News @ M-Media

Tag: MyanmarCoup2021

  • ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    ကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

    မတ် ၁၃၊ ၂၀၂၂

    M-Media 

    -အခုလနှောင်းပိုင်းမှာလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ တက်ခွင့်ပြုမယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    အစည်းအ၀ေးကို မတ်လ ၂၈၊ ၂၉ မှာ  ကျင်းပမှာပါ။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အဆင်မြင့်အစည်းအ၀ေးတွေမှာ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးသာ ဖိတ်ကြားရေး အာဆီယံရဲ့ မူ၀ါဒကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောပါတယ်။ 

    “ထိပ်သီးအစည်းအ၀ေးမှာ မြန်မာအတွက် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တိုးတက်မှုတွေ လုပ်မပြတဲ့ စစ်အစိုးရကို အရေးယူတဲ့သဘောလည်း ဖြစ်ပါတယ်”

    အာဆီယံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကိုလာပြီး သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး အပါအ၀င် အချက် ၅ ချက်ပါတဲ့ အာဆီယံသဘောတူညီချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်ခံသဘောတူခဲ့ပေမယ့် အကောင်အထည်ဖော်မှု မရှိပါဘူး။ 

    Ref: Reuters 

  • တရုတ်ကျူးကျော်မှုရန်ကို စစ်ကောင်စီက ကြောက်နေဟု သတင်းထွက်

    တရုတ်ကျူးကျော်မှုရန်ကို စစ်ကောင်စီက ကြောက်နေဟု သတင်းထွက်

    မတ် ၁၁၊ ၂၀၂၂

    M-Media 

    -ရုရှားက ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း တရုတ်ကလည်း မြန်မာနိုင်ငံအပေါ် ဒီလိုလုပ်ဆောင်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီခေါင်းဆောင်တွေက အစည်းအ၀ေးတွေလုပ်ကာ ဆွေးနွေးနတယ်လို့ သတင်းထွက်လာပါတယ်။ 

    တရုတ်ဟာ ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေကို ကျောထောက်နောက်ခံပေးသူအဖြစ် ရပ်တည်လာတာပါ။ အပြန်အလှန်အားဖြင့် စစ်အာဏာရှင်တွေကလည်း နိုင်ငံအတွင်းက သယံဇာတတွေကို ကြိုက်သလောက်ထုတ်ယူခွင့် ပေးထားရပါတယ်။ 

    ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းအပါအ၀င် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွား အများအပြား ရှိနေတာပါ။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမှာ စစ်ခေါင်းဆောင်တွေကို ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ဖြစ်လာပါတယ်။ 

    အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ တရုတ်အကျိုးစီးပွားရှိရာ ဒေသတွေမှာ လုံခြုံရေးကို ပိုမိုတင်းတင်းကြပ်ကြပ် ချထားပေးပါတယ်။ 

    လုံခြုံရေးအကြောင်းပြချက်နဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် တရုတ်ကလည်း အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံအပေါ် ၀င်ရောက်ကျူးကျော်မှာကို အာဏာသိမ်းစစ်ကောင်စီက စိုးရိမ်နေတယ်လို့ အတွင်းစည်းရင်းမြစ်တွေက ပြောပါတယ်။ 

    ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို စစ်ကောင်စီက လူသိရှင်ကြား ထောက်ခံထားတာပါ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ရုရှားကဘဏ်တွေမှာ အကောင့်တွေဖွင့်ကာ ငွေတွေအပ်ထားပြီး၊ မြန်မာလုပ်ငန်းရှင်တစ်ချို့ဟာ ရုရှားစစ်လက်နက်ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်အကြား လက်နက်ပွဲစား လုပ်ပေးနေတာလည်း ရှိနေပါတယ်။ 

    ယူကရိန်းအပေါ် ကျူးကျော်တဲ့ ရုရှားကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

    Ref: Up Stream Online 

  • မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှု၊ ၀ါဒစွဲရိုက်သွင်းမှုများအကြောင်း ဘက်ပြောင်းအရာရှိများ ဖွင့်ဟ

    မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှု၊ ၀ါဒစွဲရိုက်သွင်းမှုများအကြောင်း ဘက်ပြောင်းအရာရှိများ ဖွင့်ဟ

    မတ် ၈၊ ၂၀၂၂

    M-Media 

    -၂၀၂၁ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကနေ ဘက်ပြောင်းလာကြတဲ့ စစ်သားအရေအတွက်ဟာ ၂၅၀၀ လောက်ရှိလာပြီလို့ ‘ပြည့်သူ့စစ်သားအဖွဲ့’ က ထုတ်ပြန်ပါတယ်။ 

    အောက်ခြေစစ်သားအဆင့်ကနေ ဒုတိယဗိုလ်မှူးကြီးအထိ ရာထူးအစုံပါ။ အဲဒီလို ဘက်ပြောင်းလာကြတဲ့ စစ်သားတွေဟာ မြန်မာစစ်တပ်ရဲ့ မူ၀ါဒတွေကို လူသိရှင်ကြား ဖွင့်ဟ ပြောဆိုလာကြပါတယ်။ 

    ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ဘက်ပြောင်းလာတဲ့ ဗိုလ်ကြီး ပြည့်စုံဦးဆိုရင် ထား၀ယ်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နှိမ်နှင်းခိုင်းတဲ့ အထက်လူကြီးတွေရဲ့ အမိန့်ကို မနာခံလိုတဲ့အတွက် စစ်တပ်ကနေ ထွက်ပြေးလာခဲ့သူ ဖြစ်ပါတယ်။ 

    “အရပ်သားတွေအပေါ် ဒီလို ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့ ကျွန်တော့်လက်အောက်က စစ်သားတွေကို ကျွန်တော် အမိန့်မပေးနိုင်ပါဘူး”

    ထား၀ယ်မြို့ စစ်စခန်းကနေ ပြည့်စုံဦးတစ်ယောက် လေယာဥ်ငယ်တစ်စီးနဲ့ KNU ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်အရှေ့ပိုင်းကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်မှာ အရာရှိဖြစ်နေတဲ့ သူ့ရဲ့ညီအစ်ကိုတစ်ယောက်လည်း ကရင်ပြည်နယ်ကို ထွက်ပြေးပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေပါပြီ။

    “လေယာဥ်နဲ့ ထွက်ပြေးတာကသာ တစ်ခုတည်းသော နည်းလမ်းပါ။ အရှေ့ဘက် ကမ်းရိုးတန်းတစ်ကြောမှာ စစ်ဆေးရေးဂိတ်တွေ အများအပြား ချထားတာကြောင့် ကားနဲ့ထွက်သွားဖို့က မဖြစ်နိုင်ပါဘူး”

    မြန်မာစစ်တပ်ရဲ့ အကြမ်းပတမ်းနည်းနာတွေကို သိရှိထားတဲ့ ဗိုလ်ကြီးပြည့်စုံဦးက ပြည်သူတွေအပေါ် စစ်သားတွေရဲ့ လက်မရွံရက်စက်မှု နောက်ကွယ်က တပ်တွင်း၀ါဒဖြန့်ချီမှုကို အခုလို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

    “သူတို့ အမြဲတမ်း ၀ါဒဖြန့်နေတဲ့တစ်ချက်က တပ်မတော်ဟာ တိုင်းပြည်ကို စုစည်းစေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာပါ။ တပ်မတော်သာမရှိရင် တိုင်းပြည်ဟာ အနောက်တိုင်းရဲ့ကျွန်ဖြစ်ပြီး ဗုဒ္ဓဘာသာလည်း ပျောက်ကွယ်သွားမယ် ဆိုတာမျိုးပေါ့”

    ဒီလို၀ါဒဖြန့်မှုမျိုးကို အောက်ခြေစစ်သား အများစုက ယုံကြည်နေကြ တယ်လို့လည်း ဗိုလ်ကြီးပြည့်စုံဦးက ပြောပါတယ်။ သူ့လို အရာရှိတွေကတော့ အရင်ကတည်းက စစ်တပ်ဟာ အရပ်သားတွေအပေါ်  အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို သိရှိနေကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရွေးချယ်စရာမရှိတဲ့ လူငယ်တွေကို အဓမ္မတပ်ထဲ၀င်ခိုင်းတာ၊ ရာဇ၀တ်မှုနဲ့ ထောင်ကျသူတွေကို တပ်ထဲ၀င်ရင် ထောင်ဒဏ်ပယ်ဖျက်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ တပ်ထဲ၀င်ခိုင်းတာတွေ ရှိကြောင်းလည်း ဗိုလ်ကြီးက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ 

    မြန်မာလူ့အဖွဲ့အစည်းမှာ စစ်သားတွေကသာ လေးစားထိုက်တဲ့ သူရဲကောင်းတွေဖြစ်တယ်ဆိုတဲ့ ၀ါဒမျိုး ၀င်လာအောင် စစ်တပ်က ရိုက်သွင်းပြီး ခိုင်းတဲ့အတိုင်းလုပ်အောင်၊ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်အောင် ဆောင်ရွက်ခိုင်းတယ်လို့လည်း သူက ဆိုပါတယ်။

    “စစ်တပ်ဟာ အရပ်သားတွေအပေါ်  ဘယ်လောက်တောင် အကြောက်တရားနဲ့ နှိပ်စက်နေလဲဆိုတာ စစ်တပ်အပြင်ထွက်လိုက်တာနဲ့ ကျွန်တော် တွေ့ခဲ့ရပါတယ်”

    ပြည်သူထက်မြင့်မြတ်

    အရှေ့တောင်အာရှက စစ်တပ်တွေကို လေ့လာ သုတသနလုပ်နေတဲ့ ပညာရှင် အန်သိုနီ ဒေးဗစ်က မြန်မာစစ်တပ်ဟာ လေ့ကျင့်ရေးမှာကတည်းက ရက်စက်ကြမ်းကြုတ်ဖို့ သွတ်သွင်းပေးပြီး၊ မြန်မာလူ့အဖွဲ့အစည်းမှာ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ “ပိုမြတ်တဲ့အဖွဲ့အစည်း” အဖြစ် ခံယူထားတယ်လို့ သုံးသပ်ပါတယ်။

    “စစ်တပ်က ခြေမြန်တပ်ရင်းတွေအတွက် လေ့ကျင့်သင်ကြားမှုဟာ ကြမ်းတမ်းရက်စက်ပါတယ်။ သင်ရိုးမှာကိုက ရက်စက်ကြမ်းကြုတ်မှုကို အဆင့်တစ်ခုအနေနဲ့ ထည့်သွင်းထားတယ်။ နောက်တစ်ခုက ခြေမြန်တပ်ရင်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာ ချထားတယ်။ အဲဒီမှာ ထိခိုက်သေဆုံးမှုများတော့ ရက်စက်ကြမ်းကြုတ်တာတွေ ပိုလုပ်လာပါတယ်” 

    စစ်သားတွေ ဘက်ပြောင်းတဲ့ အရေအတွက်ဟာ ‘ပြည့်သူ့စစ်သားအဖွဲ့’ ကပြောသလောက် မများပေမယ့်လည်း ထွက်ချင်ပြီး ထွက်လို့မရသူတွေ ရှိကောင်းရှိနိုင်တယ်လို့ ဒေးဗစ်က သုံးသပ်ပါတယ်။

    “မိသားစုရှိတော့ သူတို့အတွက်လည်း ထည့်စဥ်းစားရတွေ ရှိပါတယ်။ မိသားစုနဲ့အတူ စစ်တပ်မှာနေတယ်။ ကလေးတွေက တပ်တွင်းကကျောင်းမှာတက်တယ်။ မြန်မာစစ်တပ်ဟာ အခွင့်ထူးခံ သီးခြားလူ့အဖွဲ့အစည်း တစ်ခုလိုပါပဲ။ စစ်တပ်ဖြစ်တော့ အမြင်ကျဥ်းတယ်။ အဲဒီ အခွင့်ထူးခံလူ့အဖွဲ့အစည်းမှာ စစ်သားတွေတင်မကဘဲ သူတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးတွေ၊ စစ်တပ်ကို ထောက်ခံသူတွေပါ ပါ၀င်ပါတယ်”

    ဒီလူ့အဖွဲ့အစည်းတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာကွယ်ထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဒီထိန်းချုပ်မှု ပိုဆိုးလာကြောင်း၊ စစ်သားတွေဟာ အခမဲ့ပညာရေး၊ အိမ်ယာ၊ လူ့အဖွဲ့အစည်းမှာ ခေါင်းတစ်လုံးပိုမြင့်မှု စတဲ့ အခွင့်ထူးခံတွေကိုလည်း ခံစားရကြောင်း ဒေးဗစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “တိုက်ပွဲမှာ လုပ်ချင်တာလုပ်လို့ရတဲ့ အခွင့်ထူးလည်း စစ်တပ်မှာ ရှိနေပါတယ်။ လုယက်တာ၊ ဖျက်ဆီးတာ၊ မုဒိမ်းကျင့်တာမျိုးတွေပါ။ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့၀င်တွေဟာ ဇာတ်မျိုးရိုးတစ်ခုနဲ့ တော်တော်လေး အလားသဏ္ဍာန်တူပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ပိုင်စိုးအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကြောင့် အရေးယူခံရမှုမရှိဘဲ လုပ်ချင်တာလုပ်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရယူကျင့်သုံးနေတာမျိုးပါ”

    ခိုင်းတာမလုပ်ရင် မလွယ်ဘူး

    စစ်တပ်ထဲမှာ ရှိစဥ်ကတည်းက အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင် ၀ါဒအကြောင်း ဆိုရှယ်မီဒီယာမှာ ၀ေဖန်ရေးသားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ညီသုတက မြန်မာစစ်တပ်အတွင်း အောက်ခြေစစ်သားတွေ အခွင့်အရေးဆုံးမှုအကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်မှာ အာဏာရှင်၀ါဒက သိပ်ကြာသွားပြီ။ ဒီ၀ါဒ ဘယ်လောက်ဆိုးလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်”

    အာဏာသိမ်းမှုဟာ တိုင်းပြည်ကို ဘယ်လောက်အထိ နောက်ပြန်ရောက်သွားနိုင်တယ်ဆိုတဲ့ ညီသုတရဲ့ ထောက်ပြရေးသားမှုတွေကို အထက်အရာရှိတွေက တားမြစ်ခဲ့ပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိပါတယ်။

    “ကျွန်တော့်လွတ်လပ်ခွင့် ဆုံးရှုံးသွားပြီးဆိုတာ ကျွန်တော် သိလိုက်တယ်။ တပ်မတော်က ထွက်မှသာ ကျွန်တော့်ရဲ့လွတ်လပ်ခွင့်ကို ကျင့်သုံးလို့ရမယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါတယ်”

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၈ ရက်နေ့ နေပြည်တော်က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက အရေးယူမလားဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း ဗိုလ်ကြီးညီသုတမှာ ရှိခဲ့ပါတယ်။

    “အဲဒီကလေးမကို သတ်ခဲ့တဲ့သူ ဘာဖြစ်မလဲပေါ့။ အရေးယူခံရမလား။ အဲဒါဆိုရင် မျှော်လင့်ချက်ရှိသေးတယ်လို့တောင် ကျွန်တော်တွေးလိုက်သေးတယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး”

    အဲဒီနှစ် မတ်လမှာ စစ်တပ်ကတည်းကထွက်ခဲ့တဲ့ ညီသုတက စစ်သားတွေ အောက်ခြေမှာ ပိတ်မိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “စစ်သားတွေက ထောင်သားတွေလိုပဲ။ အထက်အမိန့်ကို နာခံရတယ်။ ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့၊ သတ်ဖြတ်ဖို့ အမိန့်ပေးရင်လည်း လိုက်လုပ်ရတာပါပဲ”

    အမိန့်အတိုင်းလိုက်မလုပ်ရင် ထောင်ချခံရတာ၊ အသတ်ခံရတာ၊ မိသားစုတွေကို ဒုက္ခပေးတာမျိုးတွေလည်း ရှိကြောင်း ဗိုလ်ကြီးညီသုတက ဖွင့်ဟပါတယ်။

    “ပြည်သူကိုမသတ်ရင် မင်းလည်း ရှင်သန်လို့မရဘူးဆိုတဲ့ပုံစံမျိုး အဓမ္မ ခိုင်းတာပါ။ အစပိုင်းက ဒီလို၀ါဒမျိုးကို ကြိုက်ချင်မှကြိုက်လိမ့်မယ်။ နာကျင်မှုကြောင့် ထွက်ပေါ်လာတဲ့ အော်ဟစ်ငိုယိုသံတွေကို နားယဥ်ချင်မှ ယဥ်လိမ့်မယ်။ ဒါပေမယ့် ကြာလာတော့လည်း ရိုးသွားတာပါပဲ။ ရွေးချယ်စရာမရှိတော့ အထက်ကခိုင်းသမျှ လိုက်လုပ်ရတဲ့ ဘ၀တွေပါ”

    ၁၀ စုနှစ်တစ်ခုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခု စစ်အာဏာသိမ်းမှုမှာ စစ်သားတော်တော်များများဟာ အရင်ကထက်ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားလာကြပါတယ်။

    ပြီးခဲ့တဲ ၂ ပတ်အတွင်း ဒုတိယဗိုလ်မှူးကြီး ၃ ဦးအပါအ၀င် စစ်တပ်က အရာရှိတစ်ချို့ မိသားစုလိုက် ဘက်ပြောင်းလာကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသကို ထွက်ခွာကာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေကြတယ်လို့ ဗိုလ်ကြီး ညီသုတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    နောက်ထပ် အရာရှိတွေ အခုလို ဘက်ပြောင်းလာဖို့လည်း သူက မျှော်လင့်နေပါတယ်။ ဗိုလ်ကြီးညီသုတဟာ ဘက်ပြောင်းလိုတဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ‘ပြည့်သူ့စစ်သားအဖွဲ့’ ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။

    ကရင်ပြည်နယ်မှာ ဗိုလ်ကြီးပြည့်စုံဦးတစ်ယောက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေပေမယ့် အနာဂတ်ကတော့ မှုန်၀ါးနေဆဲပါ။ 

    “လက်ရှိမှာ ကျွန်တော် အနာဂတ်ပျောက်နေတယ်။ တော်လှန်ရေးမေအာင်မချင်း အနာဂတ်ကို မစဥ်းစားရဲသေးဘူး”

    Ref: Aljazeera 

  • ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    မတ် ၇၊ ၂၀၂၂

    M-Media 

    – အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    ဒါဟာ ဇန်န၀ါရီလကနေ မတ်လ ပထမအပတ်အတွင်း  ကန်ချာနာဘူရီနဲ့ ပရာချွတ် ကီရီကန်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

    ပွဲစားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်၊ မြိတ်ဖက်က ရွာတွေကနေတစ်ဆင့် တောလမ်းကနေ ခေါ်လာကြတာလို့ ထိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ အလုပ်ရရှိနိုင်ရေး တရားမ၀င်၀င်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် သိိိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ၀င်ရောက်လာတဲ့ ပမာဏဟာ တစ်လအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

    ထိုင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းလုပ်ငန်းရှင်တွေဟာ တရားမ၀င်လာဖို့ အရင်ခေါ်ပြီး ရောက်လာမှ ပါမစ်လုပ်ပေးကြတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref : The Star 

  • ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    မတ် ၄၊ ၂၀၂၂
    M-Media

    -စစ်ခေါင်းဆောင်တွေ ဝင်ငွေအဓိကရနေတဲ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရုံးချုပ်အဆောက်အဦးကို နေပြည်တော်မှာ ဆောက်လုပ်နေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက်ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက မီဒီယာကို ပြောပါတယ်။

    မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ MEHL တို့ဟာ စစ်ခေါင်းဆောင်​တွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေဖြစ်ပြီး ဒေါ်လာဘီလီယံချီရတဲ့ လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

    ဒီလုပ်ငန်းစုက ရရှိတဲ့ဝင်ငွေတွေဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေကို အထောက်အကူပြုနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်ထားပါတယ်။

    MEHL က လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ မြ၀တီဘဏ်နဲ့ စစ်တပ်အငြိမ်းစားရန်ပုံငွေလုပ်ငန်းတွေ ပါဝင်ပြီး ရုံးချုပ်တွေက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိနေတာဖြစ်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းမှာ MEHL က ၁၀ ထပ် ရုံးချုပ်အဆောက်အဦးတစ်ခု ဆောက်လုပ်နေတယ်လို့ အငြိမ်းစားဗိုလ်မှူးတစ်ဦးအပါအဝင် ရင်းမြစ်နှစ်ခုက ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တည်ဆောက်နေတဲ့နေရာဟာ နေပြည်တော်က လူစည်ကားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောက်လုပ်မှုကို ဇန်နဝါရီက စတင်ခဲ့ပြီး လက်ရှိမှတော့ ဖောင်ဒေးရှင်းပိုင်း ပြီးသွားပြီလို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

    နေပြည်တော်ကသာ သူတို့အကျိုးစီးပွားကို လုံခြုံစေမယ့် နေရာဖြစ်တယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် ဒီလိုရွှေ့ပြောင်းတာဖြစ်မယ်လို့ အငြိမ်းစားဗိုလ်မှူးက ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အဓိကထား ဆန့်ကျင် သပိတ်မှောက်လာကြပြီး တိုက်ခိုက်ဖျက်ဆီးမှုတွေပါ ရှိလာတာ ဖြစ်ပါတယ်။

    Ref: Irrawaddy English