News @ M-Media

Tag: MyanmarCoup2021

  • မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    ဖေဖော်၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်တပ် လက်နက်ရရှိအောင်၊ လေယာဥ်ဆီရရှိအောင်၊ ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။ 

    စစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းနှစ်ခုနဲ့ လေတပ်က တာ၀န်ရှိသူတွေ ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါ၀င်ပါတယ်။ 

    မြန်မာနိုင်ငံက လေယာဥ်စက်သုံးဆီလုပ်ငန်းကို လွှမ်းမိုးထားတဲ့ Asia Sun Group ကုမ္ပဏီကို ယူကေက ပစ်မှတ်ထား ပိတ်ဆို့ခဲ့ပြီး၊ ကနေဒါကလည်း မြန်မာစစ်တပ်က လေယာဥ်ဆီကို တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်ရရှိနိုင်မယ့် လမ်းကြောင်းတွေကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ 

    မြန်မာစစ်တပ်အပေါ် အခုထပ်လုပ်တဲ့ ပိတ်ဆို့မှုအသစ်တွေမှာ သြစတေးလျနိုင်ငံလည်း ပါ၀င်ပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က စီးပွားရေးနဲ့ လူ့အခွင့်အရးဆိုင်ရာ သုတေသနပညာရှင် မွန့်ဆီ ဖာရီက လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထားတဲ့ အခုပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ တက်ခွင့်ရ

    အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေး စစ်ကောင်စီ တက်ခွင့်ရ

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပါ၀င်မယ့် အာဆီယံ ကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေးကို တက်ရာက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားပါတယ်။ 

    ADMM-Plus လို့အမည်ပေးထားတဲ့ ရေကြောင်းဆိုင်ရာ အဲဒီအစည်းအ၀ေးကို ထိုင်းနဲ့ အမေရိကန်တို့က ဦးဆောင်ကာ ဖေဖော်၀ါရီ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ၅ ရက် ကြာမြင့်မှာပါ။ 

    ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေး၊ ပင်လယ်ဓားပြကိစ္စ၊ မူးယစ်ဆေး၊ လက်နက်နဲ့ လူမှောင်ခိုမှုပြဿနာတွေကို ဖြေရှင်းရေး စားပွဲ၀ိုင်း စစ်ရေးလေ့ကျင့်မှုလည်း ပါ၀င်မှာဖြစ်ပါတယ်။ 

    အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မာတင် မီနာက မြန်မာစစ်တပ်ကို ဖိတ်ကြားတာဟာ အာဆီယံ လုပ်ထုံးလုပ်နည်းအရဖြစ်ပြီး အဖွဲ့၀င်နိုင်ငံတွေက ဆုံးဖြတ်တာဖြစ်တယ်လို့ Myanmar Now ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

    ADMM-Plus အစည်းအ၀ေးမှာ သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားတို့လည်း ပါ၀င်မှာဖြစ်ပါတယ်။ 

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအပေါ် အကြမ်းဖက်မှုတွေကြောင့် အာဆီယံက စစ်ကောင်စီကို အရေးပါတဲ့ အစည်းအ၀ေးတွေ ဖိတ်ကြားခြင်း မပြုပါဘူး။

    အခုအစည်းအ၀ေး ဘာ့ကြောင့် ဖိတ်ကြားလဲဆိုတာ အာဆီယံဖက်က ထုတ်ပြန်ခြင်း မပြုသေးပါဘူး။  

    Ref: Aljazeera 

  • စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    ဇန်န၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းမှုဆန့်ကျင်တဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံသူတွေက ဆိုရှယ်မီဒီယာမှာ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်လာတယ်လို့ Myanmar Witness အဖွဲ့ရဲ့ လတ်တလောလေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    အကြမ်းဖက်တိုက်ခိုက်ဖို့၊ အဓမ္မကျင့်ဖို့၊ သတ်ဖြတ်ဖို့အထိ လှုံ့ဆော်မှုတွေ ရှိနေပြီး Telegram၊ Facebook တို့လို ဆိုရှယ်မီဒီယာတွေက ဒီလိုပို့စ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးမရှိဘူးလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း အနည်းဆုံး ၅ ဆလောက် မြင့်တက်လာပါတယ်။ အခြား ဆိုရှယ်မီဒီယာတွေထက်စာရင် Telegram မှာ ဒီလို ကိစ္စတွေဟာ အဆ ၅၀၀ လောက် များပြားတယ်လို့ Myanmar Witness ရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    ဒီလိုတိုက်ခိုက်မှုအများစုကို ပြုလုပ်သူတွေဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသားအမည်နဲ့ အကောင့်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

    “အွန်လိုင်းက စော်ကားမှုတွေ၊ ကိုယ်ရေးကိုယ်အချက်အလက်တွေ ဖော်ထုတ်ပြီး တိုက်ခိုက်မှုတွေဟာ အမျိုးသမီးတွေရဲ့ အသံကို တိတ်အောင်၊ လူ့အဖွဲ့အစည်းအတွင်းကနေ ထွက်သွားအောင် လုပ်ဆောင်နေတာမျိုး ဖြစ်ပါတယ်”

    “ရှုထောင့်အရ၊ ပုဂ္ဂိုလ်ရေးအရ၊ ဂုဏ်သိက္ခာပိုင်းအရ တိုက်ခိုက်မှုတွေ၊ အဓမ္မကျင့်မယ်၊ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတွေ ရှိနေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံတဲ့သူတွေက အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ 

    များသောအားဖြင့် အမျိုးသမီးတွေရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်ကာ နှောက်ယှက်တာမျိုးဖြစ်ပြီး အဲဒီလို ပို့စ်တွေရဲ့ ၂၈ ရာခိုင်နှုန်းလောက်က မြေပြင်မှာ တိုက်ခိုက်ဖို့အထိ ဆော်သြတတ်ကြပါတယ်။ 

    လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အရေးအသားတွေ၊ တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းတာတွေ၊ မျိုးမစစ်သူ၊ လိင်ကျွန်ဖြစ်နေသူ စသဖြင့် စော်ကားပြောဆိုတဲ့ ပို့စ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေကို တိုက်ခိုက်တာမျိုးလည်း တွေ့ရပြီး ဒီလိုအရေးအသားတွေကို ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်ပြောဆိုတုန်းကလည်း အများအပြားတွေ့ခဲ့ရတယ်လို့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လေ့လာမှုဟာ လူအများ ကြည့်ရှုလို့ရတဲ့ ပို့်စ်တွေကိုသာ အခြေခံတာကြောင့် စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ စော်ကားတိုက်ခိုက်မှုဟာ အခုတွေ့ရှိချက်ထက် ပိုပိုများပြားနိုင်တယ်လို့လည်း အဖွဲ့က သုံးသပ်ထားပါတယ်။ 

    Ref: Reuters 

  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိိုက်မှု ပိုမိုမြင့်တက်လာ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိိုက်မှု ပိုမိုမြင့်တက်လာ

    ဇန်န၀ါရီ ၂၆၊ ၂၀၂၃

    M-Media 


    -၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး၀ါးနှင့် ရာဇ၀တ်မှု စောင့်ကြည့်ရေးအဖွဲ့  UNODC က ထုတ်ပြန်ပါတယ်။ 

    ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှုပမာဏ ကျဆင်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း၊ ဘိန်းထွက်ကုန် ၈၈ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။ 

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေမှာ လယ်သမားတွေဟာ ဘိန်းစိုက်ဖို့ကလွဲပြီး အခြား ရွေးစရာမရှိသလောက် ဖြစ်လာတယ်လို့ UNODC ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ရင်ကတည်းက ဘိန်းနဲ့ မှောင်ခိုစျေးကွက် အခြေစိုက်ရာ ဒေသဖြစ်ပြီး လက်ရှိအနေအထားမှာ ကမ္ဘာ့မူးယစ်ဆေး၀ါးစျေးကွက်နဲ့ ပြန်လည် ချိတ်ဆက်လာနိုင်ပြီလို့ ကုလက သုံးသပ်ပါတယ်။ 

    ဒေသတွင်း မူးယစ်ဆေး၀ါးစျေးကွက်တန်ဖိုးဟာ ၁၀ ဘီလီယံလောက်ရှိပြီး မြန်မာစျေးကွက်က ၂ ဘီလီယံ တန်ကြေးရှိပါတယ်။ 

    အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာတွေ၊ ဓာတ်မြေသြဇာတွေ ရရှိနေမှုက ဘိန်းစိုက်ပျိုးမှု မြင့်တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဘိန်းထုတ်လုပ်မှုဟာ UNODC က စောင့်ကြည့်မှုနောက်ပိုင်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံမှာ အခုလို ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာကြောင့် မဲခေါင်မြစ်အောက်ပိုင်းဒေသကို ဗဟိုပြုတဲ့ မူးယစ်ဆေး၀ါးစျေးကွက်အပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ 

     Ref: Reuters

  • တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို NUG နှင့် CRPH တို့ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ

    တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို NUG နှင့် CRPH တို့ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီ

    ဇန်န၀ါရီ ၁၀၊ ၂၀၂၃

    M-Media


    -စစ်တပ်အာဏာသိမ်း၂နှစ်ပြည့်ခါနီးတွင်အဖွဲ့အစည်းအသီးသီးသည်တော်လှန်ရေးအင်အားစုများ၏ ရပ်တည်ချက်များနှင့်ထိရောက်မှုများကိုပြန်လည်သုံးသပ်လျက်ရှိသည်။

    ထိုသုံးသပ်ချက်များစွာထဲမှ အဓိကကျသည့် ဘုံသုံးသပ်ချက်တစ်ခုမှာ NLD, CHRP နှင့် NUG ၏ဦးဆောင်မှုနှင့် ဆိုင်သည့် အကြောင်းအရာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

    ထို အဖွဲ့အစည်း ၃ ခုသည် သုံးပွင့်တစ်ဆူကဲ့သို့ ဖြစ်နေပြီး NLD ဗဟိုပြုနိုင်ငံရေးနှင့် လူများစုဒီမိုကရေစီနိုင်ငံရေး(Majoritarian Democracy)အခြေခံကိုသာ ဆုတ်ကိုင်ထားကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တခုတည်းကိုကြည့်ပြီး NLD, CRPH နှင့် NUG သာလျှင် နိုင်ငံရေး အခွင့်အာဏာ legitimacy ရှိ သည်ဟု ယူဆထားကြောင်း၊ တော်လှန်ရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်များသည်လည်း သူတို့အပေါ်တွင်သာ မူတည်သည်ဟု ကိုင်စွဲထားသဖြင့် တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခက် အခဲကြီးများရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်သာမက လူထုအခြေပြု အဖွဲ့အစည်းများ၊ အခြားတော် လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NUCC နှင့်လည်းကောင်း၊ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့နှင့်လည်းကောင်း နားလည်မှုကွဲလွဲမှု၊ အငြင်းပွားမှုများရှိနေသည်။ 

    တာထွက်ကတည်းက တိုင်းရင်းသားအင်အားစုများနှင့် ကတောက်ကဆ ဖြစ်ခဲ့သည့် NLD, CRPH, NUG အင်အားစုများ သည် NUCC နှင့်လည်း ပူးပေါင်းဆောင်ရွက် မှုများအားနည်းလာနေသည်။

    NUCC သည် စုပေါင်းဦးဆောင်မှုကို အခြေခံသည်။ CRPH ဦးဆောင်သူများနှင့် NUG အကြား သဘောထားမတူညီမှုများ၊ အခက်အခဲများရှိနေသော်လည်း သုံးပွင့်တဆူ NLD, CRPH, NUG သည် သူတို့သာ ဦးဆောင်ခြင်း၊ ဆုံးဖြတ်ခြင်းများလုပ်နိုင်သည်ဟု ကိုင်စွဲထားသဖြင့် တိုင်းရင်းသားအင်အားစုများနှင့် အဟ,များလာသည်မှာ ၂၀၂၂တွင် ပိုမိုထင်ရှားလာသည်။

    NLD, CRPH, NUG တို့၏ နိုင်ငံရေးအခွင့်အာဏာကိစ္စ လွဲမှားစွာ ဆွဲကိုင်ထားသည့်လမ်းစဥ်သည် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းမည့် လမ်းစဥ်မဟုတ်ကြောင်း ဥပဒေအထောက်အကူ ပြုကွန်ယက်နှင့် ဖက်ဒရယ်ဥပဒေ ကျောင်းတည်ထောင်သူ ရှေ့နေ ဦးအောင်ထူးက ၂၀၂၂ နှစ်လည်ကတည်းက သုံးသပ်ထားသည်။

    ရွေးကောက်ပွဲ လူများစုဆုံးဖြတ်သည့်စနစ်သည် လစ်ဘရယ်ဒီမိုကရေစီအခြေခံအရ ဟုတ်သလိုလိုရှိသော်လည်း မြန်မာ နိုင်ငံ၏ ပကတိအရှိတရားနှင့် လက်တွေ့မကျသည့်အတွက် တိုင်းရင်းသားအင်အားစုများ၏ ဆန္ဒနှင့် မကိုက်ညီကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

    ရွေးကောက်ပွဲရလဒ် တခုတည်းကိုကြည့်၍ NLD, CRPH, NUG သည်သာ အခွင့်အာဏာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟု ယူဆခြင်းသည် တိုင်းရင်းသားအဖွဲ့အစည်းများ ယခင်ကတည်းက ၎င်းတို့ထိန်းချုပ်သည့်နယ်မြေများအပေါ် လုပ်ပိုင်ခွင့် အာဏာရှိနေသည့်အချက်ကို ပစ်ပယ်ခြင်းဖြစ်သည်။

    အာဏာသိမ်းပြီးနောက်ပိုင်းတွင် NLD, CRPH နှင့် NUG တွင် သီးသန့် ထိန်းချုပ်နယ်မြေနှင့် အုပ်ချုပ်ရေးမရှိသော်လည်း တိုင်းရင်းသားအဖွဲ့အစည်းများသည် နှစ်ပေါင်းများစွာ ထိန်း ချုပ်နယ်မြေကို စီမံအုပ်ချုပ်လျက်ရှိသည်။ အုပ်ချုပ်ရေး ယန္တရားများ၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

    အာဏာသိမ်းပြီးနောက်ပြီး NLD CRPH NUG နှင့် CDM များ၏ လုံခြုံရေးကိုပါ တိုင်းရင်းသားလက်နက်ကိုင်များက တာဝန်ယူပေး ရသည်ကို လူတိုင်းအသိဖြစ်သည်။ 

    နှစ်ပေါင်းများ လုံခြုံရေးအဖွဲ့အစည်းများ၊ ကာကွယ်ရေးတပ်များနှင့် စီမံခန့်ခွဲရေးကိစ္စများဖြင့် နယ်မြေအုပ်ချုပ် လာသော တိုင်းရင်းသားအဖွဲ့အစည်းများအား လုပ်ပိုင်ခွင့်အာဏာ legitimacy မရှိဟု ယူဆခြင်းသည် NLD CRPH NUG ၏ ဗမာနိုင်ငံရေးလူလည်ကျခြင်းဖြစ်ကြောင်း ဗမာတက်ကြွလှုပ်ရှားသူ အသိုင်း အဝိုင်းကပင် နားလည်လာသည်။

    အမှန်မှာ NLD သည် ရွေးကောက်ပွဲကြောင့် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာရှိသကဲ့သို့ တိုင်းရင်းသားအဖွဲ့အစည်းများတွင်လည်း တရားဝင်နိုင်ငံရေးအခွင့်အာဏာရှိသည်။ ၎င်းတို့နယ်မြေအတွင်း ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး နှစ်ပေါင်းများစွာရှိလာပြီး ပြည်သူများကလည်း သူတို့၏ မိခင် အဖွဲ့အစည်းဟု အသိအမှတ်ပြုခြင်းကြောင့်ဖြစ်သည်။

    ထိုအခြေခံပေါ်တွင် အင်အားကောင်းသော မဟာမိတ်နှင့် ပူးပေါင်းဦးဆောင်ရေးကို ဖော်ဆောင်မှသာ တော်လှန်ရေးပိုမို အားကောင်းလာမည်ဟု သုံးသပ်ကြကြောင်း လေ့လာသိရှိရသည်။