News @ M-Media

Tag: MyanmarCoup2021

  • စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    စစ်အာဏာရှင်လက်အောက် လုံး၀ပြိုလဲတော့မည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

    ဇူလိုင် ၁၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ စစ်အာဏာရှင်လက်အောက်မှာ လုံး၀ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

    ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ နှစ်စဉ် နိုင်ငံခြားပို့ကုန်မှာ အထည်ချုပ်က ၃ ပုံ ၁ ပုံ (ဒေါ်လာ ၆.၅ ဘီလီယံ) ရှိခဲ့ပြီး ထပ်မံ တိုးတက်မယ့် အလားအလာတွေလည်း ရှိခဲ့ပါတယ်။

    ဝင်ငွေနည်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ၇ သိန်းလောက် ပေးထားနိုင်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၀ မှာတော့ တရုတ်က ကုန်ကြမ်းတွေမဝင်တော့တာ၊ ဥရောပအမှာတွေ လျော့သွားတာ၊ ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်း စတာတွေကြောင့် အထည်ချုပ်လုပ်ငန်းက အနည်းငယ် ကျဆင်းသွားပါတယ်။

    တရုတ်က ကုန်ကြမ်းတွေဝင်လာပြီး၊ ဥရောပနဲ့ အနောက်နိုင်ငံတွေက အမှာတွေပြန်တက်လာတဲ့ ၂၀၂၀ နှောင်းပိုင်းမှာ လုပ်ငန်းပြန်လည်ဦးမော့လာမယ့် အလားလာ ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံး၀ ပြိုလဲလုနီးပါ ဖြစ်လာပါတယ်။

    ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ သပိတ်မှောက်မှု၊ စစ်ကောင်စီရဲ့ ထင်ရာဆိုင်းမှုကြောင့် ဘဏ်လုပ်ငန်း ရပ်တန့်သွားတာ၊ ငွေသားစီးဆင်းမှု၊ ပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှု ပြဿနာတွေ ပါဝင်ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်လာပြီး နိုင်ငံခြားက ထင်ရှားတဲ့ အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ H&M၊ Primark နဲ့ Next and Benetton တို့ မြန်မာနိုင်ငံကနေ အထည်မမှာတော့ဘူးဆိုတဲ့ ကနဦး ထုတ်ပြန်ချက်ဟာလည်း အထည်ချုပ်လုပ်ငန်းကို သိသိသာသာ ထိခိုက်စေပါတယ်။

    မြန်မာနိုင်ငံက တစ်ချို့ အထည်ချုပ်စက်ရုံတွေဟာ ၅ ပုံ ၁ ပုံသာ လည်ပတ်နိုင်တော့ပြီး အာဏာမသိမ်းခင်က ရထားတဲ့အမှာတွေကိုသာ ချုပ်နေရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံတော်တော်များများ ပိတ်ထားလိုက်ရပါပြီ။

    မြန်မာနိုင်ငံက ဥရောပကုန်သည်ကြီးမားအသင်းရဲ့ စစ်တမ်းအရ မေလအတွင်းမှာပဲ အထည်ချုပ်လုပ်သား ၄ ပုံ ၁ ပုံ အလုပ်အကိုင် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပိုင်းမှာ H&M၊ Primark နဲ့ Bestseller တို့က စစ်အာဏာသိမ်းမှုကို ရှုတ်ချပေမယ့် အထည်ချုပ်လုပ်သားတွေကို ငဲ့ညှာတဲ့အတွက် အထည်တွေပြန်မှာမယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် ဘဏ်လုပ်ငန်းပြဿနာ၊ သယ်ယူပို့ဆောင်ရေး၊ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းလာတာတွေကြောင့် အထည်ချုပ်လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် အဟန့်အတားတွေ ရှိနေဆဲပါ။

    အထည်ချုပ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SMART က မြန်မာ့အထည်ချုပ် တင်ပို့မှုရဲ့ ၅၄ ရာခိုင်နှုန်းဟာ ဥရောပက အဝတ်အထည်လုပ်ငန်းတွေကို သွားတာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒီလုပ်ငန်းတွေက ဆက်မမှာတော့ဘူးဆိုရင် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း တိုးတက်လာတဲ့ အထည်ချုပ်လုပ်ငန်း ပြိုလဲသွားမယ့် အနေအထား ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာ အဝတ်အထည်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံကထက် ပိုပြီးစိတ်ချရကာ ကုန်ကျစားရိတ်သက်သာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားတို့ကို ရွှေ့ပြောင်းဖို့ အလားအလာတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • စစ်အာဏာရှင်ကြောင့် နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေ

    စစ်အာဏာရှင်ကြောင့် နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာနေ

    ဇူလိုင် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားလုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေဟာ တစ်ဖြည်းဖြည်းချင်း ထွက်ခွာနေကြပြီး ဒါဟာ တိုင်းပြည်စီးပွားရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အမေရိကန်ကုမ္ပဏီ Auntie Anne’s၊ တရုတ်က Little Sheep၊ ထိုင်ဝမ် bubble tea လက်ခွဲ KOI The တို့ ပိတ်သွားကြပြီး အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလည်း လုပ်ငန်းလျှော့ချတာ၊ ပိတ်ဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

    နော်ဝေဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ တယ်လီနောကလည်း လက်ဘနွန်ကုမ္ပဏီ M1 Group ကို ကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    တယ်လီနောဥက္ကဌ ဆစ်ဗီ ဘရက်ကီက မိုဘိုင်းဆက်သွယ်ရေး လူတိုင်းသုံးစွဲလို့ရအောင် လုပ်ဆောင်ပေးတာဟာ တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်​ကောင်စီရဲ့ ကန့်သတ်မှုတွေ၊ လုပ်ရပ်တွေဟာ စိုးရိမ်စရာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအဖွဲ့ Free Expression Myanmar က အကြံပေး အိုလီဗာစပန်ဆာက တယ်လီနော မြန်မာနိုင်ငံက ထွက်ခွာမှုဟာ ပြည်သူတွေ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်ခံရမှုကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တယ်လီနောထွက်သွားရင် သူတို့ အကန့်အသတ်နဲ့ရထားတဲ့ လွတ်လပ်မှုတွေလည်း ပါသွားမယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့် ရှိပါတော့မလားဆိုတာ မေးခွန်းထုတ်စရာပါ”

    လွန်ခဲ့တဲ့ ၁၀ နှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုတွေ ဝင်ရောက်လာတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးစေပြီး နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်တောက်နေမှုလည်း လျော့ပါသွားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကန့်သတ်ချုပ်ချယ်မှုတွေ၊ ထင်ရာဆိုင်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာကို ကျဆင်းလာပါတယ်။

    Ref: Asian News

  • တယ်လီနောက မြန်မာနိုင်ငံမှလုပ်ငန်းကို ရောင်းချလိုက်ကြောင်း ကြေငြာ

    တယ်လီနောက မြန်မာနိုင်ငံမှလုပ်ငန်းကို ရောင်းချလိုက်ကြောင်း ကြေငြာ

    ဇူလိုင် ၈၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက သူတို့ရဲ့လုပ်ငန်းကို လက်ဘနွန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M1 Group ကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ အခြေအနေကြောင့် ဒီလိုဆုံးဖြတ်ရတာ ဖြစ်တယ်လို့ နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနောက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    “အခြေအနေတွေ ပိုမိုဆိုးရွားလာတာနဲ့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေက ရင်းနှီးမြှုပ်နှံမှု နောက်ဆုတ်ဖို့ ဆုံးဖြတ်ချက်ရဲ့ အခြေခံအကြောင်းအရင်း ဖြစ်ပါတယ်”

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးနောက်ပိုင်း ဝင်ရောက်လာတဲ့ အနောက်နိုင်ငံက အနည်းငယ်သော ကုမ္ပဏီတွေထဲမှာ တယ်လီနောလည်းပါဝင်ပြီး မြန်မာနိုင်ငံက အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးနဲ့ပတ်သက်လို့ ကန့်သတ်ထိန်းချုပ်တာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ အင်တာနက်နဲ့ ဆက်သွယ်ရေးပိတ်ဆို့မှုတွေ၊ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းထိခိုက်မှု ရှိတဲ့အတွက် တယ်လီနောမြန်မာက မေလမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၇၄၂ သန်းဖိုးလောက် လျော့ကျသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီဟာ နိုင်ငံအတွင်း ဆက်သွယ်ရးကုမ္ပဏီတွေက အကြီးအကဲတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး၊ အသုံးပြုသူတွေကို ကြားဖြတ်စောင့်ကြည့် ခြေရာခံနိုင်မယ့် ကိရိယာတွေ၊ နည်းပညာတွေ တပ်ဆင်ဖို့ အဓမ္မ ဖိအားပေးမှုတွေ ရှိနေပါတယ်။

    အခုဝယ်ယူလိုက်တဲ့ M1 Group ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လက်လည်ပတ်လိမ့်မယ်လို့ တယ်လီနော အမှုဆောင်အရာရှိ ဆစ်ဂျ်ဗီ ဘရက်ကီက ပြောပါတယ်။

    “ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေဟာ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး တယ်လီနောအတွက် စိန်ခေါ်မှုတွေ ပိုဖြစ်စေပါတယ်”

    တယ်လီနောဟာ ဘင်္ဂလာဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာလည်း ရင်းနှီးမြှုပ်နှံထားပြီး၊ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၈ သန်းလောက်ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

    M1 Group ဆိုတာ ဘာလဲ

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အခြေစိုက်တဲ့ M1 Group ကို ၁၉၈၀ ပြည့်နှစ်လောက်က တာဟာ မီကာတီနဲ့ နာဂျစ် မီကာတီ ညီအစ်ကိုနှစ်ဦးက တည်ထောင်ခဲ့တာပါ။ နာဂျစ် မီကာတီဟာ ၂၀၀၅ ခုနှစ်မှာ လက်ဘနွန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စတင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ နောက်ပိုင်း တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှာပါချဲ့ထွင်လုပ်ကိုင်လာခဲ့ပြီး Investcom ဆိုတဲ့အမည်နဲ့ ကုမ္ပဏီထူထောင်ခဲ့ပါတယ်။

    Investcom ကို ၂၀၀၆ ခုနှစ်မှာ တောင်အာဖရိက စီးပွားရေးလုပ်ငန်း MTN က ဝယ်ယူခဲ့ပါတယ်။

    မီကာတီညီအစ်ကိုတွေဟာ ၂၀၀၇ ခုနှစ်မှာ M1 Group ဆိုတဲ့အမည်နဲ့ စီးပွားရေးလုပ်ငန်းစုကို ထူထောင်ခဲ့ပြီး MTN ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို၊ ကမ္ဘာတစ်ဝှမ်း အိမ်ခြံမြေလုပ်ငန်း၊ ဖက်ရှင်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြား စီးပွားရေးလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေပါတယ်။

    Ref: Reuters

  • စစ်ကောင်စီ၏အကြမ်းဖက်မှုများကို စုံစမ်းဖော်ထုတ်မည့် နိုင်ငံတကာ အဖွဲ့သစ်တစ်ခု ပေါ်လာ

    စစ်ကောင်စီ၏အကြမ်းဖက်မှုများကို စုံစမ်းဖော်ထုတ်မည့် နိုင်ငံတကာ အဖွဲ့သစ်တစ်ခု ပေါ်လာ

    ဇူလိုင် ၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်မယ့် အဖွဲ့တစ်ခု ပေါ်ပေါက်လာပါတယ်။

    Myanmar Witness လို့ခေါ်တဲ့ အဲဒီအဖွဲ့ကို ဗြိတိသျှအစိုးရက ငွေကြေးထောက်ပံ့ပေးတာဖြစ်ပြီး ဖော်ထုတ်ရရှိတဲ့ သတင်းအချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူ ၉၀၀ နီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ ထောင်ချီရှိနေပါတယ်။

    စစ်တပ်ဟာ အရင်ကလည်း တိုင်းရင်းသားဒေသတွေမှာ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်တဲ့မှတ်တမ်း ရှိပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအတွက် နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာလည်း တရားရင်ဆိုင်နေရပါတယ်။

    “လူ့အခွင့်အရေး ချိုးဖောက်နိုင်ဖွယ်ရှိတဲ့ ကိစ္စတွေကို Myanmar Witness က လွတ်လပ်စွာ စုံစမ်းဖော်ထုတ်၊ အချက်အလက် ရှာဖွေ၊ သိမ်းဆည်း၊ အတည်ပြုကာ၊ သုံးသပ်သွားမှာဖြစ်ပါတယ်” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အရပ်သားတွေဖက်က အချက်အလက်တွေပေးပို့ဖို့ တိုက်တွန်းသွားမှာဖြစ်သလို၊ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေတဲ့ ကိစ္စတွေကို လွတ်လပ်စွာ အတည်ပြု စစ်ဆေးမှာဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားနေထိုင်ရာနေရာ၊ ဘာသာရေးအဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဆန္ဒပြပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်အောင် လုပ်ဆောင်မှု အထောက်အထားတွေကို ရှာဖွေဖော်ထုတ် အတည်ပြုထားတယ်လို့လည်း ဒီအဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် အနည်းဆုံး ပြည်သူ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်ကောင်စီက ဖြတ် ၄ ဖြတ် နည်းလမ်းဖြင့် နှိမ်နှင်းနေ

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်ကောင်စီက ဖြတ် ၄ ဖြတ် နည်းလမ်းဖြင့် နှိမ်နှင်းနေ

    ဇူလိုင် ၆၊ ၂၀၂၁
    M-Media

    ကင်းမရွာ မီးလောင်ပြာကျမှုမြင်ကွင်း

    -​ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက တုန့်ပြန်ရာမှာ တိုင်းရင်းသားဒေသတွေမှာ အသုံးပြုခဲ့​တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းစနစ်ကို အသုံးပြုနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူတွေ၊ နိုင်ငံရေးကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှုမြင့်တက်လာသလို၊​ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လည်း ပေါ်ပေါက်လာကာ နိုင်ငံတစ်ဝှမ်း စစ်ကောင်စီပစ်မှတ်တွေကို တိုက်ခိုက်မှု လုပ်ဆောင်လာပါတယ်။

    ဒီတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်တွေက တုန့်ပြန်ရာမှာ အရပ်ဖက်နေရာတွေကို မြင်မြင်ရာပစ်ခတ်တာကြောင့် နိုင်ငံတစ်ဝှမ် အနည်းဆုံး လူပေါင်း ၂၃၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လုယက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အရေးပေါ် အကူအညီပေး​ရေး လုပ်ငန်းတွေကို နှောက်ယှက်ဟန့်တားတာ၊ သောက်သုံးရေ၊ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့တာ၊ ဘေးလွတ်ရာမှာ ခိုလှုံတဲ့သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ပါတယ်။

    ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပရိုဂရမ်ဒါရိုက်တာ နော်ထူးထူးက စစ်ကောင်စီတပ်တွေရဲ့ အခုလုပ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ၁၉၆၀ ပြည့်နှစ်လောက်က စတင်လုပ်ဆောင်ခဲ့တဲ့ ‘ဖြတ် ၄ ဖြတ်’ နည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တပ်မတော်က ဖြတ် ၄ ဖြတ်ဆိုတဲ့ စကားလုံးကို မသုံးတော့ပါဘူး။ ဒါပေမယ့် ဗျူဟာကတော့ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ ကျော် အသုံးပြုလာခဲ့တဲ့ ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ တစ်ပုံစံတည်းပါပဲ”

    လက်နက်ကိုင်အဖွဲ့​တွေရဲ့ ရိက္ခာလမ်းကြောင်း၊ ငွေကြေးအထောက်အပံ့၊ သတင်းအချက်အလက်စီးဆင်းမှု၊ လူသစ်စုဆောင်းမှုတွေကို ဖြတ်တောက်တဲ့ ဒီ ဖြတ် ၄ ဖြတ် ဗျူဟာကို စစ်တပ်က အဓိကရင်းမြစ်သဖွယ် အသုံးပြုပြီး၊ အရပ်သားတွေကတော့ ဘက်စုံ ထိခိုက်ပျက်ဆီးတယ်လို့ မြန်မာနိုင်ငံက လုံခြုံရေးနဲ့ ပဋိပက္ခတွေကို လေ့လာနေတဲ့ ပညာရှင် ကင် ဂျိုလီဖီက ပြောပါတယ်။

    “စစ်တပ်ဟာ ပြည်သူတွေကို တိုက်ရိုက်ပစ်မှတ်ထား အကြမ်းဖက်ရုံသာမကဘဲ သူတို့ရဲ့ ဘ၀ရှင်သန်မှုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေဆီမှာ မှီခိုလို့မရအောင်၊ အထောက်အပံ့မရအောင် ဒီလိုလုပ်တာ ဖြစ်ပါတယ်”

    မတ်လအတွင်း မကွေးတိုင်းဒေသကြီး ကန့်ဂေါမြို့နယ်က PDF အဖွဲ့ရဲ့ တူမီးလက်နက်ကိုင်တော်လှန်မှုကို တုန့်ပြန်ရာမှာ စစ်ကောင်စီတပ်တွေက ဖောက်ခွဲရေးပစ္စည်းတွေ၊ စစ်သေနတ်တွေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး နေအိမ်တွေကို ဝင်ရောက်လုယက်တာတွေ ရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း လူ ၄ ဦး သေဆုံးကာ တစ်သောင်းလောက် ထွက်ပြေးခဲ့ရပါတယ်။

    ဇွန်လအတွင်း ပေါက်မြို့နယ်က အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကင်းမရွာမှာဆိုရင် စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တာကြောင့် တစ်ရွာလုံး ပြာကျခဲ့ပါတယ်။

    အာဏာမသိမ်းခင်ကာလတွေက တည်ငြိမ်အေးချမ်းခဲ့တဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နေရာတစ်ချို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့တွေက လက်နက်ကိုင်တော်လှန်ခဲ့ပြီး စစ်ကောင်စီတပ်တွေကလည်း ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ မြင်မြင်သမျှ ပစ်ခတ်ခိုက်ခိုကတာကြောင့် အနည်းဆုံး လူ ၁ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ အနီးအနားကတောထဲမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

    ကယားပြည်နယ်မှာ စစ်ရှောင်တွေခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုပါ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ကားပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ခိုက်မှုဖြစ်ပွားရာ နေရာတွေမှာ အတိဒုက္ခရောက်နေသူတွေကို ကူညီလို့မရအောင်လည်း စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖြိုခွင်းရာမှာ ဖြတ် ၄ ဖြတ်နည်းလမ်းအသုံးပြုနေလားဆိုတဲ့ အလ်ဂျာဇီးရားသတင်းဌာနရဲ့ မေးမြန်းမှုကို စစ်ကောင်စီဖက်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

    လွတ်လပ်တဲ့ လေ့လာဆန်းစစ်သူ ကင် ဂျိုလစ်ဖီက စစ်ကောင်စီဟာ အများပြည်သူလူထု ဘ၀ပျက်အောင်လုပ်ပြီး တည်ငြိမ်အောင်ထိန်းဖို့ ရည်ရွယ်ထားတယ်လို့ သုံးသပ်ပါတယ်။

    “ဆန့်ကျင်သူတွေကို တုန့်ပြန်ဖို့ဆိုရင် လူ့အဖွဲ့အစည်းက သူတို့ကိုမကြိုက်တဲ့သူတွေအားလုံးကို အကြမ်းဖက်အင်အားသုံးကာ ပြားပြားဝပ်နာခံလာအောင်လုပ်မှ ရမယ်ဆိုတာမျိုးကိုပဲ စစ်ကောင်စီက သိတာပါ”

    နော်ထူထူးကတော့ ဖြတ် ၄ ဖြတ်နည်းလမ်းကိုသုံးတာဟာ ဆန့်ကျင်ဖက်ရလဒ်ကိုပဲ ထွက်ပေါ်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

    “စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားရင်းမြစ်တွေရရှိမှု အကန့်အသတ်ရှိလာတာကြောင့် ဒီနည်းလမ်းဟာ ရေတိုမှာ လက်နက်ကိုင်တော်လှန်မှုအပေါ် သက်ရောက်မှုအချို့ ရှိနိုင်ပါတယ်။ ရေရှည်မှာဆိုရင်တော့ စစ်ကောင်စီဟာ ဘယ်နေရာကိုမှ စိုးမိုးနိုင်မှာ မဟုတ်ပါဘူး”

    ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို ပိုမို ရွံ့ရှာမုန်းတီးလာပြီး၊ သူတို့ကို အပြတ်ဖြတ်မှရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ပိုမိုခိုင်မာလာစေတယ်လို့ စစ်ကောင်စီရဲ့ ညှမ်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရသူတွေက ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးလုပ်ရပ်တွေကြောင့် စစ်တပ်ကို ဘယ်တော့မှ အကောင်းမြင်လာနိုင်တော့မှာ မဟုတ်ပါဘူး။ လယ်သမားဘ၀နဲ့ ကျွန်တော်တို့ အေးအေးချမ်းချမ်း နေချင်တာပါ။ စစ်အာဏာရှင်ကို အမြတ်မဖြတ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘ၀တစ်သက်လုံး ဒီလိုပဲ ညှင်းပမ်းခံရမှာ ဖြစ်ပါတယ်” လို့ ကင်းမရွာသားတစ်ဦးဖြစ်တဲ့ ကိုသန်းထွန်းအောင်က ပြောပါတယ်။

    မင်းတပ်ဒေသခံတစ်ဦးဖြစ်တဲ့ ဆလိုင်းရှိန်းမှာလည်း ဒီလိုသဘောထားမျိုး ရှိပါတယ်။

    “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်တပ်ကို နိုင်အောင်တိုက်နိုင်ရင် ဒီဒေသကနေ မောင်းထုတ်နိုင်ရင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပြီး၊ ပိုမိုကောင်းမွန်တဲ့ဘ၀မှာ နေထိုင်ခွင့်ရပါမယ်”

    လက်နက်ကိုင်တော်လှန်ရေးဟာ စစ်တပ်ကို နာကျည်းမုန်းတီးနေတဲ့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာတာကြောင့် ဖြတ် ၄​ ဖြတ်ဗျူဟာနဲ့ နှောင့်နှေးအောင်လုပ်ဆောင်လို့ရပေမယ့် လုံး၀ရပ်တန့်လို့ ရမှာမဟုတ်ဘူးလို့လည်း ဆလိုင်းရှိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Aljazeera