News @ M-Media

Tag: MyanmarCoup2021

  • အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ဟု စစ်ကောင်စီထုတ်ပြန်

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ဟု စစ်ကောင်စီထုတ်ပြန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဘဲ နိုင်ငံရေးဘက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားတဲ့အတွက် အခုတစ်ပတ်နှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ မြန်မာအာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်၀ါရီ ၁၇ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီ မြန်မာခရီးစဉ်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပါတယ်။

    ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ဇန်နဝါရီမှာလုပ်မယ့် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဟွန်ဆန်က အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှ အာဆီယံအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ကိုယ်စားယ်လှယ်တွေကို တက်ရောက်ခွင့် ပေးမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်သဘောတူခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ကာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးရေးလည်း ပါဝင်ပါတယ်။

    စစ်ကောင်စီက ဒီသဘောတူညီချက်တွေကို အကောင်အထည်မဖော်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက ဖိတ်ကြားခြင်း မပြုပါဘူး။

    တန်းတူဆက်ဆံရေးဆိုတဲ့ အာဆီယံရဲ့မူကို သွေဖည်တဲ့အတွက် အခုတစ်ပတ်ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မတက်ရောက်တာဖြစ်ကြောင်း၊ အာဆီယံက တစ်ချို့နိုင်ငံတွေဟာ တစ်ဖက်သက် ဆုံးဖြတ်ချက်တွေ ချနေကြောင်း စစ်ကောင်စီက ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • စစ်တပ်ဝင်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ထိုင်းကုမ္ပဏီက ဆက်လက်လုပ်ကိုင်မည်

    စစ်တပ်ဝင်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ထိုင်းကုမ္ပဏီက ဆက်လက်လုပ်ကိုင်မည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီတွေက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီက အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေပါတယ်။

    မြန်မာနိုင်ငံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းတွေဟာ လူထုကိုဖိနှိပ်ညှင်းပမ်းတဲ့ စစ်တပ်အတွက် နိုင်ငံခြားငွေ အဓိကရရှိတဲ့ ရင်းမြစ်တွေ ဖြစ်နေပါတယ်။

    ရတနာ ကမ်းလွန် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းကို Moattama Gas Transportation Company (MGTC) လုပ်ငန်းခေါင်းစဉ်အောက်မှာ ပြင်သစ်၊ အမေရိကန်နဲ့ ထိုင်း စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Total Energies၊ Chevron နဲ့ PTTEP၊ မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုတွေ ပူးပေါင်းလုပ်ကိုင်နေတာ​ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေ ကျူးလွန်လာတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ Total Energies နဲ့ Chevron တို့က ဇန်နဝါရီလမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ထိုင်းစွမ်းကုမ္ပဏီ PTTEP ရဲ့ တာဝန်ရှိသူတစ်ဦးက စီမံကိန်းကို ၎င်းတို့ ဆက်လက်လုပ်ကိုင် သွားမယ်လို့ ပြောပါတယ်။

    “မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုဆိုင်ရာ အရေးပါမှု၊ နှစ်နိုင်ငံပြည်သူတွေရဲ့ စွမ်းအင်လိုအပ်ချက်အပေါ် ရိုက်ခတ်လာနိုင်မှု စတာတွေကို အဓိကဦးစားပေးပြီး Yadana စီမံကိန်းနဲ့ MGTC လုပ်ငန်းနဲ့ပတ်သက်တဲ့ ဖြစ်နိုင်မယ့် အနေအထားတွေအားလုံးကို PTTEP က အသေအချာ စဉ်းစားသုံးသပ်နေပါတယ်”

    အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP က အပြည့်အ၀ ထိန်းချုပ်လုပ်ကိုင်ဖို့ ဆန္ဒရှိကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။

    Ref: UpStream

  • ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ အထိနာမှုကို ဗိုလ်ကြီးတစ်ဦး အသေးစိတ်ဖွင့်ချ

    ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ အထိနာမှုကို ဗိုလ်ကြီးတစ်ဦး အသေးစိတ်ဖွင့်ချ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်ကနေ ဘက်ပြောင်းပြီး နိုင်ငံခြားကို ထွက်ပြေသွားတဲ့ စစ်သားတစ်ယောက်က ၂၀၂၁ ခုနှစ်အတွင်း ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တာကို အသေးစိတ် ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၅၀ သေဆုံးပြီး ၂၀၀ လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။

    ဒီဇင်ဘာလက ဘက်ပြောင်းခဲ့တဲ့ ဗိုလ်ကြီးကောင်းသူဝင်းဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်က သူမျက်မြင် ကြုံတွေ့ခဲ့ရတဲ့​ အဖြစ်အပျက်တွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ လက်နက်ကိုင်တော်လှန်ရေးကို အပြင်းထန်ဆုံး ရင်ဆိုင်နေရတဲ့ နေရာတွေထဲမှာ ချင်းပြည်နယ်လည်း ပါဝင်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တိုက်ခိုက်မှုတွေမှာ ရဲဘော်ရဲဘက်တွေက ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဘက်ပြောင်းခဲ့တာလို့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

    အသက် ၃၂ နှစ်အရွယ်သူဟာ မိသားစုနဲ့အတူ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို ထွက်ပြေးတိမ်းရှောင် နေထိုင်နေတာ ဖြစ်ပါတယ်။ မှတ်ပုံတင်၊ စစ်တပ်က ကဒ်ပြားတွေ ရိုက်တာသတင်းဌာနကို ကောင်းသူဝင်းက ပြသခဲ့သလို ၂၀၂၁ ခုနှစ် မေလကနေ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၁၂ ခုလောက်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ လက်ချက်ကြောင့် စစ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အကြောင်းတွေကိုလည်း ဖွင့်ဟခဲ့ပါတယ်။

    စစ်ဖက်ဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်း ၃၀ လောက်ကိုလည်း ရိုက်တာသတင်းဌာနကို သူက ပြခဲ့ပါတယ်။ အရပ်သားတွေက လက်နက်ကိုင်ကာ၊ ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပေါင်းပြီး တော်လှန်ရေးလုပ်တဲ့ ချင်းပြည်နယ်တောင်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေဖြစ်ကာ သူ့နည်းသူ့ဟန်နဲ့ သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။

    ဒီအချက်အလက်တွေကို ကိုးကားပြီး စစ်တပ်ရဲ့ အသေအပျောက်စာရင်းကို ရိုက်တာသတင်းဌာနထံ ကောင်းသူဝင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

    သတင်းတွေမှာ မမြင်ရတဲ့ မင်းတပ်မြို့အနီးက တိုက်ပွဲကြီးတစ်ခုရဲ့ အသေးစိတ် အချက်အလက်အသစ်တွေအကြောင်း သူ့ဖုန်းထဲမှာ သိမ်းထားတဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ တစ်ဖြည်းဖြည်း ကြီးထွားလာနေတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်တဲ့ နောက်ထပ် အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

    ဗိုလ်ကြီးကောင်းသူဝင်းရဲ့ အချက်အလက်​တွေထဲက အချို့ကို ကြည့်ရှုခဲ့တဲ့ အခြား ဘက်ပြောင်း စစ်သား ၄ ယောက်က အသုံးအနှုန်း၊ ရုံးစာပုံစံနဲ့ စစ်ပွဲဆိုင်ရာ ဖော်ပြချက်တွေဟာ သူတို့အရင်တုန်းက ဖတ်ရှုရတဲ့ တပ်တွင်းစာတွေနဲ့ အတူတူပဲလို့ ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ စစ်ကောင်စီက အတည်ပြုပေမယ့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    ချင်းပြည်နယ်က အဖြစ်အပျက်တွေ၊ ဗိုလ်ကြီးကောင်းသူဝင်းရဲ့ ပြောကြားချက်တွေ၊ သူထုတ်ပြတဲ့ စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မြန်မာစစ်တပ်က ဖြေကြားခြင်း မပြုပါဘူး။ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို စစ်တပ်က ‘အကြမ်းဖက်’ လို့ ခေါ်ဝေါ်သုံးနှုန်းနေတာ ဖြစ်ပါတယ်။

    ချင်းပြည်နယ်ကိုဖြတ်ပြီး ဝင်ရောက်ခိုလှုံလာတဲ့ ဘက်ပြောင်း မြန်မာစစ်သားတွေအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းမှုကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားခြင်းမပြုပါဘူး။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာပဲ ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၁၄ ရက်နေ့ မင်းတပ်မြို့အနီး ကား ၇ စီးပါတဲ့ စစ်တပ်ယာဉ်တန်း ဖြတ်တိုက်ခံရမှ တော်လှန်ပုန်ကန်မှု ​​ပမာဏကို မြန်မာစစ်တပ်က နားလည်သဘောပေါက်လာတယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုဟာ မင်းတပ်မှာဖြစ်တဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုတွေထဲက တစ်ခုပါ။ ရာနဲ့ချီတဲ့ တော်လှန်ရေးသမားတွေဟာ မနက်အရုဏ်တက်အချိန်မှာ တောင်ကုန်းတွေပေါ်က ယာဉ်တန်းကို လှမ်းပစ်တာဖြစ်ပြီး စစ်သား ၅ ယောက်သေဆုံးကာ ၃၇ ယောက် ပျောက်ဆုံးသွားတယ်လို့ ဗိုလ်ကြီးကောင်းသူဝင်း သိမ်းထားတဲ့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။

    “သူပုန်အင်အား ခန့်မှန်း ၁၀၀၀ လောက်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတယ်။ စစ်ထရပ်ကား ၆ စီး ပျက်ဆီးပြီး လက်နက်တော်တော်များများ ပျောက်ဆုံးသွားပါတယ်” လို့ တိုက်ခိုက်မှုအကြောင်း တပ်တွင်းသတင်းပေးပို့မှုမှာ ဖော်ပြထားပါတယ်။

    ထိခိုက်သေဆုံးမှု မြင့်တက်

    မင်းတပ်တိုက်ခိုက်မှုက အသေးစိတ်အချက်အလက်တွေအပြင် ဗိုလ်ကြီးကောင်းသူဝင်း ပြသခဲ့တဲ့​ စာရွက်စာတမ်းတွေထဲမှာ ချင်းပြည်နယ်တောင်ပိုင်းက စစ်စခန်းတွေ၊ စစ်တပ်ရဲ့ ထောက်ပို့သတင်းအချက်အလက်တွေ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှု သတင်းပေးပို့ချက်တွေ ပါဝင်ပါတယ်။

    အလျင်အမြန် ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) အပါအဝင် ပြောက်ကျားတပ်တွေရဲ့ ချင်းပြည်နယ်တောင်ပိုင်းက တိုက်ခိုက်မှုတွေဟာ ပြင်းထန်ပါတယ်။

    မေလ ၁၄ ရက်နေ့က ချုံခိုတိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်က အနည်းဆုံး စစ်သား ၂၀ လောက် သေဆုံးတယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

    “မေလ ၁၄ ရက်နေ့ တိုက်ခိုက်မှု အပြီးမှာမှ တပ်မတော်ဟာ CDF ကို အဓိကထားလာတာပါ။ (CDF တွေက) တူမီးတွေ၊ ခေတ်ပေါ်လက်နက်တွေနဲ့ ပေါင်းပြီး တိုက်ခိုက်ခဲ့ကြပါတယ်”

    မေလ ၁၄ ရက်နေ့ တိုက်ပွဲဟာ အလှည့်အပြောင်းဖြစ်ခဲ့လားဆိုတဲ့ မေးခွန်းကို စစ်တပ်ဖက်က ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။

    ဆက်သွယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရတာကြောင့် ထောက်ပို့နဲ့ ချီတက်လမ်းကြောင်း အပါအဝင် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ရရှိပြီး၊ သူတာဝန်ကျတဲ့ ရှေ့တန်းစခန်းကို ကြီးကြပ်ရတဲ့ ဒေသဆိုင်ရာ စစ်ဌာနချုပ်က ဒီစာရွက်စာတမ်းတွေကို ပေးပို့တာဖြစ်တယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မင်းတပ်က ချုံခိုတိုက်ခိုက်မှုအကြောင်း စုံစမ်းစစ်ဆေးရာမှာ ပါဝင်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    စစ်တပ်ကထွက်လာတာကြောင့် စုံစမ်းစစ်ဆေးမှုရလဒ်ကို သူမသိပါဘူး။ ဒါပေမယ့် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူး ရန်နောင်ထူးကို စက်တင်ဘာလတုန်းက မုံရွာမှာ နေအိမ်အကျယ်ချုပ် ချခဲ့တယ်လို့ ကောင်းသူဝင်းက ပြောပါတယ်။

    ရိုက်တာသတင်းဌာနက ဗိုလ်မှူးကို ဆက်သွယ်လို့မရခဲ့သလို၊ ဗိုလ်မှူးကိစ္စ၊ စုံစမ်းစစ်ဆေးမှု ကိစ္စတွေနဲ့ပတ်သက်လို့ စစ်တပ်ကို ​မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။

    ကလေးမြို့ CDF အဖွဲ့ရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဗိုလ်ကြီးကောင်းသူဝင်းက သူတို့ကို လက်နက်ခဲယမ်းတွေ အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဗိုလ်ကြီးနဲ့ သူ့ဇနီးတို့ကို ဘေးလွတ်ရာ ပို့ပေးခဲ့ပြီး လက်နက်တွေအတွက် ပိုက်ဆံပေးခဲ့တယ်လို့ CDF က ပြောပါတယ်။ ကောင်းသူဝင်းရဲ့ဇနီးဟာ ပထမဆုံး ကလေးငယ်ကို မွေးဖွားခဲ့ပြီး ဖြစ်ပါတယ်။

    ကလေးကာကွယ်ရေးတပ်ဖွဲ့ CDF KKG ပြောရေးဆိုခွင့်ရှိသူက လက်နက်ခဲယမ်းတွေအတွက် ဗိုလ်ကြီးကို သိန်း ၆၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟော ပေါက်စျေး သိန်း ၉၀ ထက် နည်းနေပေမယ့် ငွေအပြည့်ပေးဖို့ မတတ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

    ဘက်ပြောင်းတဲ့သူတွေအနေနဲ့ သူတို့အဖွဲ့မှာ ဝင်တိုက်ဖို့ မလိုပေမယ့် ဘေးလွတ်ရာကို မပို့ပေးခင် စစ်တပ်အကြောင်း မေးမြန်းတာတွေရှိတယ်လို့ CDF KKG ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ဗိုလ်ကြီးကောင်းသူဝင်းက လက်နက်ခဲယမ်းတွေအတွက် CDF က ငွေ​ကြေးပေးခဲ့တယ်လို့ အတည်ပြုခဲ့ပြီး၊ ဘယ်လောက်ပေးတယ်ဆိုတာကို မပြောခဲ့ပါဘူး။

    လက်နက်ကိုင်တော်လှန်ရေး

    နိုင်ငံတစ်ဝှမ်း ပြောက်ကျားစစ် အာကောင်းလာတဲ့ ၂၀၂၁ ခုနှစ်တစ်လျှောက်လုံးမှာ မြန်မာစစ်တပ်ဟာ ထိခိုက်သေဆုံးမှုတွေ တစ်ဖြည်းဖြည်း မြင့်တက်လာတယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

    သူပြောပြတဲ့ မေလက ကြားဖြတ်တိုက်ခိုက်မှုဟာ ​မြန်မာစစ်တပ်အပေါ် လက်နက်ကိုင်တော်လှန်မှုအရှိန်ကို မီးမောင်းထိုးပြနေတာပါ။ တစ်ချို့ကျွမ်းကျင်သူတွေက အခုဖြစ်နေတာတွေကို ပြည်တွင်းစစ်လို့ သမုတ်ပါတယ်။

    စစ်တပ်ကတော့ ဒီသူပုန်ထမှုကို ‘လက်နက်ကိုင် သောင်းကြမ်းမှု’ လို့ သုံးနှုန်းပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ၉၀၀၀ ကျော်ရှိခဲ့တယ်လို့ ပြောခဲ့သလို၊ ဇန်နဝါရီ မိန့်ခွန်းမှာတော့ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ နိုင်ငံတစ်ဝှမ်း ဒေသတော်တော်များများ တည်ငြိမ်အေးချမ်းမှုရအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ပွဲအပြီး အလောင်းမတွေ့တဲ့ စစ်သားတွေကို ‘ပျောက်ဆုံး’ လို့ စစ်တပ်က သတ်မှတ်လေ့ရှိကြောာင်း မင်းတပ်က တိုက်ခိုက်မှုမှာ ၅ ဦးသေဆုံးတယ်ဆိုတဲ့ကိစ္စကို ရှင်းပြရင်း ကောင်းသူဝင်းက ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဖက်ကသေဆုံးသူ ၂၀ လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။

    ဇန်နဝါရီ ၂၆ ရက်နေ့ CDF ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ချင်းပြည်နယ်တစ်ဝှမ်း စစ်တပ်ဖက်က ၁၀၂၉ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ CDF ဖက်က ဒီကာလအတွင်း ထိခိုက်သေဆုံးမှု ၅၈ ခု ရှိခဲ့ပြီး၊ အရပ်သား ၂၇ ဦးသေဆုံးတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း စစ်တပ်ဖက်က စစ်သား တစ်ထောင်ကျော်လောက် ဘက်ပြောင်းတယ်လို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

    ဗိုလ်ကြီးကောင်းသူဝင်းနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောကြားတဲ့ အရေအတွက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်တပ်က ငြင်းဆိုပါတယ်။

    အလုပ်ကို ချစ်တယ်

    ကောင်းသူဝင်းဟာ ရန်ကုန်မှာနေထိုင်တဲ့ အစိုးရဝန်ထမ်း မိဘနှစ်က မွေးဖွားတဲ့ သားသမီး ၃ ယောက်မှာ အငယ်ဆုံးပါ။ ၂၀၀၆ ခုနှစ်မှာ ဗိုလ်သင်တန်း တက်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီကိစ္စအတွက် စစ်တက္ကသိုလ်က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

    စစ်တက္ကသိုလ်မှာ ၃ နှစ်တက်ပြီးတဲ့နောက် ကောင်းသူဝင်းဟာ အမှတ် ၂၁၆ ခြေမြန်တပ်မမှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တပ်စွဲထားတဲ့ တပ်မ ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်က စစ်ဆင်ရေးတစ်ချို့မှာ အရပ်သားတွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာကို သူကြုံခဲ့ရပါတယ်။ ဒါဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်တယ်လို့သူက မှတ်ယူခဲ့ပါတယ်။

    “ကျွန်တော်အလုပ်အတွက် ဂုဏ်ယူတယ်။ အခုအချိန်အထိလည်း ဒီအလုပ်ကို ချစ်ပါတယ်”

    ၂၀၁၆ ခုနှစ်မှာ ချင်းပြည်နယ် မတူပီမြို့နယ်က ကွပ်ကဲရေးဌာနကို ပြောင်းရွှေ့ခံရတယ်လို့ ကောင်းသူဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့​နောက် မုံရွာမြို့မှာရှိတဲ့ စစ်ဌာနချုပ်မှာ ဒေသဆိုင်ရာ ဆက်သွယ်ရေးအရာရှိအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

    ရှေ့တန်းကနေ ဒဏ်ရာရတဲ့တပ်သားတွေကို မုံရွာအခြေစိုက်စခန်းမှာ ဆေးကုဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ အခေါက်ခေါက်အခါအခါ သယ်ယူလာမှုတွေကိုလည်း သူ မြင်ခဲ့ရပါတယ်။

    အောက်တိုဘာလမှာ စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူတွေ စေလွှတ်လာပြီး အရင်က တပ်ဖွဲ့ဝင် ၈၀၀ လောက်သာ ရှိရာကနေ ၁၂၀၀ အထိ ရှိလာတယ်လို့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။ CDF တပ်သားတွေကလည်း စစ်တပ်အင်အား မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    စစ်သားတွေဟာ ချီတက်မယ့်လမ်းကြောင်းမှာရှိတဲ့ ရွာတွေကို မီးတိုက်တာတွေ ရှိတယ်ဆိုတဲ့သတင်းကို အဲဒီအချိန်လောက်မှာပဲ ကောင်းသူဝင်းတစ်​ယောက် ကြားသိလာရပါတယ်။ ရွာသူ၊ ရွာသားတွေကတော့ ဘေးလွတ်ရာ တောထဲတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေခဲ့ရပါတယ်။

    “(ရဲဘော်တွေဆီကနေ) မြေပြင်သတင်း​တွေကို ကျွန်တော် ပထမဆုံးရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေ မြင်ရ၊ ကြားရပါများတော့ ဘက်ပြောင်းဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်”

    ချင်းပြည်နယ်က တော်လှန်ရေးကို မြန်မာစစ်တပ်က အကြီးအကျယ် တိုက်ခိုက်နှိမ်နှင်းနေတဲ့အပေါ် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာအစိုးရတွေက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ကြပါတယ်။

    ၂၀၁၇ ခုနှစ်က လူ ၇ သိန်းလောက်​ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတိုင်း တစ်ထပ်တည်း မြင်လာရတယ်လို့ တစ်ချို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောခဲ့ကြပါတယ်။

    ရဲကင်းစခန်းတွေကို ရိုဟင်ဂျာတွေက တိုက်ခိုက်တဲ့အတွက် ရခိုင်မှာ တရားသောစစ် ဆင်နွှဲတာလို့ စစ်တပ်ဖက်ကနေ အဲဒီအချိန်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

    ဇနီးသည်က ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာမို့ ကလေးမွေးပြီးတဲ့အချိန်စောင့်ပြီး တိုင်းပြည်ကနေထွက်ပြေးဖို့ လင်မယားနှစ်ယောက်စလုံးက ဆုံးဖြတ်ခဲ့တယ်လို့ ကောင်းသူဝင်းက ပြောပါတယ်။

    ရဲဘော်ရဲဘက်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သူတို့ လင်မယားဟာ မွေးကင်းစကလေးငယ်ကို ပိုက်ပြီး မုံရွာကနေ ဘတ်စ်ကားနဲ့ ချင်းပြည်နယ် နယ်စပ်ကို ထွက်ခွာလာခဲ့ပါတယ်။ နယ်စပ်မှာ တော်လှန်ရေးသမားတွေက သူတို့မိသားစုကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

    “ပြည်သူမုန်းတဲ့ စစ်သားတွေထဲမှာ မပါတော့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော် အခုဆိုရင် သာမန် နိုင်ငံသားတစ်ယောက် ဖြစ်သွားပြီ။ ဒီအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ကလေးပုခက်လွှဲနေတဲ့ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

    Ref: Reuters

    (ရိုက်တာသတင်းဌာနတွင် ဖော်ပြားထားသည့် Myanmar army defector recounts heavy losses inflicted by Chin rebels ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • စစ်ကောင်စီက အကြမ်းဖက်မှုကို နှစ်ဆတိုးလုပ်နေဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    စစ်ကောင်စီက အကြမ်းဖက်မှုကို နှစ်ဆတိုးလုပ်နေဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေဟာ နှစ်ဆတိုးလာ​ပြီး၊ သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ရင် ဒီကိစ္စကို အလေးထား ပြောကြားသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    သမ္မတဂျိုးဘိုင်ဒန်ဟာ အခုလအတွင်း အာဆီယံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိနေတာ ဖြစ်ပါတယ်။

    အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ ပေါင်းဖွဲ့ထားတဲ့ Quad အဖွဲ့ရဲ့ မဲလ်ဘုန်းမြို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က မြန်မာကိစ္စ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက အလွန့်အလွန် ဆိုးရွားပြင်းထန်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့နေရပြီး စိတ်လည်းမကောင်းပါဘူး။ စစ်ကောင်စီက ဖိနှိပ်၊ အကြမ်းဖက်မှုတွေကို နှစ်ဆတိုး လုပ်နေတာကိုလည်း ကျွန်တော်တို့ မြင်နေရပါတယ်”

    မြန်မာနိုင်ငံက ပြဿနာ ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အမေရိကန်က ထောက်ခံပြီး ဒါကို အကောင်အထည်ဖော်ရမယ်လို့လည်း ဘလင်ကန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အာဆီယံ​ခေါင်းဆောင်တွေကို ဝါရှင်တန်မှာ သိပ်မကြာခင်တွေ့ဆုံတဲ့အချိန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီကိစ္စကို အလေးထား ပြောဆိုသွားမှာ ဖြစ်ပါတယ်”

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    Ref : Metro

  • မြန်မာ၊ အာဖဂန်နှင့် မြောက်ကိုရီးယားတို့ ဒီမိုကရေစီအကင်းမဲ့ဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံရ

    မြန်မာ၊ အာဖဂန်နှင့် မြောက်ကိုရီးယားတို့ ဒီမိုကရေစီအကင်းမဲ့ဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံရ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Economist Intelligence Unit’s (EIU) က ၂၀၂၁ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်းကို ထုတ်ပြန်ရာမှာ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ မြောက်ကိုရီးယားတို့က အောက်ဆုံးမှာ ရှိနေပါတယ်။

    EIU ရဲ့ အညွှန်းကိန်းအရ ကမ္ဘာ့လူဦးရေရဲ့ ၆.၆ ရာခိုင်နှုန်းသာ ပြည့်၀တဲဒီမိုကရေစီကို ရရှိကာ လူသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံးကို စံစားရပြီး၊ ကမ္ဘာ့လူဦးရေ ၃ ပုံ ၁ ပုံကျော်က အာဏာရှင်တွေအောက် ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေရတာ ဖြစ်ပါတယ်။

    စစ်တပ်က အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံ၊ တာလီဘန်အဖွဲ့က သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်တို့ဟာ ၂၀၂၁ ခုနှစ် ဒီမိုကရေစီအညွှန်းကိန်းမှာ အဆင့် ၁၆၆ နဲ့ ​၁၆၇ အထိရောက်သွားပြီး၊ ကွန်မြူနစ်အာဏာရှင် ကြီးစိုးတဲ့ မြောက်ကိုရီးယားက ၁၆၅ မှာ ရှိနေပါတယ်။

    EIU ရဲ့ အညွန်းကိန်းစာရင်းမှာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ပါဝင်တာ ဖြစ်ပါတယ်။ ၂၀၂၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၃၅ ရှိပြီး၊ အာဖဂန်က ၁၃၉နဲ့ မြောက်ကိုရီးယားက ၁၆၇ ရှိတာပါ။

    ထိုင်ဝမ်နိုင်ငံက အဆင့် ၁၁ ကနေ ၈ အထိ တက်လာပြီး ဒုတိယအဆင့်အများဆုံးတက်တဲ့နိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ ၆၄ ကနေ ၅၂ အထိ ရောက်လာတာပါ။

    ပြီးခဲ့တဲ့တစ်နှစ်အတွင်း အာဖဂန်နဲ့ မြန်မာနိုင်ငံတို့က အဖြစ်အပျက်တွေကြောင့် အာရှတိုက် ပျမ်းမျှဒီမိုကရေစီ အညွန်းကိန်းလည်း သိသိသာသာကို ကျဆင်းသွားပါတယ်။

    EIU ရဲ့ ဒီမိုကရေစီအညွှန်းကိန်းဟာ ရွေးကောက်ပွဲနဲ့ ဗဟု၀ါဒကျင့်သုံးမှု၊ အစိုးရယန္တရားလည်ပတ်မှု၊ နိုင်ငံသားတွေ နိုင်ငံရေးမှာ ပါဝင်နိုင်မှု၊ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံသားများ၏လွတ်လပ်မှု စတဲ့ အချက် ၅ ချက်ကို သုံးသပ်ကာ ၀ ကနေ ၁၀ မှတ်အထိပေးပြီး အဆင့်ခွဲတာဖြစ်ပါတယ်။

    ၈ မှတ်အထက်ရရင် ပြည့်၀တဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပြီး၊ ၆ မှတ်ကျော်ကနေ ၈ မှတ်ရရင်တော့ အပြစ်အနာဆာရှိနေသေးတဲ့ ဒီမိုကရေစီလို့ သတ်မှတ်ပါတယ်။ ၄ မှတ်ကျော်ကနေ ၆ မှတ်အထိရရင် အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီ၊ ၀ ကနေ ၄ မှတ်အထိဆိုရင် လုံး၀အာဏာရှင်နိုင်ငံ စသဖြင့် သတ်မှတ်တာ ဖြစ်ပါတယ်။

    ၂၀၂၀ စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံက ပြည့်၀တဲ့ ဒီမိုကရေစီစနစ် ရှိနေပြီး ၂၀၂၁ ခုနှစ်စာရင်းမှာတော့ ၂ နိုင်ငံလျော့သွားကာ ၂၁ နိုင်ငံသာ ပြည့်၀တဲ့ဒီမိုကရေစီစနစ် ရှိပါတယ်။

    အနာအဆာရှိတဲ့ ဒီမိုကရေစီက ၅၃ နိုင်ငံ၊ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီက ၃၄ နိုင်ငံ၊ လုံး၀ အာဏာရှင်နိုင်ငံက ၅၉ နိုင်ငံ ရှိနေတာ ဖြစ်ပါတယ်။ လုံး၀အာဏာရှင်နိုင်ငံတွေမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

    Ref: SBS