News @ M-Media

Tag: MyanmarCoup2021

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဖယ်ထုတ်ထားရေး အာဆီယံမူဝါဒ ပြောင်းလဲမှု မရှိ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဖယ်ထုတ်ထားရေး အာဆီယံမူဝါဒ ပြောင်းလဲမှု မရှိ

    ဇန်နဝါရီ ၂၃၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက ပြဿနာကို အာဆီယံက ဖြေရှင်းရာမှာ ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အင်ဒိုသမ္မတတို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့က ဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့တာပါ။

    မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ချဉ်းကပ်ဆောင်ရွက်မှုက အားလုံးသဘောတူထားတဲ့ သဘောတူညီချက်ကို အခြေခံရမယ်လို့ ဝီဒိုဒိုက အဓိကထား ပြောကြားခဲ့သလို၊ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်ပါ အချက်တွေကို လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒမျိုး အာဏာသိမ်းစစ်ကောင်စီဖက်က မပြတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး မြန်မာစစ်တပ်ဟာ အာဆီယံ အထူးကိုယ်စားလှယ်ကို ဝင်ရောက်ခွင့်ပေးရမယ်မှာဖြစ်ပြီး၊ အားလုံးပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်လာဖို့အတွက် ဆွေးနွေးပွဲတွေက အရေးကြီးတယ်လို့လည်း အင်ဒိုသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အချက် ၅ ချက်ပါ အာဆီယံသဘောတူညီချက်ကို မြန်မာစစ်တပ်ဖက်က ထိထိရောက်ရောက် အကောင်အထည်မဖော်ရင် အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲတွေကို တက်ရောက်ခွင့်မပေးဘဲ၊ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပြုရေးမူကို အာဆီယံ အဖွဲ့က ဆက်လက်ကျင့်သုံးရမယ်လို့ ဝီဒိုဒိုက ပြောပါတယ်။

    အဖွဲ့သစ်

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ၃ ဦး ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့ကာ အာဆီယံသဘောတူညီချက်ကို စစ်တပ်ဖက်က အကောင်အထည်ဖော်မှု စောင့်ကြည့်ဖို့ နည်းလမ်းတစ်ခုကို အဆိုပြုခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတက ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ​ဆွေးနွေးသင့်တယ်လို့ တုန်ပြန်ခဲ့ပြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှူး၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (AHA Center) က တာဝန်ရှိသူတွေ၊ မြန်မာအာဏာပိုင်တွေ၊ ကုလအေဂျင်စီ တာဝန်ရှိသူတွေ ပါဝင်တဲ့ အကြံပေးအစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုချက်ကို ဝီဒိုဒိုက ကြိုဆိုခဲ့ပါတယ်။

    ဒီအကြံပေးအစည်းအဝေးဟာ မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလက ရရှိခဲ့တဲ့ အာဆီယံသဘောတူညီချက်မှာ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံး ဆွေးနွေးညှိနှိုင်းရေး၊ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်ကာ ကြားဝင်ညှိနှိုင်းပေးရေး၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး စတာတွေ ပါဝင်ပါတယ်။

    Ref: Antara News

  • VPN ဖြင့် အင်တာနက်သုံးသူများကို ထောင်ချရန် စစ်ကောင်စီက ပြင်ဆင်နေ

    VPN ဖြင့် အင်တာနက်သုံးသူများကို ထောင်ချရန် စစ်ကောင်စီက ပြင်ဆင်နေ

    ဇန်နဝါရီ ၂၁၊ ၂၀၂၂
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းဖို့ စီစဉ်နေတဲ့ ဆိုက်ဘာဥပဒေမှာ VPN အသုံးပြုမှုကို တားဆီးမယ့် ပြဌာန်းချက် ပါဝင်တယ်လို့ Nikkei Asia သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

    VPN အသုံးပြုပြီး ဝဘ်ဆိုက်တွေ​ ဝင်ကြည့်တာ၊ ဆိုရှယ်မီဒီယာဆော့ဖ်ဝဲ အသုံးပြုတာတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ဖို့ စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ဟာ Facebook အပါဝင် ဆိုရှယ်မီဒီယာတစ်ချို့နဲ့ ဝဘ်ဆိုက်တော်တော်များများကို ပိတ်ခဲ့ပါတယ်။ ပိတ်ထားတဲ့ ဝဘ်ဆိုက်တွေထဲမှာ ပညာရေးနဲ့ ပတ်သက်တာတွေ ကွန်ပျူတာ ပညာရှင်တွေအတွက် အရေးပါတဲ့ ဝဘ်ဆိုက်တွေလည်း ပါဝင်ပါတယ်။

    ဒါပေမယ့် ပြည်သူတွေက VPN ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ပိတ်ထားတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက် ကြည့်ရှုနေတာ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေမှာ ကြားဖြတ်စောင့်ကြည့်ရေးစက်တွေ အဓမ္မတပ်ဆင်ခိုင်းကာ ပြည်သူတွေရဲ့ ဖုန်းတွေကို ကြားဖြတ် နားထောင်ဖို့ လုပ်ဆောင်နေသလို၊ ဖုန်းဆင်းကတ်တွေ၊ အင်တာနက်အသုံးပြုခ အခွန်တွေကို တိုးမြှင့်ကောက်ခံကာ ပြည်သူတွေ ဖုန်းနဲ့ အင်တာနက် အသုံးပြုမှု လျှော့ချဖို့လည်း လုပ်ဆောင်နေပါတယ်။

    Ref: Nikkei Asia

  • စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့ထိပ်တန်းစွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်မည်

    စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့ထိပ်တန်းစွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်မည်

    ဇန်နဝါရီ ၂၁၊ ၂၀၂၂
    M-Media

    -စစ်ကောင်စီရဲ့ ပြည်သူလူ့ထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ အမေရိကန်နဲ့ ပြင်သစ် စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies တို့က ဒီက​နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    Chevron နဲ့ TotalEnergies တို့ဟာ ကပ္ပလီပင်လယ်အတွင်းက ရတနာ သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    “တရားဥပဒေစိုးမိုးမှုနဲ့ လူ့အခွင့်အရေး ခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပြန်လည်သုံးသပ်ခဲ့ရပြီး မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေကို TotalEnergies က လုံလုံလောက်လောက် လုပ်မပေးနိုင်တော့တာကို တွေ့ရပါတယ် ”

    Chevron ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာရတာဟာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားမှုကြောင့်လို့ ပြောကြားခဲ့ပါတယ်။

    “ရတနာ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ပြန်လည်သုံးသပ်ကာ မြန်မာနိုင်ငံကနေ အစီအစဉ်တကျ ထွက်ခွာနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်”

    သဘာ၀ဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ အများဆုံးရတဲ့ စီးပွားရေးတစ်ခုဖြစ်ပြီး နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၁ ဘီလီကျော် ရှိပါတယ်။ ဒီလုပ်ငန်းကို စစ်တပ်ရဲ့လက်အောင်မှာရှိတဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်သတ်ဖြတ်မှု​တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ဝင်ငွေရလမ်းမှာ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက အဓိကဖြစ်နေတဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ဒီကဏ္ဍကနေ ထွက်ခွာဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တစ်စိုက်မတ်မတ် တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

    စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းထံ ငွေကြေးစီးဆင်းမှုမရှိအောင် ဥပေဒအရရော၊ မြေပြင်အနေအထားအရပါ ကြိုးစားခဲ့ပေမယ့် ဓာတ်ငွေ့ရောင်းချငွေအများစုကို ထိုင်းစွမ်းအင်ကုမ္ပဏီ PTT က ပေးချေတာကြောင့် စစ်တပ်က ဒီငွေတွေမရအောင်လုပ်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ Total က ပြောကြားခဲ့ပါတယ်။

    ရတနာစီမံကိန်းရဲ့ ၃ ပုံ ၁ ပုံကို TotalEnergies က ပိုင်ဆိုင်တာဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ Chevron က ၂၈.၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ၁၉၉၀ ပြည့်နှစ်တွေကတည်းက လုပ်ကိုင်ခဲ့တာပါ။

    ထိုင်းစွမ်းအင်လုပ်ငန်း PTTEP က ၂၅.၅ ရာခိုင်နှုန်းပိုင်ဆိုင်ကာ၊ စစ်တပ်လက်အောက်မှာရှိ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ စီမံကိန်းကထွက်တဲ့ ဓာတ်ငွေ့ ၇၀ ရာခိုင်နှုန်းက ထိုင်းက ဝယ်ယူတာပါ။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် စစ်တပ်စီးပွားရေးနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတကာလုပ်ငန်းတွေလည်း ဖိအားပေး ခံလာရပါတယ်။

    Total ဟာ မြန်မာ့အရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ငွေသားပေးချေမှု မလုပ်တော့ကြောင်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

    Chevron နဲ့ TotalEnergies တို့ရဲ့ အခုဆုံးဖြတ်ချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ပါတယ်။

    ရေနံ၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်စိမ်းလုပ်ငန်း၊ ဘဏ်လုပ်ငန်းအပါအဝင် မြန်မာနိုင်ငံက ဝင်ငွေအမြောက်အများရတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်း အများစုကို ဗိုလ်ချုပ်ကြီးတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ ခရိုနီတွေက ထိန်းချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    Ref: Daily Mail

  • တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီက မိုင်းများထောင်ထား

    တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီက မိုင်းများထောင်ထား

    ဇန်နဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းနားမှာ စစ်ကောင်စီ တပ်တွေက မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး ဒေသခံတွေ စိုးရိမ်မှု ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SHRF) က ထုတ်ပြန်ပါတယ်။

    နောင်အန်းကျေးရွာအနီးက ပိုက်လိုင်းထိန်းချုပ်ရေးစက်ရုံရဲ့ ပတ်ဝန်းကျင်တစ်၀ိုက်က တောတွေထဲမှာ မိုင်းတွေထောင်ထားတာ ဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အရင်က လုံခြုံရေးမရှိပေမယ့် နိုဝင်ဘာလကစပြီး စစ်သား အယောက် ၂၀ လောက်က စောင့်ကြပ်နေတယ်လို့လည်း SHRF က ဆိုပါတယ်။

    ရခိုင်ကမ်းရိုးတန်းကနေ တရုတ်နိုင်ငံအထိသွယ်တန်းကာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပို့တဲ့ ပိုက်လိုင်းရဲ့ ၃ ပုံ ၁ ပုံဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ပိုက်လိုင်း စတင်တည်ဆောက်ကတည်းက ဒေသခံတွေ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

    ‘မိုင်းတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေးအတွက်ပဲဖြစ်ပါတယ်။ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် မဟုတ်ပါဘူး’ လို့ SHRF အဖွဲ့ဝင် Sai Hor Hseng က ပြောပါတယ်။

    နိုဝင်ဘာလကလည်း သီပေါမြို့နယ် ချောင်းခြောက်ကျွေးရာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်တွေက ခေါ်ယူပြီး ဒေသတစ်၀ိုက် မိုင်းထောင်ထားတာကြောင့် အဲဒီနေရာတွေကို ရွာသားတွေ မသွားဖို့ သတိပေးခဲ့ပါတယ်။

    ကျေးရွာတွေက ရွာသားတွေဟာ အနီးအနားပတ်ဝန်းကျင်က တောတွေထဲမှာ ထင်းခုတ်၊ မှိုရှာတာ၊ အမဲလိုက်တာတွေ လုပ်ဆောင်လေ့ရှိပြီး အခုလို မိုင်းထောင်ထားတာကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ထိခိုက်ကြောင်း၊ ရွာသားတွေက မိုင်းဖယ်ရှားပေးဖို့ ပြောပေမယ့် စစ်ကောင်စီတပ်တွေက မဖယ်ပေးကြောင်း SHRF ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref : SHRF



  • Wave Money ကို ရောင်းချရန် တယ်လီနောနှင့် Yoma Strategic တို့ သဘောတူညီမှုရ

    Wave Money ကို ရောင်းချရန် တယ်လီနောနှင့် Yoma Strategic တို့ သဘောတူညီမှုရ

    ဇန်နဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -ဒစ်ဂျစ်တယ်ငွေလွှဲလုပ်ငန်း Wave Money ကို ရောင်းချဖို့အတွက် တယ်လီနောဟာ Yoma Strategic လုပ်ငန်းစုနဲ့ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

    တယ်လီနောဟာ သူတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချမှာဖြစ်ပြီး လက်ရှိမှာ အပြီးသတ်လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အရောင်းအဝယ်ပြီးသွားရင် Yoma Strategic ဟာ Wave Money လုပ်ငန်းကို အပြည့်အ၀ ပိုင်ဆိုင်သူ ဖြစ်လာမှာပါ။

    Wave Money ကို ၂၀၁၆ ခုနှစ်မှာ ရိုးမဘဏ်နဲ့ တ​ယ်လီနောကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက အကြီးဆုံး ဒစ်ဂျစ်တယ်ငွှေလွှဲလုပ်ငန်း ဖြစ်လာပါတယ်။ ၂၀၂၀ ခုနှစ်မှာ Wave Money ရဲ့ ငွှေလွှဲမှုတန်ဖိုးဟာ စုစုပေါင်း ကန်ဒေါ်လာ ၈.၇ ဘီလီယံရှိပြီး တစ်နိုင်ငံလုံး GDP ရဲ့ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    Yoma Strategic ရဲ့ စီအီးအို Melvyn Pun က မြန်မာနိုင်ငံရဲ့ ဒဏ်ဂျစ်တယ် ဘဏ္ဏာရေးလုပ်ငန်းကို ရေရှည်မှာ ခိုင်မာအောင် တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ယူတာဖြစ်ပြီး Wave Money ဟာ မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀အပေါ် ကောင်းကျိုးဖြစ်စေတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    တယ်လီနောဟာ Wave Money ကို ရောင်းချဖို့အတွက် ၂၀၂၀ ခုနှစ် ဇွန်လကတည်းက Yoma Strategic နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောမြန်မာကိုလည်း လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချဖို့ တယ်လီနောက စီစဉ်ထားပါတယ်။

    Ref: Globe News Wire