News @ M-Media

Tag: MyanmarCoup2021

  • သတိထားစောင့်ကြည့်ရမည့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

    သတိထားစောင့်ကြည့်ရမည့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

    ဒီဇင်ဘာ ၂၇၊ ၂၀၂၂

    M-Media


    The Commander-in-Chief of Defence Services, Myanmar, Senior General Min Aung Hlaing calling on the Prime Minister, Shri Narendra Modi, in New Delhi on July 29, 2015.

    -ပြီးခဲ့သည့်အပတ် ကုသမဂ လုံခြုံရေးကောင်စီ၏ မြန်မာက်ိစ္စ အရေးကြီးဆုံးဖြတ်ချက်အပေါ် မထောက်ခံဘဲ ကြားနေခဲ့သည့်နိုင်ငံသုံးနိုင်ငံတွင် အိန္ဒိယသည် တစ်နိုင်ငံအပါအ၀င်ဖြစ်သည်။ ၂၀၂၁ က စစ်တပ်၏ အကြမ်းဖက်မှုကို အပြစ်တင်ဝေဖန်ခဲ့သော အိန္ဒိယအစိုးရသည် ၂၀၂၂ တွင် ဗျူဟာပြောင်းလဲလာသည်။ အခြားနိုင်ငံများနည်းတူ စစ်ကောင်စီ (စကစ) နှင့် ဆက်ဆံရေးများ ပြန်လည်တည်ဆောက်လာနေသည်။ အိန္ဒိယအစိုးရအကြီးတမ်းအရာရှိများနှင့် စကစအကြား တွေ့ဆုံမှုများလည်း ယခုနှစ်ကုန်ပိုင်းမှစပြီး ခပ်စိပ်စိပ်ဖြစ်လာနေသည်။

    နိုဝင်ဘာလ နေပြည်တော်ခရီးစဥ်တွင် နိုင်ငံခြားရေးဝန်ကြီး ဗီနေး မိုဟန် ခွထရာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။​ ငြိမ်းချမ်းရေး၊ ကုလားတန်နှင့် အာရှလမ်းမကြီးစီမံကိန်းများအပါအဝင် အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

    ထိုခရီးစဥ်မတိုင်မှီကလည်း အိန္ဒိယသံအမတ်သည် စကစ ဝန်ကြီးများအပါအဝင် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။​ အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများက စကစကို သတိထားဆက်ဆံနေချိန်တွင် အိန္ဒိယအစိုးရသည် စကစနှင့် နီးစပ်အောင် ဆက်ဆံရေးများ တည်ဆောက်ခဲ့သည်။ ၂ နှစ်အတွင်း အစည်းအဝေးများမှာ

    တပ်မတော်နေ့ အခမ်းအနားတက်ရောက်ခြင်း

    အိန္ဒိယရေတပ်မှ ဦးစီးကျင်းပသည့် Goa Maritime Conclave 2021 ကို စကစ ရေတပ်ဗိုလ်ချုပ် မိုးအောင်ကို ဖိတ်ကြားခြင်း

    စိုက်ပျိုးရေးဝန်ကြီး ဦးတင်ထွဋ်ကို ဖိတ်ခေါ်ခြင်း

    ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  ဦးအောင်နိုင်ဦးကို ကလ်ကတ္တား အစည်းအဝေးသို့ဖိတ်ခေါ်ခြင်း၊ 

    ၂၀၂၃ ရွေးကောက်ပွဲအတွက် ကူညီပေးရေးကိစ္စနွေးနွေးခြင်း

    စကစ ပြည်ထဲရေးဝန်ထမ်းများကို ဖိတ်ခေါ်ကာ သင်တန်းပေးခြင်း စသည်တို့ဖြစ်သည်။ ​

    အိန္ဒိယကောင်စစ်ဝင် မစ္စတာဂျေး ခရစ်ရှ်နာကလဲ ဒီဇင်ဘာလ အစောပိုင်းက ရခိုင်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယ၏လုပ်ရပ်သည် အာဆီယံ၏ Five Points Consensus အကောင်အထည်ဖော်ရေးကို ထိပါးအားနည်းစေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။ 

    အိန္ဒိယ-မြန်မာဆက်ဆံရေးအကြောင်း မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းတွင် အလေးထားမှု အားနည်းသည်။ အမှန်မှာ မြန်မာပြည်၏ အကြီးဆုံးအိမ်နှီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယသည် မြန်မာပြည်နှင့်ပတ်သက်ပြီး အကျိုးစီးပွားများစွာရှိနေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ဒီမိုကရေစီအင်အားစုများထက် စစ်တပ်နှင့် ပိုမိုဆက်ဆံရေးနီီးစပ်လိုကြောင်း သုံးသပ်သူများထံမှ သိရသည်။ 

    ၁၉၈၈ နောက်ပိုင်း မြန်မာဒီမိုကရေစီအရေးထောက်ခံမှုအပေါ် အားနည်းခဲ့သလို ဦးနုခေတ်က မြန်မာအစိုးရကို နိုင်ငံတကာက အကူအညီပေးရန် ငြင်းဆန်ချိန်တွင် ဦးနုအစိုးရကို စစ်ရေးအကူအညီပေးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယအကူအညီကြောင့် ဦးနုအစိုးရခေတ် ဦးနေဝင်းဦးဆောင်သည့်စစ်တပ် ပြန်လည် ဦးမော့လာပြီး နောက်ပိုင်းအာဏာရှင်စစ်တပ်ဖြစ်သွားကြောင်း သုံးသပ်သူများက ဆိုသည်။ 

    အိန္ဒိယသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတခုဖြစ်လာနေသည်။ လက်ရှိကာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်သလို G20 ခေါ် အင်အားကြီးနိုင်ငံ ၂၀ နိုင်ငံအဖွဲ့၏ ဥက္ကဌလည်းဖြစ်သည်။ တချိန်တည်းတွင် အာရှဒေသနိုင်ငံများအပေါ် တရုတ်၏ သြဇာချဲ့ကားမှုကို ထိန်းညှိရန် အရှေ့တောင်အာရှနိုင်ငံများအပြင် အာရှ-ပစိဖိတ်နိုင်ငံများနှင့်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို အားသွန်ခွန်စိုက်လုပ်ရန်လိုအပ်နေသည်။ 

    ထိုပူပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယ၏ တရားဝင်မူဝါဒမှာ Act East Policy ဖြစ်သည်။ ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး၊ မဟာဗျူဟာရေး၊ သံတမန်ရေး ပိုမိုနီးစပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အိန္ဒိယ၏ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တည်မှုကို အားကောင်းစေပြီး တရုတ်အပါအဝင် အခြားအင်အားကြီးနိုင်ငံများ၏ ပါဝါကို ထိန်းညှိနိုင်ရန်ဖြစ်သည်။ ထိုမူဝါဒကို ၁၉၉၀ ပြည့်နှစ်များက Look East Policy (အရှေ့ဘက်သို့ကြည့်ခြင်းမူဝါဒ) အနေဖြင့် စတင်ခဲ့သော်လည်း ယခုလက်ရှိ ဝန်ကြီးချုပ် မိုဒီ လက်ထက်တွင် Act East Policy ဟု အဆင့်မြှင့်ခဲ့ပြီး ပိုမိုအားစိုက်ကာ လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

    အိန္ဒိယနှင့် အရှေ့တောင်အာရှနှင့် ချိတ်ဆက်မည့်စီမံကိန်းများတွင် နယူးဒေလီနှင့် ထိုင်းနိုင်ငံဆက်သွယ်သည့် အာရှလမ်းမကြီးလည်းပါဝင်သည်။ ထိုလမ်းမကြီးသည် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် စစ်ကိုင်း၊ မြန်မာပြည်အလယ်ပိုင်းနှင့် ကရင်ပြည်နယ်ကို ဖြတ်ကာ မြဝတီတစ်ဘက်ကမ်းရှိ မဲဆောက်နှင့် ချိတ်ဆက်ထားသော ဧရာမ အာရှလမ်းမကြီးဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ကုလားတန် ရေနက်ဆိပ်ကမ်းပရောဂျက်သည်လည်း Act East စီမံကိန်း၏ ခြေကုတ်စီမံကိန်းဖြစ်သည်။ 

    မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အရှေ့တောင်အာရှအကြား တံတားကဲ့သို့ဖြစ်နေသည့်အတွက်  အိန္ဒိယ၏ Act East Policy အောင်မြင်မှုသည် အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေးအပေါ် များစွာမူတည်နေသည်။ ထိုမူဝါဒသည် အိန္ဒိယအတွက် ဒေသတွင်း ဖွံ့ဖြိုးရေးသာမက သူ၏ ကမ္ဘာ့အဆင့် အင်အားတောင့်တင်းမှုအတွက်ပါ အရေးကြီးနေသည်။​ သို့ရှိရာ ထို စီမံကိန်းကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာပြည်အခြမ်းနှင့် ဆက်ဆံရေးတိုးမြှင့်မည်မှာ မလွဲပေ။ 

    ဤအခင်းအကျင်းတွင် အိန္ဒိယ-မြန်မာဆက်ဆံရေးနှင့် အိန္ဒိယအကျိုးစီးပွားကို အထူးလေ့လာစောင့်ကြည့်ရန်လိုအပ်ပေသည်။

  • စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံစရာအကြောင်းမရှိဟု မလေးရှားပြော

    စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံစရာအကြောင်းမရှိဟု မလေးရှားပြော

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -လာမယ့်နှစ်မှာ မြန်မာအာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောပါတယ်။

    နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ မပါ၀င်ဘဲ ရွေးကောက်ပွဲဥပဒေတွေကို စစ်ကောင်စီက ပြင်ချင်သလို ပြင်ဆင်ခဲ့တဲ့အတွက်ကြောင့်လို့ သူက ဆိုပါတယ်။

    “ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခွင့် စစ်ကောင်စီမှာ မရှိပါဘူး။ ပြီးခဲ့တစ်ခေါက် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတယ်လို့ နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောခဲ့ကြပါတယ်။ ဒီမိုကရေစီအဖွဲ့တွေ အကြီးအကျယ်နိုင်တယ်။ ဒါပေမယ့် လွှတ်တော်မခေါ်ခင်မှာပဲ စစ်တပ်က အာဏာသိမ်းသွားတယ်။ ဒ့ါကြောင့် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံနဲ့ မလေးရှားတို့က ထောက်ခံစရာအကြောင်းကို မရှိပါဘူး”

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ကာ တည်ငြိမ်အေးချမ်းရေးကို မလေးရှားက လိုလားတယ်လို့လည်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • မြန်မာပြည်သူများကို ပိုမိုကူညီနိုင်ရေး မလေးရှားကြိုးပမ်းနေ

    မြန်မာပြည်သူများကို ပိုမိုကူညီနိုင်ရေး မလေးရှားကြိုးပမ်းနေ

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ပိုမိုကူညီနိုင်ရေး အလှူရှင်တွေကို NGO အဖွဲ့အစည်းအတွေနဲ့ ချိတ်ဆက်ပေးနိုင်မယ့် ဖိုရမ်တစ်ခု ကျင်းပဖို့ မလေးရှားက စီစဥ်နေပါတယ်။ 

    ဖိုရမ်ကျင်းပဖို့ NUG က အဆိုပြုတာ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက မြန်မာနယ်စပ်တစ်လျှောက် NGO အဖွဲ့တွေက ကူညီနေတာမျိုး ရှိတဲ့အတွက် ဒီလိုဖိုရမ်မျိုး လိုအပ်တယ်လို့ ပြောပါတယ်။ 

    ဖိုရမ်ကျင်းပမှုမှာ ကုလသမဂ္ဂ ပါ၀င်လာရေး မလေးရှားက တောင်းဆိုထားပါတယ်။ 

    “NGO တွေက စစ်ကောင်စီနဲ့ မပူးပေါင်းချင်သလို နိုင်ငံတကာ အလှူရှင်တွေကလည်း စစ်ကောင်စီကို ပိုက်ဆံမပေးချင်ကြဘူး။ ဒါ့ကြောင့် NGO တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ရေး၊ ထောက်ပံ့ငွေတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ပေးနိုင်ရေး ဖိုရမ်တစ်ခုလုပ်ဖို့ NUG က အဆိုပြုတာပါ” လို့ ကုလအတွင်ရေးမှူးချုပ် ဂူတာရက်စ်နဲ့ မနေ့ကဖုန်းပြောအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုက်ဖူဒင်က ပြောပါတယ်။ 

    ဖိုရမ်မှာ ကုလအတွင်းရေးမှူးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ ပါ၀င်လာရေး လှုံ့ဆော်ပေးမယ််လို့လည်း သူက ဆိုပါ။ 

    မြန်မာအာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်တဲ့အတွက် စိတ်ပျက်ကြောင်း၊ မလေးရှားရဲ့ ရည်ရွယ်ချက်ဟာ သက်ဆိုင်သူတွေအားလုံး ပါ၀င်တဲ့ အသွင်ပြောင်းလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်ကာ နောက်ဆုံးမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးဖြစ်ကြောင်း ဆိုက်ဖူဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star

  • အာဆီယံထိပ်သီးအစည်းအ၀ေး မြန်မာ့အရေးပြောကြားမှုများ

    အာဆီယံထိပ်သီးအစည်းအ၀ေး မြန်မာ့အရေးပြောကြားမှုများ

    နို၀င်ဘာ ၁၁၊ ၂၀၂၂
    M-Media

    “မြန်မာနိုင်ငံကအခြေအနေ ပိုဆိုးလာတဲ့အတွက် အင်ဒိုနီးရှားက အလွန်အမင်း စိတ်ပျက်မိပါတယ်။ ထိပ်သီးအစည်းအ၀ေးတွေ၊ နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအ၀ေးတွေတင် မကဘဲ အခြား အာဆီယံအစည်းအ၀ေးတွေမှာလည်း (စစ်ကောင်စီကိုယ်စားလှယ် မဟုတ်ဘဲ) နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားရေးကိစ္စကို အင်ဒိုနီးရှားက အဆိုပြုခဲ့ပါတယ်”

    (ဂျိုကို၀ီဒိုဒို – အင်ဒိုနီးရှား သမ္မတ)

    “မြန်မာစစ်အာဏာပိုင်တွေကို နောက်တစ်ဆင့်တက်ပြီး ပြတ်ပြတ်သားသား ပြောဖို့ဆိုဖို့ သေသေချာချာ စဥ်းစားသင့်ပါပြီ။ ၁၈ လရှိနေပြီ။ (အာဆီယံ) ဘုံသဘောတူညီချက် ၅ ချက်က ဘာတိုးတက်မှုမှ မရှိဘူး။ အကြမ်းဖက်မှုတွေ ရပ်တန့်မသွားဘူး။ နိုင်ငံရေးအကျဥ်းသား အနည်းငယ်လောက်သာ ပြန်လွတ်သေးတယ်။ သက်ဆိုင်သူတွေနဲ့ ဆွေနွေးတာမျိုးလည်း မရှိပါဘူး။ အကြမ်းဖက်မှုတွေ တိုးလာတယ်။ တက်ကြွလှုပ်ရှားသူ ၄ ဦး ကွပ်မျက်ခံလိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော်တို့ တွေ့ခွင့်မရပါဘူး”

    (လီရှန်လွန်း – စင်ကာပူ၀န်ကြီးချုပ်)

    “သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး အထောက်အကူဖြစ်စေဖို့ အခြားနည်းလမ်းတွေကို အာဆီယံက ရှာဖွေသွားမှာဖြစ်ပါတယ်။ နောက်လုပ်မယ့်အစည်းအ၀ေးတွေမှာ ဒီကိစ္စကို သုံးသပ်ဆွေးနွေးမှာဖြစ်ပြီး၊ တိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့်ဖို့ နိုင်ငံခြားရေး၀န်ကြီးတွေကို တာ၀န်ပေးကာ အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ အစီရင်ခံရမှာ ဖြစ်ပါတယ်”

    (သောကြာနေ့ အာဆီယံ ထိပ်သီးအစည်းအ၀ေးအပြီး ထုတ်ပြန်ချက်မှ)

  • ပြည်သူတွေကို ငဲ့ကြပါဦး

    ပြည်သူတွေကို ငဲ့ကြပါဦး


    “မြန်မာနိုင်ငံက အခြေအနေဟာ ပြည်သူတွေအတွက်တော့ အဆုံးမသတ်နိုင်တဲ့ အိပ်မက်ဆိုးပါပဲ။ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိုလည်း ခြိမ်းခြောက်နေပါတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ချက်ခြင်း ပြန်လျှောက်လှမ်းဖို့ အာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးရဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ”

    (အန်တိုနီယို ဂူတာရက်စ် – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး)