News @ M-Media

Tag: Myanmar Muslim

  • ဘာသာရေးသည်းခံနိုင်မှုကို ထင်ဟပ်နေတဲ့ ကန့်ဘလူက မြန်မာ-အရ်ဗီ သိပ္ပံကျောင်း

    ဘာသာရေးသည်းခံနိုင်မှုကို ထင်ဟပ်နေတဲ့ ကန့်ဘလူက မြန်မာ-အရ်ဗီ သိပ္ပံကျောင်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉
    M-Media

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    – စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တစ်မြို့မှာ နိုင်ငံရဲ့ အကြီးဆုံး မဒ်ရာဆာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခု ရှင်သန်နေပြီး ဒီမဒ်ရာဆာဟာဆာ ဗုဒ္ဓဘာသာဝင်တစ်ဦး လှူဒါန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ၁၈၈၅ ခုနှစ် မန္တလေးကိုသိမ်းပိုက်ခံရပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက် လုံးလုံး မကျရောက်ခင် ရာစုနှစ်ချီအရင်ကတည်းက နိုင်ငံရပ်ခြား ကုန်သည်တွေ ၀င်ရောက်အခြေချ နေထိုင်ခဲ့ကြတဲ့သမိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးက မြို့တစ်ခုမှာ အခုအထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

    ဧရာဝတီမြစ် အနောက်ဖက်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး အင်းဝနဲ့ အမရပူရလို့ အမည်တွင်ခဲ့တဲ့ စစ်ကိုင်းမြို့ဟာ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်တို့ကို ဆက်သွယ်ထားတဲ့ ရှေးခတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မန္တလေးအရင် ဘုရင့်နေပြည်တော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    နိုင်ငံရပ်ခြား စီးပွားရေးအသိုင်းအ၀ိုင်းမှာ မတူကွဲပြားမှုပေါင်းစုံ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အချိန်အတော်ကြာကတည်းက ဗမာ့လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သွားတဲ့ မွတ်စလင်တွေလည်း ပါဝင်ပြီး တိုင်းပြည်ရဲ့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်အသုံးတော်ခံနေတဲ့ ဓမ္မသင်တန်းကျောင်းတစ်ခုကိုလည်း သူတို့က တည်ထောင် ဖွင့်လှစ်ထားပါတယ်။

    ‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ခေါ်တဲ့ အဲဒီ ဓမ္မသင်တန်းကျောင်းကို ၁၉၃၇ ခုနှစ်မှာ စစ်ကိုင်းမြို့ရဲ့ ဆားကုန်းရွာမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၀ ရောက်တဲ့အခါ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ ကျောင်းအုပ်ကြီးဖြစ်တဲ့ ဦးအဘ်ဒူလ် ဟာဒီက ဒီကျောင်းဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အကြီးဆုံး အစ္စလာမ်ဓမ္မကျောင်းတော်ကြီးဖြစ်ပြီး ကျောင်းသား တစ်ထောင်လောက် ရှိတယ်လို့ ပြောပါတယ်။

    ကျောင်းရဲ့ ထူးခြားချက်တစ်ခုက ကျောင်းအမည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မဒ်ရာဆာအများစုဟာ အာရဘီကနေ ဆင်းသက်လာတဲ့ အမည်တွေ ပေးလေ့ရှိပေမယ့် အခုကျောင်းကတော့ ‘မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီး’ လို့ မှည့်ခေါ်ထားပါတယ်။

    ဂုဏ်သိက္ခာရှိသောကျောင်း

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    ကျောင်းကို ပူတွဲတည်ထောင်သူဖြစ်ပြီး ပထမဆုံးကျောင်းအုပ်လည်းဖြစ်တဲ့ ဆရာကြီးဦးပုံကြောင့် ဒီကျောင်းကြီးဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေးစားမှု ခံရပါတယ်။ အာရဗီ၊ အူရဒူ၊ ဖာရစီနဲ့ ဗမာ ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ဆရာကြီးဦးပုံကို ကန့်ဘလူမြို့နယ်က ပေါက်တောရွာမှာ မွေးဖွားခဲ့ပြီး ဖခင်က ဗမာဘုရင် သီပေါမင်းရဲ့ သစ္စာတော်ခံ ဦးယိမ်း ဖြစ်ပါတယ်။

    ဆရာကြီးပုံဟာ ဆရာကြီးလှ၊ ဆရာကြီးဇုံ၊ ဆရာကြီး ဦးဖီတို့နဲ့ ပူးပေါင်းကာ ဒီမဒ်ရာဆာကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၃၀ မှာ သူတို့တွေဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ ဆူရတ်မြို့ကိုသွားပြီး အဆင့်မြင့် အစ္စလာမ့်ဓမ္မပညာရပ်တွေကို ဆည်းပူးကာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး တစ်နှစ်အကြာ ၁၉၃၆ ခုနှစ်မှာ ဒီကျောင်းကြီးကို တည်ထောင်ခဲ့တာပါ။

    ဗမာအမည် ဦးဆောင်ဆန်းလို့ခေါ်တဲ့ ဦးအဘ်ဒူလ်ဟာဒီက ဆရာကြီးပုံကို ကန့်ဘလူဒေသခံတွေက လေးစားကြည်ညိုကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်တွေသ မကဘဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ မြေယာ၊ အမွေနဲ့ လင်ခန်းမယားခန်း ပြဿနာတွေကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးဖို့အတွက် တစ်ခါတစ်ရံမှာ အစိုးရကိုယ်တိုင် ဆရာကြီးပုံကို အကူအညီတောင်းတာတွေလည်း ရှိခဲ့ပါတယ်။

    “တစ်ချို့အမှုတွေဆိုရင် အစိုးရအာဏာပိုင်တွေ ဆရာကြီးရုံးကို လွှဲပေးလိုက်တာ” လို့ ဦးအဘ်ဒူလ်ဟာဒီက Frontier Myanmar ကို ပြောပါတယ်။

    ဒီလို အကူအညီတွေ ပေးခဲ့တဲ့အတွက်ကြောင့် ရထား၊ သင်္ဘောနဲ့ အခြားပို့ဆောင်ရေး ၀န်ဆောင်မှုတွေကို အခမဲ့ အသုံးပြုခွင့်အပါအ၀င် အစိုးရက ဆရာကြီးပုံကို အခွင့်ထူးတွေ ချီးမြှင့်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါ်ပေါက်လာပြီး လူမျိုးရေးနဲ့ နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ကန့်ဘလူမြို့ကလည်း ဒီဒဏ်တွေကို ခံခဲ့ရပါတယ်။ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့အချိန် ဆရာကြီးပုံဟာ ဆားကုန်းရွာကနေထွက်ဖို့ စဉ်းစားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဆရာကြီးနဲ့ မိသားစုဟာ ၁၀ မိုင်ဝေးတဲ့ ကန့်ဘလူမြို့ကို ပြောင်းရွှေ့ခဲ့ပေမယ့် ကျောင်းရဲ့ အခြေအနေတွေကို ကြီးကြပ် ထိန်းသိမ်းဖို့အတွက် ဆားကုန်းကို ပုံမှန် ပြန်လာလေ့ ရှိပါတယ်။

    ကျောင်းသားတွေ များလာတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ မဒ်ရာဆာ ဂေါပကအဖွဲ့က ကျောင်းနေရာပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆားကုန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ရှိခဲ့တဲ့ကျောင်းကို ကန့်ဘလူမြို့ပေါ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ကန့်ဘလူမှာ လူ ၂၅၀၀၀ လောက် နေထိုင်တယ်လို့ ဆိုပါတယ်။

    မူလကျောင်းအမည်ကို ဆက်ယူထားတဲ့ မဒ်ရာဆာအသစ်ကို ၁၉၆၀ ပြည့်နှစ် ၈ ဧကရှိတဲ့ ခြံဝိုင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကျောင်းအတွင်း ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဒေါ်မိက မြေနေရာလှူဒါန်းခဲ့တာဖြစ်ပြီး ဆရာကြီးပုံဟာ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်း ပြင်ပမှာပါ လေးစားအားထားမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

    “ဆရာကြီးပုံက နေရာသစ်တစ်ခုကို ရှာနေတယ်ဆိုတဲ့ သတင်းလည်းကြားရော ဒေါ်မိက ဆရာကြီးဆီးသွားပြီး ဗလီနဲ့ မဒ်ရာဆာအတွက် မြေနေရာလှူဒါန်းဖို့ ခွင့်တောင်းခဲ့ပါတယ်” လို့ အဘ်ဒူလ် ဟာဒီက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ်များကို လေ့ကျင့်ပေးရာနေရာ

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    အစိုးရကျောင်းမှာ ၅ တန်းပြီးမြောက်တဲ့ ကျောင်းသားတွေကိုသာ မဒ်ရာဆာက လက်ခံပြီး ပထမတန်းကို တက်ရောက်ရပါတယ်။ ပထမ ၄ နှစ်မှာ အစ္စလာမ်သာသနာကို လက်တွေ့ဘ၀မှာ လိုက်နာကျင့်သုံးနိုင်မယ့် နည်းနာတွေကို မဒ်ရာဆာက အဓိကထား သင်ကြားပေးပါတယ်။

    မြန်မာ-အရ်ဗီ သိပ္ပံကျောင်းကြီးမှာ ၄ တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေဟာ ၁၀ တန်းအထိ ဆက်လက် ပညာဆည်းပူးနိုင်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ဦးဆောင်နိုင်မယ့် ရှေ့ဆောင်အီမာမ်တစ်ပါး ဖြစ်လာရေး အဆင့်မြင့်ပညာရပ်တွေကိုလည်း ဆက်လက် ဆည်းပူးနိုင်ပါတယ်။ မဒ်ရာဆာ တည်ထောင်ခဲ့ပြီးတဲ့နောက်ပိုင်း ၁၀ တန်းအောင်မြင်သူ ၂ ထောင်ကျော် ရှိခဲ့ပြီး ကုရ်အာန်ကျမ်းစာ တစ်အုပ်လုံး အာဂုံဆောင်နိုင်တဲ့ ကျောင်းသားတွေကို ဒီကျောင်းက ဘွဲ့လက်မှတ် ချီးမြှင့်ပါတယ်။

    အူရဒူ ဒါမှမဟုတ် မြန်မာစာပေတွေနဲ့ သင်ကြားတဲ့ မြန်မာနိုင်ငံက အခြားမဒ်ရာဆာတွေနဲ့ မတူညီတာက မြန်မာ-အရ်ဗီ သိပ္ပံကျောင်းမှာ အာရဗီ ဘာသာစကားနဲ့ တိုက်ရိုက်သင်ကြားတာ ဖြစ်ပါတယ်။

    အင်္ဂလိပ်ဘာသာ၊ အဆင့်မြင့် မြန်မာစာနဲ့ အခြား လောကီဘာသာရပ်တွေကို သင်ကြားပေးခြင်းမရှိပေမယ့် အဘ်ဒူလ်ဟာဒီက သူ့ကျောင်းက ကျောင်းသားတွေရဲ့ ဗဟုသုတ၊ စွမ်းဆောင်နိုင်စွမ်းတွေကို သံသယမဖြစ်ဘူးလို့ ပြောပါတယ်။

    “ကျွန်တော်တို့ဆီက ကျောင်းသားတွေဟာ အစိုးရကျောင်းက ကျောင်းသားတွေကို ယှဉ်နိုင်စွမ်းရှိပါတယ်”

    ကျောင်းသားအားလုံး ယောက်ျားလေးတွေဖြစ်ပေမယ့် မဒ်ရာဆာက အခြားဆရာတွေဟာ ကန့်ဘလူဗလီမှာ အမျိုးသမီးတွေအတွက် အတန်းတွေ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

    မဒ်ရာဆာရဲ့ ဒုတိယကျောင်းအုပ်ဖြစ်ပြီး မြန်မာအမည် ဦးတင်မြင့်လို့ခေါ်တဲ့ ဦးအဘ်ဒူလ် ဟာကင်မ်က ကျောင်းသားတွေ ဘာဝတ်ရမယ်ဆိုပြီး ကန့်သတ်ထားတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ကြိုက်တာ ၀တ်နိုင်ပါတယ်။ ဒါပေမယ့် အတန်းတက်ဖို့ သင့်လျော်တဲ့အ၀တ်အစားမျိုးကို ဂရုတစ်စိုက်ဝတ်ဖို့ လိုအပ်ပါတယ်” လို့ ဦးတင်မြင့်က Frontier ကို ပြောကြားခဲ့ပါတယ်။

    သူ ဒီလိုဖြေကြားနေစဉ်မှာပဲ ကျောင်းသားတစ်ချို့ ကျောင်းရဲ့ အားကစားကွင်းမှာ ခြင်းလုံး၊ ဘောလုံးတွေ ကစားနေကြပြီး တစ်ချို့ကျောင်းသားတွေဟာ အင်္ဂလိပ် ပရီးမီးလားလိဂ်က အသင်းအင်္ကျီတွေ ၀တ်ဆင်ထားကြပါတယ်။

    ကျောင်းသားတွေရဲ့ ထက်ဝက်လောက်က ကျောင်းအိပ်ကျောင်းစား လာနေကြတာ ဖြစ်ပါတယ်။ မဒ်ရာဆာမှာ ၁၀ တန်းတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဝေဖြိုးအောင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဖြစ်ပါတယ်။ ဘာသာရေးအတန်းပညာ ၇ တန်းအောင်သွားပြီးတဲ့နောက် ဆက်လက်လေ့လာဖို့အတွက် မြစ်ကြီးနားမှာ မဒ်ရာဆာမရှိတော့တာကြောင့် သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

    ကျောင်းပြီးသွားရင် ဘာသာရေးနဲ့ပတ်သက်တဲ့ အသိတွေကို ပြန်လည်မျှဝေပေးတာ၊ ကလေးတွေကို စာသင်ပေးတာတွေ လုပ်ချင်တယ်လို့ သူက ပြောပါတယ်။

    “လမ်းချော်နေတဲ့သူတွေကို လမ်းကြောင်းမှန်ပေါ် ပြန်လည်တည့်မတ်ပေးတာမျိုးလည်း ကျွန်တော် လုပ်ဆောင်ပေးချင်ပါတယ်” လို့ ဝေဖြိုးအောင်က ပြောပါတယ်။

    ကျောင်းအိပ်ကျောင်းစား အများစုက ဝေဖြိုးအောင်နဲ့မတူဘဲ စစ်ကိုင်းတိုင်းဒေသကြီးတစ်ဝိုက်က ဖြစ်ပါတယ်။

    အစိုးရကျောင်းထက် ပိုပြီး စားရိတ်စက သက်သာတာကြောင့် မိဘတွေက မြန်မာ-အာရဗီသိပ္ပံကျောင်းကို ပို့ဆောင်ကြတာ ဖြစ်ပါတယ်။ ကျောင်းလခက တစ်နှစ်ကို ၃၀၀၀ ကျပ်သာဖြစ်ပြီး ကျောင်းအိပ်ကျောင်းစားတွေအတွက် နေစရာ၊ စားစရာ အခမဲ့ပေးပါတယ်။

    ကျောင်းရဲ့ ကုန်ကျစားရိတ်တွေအတွက် အလှူရှင်တွေအပေါ်မှာသာ လုံးဝမှီခိုနေရတာဖြစ်ပြီး အလှူရှင်အများစုဟာ မွတ်စလင်အသိုင်းအ၀ိုင်းကဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင် အလှူရှင်တွေလည်း ရှိနေပါတယ်။

    ဗုဒ္ဓဘာသာဝင်အလှူရှင်တွေထဲမှာ ထင်ရှားသူတစ်ယောက်က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မောင်အေးရဲ့ ညီဖြစ်သူ ဦးကျော်ညွန့်ဖြစ်ပြီး ကန့်ဘလူဇာတိ ဖြစ်ပါတယ်။

    မဒ်ရာဆာဟာ နှစ်တော်တော်များများ ရုန်းကန်လာခဲ့ရပြီးတဲ့နောက် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကို တွေ့ရတဲ့အတွက် ‘ကျေနပ်အားရမိတယ်’ လို့ ဦးကျော်ညွန့်က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ မဒ်ရာဆာရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ရေးသားခဲ့ပါတယ်။

    သံသယများ

    မြန်မာ-အရ်ဘီ သိပ္ပံကျောင်း မြင်ကွင်း (Photo Credit – Frontier Myanmar)

    ဒီကျောင်းကြီးဟာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သံသယမျက်စိနဲ့ကြည့်တာကို ခံခဲ့ရပြီး အထူးသဖြင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကြောင့် လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဆန့်ကျင်ဖက်အင်အားစုတွေက ရန်ကုန်မှာရှိတဲ့ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတွေကို ဖိအားပေး ပိတ်ခိုင်းခဲ့ပါတယ်။ မဒ်ရာဆာတွေအနေနဲ့ မြန်မာဘာသာစကားကိုသာ အသုံးပြုသင်ကြားဖို့၊ ဘာသာရေးသင်တန်းတွေကို အစိုးရက ခွင့်ပြုထားတဲ့ နေရာတွေမှာပဲ လုပ်ဆောင်ဖို့ဆိုတဲ့ အမိန့်ကြေငြာချက်တစ်ခုကို ကန့်ဘလူမြို့ အပါအ၀င် မြိုနယ် အထွေထွေ အုပ်ချုပ်ရေးရုံးတွေက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီအမိန့်ကို အစ္စလာမ့်အဖွဲ့အစည်းခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး ဘာသာတရား လွတ်လပ်စွာကျင့်သုံးခွင့်ကို ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေအနေနဲ့ ဒီအမိန့်ကို အတင်းလိုက်နာခိုင်းတာမျိုး လုပ်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

    အစိုးရက အသိအမှတ်ပြုထားတဲ့ မဒ်ရာဆာအရေအတွက် အတိအကျစာရင်း လတ်တလော ထွက်ထားတာ မရှိသေးပါဘူး။ ၁၉၉၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ‘သာသနာ့အလင်း’ စာအုပ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း မဒ်ရာဆာပေါင်း ၇၅၉ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။ မွတ်စလင်ခေါင်းဆောင်တွေက အစိုးရဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဗလီအသစ်တွေ၊ မဒ်ရဆာအသစ်တွေဆောက်ဖို့ ခွင့်ပြုချက် မပေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ၁၉၆၀ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ မဒ်ရာဆာလေးတစ်ခုရဲ့ ဂေါပကအဖွဲ့ဝင် ခလီဖာ ဦးတင်မောင်ကျော်က သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ ဓမ္မရေးရာ လမ်းညွှန် သင်ကြားပေးနိုင်ဖို့ အဓိကထားကာ ရှေ့ဆောင်အီမာမ်တွေကို လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “(မဒ်ရာဆာတွေဟာ) ဘာသာရေးကို သင်ကြားပေးနေတာပါ။ အစွန်းရောက်ဝါဒကို သင်ကြားပေးနေတာ မဟုတ်ပါဘူး”

    မဒ်ရာဆာတွေရဲ့ အဆင့်မြင့်အတန်းတွေမှာ သင်ယူနေတဲ့ မွတ်စလင်အများစုဟာ ကျေးလက်ဒေသ၊ လူမှုစီးပွား နိမ့်ပါးတဲ့ အသိုင်းအ၀ိုင်းတွေကဖြစ်တယ်လို့ ဦးတင်မောင်ကျော်က ပြောပါတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြဒေသတွေက မိဘတွေဟာ အစိုးရကျောင်းတွေကို ပိုလွှတ်ကြပြီး ဘာသာရေးအခြေခံတွေကို နားလည်ဖို့အတွက်လောက်သာ မဒ်ရာဆာတွေကို နှစ်အနည်းငယ်လောက် အချိန်ပိုင်း လွှတ်ကြပါတယ်။

    သင်ကြားမှုနည်းစနစ်တွေ ပြောင်းရေးဆိုတဲ့ အဓိကအချက်အပါအ၀င် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် နိုင်ငံတစ်ဝှမ်း ဝေဖန်ငြင်းခုံနေမှုတွေဟာလည်း မဒ်ရာဆာတွေအပေါ် ရိုက်ခတ်မှု ရှိပါတယ်။

    ရှေးခေတ်အတိုင်းသင်နေတဲ့ မဒ်ရာဆာတွေမှာ ခေတ်သစ် သင်ကြားရေးနည်းလမ်းတွေ အသုံးပြုရေး ခေတ်အမြင်ရှိတဲ့ မွတ်စလင်တွေက ကြိုးစားမှုကြောင့် ဆွေးနွေးငြင်းခုံမှုတွေလည်း မြင့်တက်လာပါတယ်။

    ‘ခေတ်သစ် သင်ကြားမှုနည်းလမ်း’ ကို မဒ်ရာဆာတွေမှာ လက်ခံကျင့်သုံးရေးဟာ ပထမဦးစားပေးဖြစ်တယ်လို့ ဦးတင်မောင်ကျော်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

    “ခေတ်သစ် သင်ကြားမှုနည်းလမ်းတွေနဲ့ သင်ကြားခဲ့ရသူတွေ၊ (ဗလီမှာဟောတဲ့) တရားတွေကနေသာ သိရှိနားလည်ကြသူတွေအကြား ကွာခြားချက်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဖောက်ထွက်တွေးခေါ်နိုင်ရေး သင်ယူဖို့ဟာ တကယ်ကို အရေးကြီးပါတယ်”

    Ref: Frontier Myanmar

    (Frontier Myanmar သတင်းဌာနမှ The madrassa of Kantbalu ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

  • မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့

    မြန်မာအာဏာပိုင်များ၏ ခွဲခြားမှုပေါ်လစီကြောင့် ထိုင်းရောက်မြန်မာမွတ်စလင်များ မှတ်ပုံတင်ရေး အခက်တွေ့

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    ထိုင်း-မြန်မာနယ်စပ် ချောင်းတစ်ခုတွင်တွေ့ရသည့် မြန်မာနိုင်ငံသားများ

    – မြန်မာအာဏာပိုင်တွေ့ရဲ့ ကန့်သတ်ခွဲခြားမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ ထိုင်းအစိုးရဆီ မှတ်ပုံတင်ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။

    ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နေပြီး အထောက်အထားမဲ့ လုပ်သားတွေအနေနဲ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားကာ မိခင်နိုင်ငံက အသိအမှတ်ပြုစာရွက်စာတမ်းတွေကို တင်ပြရမှာ ဖြစ်ပါတယ်။

    အဲဒီလို မတင်ပြနိုင်ဘူးဆိုရင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားအဖြစ် သတ်မှတ်မှာဖြစ်ပြီ ဖမ်းမိရင် ဘတ် ၅ သောင်း (ကျပ် သိန်း ၂၀ ကျော်) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ကနေ နယ်နှင်ခံရမှာဖြစ်သလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်အထိ လျှောက်လို့ရမှာ မဟုတ်ပါဘူး။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Burma Human Rights Network က မဲဆောက်မှာ ၂၀၁၈ ခုနှစ် မတ်လကနေ မေလအထိ စစ်တမ်းကောက်ယူမှုအတွင်း မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာ မြန်မာအာဏာပိုင်တွေရဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံနေရတယ်ဆိုတာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ နိုင်ငံမဲ့လိုဖြစ်နေတဲ့ကိစ္စဟာ အခု ထိုင်းနိုင်ငံမှာပါ ပြဿနာတစ်ခု ဖြစ်လာပါပြီ။ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းလုပ်သားတွေဟာ ကူရာကယ်ရာမဲ့ဖြစ်လာပြီး ထိုင်းအစိုးရရဲ့ ရွေ့ပြောင်းလုပ်သား မှတ်ပုံရေးလုပ်ငန်းစဉ်ကို ထိုခိုက်စေပါတယ်”

    အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိခင်နိုင်ငံက CI လို့ခေါ်တဲ့ အသိအမှတ်ပြု ထောက်ခံချက် တင်ပြဖို့အတွက် ထိုင်းအစိုးရက အမိန့်ုထုတ်ပြန်ပါတယ်။

    အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအာဏာပိုင်တွေဆီက အဲဒီထောက်ခံချက်ရဖို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေသာ တင်ပြရပေမယ့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ အဲဒီနှစ်ခုအပြင် သူတို့နေထိုင်ရာဒေသက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေကိုပါ တင်ပြရပါတယ်။ တစ်ချို့လူတွေဆိုရင် အဲဒါတွေအပြင် မြန်မာအာဏာပိုင်တွေက နောက်ထပ် အထောက်အထားတွေကိုပါ ထပ်ပြီးတောင်းတယ်လို့ ဆိုပါတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး မြန်မာနိုင်ငံသားမှန်ရင် ဘာသာမရွေး CI လျှောက်နိုင်တယ်လို့ ဖြေကြားပါတယ်။

    “မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိရင်တောင်မှ မြန်မာနိုင်ငံမှာ သူတို့နေထိုင်တဲ့ ဒေသက အလုပ်သမားရုံးကိုပြောပြီး CI လျှောက်လို့ရပါတယ်။ မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုပြီး မခွဲပါဘူး”

    ထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေ တိုးမြှင့်လုပ်ဆောင်လာနေပေမယ့် သူတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ မြန်မာနိုင်ငံသား အားလုံးနီးပါးဟာ မြန်မာနိုင်ငံကို မပြန်ချင်ဘဲ ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဖြေကြားခဲ့ကြောင်း BHRN က ဖော်ပြခဲ့ပါတယ်။ ၄ ပုံ ၃ ပုံက သူတို့ဟာ စီးပွားရေးအဆင်မပြေတာကြောင့် မြန်မာနိုင်ငံကနေ ထွက်လာတာဖြစ်ကြောင်း ဖြေကြားခဲ့ပြီး၊ ဘာသာရေးဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးလာရတယ်လို့ ဖြေကြားသူလည်း အနည်းငယ် ရှိခဲ့ပါတယ်။

    Ref: Frontier Myanmar

  • လက်ဟန်ဘာသာစကားဖြင့် အစ္စလာမ့်ရေးရာသင်ကြားပို့ချမှု ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကျင်းပ

    လက်ဟန်ဘာသာစကားဖြင့် အစ္စလာမ့်ရေးရာသင်ကြားပို့ချမှု ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကျင်းပ

    ဇွန် ၄၊ ၂၀၁၈
    M-Media

    သင်တန်းဆင်းပွဲအခမ်းအနားပြီးနောက် သင်တန်းသားများ၏ စုပေါင်းဓာတ်ပုံ

    –  မြန်မာမွတ်စလင် လူငယ်ပညာဒါနအဖွဲ့တစ်ခုဖြစ်သည့် Myanmar Muslim Deaf (MMD) က နားမကြား မွတ်စလင်ကလေးငယ်များအား လက်ဟန်ဘာသာစကား(Sign Language) ဖြင့် အစ္စလာမ့်ရေးရာများ သင်ကြားပို့ချမှု ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၃ ရက်နေ့က ဗိုလ်အောင်ကျော်လမ်းရှိ City Hotel အင်းဝခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားကို သင်တန်းသူတစ်ဦးက ကုရ်အာန်ကျမ်းတော်မြတ်၏ အဖွင့်ကဏ္ဍကို လက်ဟန်ဘာသာစကားဖြင့် ဖော်ကြူးကာ ဖွင့်လှစ်ခဲ့သည်။

    ထို့နောက် သင်တန်းသား သင်တန်းသူများက အစ္စလာမ့် ယုံကြည်ချက်များ၊ အစ္စလာမ့်မဏ္ဍိုင်များအကြောင်း စသဖြင့် ၎င်းတို့ သင်ကြားတတ်မြောက်ထားမှုများကို တက်ရောက်လာသူများအား လက်ဟန်ဘာသာစကားများဖြင့် သရုပ်ဖော်ပြသခဲ့သည်။

    သင်တန်းသားများ၏ စွမ်းရည်များ သရုပ်ပြပွဲပြီးနောက် ထူးချွန်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပကာ တက်ရောက်လာသူများအား အစ်ဖ်သာရ် ၀ါဖြေညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ၍ သင်တန်းဆင်းပွဲကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နယ်ပယ်အသီးသီးမှ လူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

    မွတ်စလူငယ် ပညာဒါနအဖွဲ့ MMD က နားမကြား မွတ်စလင်ကလေးများအား လက်ဟန်ဘာသာစကားဖြင့် အစ္စလာမ့်ဓမ္မရေးရာများ သင်ကြားပေးမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ရက်ပေါင်း ၄၀ ကြာမြင့်သည့် အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၆ ဦး တက်ရောက်ခဲ့ကြသည်။

    နောက်ပိုင်းတွင်လည်း ထိုကဲ့သို့ ပညာသင်ဒါနတန်းများကို အချိန်ပြည့်၊ အချိန်ပိုင်း ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး ရန်ကုန်မြို့တွင်းသာမက မြန်မာနိုင်ငံလုံးမှ မွတ်စလင် နားမကြား ကလေးသူငယ်များ တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဟု MMD အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    (ဓာတ်ပုံများကို – MMD အဖွဲ့၏ Facebook စာမျက်နှာတွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။)

    MMD အဖွဲ့၏ Facebook စာမျက်နှာ – https://www.facebook.com/Myanmar-Muslim-Deaf-128017198054079/

     

     

  • မွတ်စလင်များအား ခွဲခြားဆက်ဆံမှုတွင် ရှေ့တန်းရောက်လာသည့် မြန်မာနိုင်ငံ

    မွတ်စလင်များအား ခွဲခြားဆက်ဆံမှုတွင် ရှေ့တန်းရောက်လာသည့် မြန်မာနိုင်ငံ

    အောက်တိုဘာ ၁၈၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်က ထိုင်းနယ်စပ်နား စစ်ဆေးရေးဂိတ်တစ်ခုမှာ ရဲက ခင်ဝင်းမြင့်နဲ့ သူမရဲ့ သားဖြစ်သူတို့ လိုက်ပါလာတဲ့ကားကို တားတဲ့အခါကာ ခင်ဝင်းမြင့်တစ်ယောက် သူမဟာ မွတ်စလင်ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။

    ဒါပေမယ့် ရဲက သံသယဖြစ်ပြီး ကားကို ရှာဖွေကာ သူတို့သားအမိနှစ်ယောက်နဲ့ ယာဉ်မောင်းကို စစ်ဆေးရေးဂိတစ်ခုမှာ ၂ နာရီလောက် ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ အမှန်ကို ပြောပြလိုက်ရပြီး အခြေအနေက ပိုဆိုးသွားခဲ့ပါတယ်။

    “ကျွန်မ သိပ်ကြောက်သွားတယ်။ ရဲက ယာဉ်မောင်းကို – မင်း ဒီဘင်္ဂါလီတွေကို ဘာဖြစ်လို့ ခေါ်လာတာလဲ။ သူတို့ရဲ့ဘာသာက လူသတ်ဘာသာကွ။ အစ္စလာမ်တွေဟာ မုဒိမ်းကောင်တွေ။ မင်းဘာဖြစ်လို့ သူတို့ကို ခေါ်လာတာလဲ။ ဘာ့ကြောင့် သူတို့ကိုကူညီတာလဲ- လို့ အော်ပါတယ်” လို့ ခင်ဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုလို့ သူတို့ခေါ်တွင်တဲ့ကိစ္စကို တုန့်ပြန်တယ်ဆိုပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ မိုင် ၅၀၀ ကျော်လောက် ဝေးတဲ့နေရာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ သြဂုတ်လနှောင်းပိုင်းကတည်းက ရိုဟင်ဂျာ သန်းဝက်ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ ဘင်္ဂါလီလို့ ရည်ညွှန်းပြီး နိုင်ငံခြားက ၀င်ရောက်လာသူတွေဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ စစ်တပ်ကတော့ သူတို့ရဲ့ စစ်ဆင်ရေးဟာ ARSA လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့မှာ ရဲကင်းစခန်းတွေ တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလကတော့ နယ်မြေရှင်းလင်းရေးလုပ်ငန်းဟာ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းကလို့ ဆိုပါတယ်။

    ခင်ဝင်းမြင့်ဟာ ရိုဟင်ဂျာမဟုတ်ပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာတွေအပေါ် အမုန်းတွေ ကြီးထွားလာမှုက သူမရဲ့ ဇာတိပြည်နယ်က မွတ်စလင်တွေအားလုံးအပေါ် သံသယဖြစ်မှုတွေ၊ စိုးရိမ်မှုတွေကို မြင့်တက်လာစေခဲ့ပါတယ်။ တစ်ချို့တွေက ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ကရင်ပြည်နယ်ကို စိမ့်ဝင်လာနေတယ်လို့ ယုံကြည်နေကြပါတယ်။

    “IS နဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ၀င်လာမယ်လို့ သူတို့က သတိပေးထားပါတယ်” လို့ ဘာသာပေါင်းစုံအဖွဲ့က မွတ်စလင်ခေါင်းဆောင် နောင်နောင်က ပြောကြားခဲ့ပါတယ်။

    ခင်ဝင်းမြင့် ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ ဒေသအာဏာပိုင်တွေက မွတ်စလင်တွေအနေနဲ့ ခရီးသွားဖို့အတွက် အစိုးရခွင့်ပြုချက်တောင်းရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။

    “မွတ်စလင်တွေ မြို့နယ်ခြားပြီး ခရီးသွားမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်တွေ လိုအပ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တေဇာထွန်းလှိုင်က ပြီးခဲ့တဲ့ ၂ လအတွင်း ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တာကြောင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်တပ်ကလုပ်တဲ့ နယ်မြေရှင်းလင်းရေးတွေကို နိုင်ငံတကာက ရှုတ်ချပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ ထောက်ခံမှု များပါတယ်။ ပြီးတော့ နိုင်ငံတစ်ဝှမ်း ကိုယ့်နည်းကိုယ်ဟန်နဲ့ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေ ချမှတ်ဖို့ ဗုဒ္ဓဘာသာအစွန်းရောက်တွေရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဒါတွေက အားကောင်စေပါတယ်။

    အဲဒီပေါ်လစီတွေထဲမှာ မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို အပြစ်ပေးဖို့ ကော်မတီဖွဲ့တာ၊ မွတ်စလင်တွေကို ရွာထဲအ၀င်မခံတာ၊ ကရင်ပြည်နယ်မှာဆိုရင် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်တာတွေ ပါဝင်ပါတယ်။

    ထိုင်းနယ်စပ်မှာ မှတ်ပုံတင်မပါတဲ့ မွတ်စလင် ၉ ဦးကို ထိန်းသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ဒီကန့်သတ်ချက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။

    ပြည်နယ်ဝန်ကြီးချုပ်က ဒီလိုကန့်သတ်ချက်ထုတ်တာမှာ သူ မပါဝင်ဘူးလို့ ငြင်းပြီး၊ အုပ်ချုပ်ရေးဆိုင်ရာ အမှားသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မွတ်စလင်တွေကတော့ လွတ်လပ်စွာသွားလာခွင့်ကို ဆက်လက်ကန့်သတ်ခံထားရဆဲပါ။

    မြန်မာနိုင်ငံက မွတ်စလင်တွေဟာ ဖိနှိပ်ချုပ်ချယ်မှုကို ဆယ်စုနှစ်များစွာ ခံခဲ့ရတာဖြစ်ပြီး ဒေသအာဏာပိုင်အချို့ပါ ပါဝင်တဲ့ ၂၀၁၂ ခုနှစ် လူမျိုးရေးအကြမ်းဖက်မှုက မွတ်စလင်တွေအပေါ် လုံးဝခွဲခြားရေးကို ဖြစ်စေခဲ့ပါတယ်။

    “မွတ်စလင်များကို ညအိပ်တည်းခိုခွင့်မပြု။ မွတ်စလင်များနှင့် လက်ထပ်ခွင့်မပြု၊ ဤဥပဒေများကို ချိုးဖောက်လျှင် သစ္စာဖောက်အဖြစ် သတ်မှတ်ကာ အပြစ်ပေးမည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ဧရာဝတီတိုင်းဒေသကြီးက ဘုရားကြီးကုန်းဆိုတဲ့ ရွာအ၀င်မှာ တွေ့မြင်ရပါတယ်။

    မြန်မာနိုင်ငံက မွတ်စလင်တွေရဲ့ ဒုက္ခသုက္ခကို အဓိကထား ဆောင်ရွက်နေတဲ့ Burma Human Rights Network အဖွဲ့ရဲ့ အဆိုအရ နိုင်ငံတစ်ဝှမ်း ရွာပေါင်း ၂၁ ရွာမှာ ဒီလိုဆိုင်းဘုတ်မျိုး ချိတ်ဆွဲထားတယ်လို့ဆိုပါတယ်။ အရေအတွက်ဟာ ဒီထက်လည်း များနိုင်ပါတယ်။

    အခြားရွာတွေမှာ ဒီလိုဆိုင်းဘုတ်တွေ ထပ်စိုက်ဖို့အတွက် သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေအပေါ် မုန်းတီးမှု မြင့်တက်လာတာကို ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေဟာ အသုံးချနေတယ်လို့လည်း အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကျော်ဝင်းက ဆိုပါတယ်။

    “ရိုဟင်ဂျာပါတဲ့ ပြဿနာတစ်ခုဖြစ်ပြီဆိုရင် သူတို့တွေဟာ ဒီစိုးရိမ်မှုကို အမြတ်ထုတ်တော့တာပဲ” လို့ သူက ပြောပါတယ်။

    မွတ်စလင်တွေအပေါ် သိပ်ပြီး ထောက်ထားပုံရတယ်လို့ ရှုမြင်ခံလာရတဲ့ မွတ်စလင်မဟုတ်သူတွေလည်း ပစ်မှတ်ထားခံရပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့က အမျိုးသမီးတစ်ဦးဟာ ဒီအတွေ့အကြုံကို ခံစားခဲ့ရပါတယ်။

    အသက် ၃၅ နှစ်ပြီး ဆိုးချေလို့ခေါ်တဲ့ သူမဟာ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုနောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ ပိတ်မိကာ ၀၀လင်လင် မစားရတဲ့ ဒေသခံမွတ်စလင်တွေကို ပြန်ရောင်းဖို့အတွက် ဆန်နဲ့ အခြားကုန်ပစ္စည်းတွေကိုဝယ်ဖို့ ပြီးခဲ့တဲ့လမှာ ဈေးသွားဝယ်ခဲ့ပါတယ်။

    ဈေးဝယ်ပြီးတဲ့နောက်ပိုင်း လူတစ်အုပ်က သူ့နောက်လိုက်လာခဲ့ပါတယ်။

    “ဆိုင်ကယ်တွေနဲ့လူတစ်ချို့က ကျွန်မနောက်လိုက်လာတယ်။ ပြီးတော့ – ဒါတွေကို ဘယ်သူ့ကို သွားပေးမလို့လဲလို့မေးတယ်” လို့ သူမက ပြန်ပြောပြခဲ့ပြီး အဲဒီနောက်မှာတော့ သူမကို လူအုပ်က ရိုက်တာနှက်တာ၊ ဆံပင်ညှပ်တာတွေ လုပ်တော့တာပါပဲ။

    “ကျွန်မဟာ အမျိုးသားသစ္စာဖောက်ဖြစ်သည်” ဆိုတဲ့ ဆိုင်းဘုတ်ကို သူမရဲ့လည်ပင်းမှာ ဆွဲပေးခဲ့ပြီး မြို့ကို ပတ်စေကာ ပါးစပ်ကလည်း ဒီစာကြောင်းကို အော်ဆိုခိုင်းပါတယ်။

    “တော်တော်လေး နာကျင်ကိုက်ခဲနေတာကြောင့် ကျွန်မ ဒီနေ့ ထမင်းတောင် မစားနိုင်ပါဘူး” လို့ အဲဒီကိစ္စဖြစ်ပွားပြီးနောက်ပိုင်း သိပ်မကြာခင်မှာ DVB သတင်းဌာနကို သူမက ပြောကြားခဲ့ပါတယ်။

    ခင်ဝင်းမြင့်ကို ရဲတပ်ဖွဲ့က တားဆီးပြီးတဲ့နောက်ပိုင်း အနီးအနားကစခန်းကို ခေါ်သွားပြီး ရဲတွေက အသက် ၂၀ ကျော်အရွယ်ရှိတဲ့ သူမသားကို ရိုက်နှက်ခဲ့တယ်လို့ သူမက ပြောပါတယ်။ နောက်နေ့မှာ သူတို့ကို လွှတ်ပေးခဲ့ပြီး ဇာတိမြို့ ဘားအံကို ပြန်ပို့ခဲ့ပါတယ်။

    ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တေဇထွန်းလှိုင်က ဒီကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး ချဲ့ကားပြောဆိုနေကြကြောင်း၊ မှတ်ပုံတင်မရှိတဲ့ မွတ်စလင်တွေသာ ဒီကန့်သတ်မှုအတွက် အကျုံးဝင်မှာဖြစ်ကြောင်း ဒေသတွင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေရဲ့ ပြဿနာကို ကျွန်တော်တို့ နားလည်ပြီး သူတို့ကို သက်တောင့်သက်သာ ဖြစ်စေချင်ပါတယ်” လို့ သူက ဆိုပါတယ်။

    ဒါပေမယ့် မွတ်စလင်တော်တော်များများ မှတ်ပုံတင်မရတဲ့ အဓိကအကြောင်းအရင်းက အစိုးရကဦးဆောင်ပြီး နှစ်ကာလကြာရှည်စွာ ရှိခဲ့တဲ့ ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မွတ်စလင်တွေဟာ နိုင်ငံသားကဒ်ရရှိဖို့ ငြင်းပယ်ခံရကြောင်း၊ ရာစုနှစ်ချီအရင်က ရှိခဲ့တဲ့ မျိုးရိုးစဉ်ဆက်အတွက် အေ
    ထာက်အထားကို ပြနိုင်မှ ရရှိကြောင်း ထောက်ပြကြပါတယ်။

    ကန့်သတ်ချက်အမိန့်ထွက်ပေမယ့် မိမိတို့မှာ ဘာပြဿနာမှမရှိဘူးလို့ ဘားအံက မှတ်ပုံတင်ရှိတဲ့ မွတ်စလင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဘာသာရေးခေါင်းဆောင်တွေကတော့ ပြည်နယ်က မွတ်စလင်လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ မှတ်ပုံတင်မရှိကြဘူးလို့ ဆိုပါတယ်။

    “သူတို့ဟာ ခွဲခြားခံရတယ်လို့ ခံစားရပါတယ်” လို့ NLD ပါတီက ဘားအံလွှတ်တော်အမတ်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်လည်းဖြစ်တဲ့ စောသန်းထွဋ်က ပြောပါတယ်။ မွတ်စလင်သူငယ်ချင်းတစ်ယောက်ရဲ့ ဒီကြေငြာချက်မိတ္တူကို သူ့ဆီလာပြမှ သူလည်း ဒီအကြောင်းကို သိရတယ်လို့ ဆိုပါတယ်။

    လုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ မွတ်စလင်တွေအပေါ် ခရီးသွားလာခွင့် ကန့်သတ်မှုတွေလုပ်တာ မျှတရဲ့လား- ဆိုတဲ့ မေးခွန်းကို တစ်ခြားလူတွေထက် ပိုပြီး သည်းခံနိုင်စွမ်းရှိတဲ့ လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ဖြေပေးပါဆိုတဲ့ အခါမှာတော့

    ‘ဒီမေးခွန်းကို မဖြေတာ ပိုကောင်းပါတယ်’ လို့ စောသန်းထွဋ်က ပြောကြားခဲ့ပါတယ်။

    Ref: The Daily Beast

    (Daily Beast တွင် ဖော်ပြထားသည့် Burma Shows Us What a ‘Muslim Ban’ Really Looks Like: Apartheid ဆောင်းပါးကို လေးမောင်က ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ ရေးသားထားမှုများမှာ ဆောင်းပါးရှင်၏ သဘောထားသာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)

  • သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့

    သင်္ကန်းဝတ်များ မောင်းထုတ်ခဲ့သည့် မွတ်စလင်ဈေးသည်ကို ဗုဒ္ဓဘာသာဝင်များ သွားရောက်အားပေးနှစ်သိမ့်ကာ ကူညီထောက်ပံ့

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    သင်္ကန်းဝတ်များ၏ မောင်းထုတ်ခံရသည့် ဦးအောင်သန်း

    – ရွှေတိဂုံစေတီအနီးမှာ ဈေးရောင်းမှုကြောင့် သင်္က၀တ်တစ်ချို့ရဲ့ နှင်ထုတ်မှုခံရတဲ့ မွတ်စလင် ငုံးဥပြုတ်သည် အဖိုးအိုကို ဗုဒ္ဓဘာသာဝင်တွေက သွားရောက်အားပေး၊ နှစ်သိမ့်ကာ လှူဒါန်းထောက်ပံ့မှုတွေ လုပ်ခဲ့ကြတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြရေးသားနေကြပါတယ်။

    အောက်တိုဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ် ဓာတ်ပုံတွေကို အမျိုးသားရေးသမားဆိုသူ Aung Min Tun က သူ့ရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအကြား လျင်မြန်စွာ ပြန့်နှံ့ခဲ့ပါတယ်။

    သင်္ကန်းဝတ်တွေရဲ့ ဂိုဏ်းစတားဆန်ဆန် အနိုင်ကျင့်ခြိမ်းခြောက်တဲ့ ဒီလုပ်ရပ်ကို ဗုဒ္ဓဘာသာဝင်တော်တော်များများက ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓသာသနာနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေကြောင်း၊ လူမျိုး၊ ဘာသာမတူတဲ့ ပြည်သူတွေကြားထဲမှာ သွေးကွဲစေနိုင်ကြောင်း တုန့်ပြန်ရေးသားခဲ့ကြပါတယ်။

    အခင်းဖြစ်ပွားတဲ့ည ရေကျော်ပွဲဈေးမှာ ဈေးရောင်းနေတဲ့ အဲဒီ အဖိုးအိုဆီကနေ ဗုဒ္ဓဘာသာစုံတွဲတစ်တွဲ ငုံးဥပြုတ် ၀ယ်ယူအားပေးကာ ရွှေတိဂုံစေတီနားမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားပြီး အလှူငွေတစ်ချို့ပါ ပေးအပ်ခဲ့ပါတယ်။

    အောက်တိုဘာ ၆ ရက်နေ့မှာတော့ အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်တွေဟာ ဦးအောင်သန်းဆိုသူ အဲဒီ ငုံးဥပြုတ်သည် ငှားရမ်းနေထိုင်တဲ့ သင်္ကကျွန်းကအဆောင်ကို သွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့ပြီး သင်္ကန်းဝတ်တွေရဲ့ ဥပဒေပလုပ်ရပ်အတွက် ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ သူတို့အနေနဲ့ တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    ပဟေဠိနန်းတော်အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးကလည်း နောက်ပိုင်းမှာ ဦးအောင်သန်း နေထိုင်ရာနေရာကို သွားရောက်ကာ သူငယ်ချင်းတွေ စုပေါင်းပြီး ငွေကျပ် ၂ သိန်းနဲ့ ဖုန်း ၂ လုံးကို ပေးအပ်ကူညီခဲ့ပါတယ်။

    ရေကျော်ပွဲဈေးတွင် ဗုဒ္ဓဘာသာဝင် စုံတွဲက ကူညီထောက်ပံ့

     

    အခြား ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီ မွတ်စလင်အဖိုးအိုကို လှူဒါန်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

    ရန်ကုန် တာမွေဇာတိဖြစ်တဲ့ ဦးအောင်သန်းဟာ အသက် ၅၁ နှစ်အရွယ် ရှိနေပြီး ငယ်စဉ်ဘ၀ကတည်းက မိခင်ဖြစ်သူနဲ့အတူ တောင်ငူကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

    လက်ရှိမှာ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေကြောင့် ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကာ ငုံးဥပြုတ်အပါအ၀င် ကျပန်းဈေးရောင်း လုပ်ကိုင်စားသောက်နေရတာဖြစ်တယ်လို့ သိရပါတယ်။

    အဓမ္မ၀ါဒ ဆန့်ကျင်ရေးကော်မတီက အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ

    ရွှေတိဂုံစေတီပတ်ဝန်းကျင်မှာ ဈေးရောင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေကို မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့အဖွဲ့က သင်္ကန်းဝတ်တွေ အုပ်စုဖွဲ့ ခြိမ်းခြောက်မောင်းထုတ်တာဟာ အခုနှစ်ပိုင်းမှာ အဖြစ်များလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အနည်းဆုံး ၃ ကြိမ်အထိ ရှိခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းမှာလည်း မျက်မှန်ရောင်းတဲ့အစ္စလာမ်ဘာသာဝင်တစ်ဦးကို မောင်းထုတ်ကာ ပစ္စည်းတွေ သိမ်းဆည်းတဲ့အထိဖြစ်ခဲ့ပါတယ်။

    ဒီဖြစ်စဉ်တွေမှာ သင်္ကန်းဝတ်တွေဟာ မွတ်စလင်ဈေးသယ်တွေကို ထိုးကြိတ်ကန်ကျောက်တာတွေလည်း ရှိခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေအတွက် ဗုဒ္ဓဘာသာဝင်တစ်ချို့ ဦးဆောင်ကာ ရဲစခန်းမှာ တိုင်ကြားတာမျိုးတွေ လုပ်ခဲ့ပေမယ့် အစိုးရနဲ့ ပြည်ထဲရေးက ထိထိရောက်ရောက် အရေးယူတာမျိုး မတွေ့ရပါဘူး။

    ကိုမောင်မောင်အေးက သွားရောက်ထောက်ပံ့

    Photo Credit – Facebook