြန်မာစစ်တပ်ထံ Pantsir ဒုံးခွင်းစနစ်တွေ ပို့ပေးသွားမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံထားပြီး မြန်မာဟာ သူတို့အတွက် မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

    တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

    ဩဂုတ် ၂၆၊ ၂၀၂၁
    M-Media

    -တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတာတွေကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ အရှိန်မြင့်လာလိမ့်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

    စစ်တပ်က အာဏာသိမ်းတာဟာ ၇ လနီးပါး ရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း အရပ်သားပြည်သူ ၁၀၁၆ ဦး သေဆုံးကာ ​၆ ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတစ်ဝှမ်း ပြည်သူတွေက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။

    တော်လှန်တိုက်ခိုက်မှုတွေ အဓိကလုပ်ဆောင်နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီက တပ်အင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလိမ့်မယ်လို့ တိုင်းရင်းသား တပ်ဖွဲ့တွေက ပြောပါတယ်။

    “ထိုးစစ်လုပ်ဖို့ သူတို့ စီစဉ်တာနဲ့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပြီး အနီးအနားက ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးရပါတယ်။ အခုလေလောဆယ်တော့ ဒါပဲပြောနိုင်ပါသေးတယ်။ လူဘယ်လောက်များများ ထွက်ပြေးရလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး” လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောရေးဆိုခွင့်ရှိသူ ခွန်သောမတ်စ်က ပြောပါတယ်။

    ကရင်ပြည်နယ်မှာလည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU နဲ့ စစ်ကောင်စီတပ်တွေအကြား တင်းမာမှုတွေ မြင့်တက်နေပြီး ဩဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း KNU တပ်မဟာ ၆ နဲ့ တိုက်ခိုက်မှု နေ့စဉ် ဖြစ်ပွားနေတာပါ။ စစ်ကောင်စီကလည်း ကရင်ပြည်နယ်မှာ တပ်တွေဖြည့်တင်းနေပြီး နံပါတ် ၂ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် လာရောက်ကွပ်ကဲနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    “တိုက်ပွဲစစ်ဖြစ်မလားဆိုတာက မြန်မာစစ်တပ်အပေါ် မူတည်တယ်ဗျ။ ကျွန်တော်တို့ကတော့ သူတို့ကို စမတိုက်ဘူး။ ကျွန်တော်တို့နယ်မြေထဲကို သူတို့ဝင်လာရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်မှာပဲ။ အထက်ကနေ သူတို့ကို ဘာအမိန့်ပေးထားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကန့်သတ်နယ်မြေထဲဝင်ဖို့ သူတို့ကို ညွှန်ကြားထာတာမျိုး ရှိတယ်ဆိုရင်တော့ တိုက်ပွဲက သေချာပေါက်ဖြစ်မှာပါ” လို့ KNU က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဖဒိုစောလစ္စတင်က ပြောပါတယ်။

    ကချင်ပြည်နယ်မှာလည်း ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ KIA ရဲ့ ကြေငြာချက်မှာတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံး စစ်ပွဲကို ရှောင်ရှားပြီး လတ်တလော နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့သာ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

    KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှု မြင့်တက်လာတာကြောင့် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

    “စစ်ကောင်စီဟာ လက်နက်ခဲယမ်းတွေကို ဖြည်းဖြည်းချင်း ဖြည့်တင်းလာနေတယ်။ ဒါ့ကြောင့် မိုးအကုန် ဆောင်းအကူးမှာ စစ်ဆင်ရေးတွေ ပိုမြင်လာရနိုင်ပါတယ်။ လက်ရှိအခြေအနေအရ သူတို့ဟာ တစ်ခုခု လုပ်တော့မှာပါ”

    တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးသုတေသီ ဒေါက်တာလှကျော်ဇောက မိုးကုန်တော့မှာကြောင့် သိပ်မကြာခင်မှာ စစ်ကောင်စီက ထိုးစစ်တွေတိုးမြှင့်လုပ်ဆောင်လာဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။

    “နှစ်စဉ် ဒီလိုအချိန်မျိုးမှာ မြန်မာစစ်တပ်က ထိုးစစ်တွေ လုပ်တတ်တယ်။ ပေးဆပ်ရတာက ဒေသခံ ပြည်သူလူထုပါ။ စစ်တပ်က နိုင်မှာမဟုတ်ပေမယ့် ပြည်သူတွေကတော့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဒုက္ခရောက်ပါလိမ့်မယ်”

    Ref: RFA

  • ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ကိုဗစ်ကူးနေသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ဇနီး ဆေးရုံမှဆင်း

    ဩဂုတ် ၂၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ မြန်မာစစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီးဟာ ကိုဗစ်ပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီလို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ် ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ နေပြည်တော်က တိုက်ချောင်း စစ်ဆေးရုံမှာ အခုလအစောပိုင်းကစပြီး ဆေးကုသမှု ခံယူနေရတာပါ။ အာဏာသိမ်းစစ်ကောင်စီက ဒီသတင်းကို ထုတ်ပြန်ခြင်း မရှိပေမယ့် ပြည်တွင်းမီဒီယာတွေက အာဏာရှင်ဟောင်း ဇနီးမောင်နှံဟာ ပုံမှန် ဆေးစစ်မှုခံယူဖို့အတွက် ဆေးရုံတက်နေရတယ်လို့ ဖော်ပြပါတယ်။

    နောက်ပိုင်းမှာ ဆေးရုံက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဦးသန်းရွှေနဲ့ဇနီးတို့ ကိုဗစ်ကူးနေပြီး အပျော့စားရောဂါလက္ခဏာပြကာ စစ်ဆေးရုံက VIP ကုသဆောင်မှာ ကုသနေတယ်လို့ နိုင်ငံခြားသတင်းဌာနတစ်ခုကို အတည်ပြုပြောကြားခဲ့ပါတယ်။

    ကိုဗစ်ပျောက်ကင်းသွားတဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ သောကြာနေ့မှာ ဆေးရုံကနေ ဆင်းသွားပြီး ဆရာဝန်တွေ၊ သူနာပြုတွေက ပုံမှန် ကျန်းမာရေးစစ်ဆေးပေးနေတယ်လို့ အခြား ဆေးရုံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

    စစ်အာဏာရှင် ဦးနေဝင်းနေရာကို ဆက်ခံခဲ့တဲ့ ဦးသန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်ကို အုပ်စိုးခဲ့ပြီး ပြည်သူလူထုနဲ့ ရဟန်းသံဃာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုကြောင့် အမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ အာဏာရှင် ဦးသန်းရွှေလက်ထက်အတွင်း မြန်မာနိုင်ငံဟာ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း စသဖြင့် အဖက်ဖက်က နိမ့်ကျခဲ့ပါတယ်။

    Ref: Daily Mail