News @ M-Media

Tag: Myanmar Military

  • လက်နက်ကိုင်ကြမ်းကြုတ်မှုကို လက်နက်နဲ့မှ ဟန့်တားနိုင်မယ်ဆိုတာ သက်သေပြခဲ့တဲ့ စစ်ကိုင်းတိုင်းက တူမီးတော်လှန်ရေး

    လက်နက်ကိုင်ကြမ်းကြုတ်မှုကို လက်နက်နဲ့မှ ဟန့်တားနိုင်မယ်ဆိုတာ သက်သေပြခဲ့တဲ့ စစ်ကိုင်းတိုင်းက တူမီးတော်လှန်ရေး

    ဧပြီ ၁၃၊ ၂၀၂၁
    M-Media

    (ဓာတ်ပုံ – စစ်ကိုင်းတိုင်းမုံရွာမြို့မှ ဆန္ဒပြမှု မြင်ကွင်း)

    -တစ်ချက်ပစ် တစ်ချက်ယမ်းထိုးတဲ့ ရိုးရာတူမီးသေနတ်တွေ၊ တစ်ခါတစ်လေမှာ ပိုအဆင်မြင့်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြညသူတွေဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကို ခုခံကာကွယ်နေကြပါတယ်။

    မတ်လ ၂၇ ရက်နေ့ တပ်မတော်က နိုင်ငံတစ်ဝှမ်း ပြည်သူ ၁၁၄ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သွေးချောင်းစီးမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းက​ ကလေးမြို့ဟာ ပြန်လည် ခုခံတိုက်ခိုက်ကြပါတော့တယ်။

    အဲဒီနေ့မှာပဲ ပြည်သူတွေက ‘ကလေး ဒေသခံတပ်ဖွဲ့’ (KCA) ကို ဖွဲ့စည်းခဲ့ပြီး မြို့ရဲ့ တာဟန်းရပ်ကွက်မှာ အခိုင်အမာ ခြေကုပ်ယူလိုက်ကြတယ်။ ဒေသတွင်း အမဲလိုက်ရာမှာ သုံးတဲ့ တူမီးသေနတ်တွေနဲ့ အခြား ခေတ်မီ လက်နက်တွေကိုလည်း သူတို့တွေ ဖြည့်တင်းခဲ့ကြပါတယ်။

    စစ်တပ်က ကလေးမြို့ကို စစ်ကူတွေ ထပ်ခါထပ်ခါပိုပြီး တိုက်ခိုက်တဲ့တိုင်အောင် ပြည်သူတွေဟာ ခံတပ်ကို ၁၀ ရက်ကြာ သိမ်းပိုက်ကာကွယ်ထားနိုင်ခဲ့ပါတယ်။

    ဧပြီလ ၄ ရက်နေ့မှာတော့ ဆန္ဒပြသူတွေဟာ သုံ့ပန်းလဲလှယ်မှု လုပ်ခဲ့ပါတယ်။ သူတို့ဖမ်းဆီးရမိတဲ့ ရဲ ၇ ယောက်နဲ့ စစ်တပ်ကဖမ်းထားတဲ့ အရပ်သား ၉ ယောက်ကို လဲခဲ့တာပါ။ နောက်ထပ် ၂ ရက်အကြာမှာတော့ စစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ ညှိပါတယ်။ ဆန္ဒပြခံတပ်ကို ဖြိုဖျက် ဖယ်ရှားပေးဖို့ ပြောခဲ့ပြီး ဆန္ဒပြခေါင်း​တောင်တွေက ကလေးမြို့မှာ ဆန္ဒပြပွဲလုပ်ခွင့်ပေးရင် သဘောတူမယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒီဆွေးနွေးမှုဟာ အဖြေမထွက်ခဲ့ပါဘူး။

    နောက်တစ်ရက်မှာ စစ်တပ်ဟာ မနက်အစောကြီးကတည်းက ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။ တာဟန်းရပ်ကွက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီနောက် ခံတပ်လည်း ပြိုသွားခဲ့ပါတယ်။ စစ်သားနဲ့ရဲတွေဟာ ကျန်တဲ့ KCA အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ခုခံကာကွယ်မှု ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်မမြို့နဲ့ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် KCA ကို ဖွဲ့စည်းခဲ့တာပါ။ KCA အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်။ ပြန်လာပြီး ဆန္ဒပြသူတွေနဲ့ဆွေးနွေးကာ တန်ပြန်ထိုးစစ်ဆင်ဖို့ ဆွေးနွေးနေပါတယ်” လို့ ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မအေးသဇင်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေကို ကလေးမြို့က ခုခံကာကွယ်ဖို့ ကြိုးစားမှုအတိုင်း စစ်ကိုင်းတိုင်းဒေသကြီးက အခြားမြို့တွေကလည်း လုပ်ဆောင်လာကြပါတယ်။ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရာ …… အဖြစ် ပေါ်ထွက်လာပါတယ်။

    မတ်လနှောင်းပိုင်းကစလို့ တမူး၊ ပင်လယ်ဘူးနဲ့ တန့်ဆည်မြို့တွေက ဒေသခံတွေဟာ ရဲနဲ့ စစ်သားတွေကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်မှုတွေ လုပ်ဆောင်လာပြီး နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးတွေ ​များလာပါတယ်။

    ရန်ကုန်၊ မန္တလေးတို့နဲ့ မတူတာက စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းနဲ့ မြောက်ပိုင်းက ဝေးလံခေါင်ဖျားဒေသတွေမှာ ဆန္ဒပြသူတွေဟာ ရိုးရာအမဲလိုက်သေနတ်၊ ဓားနဲ့ ဓာတ်ဆီဗုံးတွေအပြင် အခြား​လက်နက်တွေကို ရနိုင်ကြတာပါ။ ကလေး၊ တမူးနဲ့ ပင်လယ်ဘူးမြို့က ဆန္ဒပြသူတွေဟာ ချေမှုန်းရေးရိုင်ဖယ်အချို့၊ လက်ပစ်ဗုံးအချို့အပါအဝင် ပိုပြီး အဆင့်မြင့်တဲ့လက်နက်တွေရရှိအောင် ကြိုးပမ်းထားနိုင်တယ်လို့ သတင်းရင်းမြစ်တော်တော်များများက Frontier သတင်းဌာနကို ပြောပါတယ်။

    ခုခံတိုက်ခိုက်မှု ပေါ်ပေါက်လာရာမှာ ဒီမိုကရေစီရရှိရေး ကြွေးကျော်တောင်းဆိုရာမှာ သမိုင်းအစဉ်အလာကြီးမှု၊ အခြား တောင်တန်းဒေသတွေနဲ့ယှဉ်ရင် တိုင်းရင်းသားလက်နက်ကိုင် သူပုန်ထမှု မရှိတာကြောင့် တပ်မတော်ရဲ့ စစ်အင်အား နည်းပါးမှုတွေ စတာတွေကလည်း နောက်ကွယ်က အကြောင်းအရင်းအနေနဲ့ ပါဝင်ပါတယ်။

    စစ်ကိုင်းတိုင်းမြို့တော် မုံရွာ၊ ကလေးမြို့နဲ့ ဒီပဲယင်းမြို့တွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုမှာ ရေခံမြေခံကောင်းတဲ့မြို့တွေ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် လူထုအုံကြွမှု၊ ရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ ၂၀၀၇ သံဃာအရေးအခင်းတွေမှာ ဒီမြို့ကပြည်သူတွေဟာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအပေါ် လုံခြုံးရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲပေမယ့် တော်လှန်ရေးသမိုင်းကြောင်းကြောင့်ပဲ မုံရွာမြို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြမှု ကြီးကြီးမားမားဖြစ်ပွားရာ ဒေသတွေထဲမှာ ပါဝင်ခဲ့တာပါ။ ​စစ်တပ်က အာဏာမစွန့်လွှတ်မချင်း မုံရွာကဆန္ဒပြမှုဟာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “မုံရွာမှာ ဆန္ဒပြမှုကို ကျွန်တော်တို့ ရပ်လိုက်ရင် စစ်တပ်ဟာ စစ်ကိုင်းတိုင်းက လူဦးရေနည်းတဲ့ တစ်ခြားမြို့တွေကို သွားပြီး ဖြိုခွင်းပါလိမ့်မယ်”

    ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကြီးကြီးမားမားဆန္ဒပြမှုတွေ လက်တလော နည်းသွားတဲ့အတွက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းဖက်ကို တပ်တွေ ပိုလွှတ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

    ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မသဇင်ကလည်း ဒီအချက်ကို သဘောတူပါတယ်။ မုံရွာမှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတာကြောင့် အိန္ဒိယနဲ့ကပ်နေတဲ့ ကလေး၊ တမူးမြို့တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အာရုံမစိုက်နိုင်ဘူးလို့ သူက ပြောပါတယ်။

    တမူးမြို့မှာဆိုရင် ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ ထိခိုက်သေဆုံးအောင် လုပ်နိုင်သည်အထိ လက်စောင်းထက်ခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသူက မြို့ခံတွေဟာ ခေတ်ပေါ်သေနတ်၊ ရိုးရာတူမီးသေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ခုခံတိုက်ခိုက်နေကြတယ်လို့ ပြောပါတယ်။ ​အခုအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးထားပါတယ်။

    “ကျွန်တော်တို့ပြန်မပစ်ရင် ဆန္ဒပြသူတွေ အသတ်ခံရမှာပဲ။ ဆန္ဒပြပွဲလည်း ကျွန်တော်တို့မြို့ကနေ ပျောက်သွားလိမ့်မယ်”

    လက်နက်ကိုင်ခုခံတွန်းလှန်မှုဟာ တောရောမြို့မှာပါ ဖြစ်ပွားနေတယ်လို့လည်းသူက ပြောပါတယ်။

    တမူးမြို့မှာ ပထမဆုံး ခုခံတိုက်ခိုက်မှုဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်ပါတယ်။ CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒေသခံတွေကိုဦးဆောင်ကာ နန်ဖာလုံရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း CDM ရဲတပ်ဖွဲ့ဝင်လည်း သေဆုံးခဲ့တယ်လို့ ကိုမင်းသူက ပြောပါတယ်။

    နောက် ၃ ရက်အကြာမှာတော့ ​တမူးမြို့က စစ်ကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တမူးမှာ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု လျော့ကျသွားတယ်လို့ ကိုမင်းသူက ပြောပါတယ်။ တမူးမှာ ဧပြီလ ၁၂ ရက်နေ့အထိ ပြည်သူဖက်က ထိခိုက်သေဆုံးသူ ၆ ဦးသာ ရှိပါသေးတယ်။

    “ဒါ့ကြောင့် တစ်ခြားနေရာက ပြည်သူတွေကလည်း ရဲနဲ့စစ်သားတွေကို ကြောက်မနေဘဲ ပြန်တိုက်ဖို့လိုပါတယ်။ ရဲနဲ့ စစ်သားကသာ ပြည်သူကို ကြောက်ရမှာပါ”

    နယ်စပ်မှာရှိနေတာက တမူးမြို့ဆန္ဒပြသူတွေရဲ့ အားသာချက်ဖြစ်ပြီး အခြားနေရာတွေမှာ ဆန္ဒပြသူတွေဟာ ဒီအားသာချက်မျိုး မရှိပါဘူး။

    တမူးမြို့ခံဖြစ်ပြီး ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုမင်းသူက ဒဏ်ရာရသူတွေကို နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က မိုးရေးဖက်ကို သွားကုတယ်လို့ ပြောပါတယ်။ တမူးမှာ အခြေအနေတွေ ဆိုးရွားလာရင် ဒေသခံတွေဟာ နယ်စပ်ဖြတ်ပြေးကြတယ်လို့လည်း ဆိုပါတယ်။

    ဆန္ဒပြသူတွေ လက်နက်ဘယ်လိုရလဲဆိုတာ အသေးစိတ်ပြောဖို့ သူက ငြင်းပေမယ့် မြန်မာ-အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိတာကြောင့် အဲဒီလူတွေဆီက ဝယ်ယူတာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

    “ကျွန်တော်တို့မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် လက်နက်ရဖို့က ပူစရာမလိုပါဘူး။ ဒါပေမယ့် ရဲနဲ့စစ်သားတွေကို ဘယ်လောက်ကြာကြာ ခုခုံနိုင်မလဲဆိုတာ ကျွန်တော် မသိပါဘူး”

    ဆန္ဒပြသူအချို့ လက်နက်ကိုင်ခုခံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်​ပြန့် ဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ကိုစည်သူကတော့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်စက်ကြမ်းကြုတ်လို့ တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်တယ်။ လက်နက်ကိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ။ ​ကျွန်တော်တို့မှာ တစ်ခြားရွေးစရာသာရှိခဲ့ရင် လက်နက်ဘယ်ကိုင်ပါ့မလဲ”

    စစ်ကိုင်းတိုင်းမြောက်ပိုင်း ပင်လယ်ဘူးမြို့မှာ ဧပြီလ ၅ ရက်နေ့က ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း တူမီးလက်ချက်ကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။ ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးလည်း မီးရှို့ခံခဲ့ရပြီး ဆန္ဒပြသူတွေဖက်က အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ မြို့ကဒေသခံတော်တော်များများ ထွက်ပြေးသွားကြပြီး အမာခံဆန္ဒပြသူတွေပဲ ကျန်ရစ်တော့တယ်လို့ ကိုသီဟက ပြောပါတယ်။

    “ခုခံကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ တူမီးသေနတ်တွေပဲ ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိတော်လှန်ရေးကို ‘တူမီးတော်လှန်ရေး’ လို့ ကျွန်တော်တို့ ခေါ်ပါတယ်။ ကလေးနဲ့ တမူးမြို့တွေမှာ တူမီးအပါအဝင် လက်နက်တွေနဲ့ ခုခံနေပါတယ်”

    မ​ကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါမြို့ကို ကလေးမြို့ကနေ ၃ နာရီကြာ ကားမောင်းသွားရပါတယ်။ ကလေးမြို့ရှိတဲ့ ​တောင်တန်းနှစ်ခုကြားက ​ချိုင်းဝှင်ဒေသရဲ့ တောင်ဖက်မှာ ရှိတာပါ။ ဂန်ဂေါမြို့က ဒေသခံတွေဟာ မတ်လ ၃၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

    “တူမီး​သေနတ်ကို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အသုံးပြုတာပါ။ ​ရဲတွေက သေနတ်ကိုကြောက်တယ်။ ပြည်သူတွေက ပြန်ပစ်မှာကို သူတို့ သိတဲ့အတွေက် တွေ့ရာမြင်ရာ မပစ်ရဲပါဘူး” လို့ မြို့မရပ်ကွက်က ကိုအောင်ထူးက ပြောပါတယ်။

    ဧပြီလ ၂ ရက်နေ့ကစလို့ ရဲနဲ့ စစ်သားတွေက ဂန့်ဂေါမြို့ မြို့မရပ်ကွက်နဲ့ မိုးကောင်းရပ်ကွက်မှာ တစ်အိမ်တက်ဆင်း လက်နက်တွေရှာတာကြောင့် ​ပြည်သူတွေ တစ်ခြားနေရာကို ထွက်ပြးခဲ့ရပါတယ်။ ​လက်နက်မရှိပေမယ့်လည်း ဖမ်းဆီးသွားမှာကို ဒေသခံတွေက ကြောက်နေကြတာပါ။

    မကွေးတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ကျော်ထွန်း (NLD ပါတီ ဂန့်ဂေါ မဲဆန္ဒနယ် ၂) က အဲဒီရပ်ကွက်တွေကို ရဲနဲ့စစ်တပ်တွေ ၀ိုင်းထားတာကြောင့် သူဟာ တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့တွေ မြို့မနဲ့ မိုးကောင်းရပ်ကွက်တွေမှာ ရှိနေတုန်းပါ။ ဒေသခံတွေကတော့ ချင်းပြည်နယ် ဒါမှမဟုတ် မကွေးတိုင်းက အခြားဒေသတွေကို ​ထွက်ပြေးနေရပါတယ်”

    မတ်လနောက်ဆုံးသီတင်းပတ်က ဂန်ဂေါမြို့မှာ လူ ၄ ဦး အသတ်ခံရတယ်လို့လည်း သူက ပြောပါတယ်။

    ဧပြီလ ၁၀ ရက်နေ့က တမူးမြို့မှာ လုံခြုံးရေးတပ်ဖွဲ့ဝင်တွေ ကျည်အစစ်နဲ့ပစ်တာ၊ လစ်ပစ်ဗုံးနဲ့ထုတာကြောင့် လူ ၃ ဦး သေဆုံးခဲ့သလို လက်တလော ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်ရှိနေပေမယ့် တမူးဒေသခံတွေကတော့ လက်နက်ကိုင် ခုခံရေး ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး ‘တမူးလုံခြုံရေးအဖွဲ့’ ကိုတောင် ဖွဲ့စည်းထားကြပါပြီ။

    လက်လုပ် တူမီးသေနတ်​၊ AK47၊ M16 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုမင်းသူက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ကျီးလန့်စာစားရမယ့် ပစ်-ပြေးနည်းလမ်းကို အသုံးပြုမယ်လို့လည်း သူက ဆိုပါတယ်။

    “မကြာခင် ပျောက်ကျားဗျူဟာနဲ့ ကျွန်တော်တို့ တိုက်သွားမယ်။ ​လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့က လူနည်းတယ်။ ဒါ့ကြောင့် ဗျူဟာပြောင်းဖို့ လိုပ်ပါတယ်”

    (ဆောင်းပါးပါအမည်များသည် အမည်လွှဲများ ဖြစ်ပါသည်)

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် The ‘Tumi Revolution’: Protesters fight back in Sagaing Region ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • မြန်မာ့အရေး နိုင်ငံတကာ၏တုန့်ပြန်မှုကို တရုတ်နှင့်ရုရှားက ဖျက်ဆီးနေဟု ဥရောပသမဂ္ဂပြော

    မြန်မာ့အရေး နိုင်ငံတကာ၏တုန့်ပြန်မှုကို တရုတ်နှင့်ရုရှားက ဖျက်ဆီးနေဟု ဥရောပသမဂ္ဂပြော

    ဧ​ပြီ ၁၂၊ ၂၀၁
    M-Media

    -စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မတည်မငြိမ်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက တုန့်ပြန်ဆောင်ရွက်ရာမှာ တရုတ်နဲ့ ရုရှားတို့က ဟန့်တားနေတယ်လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာအကြီးအကဲ ဂျိုးဆပ် ဘော်ရဲလ်က ပြောကြားလိုက်ပါတယ်။

    “ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြိုးပမ်းမှုတွေ ဥပမာ လက်နက်ရောင်းချမှု ပိတ်ဆို့တာမျိုးကို တရုတ်နဲ့ ရုရှားတို့က တားဆီးဟန့်တားနေတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေက ဘုံမူဝါဒတစ်ခု ရရှိရေးကို တော်တော်လေး ခက်ခဲအောင် လုပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကြိုးစားရမယ့်တာဝန် ရှိနေပါတယ်”

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၇၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၄၆ ဦး ပါဝင်ပါတယ်။

    ဂျိုးဆပ် ဘော်ရဲလ်က စစ်ကောင်စီဟာ အကြမ်းဖက်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကြောက်မက်ဖွယ်အဖြစ်ဆိုးကို ကမ္ဘာကြီးက မြင်တွေ့နေရတာပါ။ စစ်တပ်ဟာ ကိုယ့်ရဲ့ပြည်သူကို အကြမ်းဖက်နေတာ ဖြစ်ပါတယ်”

    တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကိုယ်စီ ရှိကြပြီး လက်နက်ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံတွေလည်း ဖြစ်ပါတယ်။

    ဥရောပသမဂ္ဂဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေတဲ့ စစ်ခေါင်းဆောင် ၁၁ ဦးကို မတ်လအတွင်းက ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပြီး စစ်ခေါင်းဆောင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အာဏာသိမ်းမှုနဲ့ ဆက်နွယ်နေတဲ့သူတွေကို ထပ်မံ အရေးယူဖို့လည်း စီစဉ်နေပါတယ်။

    ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံ စီးပွားရေးဆက်ဆံမှုပမာဏ နည်းပါးပေမယ့် နိုင်ငံမှာ ဒီမိုကရေစီပြန်ရရင် စီးပွားရေးကဏ္ဍ တိုးမြှင့်လုပ်ဆောင်ပေးမယ်လို့လည်း ဘော်ရဲလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • မောက်မာ၊ အမြင်ကျဉ်းသည့် အလိမ်အညာစစ်ခေါင်းဆောင်တွေက ပြည်သူ့အင်အားကို လျှော့တွက်မိပြီ – (CNN သတင်းထောက်၏ သတင်းဆောင်းပါး)

    မောက်မာ၊ အမြင်ကျဉ်းသည့် အလိမ်အညာစစ်ခေါင်းဆောင်တွေက ပြည်သူ့အင်အားကို လျှော့တွက်မိပြီ – (CNN သတင်းထောက်၏ သတင်းဆောင်းပါး)

    ဧပြီ ၁၀၊ ၂၀၂၁
    M-Media

    -တိုင်းပြည်အခြေအနေ တိုးတက်နေတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်နေတယ်။ မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်လူအုပ်ကြောင့် လက်ရှိမှာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ဒါကို ​ဖြိုခွင်းရမယ်လို့ မြန်မာစစ်ကောင်စီက လူတွေကို ယုံကြည်စေချင်နေတယ်။ နိုင်ငံရေးလမ်းပြမြေပုံကို ချမှတ်ရေးဆွဲထားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ၂ နှစ်အတွင်း လုပ်ပေးမယ်ဆိုတဲ့ စကားကိုလည်း လူတွေကို နားထောင်စေချင်ပါတယ်။

    ဒါတွေဟာ အပေါ်ယံရွှေမှုန်ကြဲ ဟန်ဆောင်လိမ်ညာနေတယ်ဆိုတာ တပ်မတော်လိုခေါ်တဲ့ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ခဲ့တဲ့ မကြာသေးခင်က ခရီးစဉ်အတွင်း CNN အဖွဲ့က အတိုင်းသား မြင်ခဲ့ ကြားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်အာဏာယူထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ်ကို ပြည်သူတွေက အလျှံငြီးငြီး ဒေါသမီး တောက်လောင်နေတာကိုလည်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရပြီး ဒုတိယအကြိမ် အာဏာထပ်ရခဲ့တာပါ။

    ပြီးခဲ့တဲ့ ၂ လအတွင်း ရဲ၊ စစ်သားနဲ့ ရှေ့တန်းက အထူးတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်မရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စနစ်တကျ အစီစဉ်ချပြီး ဖြိုခွင်းပါတော့တယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က လူပေါင်း ၆၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

    နိုင်ငံရပ်ခြားက ဝင်ရောက်မှုကို ပိတ်ပင်ထားပြီး၊ ၀ိုင်ဖိုင်အင်တာနက်တွေကို ဖြတ်တောက်ကာ၊ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို ထိန်းချုပ်ထားတဲ့အချိန် မြန်မာနိုင်ငံအတွင်း ဘာတွေဖြစ်နေလဲဆိုတာ ရဲရင့်တဲ့ ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေက အန္တရာယ်ကို မမှုဘဲ ကမ္ဘာကြီးကို တင်ဆက်နေပါတယ်။

    မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို တွေ့မှာစိုးတာကြောင့် စစ်တပ်က ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ပထမနေ့ ကျွန်မတို့ရဲ့ ခရီးစဉ်မှာ စစ်သားတွေပါတဲ့ ထရပ်ကား ၆ စီး ခြံရံပြီး ရန်ကုန်မြို့ကို လိုက်ပြပါတယ်။ ဒါ့အပြင် အခြားအစောင့်တွေ၊ စကားပြန်တွေ၊ အရပ်ဝတ်လုံခြုံရေးတွေ အပြည့်လိုက်ပါလာတဲ့ ကားတွေလည်း ပါပြီး ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်လံ စောင့်ကြည့်တာတွေ လုပ်ပါတယ်။ ကျွန်မတို့ သန့်စင်ခန်းထဲသွားတာတောင် လိုက်ကြည့်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့မှာ ကားနဲ့လျှောက်ကြည့်နေစဉ်မှာပဲ ခပ်လှမ်းလှမ်းက သံပုံးတီးတာတွေကို ကျွန်မတို့ ကြားရပါတယ်။ မကောင်းဆိုးဝါးမောင်းထုတ်တဲ့ ဒီရိုးရာဓလေ့ဟာ တော်လှန်ရေးရဲ့ အမှတ်သညာအသံ ဖြစ်လာပါတယ်။ ကျွန်မတို့ရောက်နေတာကို သိသွားကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကျွန်မတို့ကို စာတွေ အများအပြား ပို့ကြပါတယ်။

    “ခင်ဗျားတို့အဖွဲ့ ကျွန်တော်တို့နဲ့ တွေ့လို့မရဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် ကျွန်တော်တို့အသံကို ကြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူတို့ ရေးကြပါတယ်။

    တစ်ရက် စစ်တပ်ကလုံခြုံရေးတွေ ကျွန်မတို့ကို မင်္ဂလာဒုံက စျေးတစ်ခုကို ခေါ်သွားပါတယ်။ မင်္ဂလာဒုံဆိုတာ စစ်တပ်မိသားစု တော်တော်များများ နေထိုင်တဲ့ နေရာပါ။ စစ်အဝတ်အစားရောင်းတဲ့ဆိုင်တွေကို နေရာတိုင်းမှာ တွေ့ရပြီး၊ စစ်သားတွေပါတဲ့ ထရပ်ကားတွေကလည်း သိပ်မဝေးတဲ့ လမ်းမှာ ရပ်ထားပါတယ်။ စစ်တပ်ကို လူထုက ထောက်ခံတယ်ဆိုတာမျိုး ကျွန်မတို့ကို ပြချင်တာပါ။ လူနှစ်ယောက် ကျွန်မတို့ဆီ ကပ်လာပြီး ဆူပူ အကြမ်းဖက်သူတွေအကြောင်း ဇာတ်တိုက်ထားတဲ့စကားတွေ ပြောပါတော့တယ်။ ‘ဆူပူအကြမ်းဖက်သူ’ ဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီရရှိရေး ဆန္ဒပြသူတွေကို ရှုတ်ချချိုးနှိမ်ပြီးသုံးတဲ့ စစ်တပ်ရဲ့ စကားလုံးပါ။ အကြမ်းဖက်မှုကို သူတို့က လုပ်တာလို့လည်း စစ်တပ်က ပြစ်တင်ပြောဆိုပါတယ်။ အဲဒီလူနှစ်ယော​က်ဟာ ကျွန်မတို့ကို လက်နှစ်ချောင်း ထောင်ပြပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးက အဓိကအမှတ်သညာဖြစ်နေတဲ့ ‘လက်သုံးချောင်း’ အမှတ်အသားကို ပျက်ရယ်ပြုတာလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ အခြားသူတွေ ကျွန်မတို့နားကို ရောက်လာပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေ ပတ်ဝန်းကျင်မှာ ဝန်းရံထားပေမယ့် သူတို့ဟာ ကျွန်မတို့ကို လက်သုံးချောင်းအမှတ်အသား ထောင်ပြပါတယ်။ သူတို့တော်တော်များများဟာ အရဲစွန့်ပြီး လုပ်ပြနေကြပေမယ့် ကြောက်ရွံ့နေရှာပါတယ်။ ဒီအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သူတို့သိနေပြီး အရဲစွန့်ရတာ ထိုက်တန်တယ်လို့ သူတို့ ခံစားနေရပုံပါပဲ။

    “ကျွန်မတိုင်းပြည်အတွက် လုပ်နိုင်တာကို လုပ်နေတာပါ” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    နောက်စျေးတစ်ခုမှာလည်း ဒီလိုအဖြစ်အပျက်မျိုး ထပ်ဖြစ်ပါတယ်။ လုံခြုံရေးတွေ ကျွန်မတို့ကို ဝိုင်းထားတာကြောင့် လူတွေ အနားကပ်လာရင် ကျွန်မတို့ အနောက်ဆုတ်ပြီး ရှောင်ဖို့ လုပ်ပါတယ်။ ဒီလိုအန္တရာယ်မျိုး ရှိနေပေမယ့် တစ်ချို့တွေက သူတို့ရဲ့အသံတွေကို ကျွန်မတို့ ကြားစေချင်ကြပါတယ်။

    “ကျွန်မတို့ ဒီမိုကရေစီ လိုချင်တယ်။ စစ်အာဏာသိမ်းမှုကို မလိုလားဘူး” လို့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ ဘေးမှာ စစ်သားတွေရှိတယ်လို့ ကျွန်မတို့ ပြောတော့ “ကျွန်မ မကြောက်ပါဘူး” လို့ သူက ပြန်ပြောပါတယ်။

    တိုင်းပြည်အတွင်းက လူငယ်တော်တော်များများလိုပဲ အနာဂတ်ပျောက်ဆုံးသွားပြီလို့ သူမ ခံစားနေရပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြောက်တရားတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကလည်း ဖယ်ကျဉ်ခံရမှုနဲ့ ဆင်းရဲတွင်းထဲကို ထိုးဆင်းသွားပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စစ်တပ်ဟာ တိုက်ရိုက် အာဏာယူအုပ်ချုပ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကာ လွှတ်တော်ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။

    “အမှောင်ခေတ်ကို ပြန်မသွားချင်တော့ဘူး။ ကျွန်မတို့ရဲ့အသံတွေ ပျောက်ဆုံးသွားပြီ။ ၁၀ နှစ်လောက်ပဲ ကျွန်မတို့ ဒီမိုကရေစီ ရခဲ့တယ်။ ကျွန်မတို့မှာ လက်နက်မရှိဘူး။ သေနတ်မရှိဘူး။ ဒီအသံတစ်ခုပဲ ရှိပါတယ်” လို့ မိန်းကလေးငယ်တစ်ဦးက ပြောပါတယ်။

    ကျွန်မတို့ကို စောင့်ကြပ်နေသူတွေက စိုးရိမ်လာပြီး သူတို့ရဲ့လုပ်ဇာတ် မအောင်မြင်တဲ့အတွက်လည်း မကျေမချမ်း ဖြစ်သွားပါတယ်။ ပြည်သူတွေရဲ့ အင်အား၊ စိတ်ဆန္ဒနဲ့ သတ္တိဗျတ္တိတွေ၊ စစ်အာဏာရှင်အပေါ် ခါးခါးသီးသီး မုန်းတီးမှုတွေကို စစ်ကောင်စီက တော်တော်လေး လျှော့တွက်မိခဲ့တာပါ။

    ကျွန်မတို့နဲ့ စကားပြောခဲ့တဲ့၊ လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အဲဒီအထဲက ၈ ယောက် ပြန်လွတ်သွားပြီဆိုတာ နောက်ပိုင်း ကျွန်မတို့ သိရပါတယ်။ ဒါပေမယ့် သူတို့ ရှောင်ပုန်းနေရပါတယ်။

    ရန်ကုန်မြို့က မြို့နယ်အုပ်ချုပ်ရေးရုံးတွေ ရောက်​တဲ့အခါ ဆန္ဒပြသူတွေကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ လူတွေကို ကျွန်မတို့ရှေ့ တန်းစီ ခေါ်ထုတ်လာပါတယ်။ ဆူပူအကြမ်းဖက်သူတွေက သူတို့ ရိုက်တယ်၊ ခြိမ်းခြောက်တယ်၊ အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်တယ်လို့ အဲဒီလူတွေက ပြောပါတယ်။

    အကြမ်းဖက်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ အုပ်ချုပ်ရေးမှူးက ဆန္ဒပြသူတွေ ဘယ်လိုဆူညံကြောင်း၊ လူ ၅ ဦးထက်ပိုစုပြီး ဥပဒေကို ဘယ်လိုချိုးဖောက်ကြောင်းတွေ ကျွန်မတို့ကို ပြောပြပါတယ်။ အဲဒီမြို့နယ်ဟာ အခု စစ်အုပ်ချုပ်ရေးလက်အောက် ရောက်နေပါတယ်။

    ဒီလို ဥပ​ဒေချိုးဖောက်မှုတွေကြောင့် ကလေးတွေအပါအဝင် လူရာချီ သတ်လိုက်တာလားလို့ ကျွန်တို့ကို စောင့်ကြပ်နေတဲ့ သူတွေကို မေးရာမှာတော့ သူတို့ တုန်လှုပ်သွားပြီး အဖြေမပေးခဲ့ပါဘူး။

    အာဏာရူးမှု

    ရန်ကုန်မှာ ၃ ရက်တာ နေထိုင်ခဲ့ပြီးတဲ့နောက် ကျွန်မတို့ကို နေပြည်တော် ခေါ်သွားပါတယ်။ ကျယ်ပြော သစ်လွင်တဲ့ အဲဒီမြို့ကြီးကို မောင်းဝင်လိုက်တာနဲ့ ပြည်သူတွေနဲ့ ဝေးရာမှာ စစ်ခေါင်းဆောင်တွေ ဘာ့ကြောင့် နေထိုင်နေကြလဲဆိုတာ အလွယ်တကူပဲ သိမြင်နိုင်ပါတယ်။ တောခေါင်ခေါင်မှာ ၂၀၀၀ ပြည့်နှစ်တွေက စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့မှာ နေထိုင်သူအားလုံးနီးပါးလောက်က စစ်တပ်နဲ့ အစိုးရအသိုင်းအ၀ိုင်းက လူတွေသာ ဖြစ်ပါတယ်။ ၁၂ လမ်းသွား အဝေးပြေးလမ်းကြီးမှာလည်း ရှင်းလင်းနေပြီး ကားတစ်စီးမှ မရှိသလောက်ပါပဲ။

    တပ်မတော် စစ်သမိုင်းပြတိုက်ကတော့ ခမ်းနားကြီးမားလွန်းပြီး စစ်တပ်ရဲ့ အထင်ကရ အဆောက်အဦးဖြစ်သလို အတိတ်က တိုင်းပြည်သူရဲကောင်းတွေရဲ့ ပုံတူပန်ကြီးကားချပ်တွေ၊ ကိုယ်တစ်ပိုင်းရုပ်တုတွေ ခင်းကျင်းပြသထားတဲ့ ပြခန်းကြီးတွေလည်း ရှိပါတယ်။

    ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်သူလို့ သတ်မှတ်ခံရပြီး ဖြုတ်ချခံလိုက်ရတဲ့ ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကားချပ်အောက်မှာ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CNN သတင်းဌာနကို အင်တာဗျူး ဖြေပါတယ်။

    မြန်မာနိုင်ငံက လက်ရှိအခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် တမလွန်ကနေ မြင်ရရင် ယူကျုံးမရ ဖြစ်နေမလားလို့ မေးတဲ့အခါမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ‘ဗိုလ်ချုပ်အောင်ဆန်း အခုအချိန်မှာသာရှိရင် မိုက်လိုက်တာ ငါ့သမီးရယ်လို့ပဲ ပြောမယ်လို့ ထင်ပါတယ်’ လို့ ပြန်ဖြေခဲ့ပါတယ်။

    အခန်းထဲမှာ ပြိုင်တူ သက်ပြင်းချသံ ပေါ်လာပြီး ဘာသာပြန်သမားရဲ့ မျက်လုံးလည်း ပြူးသွားကာ ဘာသာပြန်ဖို့တောင် အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြည်ညိုကြပြီး အထူးသဖြင့် လူများစု ဗမာလူမျိုးတွေ ကြားထဲမှာ ဖြစ်ပါတယ်။ သူမကို လူသိရှင်ကြား ဒီလို ပုတ်ခတ်ပြောဆိုတာမျိုးနဲ့ လူထုရဲ့ထောက်ခံမှုကို စစ်တပ်က မရနိုင်ပါဘူး။ မောက်မာထောင်လွှားပြီး၊ အမြင်ကျဉ်းမြောင်းလွန်းတဲ့ တပ်မတော်အသိုင်းအ၀ိုင်းကတော့ ဒါတွေကို သိပ်မစဉ်းစားပါဘူး။ အာဏာရယူလိုမှုနဲ့ ငွေကြေးအကျိုးစီးပွား ပိုင်ဆိုင်လိုမှုကသာ သူတို့ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ကျွန်မတို့ရဲ့ နောက်ဆုံးညမှာ တိုင်းပြည်အတွင်း တွေ့ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ အနီးကပ်လုံခြုံရေးက ကျွန်မကို မေးပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု မရကြောင်း၊ ပြည်သူကို ထိန်းချုပ်နိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဖိနှိပ်မှုကိုသာ စစ်တပ်က လုပ်နေပြီး ဒီလိုနည်းလမ်းကြောင့် ပြည်တွင်းစစ် တော်တော်များများ ပေါ်ပေါက်လာတာကို မြင်ခဲ့ရကြောင်း ကျွန်မ ရိုးရိုးသားသား ပဲ ပြန်ဖြေလိုက်ပါတယ်။

    သူက ကျွန်မပြောတာကို သေသေချာချာနားထောင်ပြီး ဘာမှပြန်မပြောဘဲ ခေါင်းပဲ ညိမ့်ပြပါတယ်။ တပ်မတော်အတွင်းမှာ ဂိုဏ်းကွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ဘက်ပြောင်းတာမျိုး ရှိချင်ရှိနိုင်ပေမယ့် အခုအချိန်အထိတော့ ဒီလိုဖြစ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး သိပ်မတွေ့ရပါဘူး။

    ရန်ကုန်ကနေ ပြန်ထွက်မယ့် လေယာဉ်မှာ လူငယ်တစ်ဦးက ကျွန်မနားကို ရှက်ကိုးရှက်ကန်းနဲ့ကပ်လာပြီး စာတစ်စောင် ပေးသွားပါတယ်။

    “ချစ်ရသော ကလာရစ်ဆာဝါဒ့် ခင်ဗျား။ မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေဖြစ်နေလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပေးပါ။ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ကို မလိုချင်ပါဘူး”

    ‘မြန်မာနိုင်ငံသားတစ်ဦး’ လို့ အဲဒီစာမှာ လက်မှတ်ရေးထိုးထားပါသေးတယ်။ သူတို့ရဲ့အကြောင်းတွေ၊ နာကျင်ခံစားရမှုတွေကို ကမ္ဘာကြီးက သိစေ၊ မြင်စေချင်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သူလည်း တစ်ဦး အပါအဝင်ပေါ့…

    Ref: CNN

    (CNN သတင်းဌာနမှ Myanmar’s military has underestimated the strength, will and bravery of its own people ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • မြန်မာကိစ္စဖြေရှင်းရေး အာဆီယံတွင် နှစ်ဖွဲ့ကွဲနေ

    မြန်မာကိစ္စဖြေရှင်းရေး အာဆီယံတွင် နှစ်ဖွဲ့ကွဲနေ

    ဧပြီ ၁၀၊ ၂၀၂၁
    M-Media

    -စစ်တပ်ကာအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

    အာဆီယံအတွင်းရေးမှူးရုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဒီထိပ်သီးအစည်းအဝေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။

    အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့မှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံတမန်တွေက ပြောပါတယ်။

    ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က တစ်ဖက်ဖြစ်ပြီး သူတို့က မြန်မာကိစ္စမှာ ဝင်မပါချင်ဘဲ ပြည်တွင်းရေးလို့ ပြောကာ ရှောင်ချင်ကြောင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က မြန်မာကိစ္စကို ကြားဝင်ဖြေရှင်းပေးရေး စိတ်အားထက်သန်နေကြောင်း သံတမန်တွေက ဆိုပါတယ်။

    မြန်မာ့အရေးမှာ အာဆီယံက ကြားဝင်ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ဆော်ဩနေတာပါ။ ယူကေကလည်း အာဆီယံရဲ့ ​ကြိုးပမ်းမှုကို ထောက်ခံအားပေးမယ်လို့ ပြောကြားထားပါတယ်။

    Ref : AFP

  • မြန်မာနိုင်ငံကိုလာကြည့်ချင်သည့် ကုလကိုယ်စားလှယ်ကို စစ်ကောင်စီက ဝင်ခွင့်မပြု

    မြန်မာနိုင်ငံကိုလာကြည့်ချင်သည့် ကုလကိုယ်စားလှယ်ကို စစ်ကောင်စီက ဝင်ခွင့်မပြု

    ဧပြီ ၁၀၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာဟာ မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာပါတယ်။

    မြန်မာနိုင်ငံကို လာရောက်ဖို့ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဘာဂီနာက Twitter မှာ ရေးသားခဲ့ပါတယ်။

    “ဆွေးနွေးဖို့အတွက် ဘန်ကောက်ကို အခုပဲ ရောက်ပါတယ်။ ကျွန်မကို လက်ခံတွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တပ်မတော်က အကြောင်းပြန်တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့အတွက် ကျွန်မ အသင့်ဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့အဖြေကို အကြမ်းဖက်မှုနဲ့ ဘယ်တော့မှ မရပါဘူး”

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာဂီနာဟာ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူဖြစ်တဲ့အတွက် ၇ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေဆုံဆွေးနွေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံက အခြေအနေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘာဂီနာဟာ အရှေ့တောင်အာရှက အခြားနိုင်ငံတွေနဲ့လည်း မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref : AFP