News @ M-Media

Tag: MyanmarCoup2021

  • မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    မြန်မာစစ်ခေါင်းဆောင် ကိုယ်ကျိုးအတွက် အချိန်ဆွဲနေသည်ဟု အမေရိကန် ဝေဖန်

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -မြန်မာစစ်အာဏာရှင်ဟာ အချိန်ဆွဲနေတယ်လို့ အမေရိကန်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး အာဆီယံအဖွဲ့အစည်းအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုတစ်ပတ်လုံး အွန်လိုင်းကနေ အစည်းအဝေးပြုလုပ်ကာ တရုတ်ရဲ့ ရန်အပါအဝင် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်လည်း တက်ရောက်ပါဝင်မှာဖြစ်ပါတယ်။

    ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မြန်မာစစ်ခေါင်းဆောင်အနေနဲ့ မိမိတို့အဆိုပြုထားတဲ့ ကိုယ်စားလှယ် ၃ ဦးထဲက တစ်ဦးကို လက်ခံဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ် ဩဂုတ်လမတိုင်ခင် ရွေးကောက်ပွဲ လုပ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ ဒီပြောကြားမှုဟာ ကိုယ်ကျိုးအတွက် အချိန်ဆွဲလိုတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ မြန်မာ့အရေး သဘောတူညီချက် ၆ ချက်ကို အကောင်အထည်ဖော်ဖို့လည်း အမေရိကန်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

    Ref; Daily Mail

  • အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    အာဆီယံကိုယ်စားလှယ်တစ်ဦး အမြန်ဆုံးအတည်ပြုရေး စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

    ဩဂုတ် ၂၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေး၊ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး စတာတွေအတွက် အာဆီယံနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

    မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုမှာ ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုအတွက် အာဆီယံဟာ ဝေဖန်မှုတွေခံနေရတာပါ။ ဧပြီလမှာ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး အချက် ၆ ချက်ကို သဘောတူညီခဲ့ပေမယ့် တိုးတက်မှု မရှိပါဘူး။

    အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေ အဆိုပြုထားတဲ့ လူ ၃ ဦးထဲက တစ်ဦးကို အမြန်ဆုံး အတည်ပြုရေး စစ်ကောင်စီကို ဒီကနေ့အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။ ဒီရာထူးအတွက် လက်ရှိမှာ လူ ၃ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုထားတာပါ။

    အဲဒီသူတွေကတော့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သံတမန်​ဟောင်း ဗီရာဆက်ဒီ ဖူထရက်ဖူလ်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ၊ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မလေးရှားက ရာဇာလီ အစ္စမာအီလ်တို့ ဖြစ်ပါတယ်။

    လက်ရှိမှာ ဗီရာဆက်ဒီ ဖူထရက်ဖူလ်က အထူးကိုယ်စားလှယ်ဖြစ်ဖို့ အခွင့်အလမ်းပိုများနေပေမယ့် အင်ဒိုနီးရှားက ဗီရာဆက်ဒီကို ကန့်ကွက်ထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီရာဆက်ဒီကို ပိုမိုလိုလားကြောင်း ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ကို မေလအလယ်ပိုင်းမှာ နောက်ဆုံးထားခန့်အပ်ဖို့အတွက် သတ်မှတ်ထားပေမယ့် မခန့်နိုင်ခဲ့ပါဘူး။ အမည်မဖော်လိုတဲ့ အာဆီယံ သံတမန်တစ်ဦးက အဖွဲ့ကခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က လက်ခံမလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမလားဆိုတဲ့ ကိစ္စတွေက မသေချာသေးဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုဗစ် တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေးကိစ္စလည်း ​ဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ရဲ့ သဘာ၀ဘေး တုန့်ပြန်ရေးအဖွဲ့ကနေ ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့ကူညီဖို့ အာဆီယံအဖွဲ့က စီစဉ်ထားတာပါ။

    ဝါရှင်တန်အခြေစိုက် နိုင်ငံရေးသုတေသနအဖွဲ့ဖြစ်တဲ့ Center for Strategic and International Studies က အရှေ့တောင်အာရှရေးရာ လေ့လာသူ ဂရက်ဂျ်ပိုလင်က မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ခွင့်ရရေးဟာ အာဆီယံအတွက် အရေးပါပေမယ့် ဒါကို အခြေခံပြီး အာဆီယံရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို စစ်ခေါင်းဆောင်တွေက လက်ခံဖို့ အနေအထားမရှိဘူးလို့ သုံးသပ်ပါတယ်။

    “စစ်အာဏာရှင်အပေါ်မှာ အာဆီယံက ဘာလွှမ်းမိုးမှုမှ မရှိပါဘူး”

    Ref: AP

  • အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီက Crimes Against Humanity များစွာ ကျူးလွန်ခဲ့ဟု HRW ထုတ်ပြန်

    ဇူလိုင် ၃၁၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက် ၆ လအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) များစွာ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၇၅ ဦး အပါအဝင် အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ထောင်ချီ ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေဟာ လုယက်ရမ်းကားတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း အမြောက်အများ ထွက်ပေါ်လာပါတယ်။

    “မြန်မာစစ်အာဏာရှင်ဟာ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို သတ်ဖြတ်မှု၊ ညှမ်းပမ်းနှိပ်စက်မှု၊ မြင်မြင်ရာဖမ်းဆီးမှုတွေနဲ့ တုန့်ပြန်ပါတယ်။ ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲရလဒ်၊ ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့ အစိုးရကို လေးစားဖို့သာ အလိုရှိကြတာပါ။ ပြည်သူတွေအပေါ် ဒီလို တိုက်ခိုက်ကျူးလွန်မှုတွေဟာ Crimes Against Humanity မြောက်နေပြီး တာဝန်ရှိသူတွေက ဒီအတွက် တာဝန်ခံရပါလိမ့်မယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ်အဒမ်က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ အရင်ကလည်း နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုကို ခံခဲ့ရပါတယ်။ စစ်တပ်ကတော့ ဒါတွေကို ငြင်းပါတယ်။

    နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရောမကြေငြာစာတမ်းမှာ Crimes Against Humanity ကို အရပ်သားပြည်သူလုထုအပေါ် တမင်ပစ်မှတ်ထားပြီး စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက စနစ်တကျပစ်မှတ်ထားပြီး ရာဇဝတ်မှုတွေ အကြီးအကျယ်ကျူးလွန်​​နေတယ်လို့ HRW က ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ စစ်သားနဲ့ ရဲတွေ တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းဖောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ မူဝါဒကိုက ဒီလို ကျူးလွန်ဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေတယ်လို့လည်း ဆိုပါတယ်။

    Ref: HRW

  • စစ်ကောင်စီက ကျန်းမာရေးစနစ် လုံး၀ပြိုလဲအောင် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာအဖွဲ့တစ်ခုပြော

    စစ်ကောင်စီက ကျန်းမာရေးစနစ် လုံး၀ပြိုလဲအောင် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာအဖွဲ့တစ်ခုပြော

    ဇူလိုင် ၃၀၊ ၂၀၂၁
    M-Media


    -ကိုဗစ် တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဇွန်လကစပြီး ပုံပြောင်းကိုဗစ်ပိုး Delta ဟာ မြန်မာနိုင်ငံတစ်ဝှမ်း အကြီးအကျယ် ပြန့်နှံ့လာခဲ့တာကြောင့် ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ကလည်း အလွန်အမင်း တိုးလာပါတယ်။ ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံဆေးပေးခန်းနဲ့ အောက်ဆီဂျင်မလုံလောက်မှုတွေက အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

    Amnesty International ရဲ့ ဒေသဆိုင်ရာ လက်ထောက်ဒါရိုကတာဖြစ်သူ မင်ယူဟာက အရင်ကတည်းက လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေရှိနေတဲ့ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ ပြန့်နှံ့မှုကြောင့် အခြေအနေ ပိုဆိုးရွားသွားပြီး ဒါဟာ စစ်အာဏာရှင်ရဲ့ စီမံခန့်ခွဲမှု အလွန်အမင်း ညံ့ဖျင်းတာကို ပြသနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

    “ကျန်းမာရေးဝန်ထမ်းတွေကို သွေးဆောင်ဖျားယောင်းတာ၊ ခြိမ်းခြောက်အကြပ်ကိုင်တာ၊ ဖမ်းဆီးတာတွေကို စစ်ကောင်စီက အဆက်မပြတ် လုပ်ဆောင်နေတာဟာ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကပ်ရောဂါကာလမှာ လုံး၀ ပြိုလဲသွားအောင် တွန်းပို့လိုက်တာ ဖြစ်ပါတယ်”

    ကိုဗစ်ကုသရေး၊ ကာကွယ်ရေးနဲ့ သေဆုံးသွားသူတွေကို မြှုပ်နှံ့ရေးကိစ္စတွေမှာ စေတနာ့ဝန်ထမ်းတွေက အသက်နဲ့ရင်း ဆောင်ရွက်နေပေမယ့် စစ်ကောင်စီကတော့ ဓာတ်ပုံရိုက် ဝါဒဖြန့်တာပဲ လုပ်နေတယ်လို့လည်း သူမက ဆိုပါတယ်။

    “စစ်ကောင်စီရဲ့ တုန့်ပြန်မှုကတော့ ဟန်ပြဓာတ်ပုံရိုက်တာ၊ အမှန်တကယ် မထိန်းချုပ်နိုင်ဘဲနဲ့ ထိန်းချုပ်နိုင်တယ်ဆိုတယ်ပြီး ကြေငြာချက်တွေ ထုတ်တာပဲ ရှိပါတယ်”

    အာဏာသိမ်းမှုဆန့်ကျင်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချထားတာကို မင်ယူဟာက ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံက ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပြဿနာ၊ ဆေးကုသခွင့်ပိတ်ပင်တာ၊ အသက်ကယ်ဆေးဝါး ရယူခွင့် ပိတ်ပင်တာတွေ အရင်ကတည်းက ရှိနေတယ်လို့လည်း သူမက ဆိုပါတယ်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်းနဲ့ မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရာက် တုန့်ပြန်တာမျိုး မရှိဘူးဆိုရင် မြန်မာနိုင်ငံက အခြေအနေဟာ ပိုပိုပြီး ဆိုးရွားလာပါလိမ့်မယ်”

    Ref: Amnesty International

  • လာမည့် နှစ်ပတ်အတွင်း မြန်မာလူဦးရေ၏ ထက်ဝက် ကိုဗစ်ကူးနိုင်ဟု ဗြိတိန်သံအမတ် သတိပေး

    လာမည့် နှစ်ပတ်အတွင်း မြန်မာလူဦးရေ၏ ထက်ဝက် ကိုဗစ်ကူးနိုင်ဟု ဗြိတိန်သံအမတ် သတိပေး

    ဇူလိုင် ၃၀၊ ၂၀၂၁
    M-Media

    -လာမယ့်နှစ်ပတ်အတွင်း မြန်မာလူဦးရေရဲ့ ထက်ဝက်လောက် ကိုဗစ်ကူးစက်မယ့်အန္တရာယ် ရှိနေတယ်လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ်က သတိပေးလိုက်ပြီး ကာကွယ်ဆေးပေးပို့ရေးကို စောင့်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ စစ်အာဏာရှင်အသစ်ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခါးစီးခံခဲ့ရပြီး ဇွန်လမှာတော့ ကိုဗစ် တတိယလှိုင်းကို ထပ်မံကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    “စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုံး၀ ပြိုလဲလုနီးပါး ဖြစ်သွားတယ်။ ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဟာ နိုင်ငံတစ်ဝှမ်းလုံးကို ပြန့်နှံ့နေပြီး တော်တော်လေးကို မြန်ပါတယ်။ တစ်ချို့တွက်ချက်မှုတွေမှာဆိုရင် လာမယ့်နှစ်ပတ်အတွင်း လူဦးရေရဲ့ ထက်ဝင်လောက်ကို ပြန့်နှံ့နိုင်တယ်လို့ ဆိုပါတယ်” လို့ မနေ့က မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ အလွတ်သဘောဆွေးနွေးမှုမှာ ဗြိတိန်သံအမတ် ဘာဘရာ၀ုဒ်ဝါ့ဒ်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကာကွယ်ဆေး ထိုးနှံနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါ့ကြောင့် ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီ အနေနဲ့ ကုလဦးဆောင်တဲ့ စောင့်ကြည့်ရေး စနစ်တစ်ခု အလျင်အမြန်ဖန်တီးပြီး ကိုဗစ်ကာကွယ်ဆေး ထိထိရောက်ရောက် ထိုးပေးနိုင်ရေးနဲ့ လူသားချင်းစာထောက်ထားမှုဆိုင်ရာ အကူအညီ မြန်မြန်ဆန်ဆန်ပေးနိုင်ရေး ဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုပါတယ်”

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးရေးကို အစပြုနိုင်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃.၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးထားနိုင်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

    Ref: Reuters