News @ M-Media

Tag: MyanmarCoup2021

  • တယ်လီနောလုပ်ငန်း ရောင်းချမည့်အစီအစဉ်ကို စစ်ကောင်စီက ဟန့်တားထား

    တယ်လီနောလုပ်ငန်း ရောင်းချမည့်အစီအစဉ်ကို စစ်ကောင်စီက ဟန့်တားထား

    နိုဝင်ဘာ ၉၊ ၂၀၂၁
    M-Media

    -‘တယ်လီနော်မြန်မာ’ က သူတို့ရဲ့လုပ်ငန်း လက်ဘနွန်ကုမ္ပဏီတစ်ခုကို ရောင်းချယ်မယ့်အစီအစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

    မြန်မာနိုင်ငံက အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တဲ့ တယ်လီနောဟာ နိုင်ငံကနေ ထွက်တော့မယ်လို့ ဇူလိုင်လမှာ ကြေငြာခဲ့တာပါ။

    ကြားဖြတ်နားထောင်တဲ့စက်တွေထည့်ဖို့ ဖိအားပေးလာတာ၊ နိုင်ငံခြားသား ကုမ္ပဏီအကြီးအကဲကို ပြည်ပထွက်ခွာခွင့်ပိတ်တာ အပါအဝင် အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ထင်ရာစိုင်း လုပ်ဆောင်မှုတွေကြောင့် ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အခုလို ဆုံးဖြတ်တာလို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ‘တယ်လီနော်မြန်မာ’ ကို လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီပိုင်တဲ့ M1 ကုမ္ပဏီကို ကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချတော့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီက အနည်းဆုံး ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စက်ဝယ်ယူဖို့ ဖိအားပေးနေတာကြောင့် အရောင်းအဝယ်ကိစ္စ ကြန့်ကြာနေပါတယ်။

    M1 ဟာ ပြည်တွင်းက ‘ရွှေဗျိုင်းဖြူ’ ကုမ္ပဏီနဲ့ ဖက်စပ်၀ယ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ ရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ‘ရွှေဗျိုင်းဖြူ’ ကုမ္ပဏီဟာ ရေနံနဲ့ ကျောက်မျက်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။

    ပြည်တွင်းက အခြားကုမ္ပဏီတွေကလည်း တယ်လီနောကို ဖက်စပ်ဝယ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ အခြားရင်းမြစ် ၂ ခုက ပြောပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီလဲဆိုတာ အတိအကျ မသိရပါဘူး။

    တယ်လီနောက သူတို့လုပ်ငန်း M1 ကို ရောင်းချဖို့ကိစ္စမှာ စစ်တပ်အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေပြီး တစ်ခြားမှတ်ချက် မပေးလိုဘူးလို့ ရိုက်တာကို ပြောကြားခဲ့ပါတယ်။ M1 ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

    ‘ရွှေဗျိုင်းဖြူ’ ကုမ္ပဏီကို ဖုန်းဆက်မေးရာမှာ ဖြေဆိုဖို့ ငြင်းခဲ့ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်မပေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    ‘ရွှေဗျိုင်းဖြူ’ ကုမ္ပဏီဥက္ကဌ ဦးသိန်းဝင်းဇော်ဟာ ‘မဟာရိုးမအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်’ ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ မဟာရိုးမဟာ စစ်တပ်နဲ့ ဗီယက်နမ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးလုပ်ငန်း MyTel မှာ ရှယ်ယာပါဝင်​နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဦးသိန်းဝင်းဇော်က ရိုက်တာသတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို မဖြေကြားခဲ့ပါဘူး။

    Ref : Reuters

  • အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကျူးလွန်မှု Crimes Against Humanity မြောက်

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကျူးလွန်မှု Crimes Against Humanity မြောက်

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန်တွေမှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု’ (Crimes Against Humanity) မြောက်တယ်ဆိုတဲ့ အထောက်အထားတွေကို ကနဦးစုံစမ်းစစ်ဆေးမှုမှာ တွေ့ရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ပြော ကြားလိုက်ပါတယ်။

    IIMM အဖွဲ့ အကြီးအကဲ နီကိုလက်စ် ကွမ်ဂျီယန်ရဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ဆက်သွယ်ပြောဆိုမှုပေါင်း ၂ သိန်းကျော်၊ သက်သေအထောက်အထားပေါင်း ၁.၅ သန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။ ဒီကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို တစ်ချိန်မှာ တရားဥပဒေရှေ့​မှောက် ခေါ်ဆောင်နိုင်ဖို့အတွက် ရရှိထားတဲ့ အထောက်အထားတွေကို လေ့လာဆန်းစစ်နေတယ်လို့လည်း ကွမ်ဂျီယန်က ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေမှာ ပုံစံတူနည်းလမ်းတွေကို တစ်ပြိုင်တည်း အသုံးပြုတာမျိုး တွေ့ရပြီး အထက်ကချမှတ်တဲ့ မူဝါဒကို အကောက်အထည်ဖော်တာမျိုး ဖြစ်တယ်ဆိုတာ ကောက်ချက်ချလို့ရကြောင်း IIMM အကြီးအကဲက မှတ်ချက်ပြုပါတယ်။

    မြန်မာစစ်တပ်က ပြည်သူလူထု၊ တိုင်းရင်းသားနဲ့ အခြားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကျူးလွန်တာကို စုံစမ်းဖော်ထုတ်ဖို့အတွက် IIMM ကို ၂၀၁၈ ခုနှစ် စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာပါ။ ရှေ့နေတစ်ဦးဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို ကျွမ်းကျင်နားလည်တဲ ကွမ်ဂျီယန်ကို ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က IIMM အကြီးအကဲအဖြစ် ၂၀၁၉ ခုနှစ်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဂျာနယ်လစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံ​ရေး အတိုက်အခံတွေ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးကို ပစ်မှတ်ထားပြီး ဥပဒေကို ချိုးဖောက်ကာ ဖမ်းဆီးနှိပ်ကွပ်တာတွေ လုပ်ဆောင်တယ်လို့ ကွမ်ဂျီယန်က ပြောပါတယ်။

    IIMM ရဲ့ တာဝန်ထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့၊ ရရှိတဲ့ရလဒ်တွေကို ကုလရဲ့ လူ့အခွင့်အရေးကောင်စီ၊ နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) တို့ကို မျှဝေကာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။

    Ref: Vatican News

  • စစ်ကောင်စီလက်ထဲတွင် ကိုဗစ်အတွက် ၎င်းတို့ပေးထားသည့် ဒေါ်လာ သန်း ၃၀၀ ကျော် ပျောက်ဆုံးနေဟု IMF ပြော

    စစ်ကောင်စီလက်ထဲတွင် ကိုဗစ်အတွက် ၎င်းတို့ပေးထားသည့် ဒေါ်လာ သန်း ၃၀၀ ကျော် ပျောက်ဆုံးနေဟု IMF ပြော

    နိုဝင်ဘာ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးမှာအသုံးပြုဖို့ မြန်မာနိုင်ငံကို ထောက်ပံ့ပေးထားတဲ့ ​​ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီလက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    အဲဒီငွေတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာမသိမ်းခင် ၂ ရက်အလိုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထဲ IMF က ပေးအပ်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီလက်ထက်မှာ ဒီငွေတွေကို ကိုဗစ်တိုက်ဖျက်ရေးအတွက် သုံးတာမျိုး မတွေ့ရဘဲ ၈ လကြာပြီးနောက်ပိုင်း ဒီငွေ ဘယ်ရောက်သွားလဲဆိုတာ စုံစမ်းလို့မရဘူးလို့ IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီရိုက်စ်က ပြောပါတယ်။

    “ဒီငွေတွေကို ရည်ရွက်ချက်အတိုင်း ကိုဗစ်တိုက်ဖျက်ရေး၊ ဘေးဒုက္ခအခံရဆုံးသူတွေကို ကူညီရေးမှာ အသုံးပြုတယ်ဆိုတဲ့ အထောက်အထားမျိုး ရှာလို့မတွေ့ပါဘူး”

    အာဏာသိမ်းစစ်ကောင်စီဟာ အရင် အရပ်သားအစိုးရလိုမျိုး ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    IMF က ပေးအပ်တဲ့ ငွေထဲကနေ ကျပ်သန်းပေါင်း ၁၀၀ (ဒေါ် ၅၅၀၀၀) တန်ဖိုးရှိတဲ့ ကုန်ကျမှုတိုင်းကို လူသိရှင်ကြား ကြေငြာမှာဖြစ်ပြီး၊ စာရင်းအသေးစိတ်ကို ၃ လတစ်ကြိမ် စာရင်းစစ်ချုပ်က ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ကတိပြုခဲ့တာပါ။

    ကိုဗစ်တိုက်ဖျက်ရေးအတွက် IMF ဟာ ၂၀၂၀ ခုနှစ် ဇွန်လတုန်းကလည်း ကန်ဒေါ်လာ ၃၅၆ သန်း NLD အစိုးရကို ပေးအပ်ခဲ့ပါတယ်။ ဒီ နှစ်ရှည်ချေးငွေ နှစ်ခုစလုံးဟာ ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေမှာ ကျန်းမာရေးအသုံးစားရိတ် မြင့်တက်လာရေး၊ အခွန်လျှော့ပေါ့မှု လုပ်ဆောင်နိုင်ရေ၊း ချို့တဲ့သူတွေကို ထောက်ပံ့နိုင်ရေး IMF ရဲ့ စီမံကိန်းကနေ ထုတ်ပေးတာ ဖြစ်ပါတယ်။

    Ref : The Diplomat

  • အမေရိကန်နိုင်ငံသား ဂျာနယ်လစ်ကို စစ်ကောင်စီက ပုဒ်မ ထပ်တိုး

    အမေရိကန်နိုင်ငံသား ဂျာနယ်လစ်ကို စစ်ကောင်စီက ပုဒ်မ ထပ်တိုး

    နိုဝင်ဘာ ၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီ ဖန်စတာရဲ့ အာမခံ လျှောက်ထားမှုကို ပယ်ချလိုက်ပြီး လူဝင်ကြီးကြပ်ရေး ဥပဒေတွေနဲ့ ထပ်မံစွဲချက်တင်လိုက်ပါတယ်။

    ဖန်စတာကိုချုပ်ထားတဲ့ အင်း​စိန်ထောင်တွင်းက တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့တာလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တွေအပြင် အခု လ၀က ဥပဒေဖြစ်တဲ့ ပုဒ်မ ၁၃(၁) ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ တိုင်းပြည်ထဲကို တရားမဝင် ဝင်ရောက်တာ၊ ဗီဇာကျော်လွန်နေထိုင်တာတွေအတွက် တရားစွဲတဲ့ ပုဒ်မဖြစ်ပြီး ဘာ့ကြောင့် ဒီလို စွဲဆိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဖန်စတာရဲ့ရှေ့နေက နောက်ပိုင်းမှာ ကြားနာမှုတွေကို နေ့စဉ် ပြုလုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်သံတမန်ဟောင်း ဘီလ် ရစ်ချက်ဆန် မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာပဲ စစ်ကောင်စီက အမေရိကန်နိုင်ငံသားတစ်ဦးကို နောက်မှုထပ်တိုးလိုက်တာပါ။ ရစ်ချက်ဆန်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

    ရစ်ချက်ဆန်ရဲ့ အခုရီးစဉ်မှာ ဖန်စတာ လွန်မြောက်ရေး ကြိုးပမ်းမယ်လို့ သတင်းတွေထွက်နေပေမယ့် ရစ်ချက်ဆန်စင်တာက မြန်မာနိုင်ငံခရီးစဉ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ရစ်ချက်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

    စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျာနယ်လစ် ဖန်စတာဟာ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးဖြစ်ပြီး မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဂျာနယ်လစ် ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ ထောင်ထဲမှာ အနည်းဆုံး ၃၁ ဦး ကျန်ရှိနေပါတယ်။

    Ref: CNN

  • ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုကို လက်မခံဟု ဒုတိယစစ်ခေါင်းဆောင် ပြော

    ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုကို လက်မခံဟု ဒုတိယစစ်ခေါင်းဆောင် ပြော

    နိုဝင်ဘာ ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် အရီဝမ် ယူစွဖ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုမှုကို လက်ခံမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအကြီးအကဲ​ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဆီယံအစည်းအဝေးတစ်ခုမှာ ပြောလိုက်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ ၆ ကြိမ်မြောက်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အထူးဧည့်သည်တော်အနေနဲ့ မိန့်ခွန်းပြောခွင့် ရခဲ့တာပါ။

    ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူတစ်ဦးကို နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ခွင့်ပေးဖို့ဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့လည်း မိန့်ခွန်းမှာ ဒုတိယစစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဘယ်နိုင်ငံကမှ တည်ဆဲဥပဒေကိုကျော်ပြီး ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို လာရောက်ကာ နိုင်ငံရေးအသိုင်းအ၀ိုင်းက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် အထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်က မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့တွေ့ဆုံဖို့ သူ့ရဲ့တောင်းဆိုမှုကို စစ်ကောင်စီက လက်မခံဘူးလို့ အစောပိုင်းမှာ ထုတ်ပြောထားပါတယ်။

    အခုတော့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်က လူသိရှင်ကြား သူတို့ရဲ့ သဘောထားကို ထုတ်ပြောလိုက်တာပါ။

    အောက်တိုဘာနှောင်းပိုင်းမှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို မဖိတ်တာဟာ အာဆီယံ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်နေကြောင်း၊ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု ပုံရိပ်ကို ထိခိုက်စေကြောင်း ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သလို၊ ပြင်ပနိုင်ငံတွေရဲ့ သပ်လျှိုသွေးခွဲမှုကို အာဆီယံအဖွဲ့က ခံနေရပြီလို့လည်း ဆိုပါတယ်။

    Ref: Reuters