News @ M-Media

Tag: MyanmarCoup2021

  • စစ်ကောင်စီ၏ ဆိုက်ဘာဥပဒေက မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခရောက်စေမည်

    စစ်ကောင်စီ၏ ဆိုက်ဘာဥပဒေက မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခရောက်စေမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၂၂
    M-Media

    -စစ်ကောင်စီက ပြဌာန်းကျင့်သုံးဖို့ ပြင်ဆင်နေတဲ့ ဆိုက်ဘာဥပဒေဟာ ပညာရေး၊ စီးပွားရေးအပါအဝင် ပြည်သူတွေရဲ့ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာမှာဖြစ်ပြီး တစ်ခြားနိုင်ငံက အာဏာရှင်တွေ လိုက်လုပ်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ Facebook လို ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တာပါ။ မိုဘိုင်းဒေတာတွေကို စျေးမြှင့်ခိုင်းတာ၊ အင်တာနက်တွေ ပိတ်ပစ်တာ၊ တစ်ချို့ ဝဘ်ဆိုက်တွေကို ပိတ်ထားတာတွေ လုပ်ပြီး လူထုကို ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ ဝေးကွာအောင် စစ်ခေါင်းဆောင်တွေက လုပ်နေသလို၊ ဆက်သွယ်ရေးကုမ္ပဏီတွေမှာလည်း ကြားဖြတ်နားထောင်နိုင်တဲ့ ကိရိယာတွေ အဓမ္မတပ်ဆင်ကာ ပြည်သူအပေါ် ချိုးဖောက်မှုပေါင်းစုံ ကျူးလွန်နေတာ ဖြစ်ပါတယ်။

    မကြာခင် ပြဌာန်းဖို့ ရှိနေတဲ့ ဆိုက်ဘာဥပဒေသစ်မှာတော့ ဆိုရှယ်မီဒီယာသုံးတာကို ထောင်ဒဏ် ကျခံရနိုင်တဲ့ ဒါမှမဟုတ် ဒဏ်ငွေဆောင်ရမယ့် ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ပြည်သူတွေဟာ ပိတ်ထားတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုဖို့အတွက် VPN ဆော့ဖ်ဝဲတွေကို အသုံးပြုနေပြီး စစ်ကောင်စီရဲ့ ဆိုက်ဘာ ဥပဒေမှာ VPN သုံးရင် ထောင် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ်ချမယ်လို့ ဖော်ပြထားပါတယ်။

    ဆိုက်ဘာဥပဒေကို ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရလက်ထက်ကတည်းက ပြဌာန်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ထက်မှာတော့ ဖိနှိပ်ချုပ်ချယ်တဲ့ သတ်မှတ်ချက်တွေ ပိုမိုပါဝင်လာပါတယ်။

    “တစ်ခြားအာဏာရှင်နိုင်ငံတွေက ဒီဥပဒေလိုမျိုး ပြဌာန်းရင် ကောင်းမလားဆိုတဲ့အတွေး ဝင်လာနိုင်တဲ့အန္တရာယ် ရှိနေပါတယ်။ မြန်မာမှာတောင် ဒီလိုရသေးရင် ငါတို့လည်း ဒီလိုလုပ်ရမှာပေါ့ – ဆိုတာမျိုးပါ” လို့ Free Expression Myanmar အဖွဲ့က အိုလီဗာ စပန်ဆာက ပြောပါတယ်။

    ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေဟာ စီးပွားရေးအပါအဝင် ပြည်သူတွေရဲ့ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာမှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တော်တော်များများဟာ Facebook လို ဆိုရှယ်မီဒီယာကို မှီခိုပြီး လုပ်ကိုင်နေရသလို၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်တွေကလည်း ဆိုရှယ်မီဒီယာတွေကနေတဆင့် လူထုဆီကို မြန်မြန်ဆန်ဆန် ရောက်ရှိနေတာ ဖြစ်ပါတယ်။

    “(ဒီလိုပိတ်ပင်တာကို) လွတ်လပ်လပ်စွာပြောဆိုမှုတစ်ခုတည်း ပိတ်ပင်ခံရတယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ ဒီအခွင့်အရေး ပိတ်ပင်ခံရတာက ကြာပါပြီ။ အခုကိစ္စက ဒီဂျစ်တယ်စီးပွားရေးအပါအဝင် အခြားအလုပ်တွေပါ ရာဇဝတ်မှုဖြစ်သွားမှာပါ” လို့ ရန်ကုန်အခြေစိုက် အမည်မဖော်လိုတဲ့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ လူအများစုက Facebook လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုတာကြောင့် စစ်ကောင်စီရဲ့ ဆိုက်ဘာဥပဒေသစ်က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရာဇဝတ်ကောင်တွေဖြစ်အောင် လုပ်လိုက်တာလို့ Myanmar Center for Responsible Business က ဗစ်ကီဗောင်းမန်းက မှတ်ချက်ပြုပါတယ်။

    ဖိနှိပ်ချုပ်ချယ်တဲ့ ဆိုက်ဘာဥပဒေကို အာဏာသိမ်းပြီးပြီးမှာပဲ ပြဌာန်းဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာပါ။ ဒါပေမယ့် စီးပွားရေးအသိုင်းအ၀ိုင်းက ကန့်ကွက်တာကြောင့် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: codastory

  • ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ကမ္ဘောဒီးယားစစ်ခေါင်းဆောင်၏ ဂျပန်ခရီးစဉ်တွင် မြန်မာ့အရေး ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    ဟွန်ဆန်နှင့် သားဖြစ်သူ ဟွန်မာနတ် (ယာ)

    -ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့သား ဟွန်မာနတ်ဟာ ဖေဖော်ဝါရီလအလယ်ပိုင်းမှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီခရီးစဉ်အတွင်း မြန်မာ့အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ဟွန်မာနတ်ဟာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲဖြစ်ပြီး ဟွန်ဆန်က သူ့သားကို သူ့နေရာဆက်ခံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ၊ ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီတို့နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ၊ အခြား ကိစ္စတွေ ဟွန်မာနတ်က​ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ဟွန်မာနတ်ရဲ့ခရီးစဉ်အတွင်း ဂျပန်တာဝန်ရှိသူတွေက မြန်မာ့အရေးပါ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အခုနှစ်ဇန်နဝါရီ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အတွင်း ဟွန်မာနတ်လည်း လိုက်ပါခဲ့တာဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အာဆီယံအသိုင်းအ၀ိုင်းမှာ ပြန်လည်ပါဝင်နိုင်ရေး ကြိုးပမ်းဖို့ ဆန္ဒရှိပေမယ့် အခြား အာဆီယံအဖွဲ့အဝင်တွေက လက်မခံတဲ့အတွက် ရှေ့ဆက်လို့ မရခဲ့ပါဘူး။

    ဂျပန်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Japan Today

  • စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    ဖေဖော်ဝါရီ ၅၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြပါတယ်။

    ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒစ်ဂျင်တယ်ငွေကြေးကို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မလား ဒါမှမဟုတ် ဗဟိုဘဏ်ကပဲ သီးခြားထုတ်မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်သွားခဲ့ပြီး၊ တိုင်းပြည်စီးပွားရေးလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အခုနှစ်မှာလည်း ထပ်မံကျဆင်းအုံးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    Ref: Bloomberg

  • စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    စစ်ကောင်စီကိုစားလှယ်ကို လက်မခံရန် လူ့အခွင့်အရေးအဖွဲ့များက ICJ ကို စာပို့တောင်းဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၂၂
    M-Media

    -မြန်မာစ်တပ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကိစ္စအတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ကြားနာမှုမှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ဖြေရှင်းခွင့် မပေးသင့်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) ကို ကြာသာပတေးနေ့က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

    Legal Action Worldwide(LAW)၊ Fortify Rights နဲ့ Myanmar Accountability Project တို့က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ကိုယ်စား ချေပခွင့် ပေးလိုက်တာဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်တဲ့အန္တရာယ် ရှိတယ်ဆိုပြီး ICJ ဥက္ကဌကို လိပ်မူပေးပို့တဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီကို ဒီလို အသိအမှတ်ပြုတဲ့ ပုံစံမျိုးဟာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မူ၀ါဒနဲ့ ဆန့်ကျင်နေကြောင်း၊ ဖြုတ်ချခံ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရကိုသာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးသင့်ကြောင်းလည်း စာထဲမှာ ထောက်ပြထားပါတယ်။

    LAW အဖွဲ့က စစ်တမ်းကောက်ယူခဲ့တဲ့ ရိုဟင်ဂျာ ၈၀၀ ကျော်ကလည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပေးပို့တဲ့စာကို အပြည့်အ၀ ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၂၀၁၉ ခုနှစ် ဒီဇင်ဘာက ကြားနာမှုမှာ မြန်မာဖက်ကပြောခဲ့တဲ့ မုသားတွေအတွက် ကျွန်မ တော်တော်လေး ဒေါသထွက်ခဲ့ရပါတယ်။ ICJ တရားသူကြီးတွေက ဒီမုသားတွေကို လက်မခံခဲ့ပါဘူး။ အခု စစ်တပ်က အာဏာသိမ်းမှု တရားဝင်အောင်လို့ ICJ ကို အသုံးချနေပါပြီ။ တရားရုံးကသာ ဒါကို လက်ခံလိုက်ရင် ကျွန်မတို့ ဘယ်တော့မှ မြန်မာနိုင်ငံ မပြန်နိုင်တော့မှာကို စိုးရိမ်မိပါတယ်” လို့ ၂၀၁၉ ကြားနာမှုကို တက်ရောက်နား​ထောင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး ဟာဆီနာ ဘေဂွန်က ပြောပါတယ်။

    ပထမအကြိမ် ကြားနာမှုအပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ က မြန်မာနိုင်ငံက လိုက်နာရမယ့် ကြားဖြတ် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေ တိုးတက်အောင် ဆောင်ရွက်နေကြောင်း ၆ လတစ်ကြိမ် သတင်းပို့ဖို့ စတာတွေ ပါဝင်ပါတယ်။

    Ref: Scoop NZ

  • စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး အာဆီယံအစည်းအ၀ေး တက်ခွင့်မရ

    ဖေဖော်၀ါရီ ၃၊ ၂၀၂၂
    M-Media

    -အခုလ အလယ်ပိုင်းမှာလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကအဖြစ် တာ၀န်ယူထားတာပါ။ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်း၀ေးကို အရင်က ဇန်န၀ါရီနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

    ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ ဇန်န၀ါရီ အစောပိုင်း မြန်မာနိုင်ငံခရီးစဥ်နဲ့ အဲဒီခရီးစဥ်မှာ ဦး၀ဏ္ဏမောင်လွင်ကို အစည်းအ၀ေးတက်ဖို့ ဖိတ်ကြားမှုကို ကန့်ကွက်တဲ့အနေနဲ့ အဖွဲ့၀င်နိုင်ငံတွေက အစည်းအ၀ေးတက်ဖို့ ငြင်းခဲ့ပြီး အစည်းအ၀ေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

    ဖေဖော်၀ါရီ ၁၆၊ ၁၇ မှာ ကျင်းပဖို့ ပြန်လည်စီစဥ်လိုက်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာတော့ ကမ္ဘောဒီယားက စစ်ကောင်စီနိုင်ငံခြားရေး၀န်းကြီးကို တက်ခွင့်မပေးတော့ပါဘူး။

    ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဖက်က အကောင်အထည်ဖော်မှု မရှိသေးတဲ့အတွက် ဖိတ်ကြားမှုမလုပ်တာလို့ ကမ္ဘောဒီယား နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆွန်နရီက ပြောပါတယ်။

    “အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိတဲ့အတွက် လာမယ့် နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ အဖွဲ့၀င်နိုင်ငံတွေကြားထဲမှာ သဘောတူညီမှု မရခဲ့ပါဘူး”

    စစ်ကောင်စီက နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားသွားမယ်လို့လည်း ဆွန်နရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာဆီယံ သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ရေး၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ကာ နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးရေး စတာတွေ ပါ၀င်ပါတယ်။

    စစ်ကောင်စီဖက်က ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်း မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က အာဆီယံ ထိပ်သီးအစည်းအ၀ေး အနည်းဆုံး ၃ ခုမှာ အာဆီယံက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်း မရှိပါဘူး။

    Ref : Reuters