News @ M-Media

Tag: MyanmarCoup2021

  • အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုဗစ်ကူးနေကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက မီဒီယာကို ဖွင့်ချ

    ဩဂုတ် ၁၃၊ ၂၀၂၁
    M-Media

    -စစ်အာဏာရှင်ဟောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူတို့ဟာ ကိုဗစ်ကူးစက်မှုကြောင့် နေပြည်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်တစ်ခုက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေဟာ အာဏာရှင်အဖြစ်နဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့ပြီး ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ညှင်းပမ်းခဲ့တာဖြစ်ပါတယ်။

    ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး စစ်တပ်အသိုင်းအ၀ိုင်းက ဒူးနာတာကို ကုသနေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် နေပြည်တော်စစ်ဆေးရုံ သတင်းရင်းမြစ်တစ်ခုက ဦးသန်းရွှေနဲ့ ဇနီးတို့ဟာ ကိုဗစ်ဖြစ်နေကြောင်း ပြီးခဲ့တဲ့ ၃၊ ၄ ရက်က သိရှိခဲ့ရပြီး ဆေးရုံမှာ နောက်ထပ် ၂ ပတ် ရှိနေမှာဖြစ်ကြောင်း၊ VIP အခန်းမှာ လုံခြုံရေးအစောင့်အရှောက် တင်းတင်းကြပ်ကြပ်နဲ့ ထားထားကြောင်း AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ရောဂါပြင်းထန်မှုအခြေအနေနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

    (ဓာတ်ပုံ – ၂၀၁၀ ခုနှစ် စက်တင်ဘာလ ဘေဂျင်းတွင် တရုတ်သမ္မတဟူကျင်တောင်းနှင့် တွေ့ဆုံမှုအတွင်း ဦးသန်းရွှေကို သူရဦးရွှေမန်း၊ လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်အတူ တွေ့ရစဉ်)

  • ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုကို ဂျီနိုဆိုက်အဖြစ်သတ်မှတ်ရန် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို

    ဩဂုတ် ၁၁၊ ၂၀၂၁
    M-Media

    မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရိုဟင်ဂျာကျေးရွာတစ်ခု

    -ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်) အဖြစ် ကြေငြာပေးဖို့ လူ့အခွင့်အရေးအဖွဲ့ ၉၅ ခုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးစုတွေဟာ ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုဒဏ်ကို ခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ကမ္ဘာသိ သတ်ဖြတ်မောင်းထုတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ရိုဟင်ဂျာ ထောင်သောင်းချီ အသတ်ခံရပြီး၊ ၈ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံကာအဖွဲ့အစည်းတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေပေါင်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မ​နေ့က ပေးပို့တဲ့စာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ ဆော်ဩထားပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စီမံကိန်း ၄ နှစ်နားကို ကပ်လာပြီး နောက်ထပ် ကြမ်းကြုတ်မှုတွေဖြစ်ဖို့ အန္တရာယ်ရှိနေတဲ့အချိန် ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးတို့ရဲ့ သဘောထားအတိအကျကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့၊ ဒီရာဇဝတ်မှုကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဂျီနိုဆိုက်အဖြစ် ရည်ညွှန်းခေါ်ဆိုဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    အရင် ထရမ့်အစိုးရနဲ့ လက်ရှိ ဘိုင်ဒန်အစိုးရပါ ရိုဟင်ဂျာကိစ္စကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် ဂျီနိုဆိုက်အဖြစ် တရားဝင် ထုတ်ပြန်ကြေငြာမျိုး မရှိသေးပါဘူး။

    ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အမေရိကန်အာဏာပိုင်တွေက ပြင်းပြင်းထန် ဆန့်ကျင်ရှုတ်ချတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှု မြောက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က တိုင်းရင်းသားတွေနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် သတ်ဖြတ်နှိပ်စက်နေတာကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဘလင်ကန်ကို ပေးပို့တဲ့စာမှာ ထောက်ပြထားပါတယ်။

    “ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ အဲဒီစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် အရင်က ကျူးလွန်ခဲ့တဲ့ စစ်တပ်ပါ။ လက်ရှိမှာလည်း ရိုဟင်ဂျာတွေ၊ အခြားတိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေပြီး၊ အရင်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ ဘယ်လိုစစ်တပ်မျိုးလဲဆိုတာ နားလည်သဘောပေါက်ဖို့ အရေးကြီးကြောင်း ဒီအခြေအနေက မီးမောင်းထိုးပြနေပါတယ်”

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့လုပ်ရပ်တွေ၊ လက်တလောဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းတွေက မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးဝါးစေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုကို အမေရိကန်က လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လိုက်တာဟာ အာဏာသိမ်းအစိုးရနဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုစောင့်ကြည့်ရမယ့် လိုအပ်ချက်ကို မီးမောင်းထိုးပြလိုက်တာမျိုးဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေတင်မကဘဲ ချင်း၊ ကရင်၊ ကချင်၊ ရခိုင်နဲ့ ရှမ်းလူမျိုးတွေလည်း စစ်တပ်ရဲ့ ရစ်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခံစားနေရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘလန်ကန်ကိုပေးပို့တဲ့ ဒီစာကို လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ NGO အဖွဲ့ ၉၅ ဖွဲ့ထဲမှာ ရခိုင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အင်စတီကျု၊ ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၊ ဂျူး-ရိုဟင်ဂျာ တရားမျှတမှု ကွန်ယက်၊ မလေးရှားက Pusat KOMAS အဖွဲ့၊ မြောက်အမေရိက ရိုဟင်ဂျာအသင်း၊ ကမ္ဘာ့ရိုဟင်ဂျာအဖွဲ့တွေလည်း ပါဝင်ပါတယ်။

    Ref: VOA

  • စစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရန်မရှိ၊ ညှိနှိုင်းရန် မိမိတို့ ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြော

    စစ်ခေါင်းဆောင်များ နောက်ပြန်လှည့်ရန်မရှိ၊ ညှိနှိုင်းရန် မိမိတို့ ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ပြော

    ဩဂုတ် ၁၁၊ ၂၀၂၁
    M-Media

    -နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးယူမှု မရှိတာကြောင့် မြန်မာစစ်အာဏာရှင်တွေဟာ အသိအမှတ်ပြုမှုရဖို့ တိုးမြင့်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီပုံစံနဲ့ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၁ ရက်နေ့မှာတော့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

    ဘာဂီနာက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို ဖျက်သိမ်းတာ၊ အိမ်စောင့်အစိုးရ ဖွဲ့စည်းတာတွေဟာ အာဏာကို ပိုမိုခိုင်မြဲအောင် လုပ်ဆောင်မှုဖြစ်တယ်လို့ ရှုမြင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကို အဓမ္မ ဖျက်သိမ်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိကြောင်း သူမက ထပ်ပြောပါတယ်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးယူမှု မရှိတာကြောင့် စစ်အာဏာရှင်က တရားဝင်မှုရအောင် ပိုမိုကြိုးစားလာတာပါ။ ကုလက ဒီအစိုးရကို အသိအမှတ်မပြုဘူးလို့ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ အဖွဲ့ဝင်နိုင်ငံတွေကတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါပဲ”

    အဖွဲ့ဝင်နိုင်ငံတွေက တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချတာမျိုး မလုပ်သ၍ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်အဖြစ် ဆက်လက် အသိအမှတ်ပြုသွားမယ်လို့လည်း ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဦးကျော်မိုးထွန်းကို လုပ်ကြံမယ့်အစီအစဉ်ကို သူမက ရှုတ်ချခဲ့ပါတယ်။

    လွတ်လပ်ခွင့် မရှိတော့

    စစ်ကောင်စီတပ်တွေက အကြမ်းဖက်တာ၊ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့နေတာတွေကြောင့် မြန်မာနိုင်ငံက အခြေအနေဟာ အလွန်အမင်း ခက်ခဲဆိုးရွားနေပြီး အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်လို့ ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လွတ်လပ်စွာ ပြောဆိုခွင့် မရှိတော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် အလွန် စိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်နဲ့ ဆွေးနွေးမှုတိုင်းမှာ မီဒီယာသမားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမြဲတမ်း ကျွန်မ တိုက်တွန်းပြောဆိုပါတယ်”

    ဆွေးနွေးမှုလုပ်နေ

    ဘာဂီနာက သူမဟာ မြန်မာစစ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG အဖွဲ့ဝင်တွေအပါအ၀င် မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ၊ NLD နဲ့ အခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကာ ငြိမ်းချမ်းစွာအဖြေရှာရေး လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေးအပေါ် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေက တော်တော်လေး အပြုသဘောဆောင်တဲ့ပုံစံနဲ့ ရှုမြင်ပါတယ်။ ဒီအယူအဆကို NUG ကလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် ဒီလိုဆွေးနွေးမှုကိုစဖို့ ကြိုတင်တောင်းဆိုချက်တွေ ရှိမှာကတော့ သေချာပါတယ်”

    ဇူလိုင်လ ၁၆ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး မိမိရဲ့ ပြောဆိုချက်တွေကို လက်ခံခဲ့ပေမယ့် တိကျတဲ့ အဖြေမျိုး မပေးခဲ့ကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်မှုကနေ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု ပေါ်ပေါက်လာမယ်လို့ မိမိတို့မျှော်လင့်ပြီး ဒီလိုမှမဟုတ်ရင် ပြည်တွင်းစစ်လမ်းကြောင်းကို ပိုမိုရောက်ရှိသွားမယ်လို့ သတိပေးခဲ့ကြောင်း ဘာဂီနာက သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: UN News

  • ဦးကျော်မိုးထွန်းကိစ္စ ကူညီရန်အသင့်ရှိဟု ထိုင်းပြော

    ဦးကျော်မိုးထွန်းကိစ္စ ကူညီရန်အသင့်ရှိဟု ထိုင်းပြော

    ဩဂုတ် ၁၀၊ ၂၀၂၁
    M-Media

    -ကုသမဂ္ဂ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တဲ့ကိစ္စမှာ ထိုင်းနိုင်ငံက လက်နက်ပွဲစား ပါဝင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ အဆင်သင့်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    မြန်မာစစ်အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ နီးစပ်ပြီး နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာလူငယ်နှစ်ဦးဟာ ဦးကျော်မိုးထွန်းကို ထိခိုက်အောင် ဒါမှမဟုတ် သေဆုံးအောင် ပြုလုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးခဲ့ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးက ဒီလူငယ်နှစ်ဦး ဆက်သွယ်ပြီး ဒီလို ကြံစည်ခိုင်းတာပါ။

    ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen က လက်ရှိအချိန်အထိ အမေရိကန်က မိမိတို့ကို ဆက်သွယ်လာခြင်းမရှိသေးဘဲ အကူအညီတောင်းခံလာရင်တော့ စုံစမ်းစစ်ဆေးပေးဖို့ အဆင်သင့်ရှိတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒီကိစ္စဟာ အမေရိကန်နိုင်ငံအတွင်းမှာဖြစ်တဲ့ ကိစ္စသာဖြစ်ပြီး မိမိတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ နိုင်ငံပိုင်မီဒီယာကနေတစ်ဆင့် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုကို မထောက်ခံဘဲ ပြည်သူနဲ့ တစ်သားတည်းရှိမယ်လို့ ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလအတွင်း ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောကြားခဲ့ပြီးတဲ့နောက် စစ်ကောင်စီက သူ့ကို ရာထူးက ဖယ်ရှားလိုက်တာပါ။ ဒါပေမယ့် ဦးကျော်မိုးထွန်းဟာ ရာထူးကနေ မဆင်းပေးဘဲ ကုလသမဂ္ဂကလည်း သူ့ကိုသာ တရားဝင် မြန်မာသံအမတ်အဖြစ် လက်ခံထားပါတယ်။

    Ref : Bangkok Post

  • ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုမှာ အာဏာရှင်တို့၏ အမူအကျင့်ကို ဖော်ပြနေခြင်းဟု အမေရိကန်ပြော

    ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုမှာ အာဏာရှင်တို့၏ အမူအကျင့်ကို ဖော်ပြနေခြင်းဟု အမေရိကန်ပြော

    ဩဂုတ် ၈၊ ၂၀၂၁
    M-Media

    -ကုလသမဂ္ဂ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုဟာ အာဏာရှင်တွေရဲ့ စက်ဆုပ်ဖွယ် အမူအကျင့်ကို ထင်ဟင်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ထိုင်းနိုင်ငံက မြန်မာလက်နက်ပွဲစား၊ နယူးယောက်မြို့က စစ်တပ်နဲ့နွယ်တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး စုစုပေါင်း ၃ ဦး ပူးပေါင်းပြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်လုပ်ကြံဖို စီစဉ်မှုကို အမေရိကန်အာဏာပိုင်တွေက အခုတစ်ပတ်အစောပိုင်းမှာ ဖော်ထုတ်ခဲ့ပါတယ်။

    လက်ရှိမှာ ဦးကျော်မိုးထွန်းကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့ FBI နဲ့ ဒေသခံ ရဲတပ်ဖွဲ့တို့က ၂၄ နာရီ လုံခြုံရေး ပေးထားပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ် ဂရင်းဖီးလ်က ဒီကြံစည်မှုဟာ ကမ္ဘာတစ်ဝှမ်းက အာဏာရှင်တွေ၊ အာဏာရှင်ထောက်ခံသူတွေက သူတို့ကို ဆန့်ကျင်ပြီး အမှန်တရားကို ပြောကြားတဲ့ ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ကြိုးပမ်းတဲ့ စက်ဆုပ်ဖွယ်ရာ အမူအကျင့်နဲ့ ကိုက်ညီနေတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ဦးကျော်မိုးထွန်းဟာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့ဖက်မှာ ရပ်တည်မှာဖြစ်ကြောင်း ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောကြားခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီက သူ့ကို မြန်မာသံအမတ်အဖြစ်ကနေ ဖြုတ်လိုက်တာပါ။

    ဒါပေမယ့် သူကတော့ ရာထူးကနေ မဆင်းပေးဘဲ ကုလသမဂ္ဂကလည်း ဦးကျော်မိုးထွန်းကိုသာ မြန်မာသံအမတ်အဖြစ် ဆက်လက်အသိအမှတ်ပြုလက်ခံထားပါတယ်။

    Ref: VOA