News @ M-Media
Tag: Myanmar_History
  • သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ
    ရှာဖွေတင်ပြသူ- ဝါးလုံးရှည်အတီး
    ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
    Yangon Map
    ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။ မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။
    ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။
    မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။
    ဝါးလုံးရှည်အတီး FB Page မှ ကူးယူဖော်ပြပါသည်။
  • ငရမန်ကန်း (သို့) ရာမန်ခန်း အငြင်းပွားမှု့ကို စမ်းစစ်လေ့လာခြင်း
    ဇန်နဝါရီ ၁၀၊၂၀၁၂
    စန်းဦးအောင်
    M-Media
    ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်များခေတ်တွင် ဘုရင့်မျိုးနွယ်မဟုတ်သော သာမန်အရပ်သားများကို “င” တပ်၍ ခေါ်ဆိုသော ဓလေ့ အရ
    Nga Ramankan = ငရမန်ကန်း
    တခါတရံ  Nga Raman= ငရမန်
    ဟုခေါ်တွင်သည်။ သူအမည်အရင်းမှာ ရာမန်ခန်း (Ramankan Khan) သို့မဟုတ် ရာမန် (Raman) သာဖြစ်ပါသည်။
    မျက်လုံး တဖက်ကန်း၍ ခေါ်ဆိုခြင်း (သို့) မိသားစု အမည် (ခန်း) မျိုးနွယ်ဖြစ်၍ ခေါ်ခြင်း ဟုတ်မဟုတ် ရေးသားထားခြင်းမရှိပေ။
    အထက်ဖော်ပြပါ ကောက်နှုတ်ချက်သည်  ဦးဖေမောင်တင်နှင့် GH Luce ဘာသာပြန်ဆိုသော မှန်နန်းရာဇဝင် (The Glass Palace Chronicles of Kings of Burma ) ပထမအကြိမ်ကို အောက်စဖို့ တက္ကသိုလ် လန်ဒန်တွင် ၁၉၂၃ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေပြီး ရန်ကုန် တက္ကသိုလ် ပုံနှိပ်တိုက်မှ ၁၉၆၀ တွင် ထပ်မံပုံနှိပ် သည့် ) မြန်မာနိုင်ငံသုတသန အသင်းမှ ထုတ်ဝေသည့် စာအုပ် စာမျက်နှာ ၁၀၀ မှ ၁၀၃ မှ ကိုးကားဖော်ပြခြင်းဖြစ်သည်။
    သို့သော် အစ္စရေးနိုင်ငံသား ဂျူး လူမျိုး ဒေါက်တာ မိုရှေရေးဂါး ( ထိုအချိန်က ရန်ကုန်မြို့ရှိ အစ္စရေး သံ အရာရှိ၊ နောင်တွင် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး လေ့လာရေး ဌာနမှူး တာဝန်ခံဖြစ်လာသူ ) ရေးသားပြုစုသော မြန်မာ့မြေမှ မွတ်စလင်မ်များ(The Muslims Of Burma)  စာအုပ်တွင်မူ ခမည်းတော် အနော်ရထားမင်းကိုရဲ့ ပုဂံ ထီးနန်းကို ဆက်ခံခဲသည့် စောလူးမင်း ( ၁၀၇၇-၁၀၈၈) သည် ငယ်စဉ်က အာရဗ် လူမျိုး မွတ်စလင်မ် တစ်ဦးထံ ပညာသင်ကြားခဲ့ကြောင်း နှင့် သူဘုရင် ဖြစ်ချိန်၌ သူ့ဆရာ၏ သား ရာမန်ခန်း (YAMAN KHAN) ကို ဥဿစား(ပဲခူး)မြို့စားအဖြစ် ခန့်အပ်ခဲ့ကြောင်းရေးသားခဲ့ပါသည်။ ကျမ်းပြုဆရာ မိုရှေးရေးဂါးမှ အောက်ခြေ ရှင်းလင်းချက်တွင် မြန်မာ စကားတွင် R မရှိသဖြင့် နာမည်အမှန် Rahman Khan အား Yaman Khan ရမန်ခန်း(သို့) ရမန်ကန်း ဟုရေးသားကြောင်း ဖော်ပြပါရှိသည်။
    အလျဉ်းသင့်၍ ပြောရမည်ဆိုလျင် သူသည် မွတ်စလင်မ်တစ်ယောက် ဖြစ်သည်မှာ သေချာသည်ပင်လျင်ပင် ပထမ မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ဘုရင် စောလူးမင်းအား တော်လှန်ခြင်းကို မပြုလုပ်သင့်ပေ။ အထူးသဖြင့် စောလူးမင်းသည် ငယ်သူငယ်ချင်းဖြစ်ပြီး ဘုရင်က မြို့စားအဖြစ် ချီးမြှင့်မြောက်စားထားလျက် ပုန်ကန်ခြင်း မပြုသင့်ပါ။
    ငယ်သူငယ်ချင်းဖြစ်သော်လည်း ဘုရင်နှင့် ဝေးဝေးနေသင့်ပါသည်။ လေးစားကြောက်ရွံ့မှုရှိရပါမည်။ ဘုရင်က ခေါ်၍ အတူတူ ကြွေအံ့ ကစားရခြင်းရှိလျှင်ပင် အနိုင်မကစားသင့်ပါ။ ယခုမူ အနိုင်ကစားရုံမက လက်ခမောင်းပင်ခတ်လိုက်ခြင်းမျာ မသင့်လျော်ပါ။  စောလူးမင်းက ရှက်ရမ်းရမ်း၍ မင်းယောက်ျား ပီသလျှင် သတ္တိရှိက ထောင်ထားခြားနားဟု ပြောလျှင်ပင် ဝန်ချတောင်းပန်သင့်ပါသည်။
    ရာမန်ခန်းမှာ ကြွေအံကစားခြင်းသာ တော်သည်မဟုတ် စစ်ပရိယာယ်လည်း ကြွယ်သူဖြစ်သည်။
    ပုဂံ ကမ်းလွန် ဧရာဝတီ မြစ်ကမ်း ပြည်တော်သာကျွန်းတွင် ရွှံ့နွံ့တော၌ ဝါးဖြင့်လုပ်သော ဆင်ရုပ်မြင်းရုပ် လူရုပ်များထောင်ထားပြီး ည အချိန် ကျန်စစ်သားနှင့် အင်အားတောင့်တင်းသော ပုဂံစစ်သားများကို စစ်မြှုပြီး ထောင်ခြောက်ထဲ၌ ပိတ်ဖမ်းခဲ့သည်။
    စစ်နိုင်ချိန်၌ စောလူးမင်းကို မသတ်ဘဲ ကောင်းစွာ ပြုစု၍ တောင်းပန်ပြိး စစ်ရေး လေ့ကျင့်ခြင်းသာ ဖြစ်ကြောင်း လျောက်ထား အသနားခံပါက အသက်ဘေးမှ လွတ်မြောက်နိုင်သည်ကို မခန့်မှန်းမိဘဲ ဘုရင်ကို သတ်ခဲ့သဖြင့် ကျန်စစ်သား လွှတ်သော မုဆိုး ငဇင် လုပ်ကြံခြင်းခံရပြီး ကွယ်လွန်ခဲ့သည်။
    scan0017
    ဦးဖေမောင်တင်နှင့် GH Luce ဘာသာပြန်ဆိုသော မှန်နန်းရာဇဝင် (The Glass Palace Chronicles of Kings of Burma )
    scan0016
    ဒေါက်တာ မိုရှေရေးဂါး ရေးသားပြုစုတဲ့ မြန်မာ့မြေမှ မွတ်စလင်များ သမိုင်းစာအုပ်
    scan0018
    ဒေါက်တာ မိုရှေရေးဂါး ရေးသားပြုစုတဲ့ မြန်မာ့မြေမှ မွတ်စလင်များ သမိုင်းစာအုပ်
  • ကျောင်းသားလှုပ်ရှားမှု့ သမိုင်းရေးသူ ကိုအောင်ထွန်း နှင့် လျှပ်တပြက်
    ဒီဇင်ဘာ ၃၀၊ ၂၀၁၂
    M-Media
    ဆောင်းနှင်းမှုံ
    မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ရေးသားခဲ့သူ ကိုအောင်ထွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် ဈေးရောင်းပွဲတော်တွင် တွေ့ ဆုံမေးမြန်းချက်
    ဒီဇင်ဘာ (၂၇၊ ၂၈) ရက်နေ့ က အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေ ရှာဖွေရေးဂီတပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နေ့လည် ၁နာရီက ပြည်သူ့ ဥယျာဉ်တွင် ကျင်းပရာအဖွဲ့ ချုပ် နာယက ဦးတင်ဦး၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
    ထိုရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် ကွမ်းခြံကုန်း၊ ဒေးသရဲ၊ လှည်းကူး၊ ရွှေပြည်သာ၊ ထန်းတပင် စသည့် မြို့ အသီးသီးအပြင် AGD Bank ၊ နီလာဒံပေါက် ၊ NLD ပညာရေးကွန်ရက် မြန်မာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ ၊ နိုင်/ကျဉ်း စသည် တို့ကပါဝင်ဆင်နွဲခဲ့ကြောင်း သတင်းရရှိသည်။
    Myanmar Student's Movement History
    ထိုပွဲတော်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ရန်ပုံငွေ အတွက် နိုင်/ကျဉ်းသားဟောင်းများ ရေးသားသော စာအုပ်များ၊   နိုင်/ကျဉ်းများ ပြန်လွှတ်ပေးရေး ၊ ပြက္ခဒိန်များ ၊ နိုင်ငံရေးအကျဉ်းသားများ နေထိုင်ခဲ့ရသော အကျဉ်းထောင်ပုံရိပ်များအား ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။
    ထိုပွဲ၌ မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်းကို ရေးသားခဲ့သူ ကိုအောင်ထွန်းနှင့် M-Media မှ လျှပ်တပြတ် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ရာ “ကျွန်တော်ဒီစာအုပ်ကို ၁၉၉၆ ခုနှစ် ဧပြီလ ၄ရက်နေ့မှာ စတင်ရေးသားခဲ့ပြီး ၁၉၉၇ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့က ရန်ကုန်မှာ အုပ်ရေ (၅၀) ဖြန့်ဝေခဲ့ပါတယ်။ အဲဒီကိစ္စနှင့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးပြီး စာအုပ်ရေးတဲ့ ကျွန်တော်ရယ်၊ စာအုပ်ဖတ်တဲ့ ဦးလှရွှေ ၊ ဦးသာပန်း အပါအ၀င်လူ (၂၃ ) ယောက်ထောင်ကျပါတယ်။ ဆရာကြီးဒဂုန်တာရာ ၊ ဆရာမြသန်းတင့် အပါအ၀င် လူ၁၀၀ လောက် စစ်ဆေးခံခဲ့ရပါတယ်။ ပုံနိုပ်ထုတ်ဝေသူ ကိုထွန်းလှ (မြန်မာမွတ်စလင် တစ်ဦးဖြစ်) လည်း အဲဒီစာအုပ်ပုံနှိပ်လို့ ထောင်ကျခဲ့ပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။
    ဆက်လက်ပြီး “ကျွန်တော့်ကို ၁၉၉၈ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ မှာခေါ်ယူစစ်ဆေးပြီး ပုဒ်မ (၅)ည ၊ ၁၇(၁) ၊ ပုံနှိပ် ၁၇ (၂၀) တို့ဖြင့် ထောင်၁၇ နှစ်ချခဲ့ကြပါတယ်။ စာအုပ်ဖတ်တဲ့သူတွေကိုတော့ ထောင် ၇ နှစ်စီ ချခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ က သာယာဝတီထောင်မှ လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော်နေခဲ့ရတဲ့ထောင်က ရန်ကုန်အင်းစိန်ထောင်ရယ် ၊ သာယာဝတီထောင်ရယ် အဲဒီ၂ခုမှာပါ။ ၁၉၉၈ ခုနှစ်တုန်းက စာအုပ်အများကြီးရေးခဲ့ပါတယ်။ ရေးလက်စ မပြီးသေးတဲ့ အောင်ဆန်းစုကြည် အတ္ထုပတ္တိ စာအုပ်၊ လှု့ အခွင့်အရေး (ဘာသာပြန်) စာအုပ် ၊ မြန်မာနိုင်ငံသမိုင်း စာအုပ်တွေကို အဲဒီတုန်းက ထောက်လှမ်းရေးက သိမ်းဆည်းသွားခဲ့ပါတယ်” ဟု ၎င်းက M-Media သို့ ပြောကြားခဲ့ပါသည်။
    “အခုလက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးပြောရရင် အကောင်းဘက်ကိုဦးတည်နေပါတယ် အဲဒီကြားထဲမှာတော့ အခက်အခဲတွေရှိတယ် အသွင်ကူးပြောင်းရေး ကာလမှာ ဘယ်နိုင်ငံမဆို ပြဿနာပေါင်းစုံ ရင်ဆိုင်ရစမြဲပဲ ဒါတွေကို တဖြေးဖြေး ဖြေရှင်းကျော်ဖြတ်ရင်းနဲ့ အဆင်ပြေချောမွတ်တဲ့ ဆီကိုရောက်မှာပါ” ဟု ကိုအောင်ထွန်းမှ M-Media သို့ ပြောကြားခဲ့သည်။
    ဆက်လက်ပြီး ၎င်းက “ကျွန်တော်ဘယ် အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှားဦးမလဲဆိုရင်တော့ စာအုပ်တွေအများကြီး ထပ်ရေးဦးမယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြန်လည်လွတ်မြောက်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အဲလိုအရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားမယ်။ အဲလို လှုပ်ရှားဆောင်ရွက်တဲ့ အခါမှာ အပြင်အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ၊ တရားဝင် နိုင်ငံရေးပါတီနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
    ကိုအောင်ထွန်းကို ၁၅-၁၂-၁၉၆၃ ခုနှစ်တွင် နား၊နှာခေါင်းဆေးရုံ (ယခင် အမေရိကန်ဆေးရုံ)၊အလံပြ ဘုရားလမ်း၌ မွေးဖွားခဲ့သည်။ ၆နှစ်သား အရွယ်ကပင် စာအုပ်များနှင့် စတင်ထိတွေ့ခဲ့သူ ဖြစ်ကြောင်း သိရသည်။အ.ထ.က(၁)ဒဂုံတွင် ဒသမတန်း အောင်မြင်ခဲ့ပြီး လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်တွင် လုပ်အားပေးခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် အမှတ်(၁) ဒေသကောလိပ်တွင် သိပ္ပံ (သချာင်္တွဲ)ဖြင့် တက်ရောက်ခဲ့သည်။ဒေသကောလိပ်၊တက္ကသိုလ် အသီးသီးမှ ရဲဘော်လူငယ် ဖွဲ့စည်း၍ ကြေညာချက်၊ လက်ကမ်းစာစောင်များ ဖြန့်၍ ဗကသ၊တကသ အစုများ ဖွဲ့ခြင်း၊ကဗျာ စာအုပ်များ ထုတ်ဝေခဲ့သည်။
    (၁၉၉၆-၉၈) ခုနှစ်တွင် အောင်ထွန်း စာကြည့်တိုက်ကို ပြန်ည် ထူထောင် ခဲ့သည်။၁၉၈၇ခုနှစ် စက်တင်ဘာ(၅)ရက် ငွေစက္ကူလှုပ်ရှားမှု့တွင် ပါဝင်ခဲ့သည်။ (၁၉၈၈-၉၀) ခုနှစ်ထိ ကျောင်းသားသမဂ္ဂ၊ ဒီမိုကရက်တစ် ကျောင်းသား လူငယ် အင်အားစု၊ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ်၊(အောက်ဗမာပြည်) ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗမာနိုင်ငံ)၊အမျိုးသား ဒီမိုကရေစီ တော်လှန်ရေး တပ်ပေါင်းစု (NDRF) စသည့် နိုင်ငံရေး လှုပ်ရှားမူ အဆင့်ဆင့် တွင် ဦးဆောင် ပါဝင် ဖွဲ့စည်း လှုပ်ရှား ခဲ့သည်။ထောင်တွင်း နေထိုင် စဉ်ကာလများတွင်လည်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး နိုင်ငံရေး သင်တန်း၊ စာဖတ်ဝိုင်း များစွာ ပြုလုပ် ဦးဆောင် ကျင်းပ ခဲ့သူ ဖြစ်ကြောင်း သိရသည်။
    ယခုလက်ရှိ ၂၀၁၂ခုနှစ်မှာ M.M.G အုပ်စုတွင်ပါဝင်ပြီး သမဂ္ဂအဆာက်အအုံ ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။ဆက်လက်ပြီး “ကျောင်းသားသမဂ္ဂ သမိုင်းစာပေအုပ်စု” ကို တည်ထောင်ခဲ့ကြောင်းသိရသည်။ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ၊ မျိုးဆက်သစ်လူငယ်များနှင့် ပါဝင်လှုပ်ရှားလျှက်ရှိသည်။
    ထုတ်ဝေပြီးသော စာအုပ်များမှာ –
    ၁။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂)
    ၂။ ပန်းဒေါင်းပျို တို့၏ ကြိုးကြာ တွန်သံများ     တို့ဖြစ်ကြောင်းသိရသည်။
  • ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )
    ဒီဇင်ဘာ ၃၀၊ ၂၀၁၂
    M-Media
    ပင်လုံမျိုးစေ့ချခဲ့သူ [ဗမာမွတ်စလင်မ် အစည်းအရုံး (ဗ.မ.က)]
    ကျွန်တော်သည် ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော ဗမာ-မွတ်ဆလင်ကွန်ဂရက်(ဗ-မ-က)မှ ရွှေတိဂုံညီလာခံကြီးသို့ တက်ရောက်ရန် အာဇာနည်ဆရာကြီးဦးရာဇတ်၊ ဝန်ကြီးဟောင်း ဦးခင်မောင်လတ်တို့နှင့်အတူ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသူဖြစ်ပါသည်။ ဗ-မ-ကမှာ ဖဆပလအဖွဲ့ချုပ်ကြီး ၏အလံတော်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
    ကျွန်တော်ရောက်ရောက်ချင်းဆိုသလို ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးသခင်သန်းထွန်းရှိရာ စမ်းချောင်းနေ အိမ်သို့ သွားခဲ့သည်။ ကိုသန်းထွန်းမှာ ၁၉၂၈-ခုနှစ်က တောင်ကြီးတွင် ကျွန်တော်နှင့်ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သည်။ ကျွန်တော်ရောက်သွားသော အခါ ကိုသန်းထွန်းမှာ (မကြာမီ ၄င်းအထွေထွေအတွင်းမှူးဖြစ်မည့် ကွန်မြူနစ်ပါတီ အစည်းအဝေး ထိုင်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။)
    အစည်းအဝေးကြီးပြီး၍ ၄င်းတို့ထွက်လာကြသောအခါ သခင်သန်းထွန်းက သူ့လူတွေနှင့်ကျွန်တော့်အား မိတ်ဆက်ပေးပါသည်။ ၄င်းတို့အနက် သခင်ချစ်တစ်ဦးကိုသာ ကျွန်တော် မှတ်မိပါတော့သည်။ ကျွန်တော့်သူငယ်ချင်း သခင်သိန်းဖေ(မြင့်)မှာ ထိုအချိန်က ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်၍ ၄င်းကိုလည်း တွေ့ရပါသည်။
    ကိုသန်းထွန်းနှင့်ကျွန်တော် အာလာပသလ္လာပစကားများပြောကြပြီးနောက် ၄င်းထံ ကျွန်တော်ရောက်လာရခြင်းမှာ “တောင်တန်းဒေသနှင့်မြန်မာပြည်မပူးပေါင်းရေးအဆို” တစ်ရပ်ကို ညီလာခံတွင် တင်သွင်းလိုသည့်ကိစ္စအတွက် ဖြစ်ကြောင်း ကျွန်တော်က ပြောပြသည်။ ကျွန်တော်က “စက္ကူဖြူစာတမ်းဟာ ကျွန်တော်တို့ပြည်မကို လွတ်လပ်ရေး မပေးမဖြစ်လို့ ပေးလိုက်ရရင်တောင်မှတောင်တန်းဒေသတွေကို ဆက်လက်စိုးမိုးခြယ်လှယ်ဖို့ အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ခြေလှမ်းပဲဟု ပြောသည်ကို ကိုသန်းထွန်းက သူလည်း ဒီလိုပဲ ယူဆသည်ဟု ပြန်ပြောပါသည်။
    ဤသို့ဖြင့် ကျွန်တော်သည် ညီလာခံကြီးတွင် တောင်တန်းဒေသများ မြန်မာပြည်မနှင့်ပူးပေါင်းရေးဟူသော ခေါင်းစဉ်ဖြင့် တစ်ရပ်ကို ညီလာခံအစီအစဉ်တွင် ထည့်သွင်းပေးရန်ပေးအပ်ခဲ့ပါသည်၊ ကျွန်တော်မှတ်မိသရွေ့ အဆိုအမှတ်စဉ်(၇)ဖြစ်ပါသည်။
    Pin Lone By U Phay Kin
    PDF Download Link
    E-book is created by shanyoma
  • အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ
    အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)
    နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။
    ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။
    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ
    အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။ ကျွန်တော်တို့ ဦးစီးဆောင်ရွက်ကြသည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှု မရဘဲလျှက် ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ်၍ ရင်ချင်းကပ်၍ သေတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရန်တည်ကြရန် သစ္စာပြုကာ အဓိဌာန်ပြုကြပါ၏။
    (၁) ကိုဘရှင် (သံတွဲ)          
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး
    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။
    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)
    တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။
    ၁၉၂၀ ပြည့်နှစ်တွင် န၀မမြောက် မြန်မာပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးကြီးကို မန္တလေးမြို့၌ ကျင်းပခဲ့သည် ထိုအစည်းအဝေး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ထိုကျောင်းသားများ သပိတ်မှောက် ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာ ရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။
    နယ်ချဲ့ဘုန်းတော်ဘွဲ့ သီချင်းမဆိုရ
        ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီးဝယ် ပထမဆုံး အစည်းအဝေးတွင် ကိုထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသားသီချင်းကို တက္ကသိုလ် သမဂ္ဂ အဆောက်အဦတွင် မဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်း ကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သူ့အား သခင်ဘသောင်းနှင့် အမ်အေရာရှစ်တို့က လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သချာင်္ဌာနမှ မစ္စတာ ဒီ(ဂျေ)စလော့က သူ့အား အလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှုခဲ့ပေ။ “မိမိတွင်လည်း အလုပ်နှင့် ပြစ်ချက်မရှိ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်ပေ။ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝံ့စွာ ချေပ ပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံး ဥက္ကဌဖြစ်ရုံမက အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်၌လည်း ဂုဏ်ယူစရာပင်။
    ယခု ၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အမျိုးသား ပညာရေ မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်များဖြင့် ပြည့်ဝပါစေကြောင်း တင်ပြရင်း အမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။
    ကိုးကား –
    (၁) ဦးဖိုးကျား၊ အမျိုးသားနေ့ ဆောင်းပါး
    (၂) မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ဟောပြောပို့ချချက်
    (၃) အမျိုးသားနေ့ ရွှေရတု အထူးထုတ်စာစောင်