News @ M-Media

Tag: Nazi

  • ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – ဥရောပတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး တစ်ကျော့ပြန်ဖြစ်ပွားလာတာကို ဆန့်ကျင်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေးလိုက်ပြီး နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တဲ့ Holocaust အဖြစ်အပျက်အကြောင်း မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    လစ်သူယေးနီးယားဒုတိယမြို့တော် ကူနက်စ်မှာကို ရောက်ရှိနေတဲ့ ဖရန်စစ်ဟာ ဒီကနေ့ လူပေါင်း တစ်သောင်းလောက်ကို တရားဟောကြားစဉ်မှာ ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်

    ဒုတိယကမ္ဘာစစ်အတွင်းက လစ်သူယေးနီးယားကို နာဇီတို့ ၂ နှစ်တာအုပ်စိုးမှုမှာ ဂျူး ၂ သန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး အများအပြား ထွက်ပြေးခဲ့ရပါတယ်။ လစ်သူယေးနီးယားနိုင်ငံအတွင်း အဆိုးဝါးဆုံးကာလဟာ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၂၃-၂၄ ရက်နေ့မှာ ဖြစ်ပါတယ်။

    “ဂျူးလူမျိုးတွေဟာ စော်ကားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီလို ထိခိုက်နစ်နာစေတဲ့ အမုန်းမျိုးစေ့တွေကို အချိန်မီ သိရှိဆင်ခြင်ပြီး၊ အဲဒီအချိန်က အဖြစ်အပျက်တွေကို မကြုံတွေ့လိုက်ရတဲ့ မျိုးဆက်သစ်တွေရဲ့နှလုံးသားမှာ မစွန်းထင်းစေဖို့ ဘုရားသခင်ဆီမှာ ခွန်အားတောင်းခံကြပါစို့” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားကို ၄ ရက်တာရောက်ရှိနေတာဖြစ်ပြီး ဂျူးတွေအသတ်ခံရတဲ့ ၇၅ နှစ်မြောက် အောက်မေ့ဖွယ်နေ့ကို အကြောင်းခံကာ ကမ္ဘာ့ဒေသတွေကိုပါ ဒီလို သတင်းစကားမျိုးပေးဖို့ ရည်ရွယ်တယ်လို့ အနီးကပ်အကြံပေးက ပြောကြားခဲ့ပါတယ်။

    ဥရောပက နိုင်ငံတော်တော်များများမှာ လူပြိန်းကြိုက်ဝါဒ၊ လယ်ယာစွန်းရောက်ဝါဒ ခေါင်းထောင်လာမှုနဲ့အတူ ဂျူးဆန့်ကျင်ရေးကလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွင်း ဂျူးဆန့်ကျင်ရေးကျူးလွန်မှုတွေဟာ ၁၅၀၄ ခုအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က ၁၄၈၆ ခု ရှိခဲ့တယ်လို့ မေလမှာ ဂျာမနီက သတင်းထုတ်ပြန်ပါတယ်။

    မတ်လအတွင်းက ပြင်သစ်မှာလည်း Holocaust က အသတ်ရှင်လွတ်မြောက်သူ ဂျူးတစ်ဦး အသတ်ခံခဲ့ရပြီး အစိုးရကတော့ ဒါဟာ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားက Holocaust အောက်မေ့ဖွယ် နေရာတွေကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

    Ref: Reuters

  • ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်

    ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်

    The 14 Defining
    ဂျာမဏီက ဟစ်တလာ၊ အီတလီက မူဆိုလိုနီ၊ စပိန်က ဖရန်ကို၊ အင်ဒိုနီးရှားက ဆူဟာတိုတို့အပြင် လက်တင်အမေရိကတိုက် နိုင်ငံ ၄-၅ ခုက အစိုးရဆိုးတွေကို လေ့လာဆန်းစစ်ပြီး ပညာရှင်တစ်ဦးက ဖက်ဆစ်ဝါဒရဲ့ တူညီတဲ့ သရုပ်လက္ခဏာ ၁၄ ရပ်ကို ဖော်ထုတ် တင်ပြထားတာ ရှိပါတယ်။
    .
    ၁။ အားကောင်းမောင်းသန်၊ စဉ်ဆက်မပြတ်တဲ့ အမျိုးသားရေးဝါဒ
    .
    ၂။ လူ့အခွင့်အရေးကို အသိအမှတ်ပြုရမှာ မလိုလား
    .
    ၃။ စည်လုံးညီညွတ်ရေးအတွက် ရန်သူ/တရားခံ ရှာထား။
    .
    ၄။ စစ်တပ်ရဲ့ ကြီးစိုးမှု
    .
    ၅။ ကျား-မ ခွဲခြားမှု ပြင်းထန် (နယ်ပယ်တိုင်းမှာ ယောက်ျားအများစုကသာ ကြီးစိုး လွှမ်းမိုးထား)
    .
    ၆။ မီဒီယာကို ထိန်းချုပ်ထား
    .
    ၇။ နိုင်ငံတော် လုံခြုံရေး ဥပါဒါန်စွဲကပ်နေ
    .
    ၈။ ဘာသာတရားနဲ့ အစိုးရက ဒွေးရောယှက်တင် (နိုင်ငံထဲက ကိုးကွယ်မှု အများဆုံး ဘာသာကို အသုံးချပြီး လူထုရဲ့ သဘောထားကို ထင်သလို ချယ်လှယ်နိုင်ဖို့ အားထုတ်တတ်စမြဲ)
    .
    ၉။ စီးပွားရေးသမားတွေ၊ အခွင့်ထူးခံတွေရဲ့ သြဇာအာဏာကို ကာကွယ်စောင့်ရှောက်ပေး
    .
    ၁၀။ လုပ်သားအင်အားစုရဲ့ သြဇာအာဏာကို နှိပ်ကွပ် နှိမ်နင်းထား (အလုပ်သမား သမဂ္ဂတွေ ရှိခွင့်မပေး၊ ရှိလည်း အကြီးအကျယ် ဖိနှိပ်ထား)
    .
    ၁၀။ တတ်သိပညာရှင်တွေ၊ အနုပညာတွေကို စက်ဆုပ်
    .
    ၁၂။ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ် ဥပါဒါန် စွဲကပ်နေ။ (ရဲတွေမှာ ကန့်သတ်မဲ့ သြဇာရှိ)
    .
    ၁၃။ အလွမ်းသင့်သူများ ကောင်းစားရေး ဝါဒရယ် အကျင့်ပျက်ခြစားမှုတွေရယ် ထောင်းထောင်းထနေ
    .
    ၁၄။ မသမာတဲ့ ရွေးကောက်ပွဲတွေ
    .
    အကျယ် ဖတ်ချင်ရင် ဖြစ်စေ၊ အပြည့်အစုံ ဘာသာပြန်လိုရင် ဖြစ်စေ သည်မှာ သွားကြည့်နိုင်ပါတယ်။

    http://www.rense.com/general37/fascism.htm

    စာရေးဆရာ အတ္တကျော်၏ FB စာမျက်နှာတွင် ဖော်ပြချက်ကို ပြန်လည်မျှဝေဖော်ပြခြင်းဖြစ်ပါသည်။

  • မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    မိမိတို့ကို သတ်ဖြတ်ခဲ့သည့် နာဇီခြေရာ အတိုင်း လိုက်နင်းလာတဲ့ အစ္စရေး

    နိုဝင်ဘာ ၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    israel-war1
    – “ခင်ဗျားတို့အားလုံးကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်”

    ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေက ဂျူးတွေကို ဓာတ်ငွေ့ခန်းထဲမှာ ဓာတ်ငွေ့လွှတ်ပြီး ရက်စက်စွာ သတ်ဖြတ်မှုကို ပြန်ပြောင်း အမှတ်ရစေတဲ့ စကားတစ်ခုပါပဲ။ ဒါပေမယ့် ဒီစကားကို ပြောခဲ့သူကတော့ ဂျာမနီ နာဇီတစ်ယောက် မဟုတ်ဘဲ ဂျူးတစ်ယာက်ဖြစ်နေတယ် ဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။

    ဟုတ်ပါတယ်။ ဒီစကားဟာ အစ္စရေးရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပါလက်စတိုင်း ဒုက္ခသည်တွေကို ရည်ညွှန်းပြီး ပြောခဲ့တဲ့ စကားပါပဲ။ အောက်တိုဘာ ၂၉ ရက်နေ့က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အိုင်ဒါ ဒုက္ခသည်စခန်းမှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို လာရောက် ဟန့်တားတဲ့ အစ္စရေး ရဲတပ်ဖွဲ့က လော်စပီကာနဲ့ ခြိမ်းခြောက်မှုအတွင်းမှာ ထည်သွင်းပြောကြားခဲ့တာပါ။

    “အိုင်ဒါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ – ကျုပ်တို့ဟာ အစ္စရေး “ကျူးကျော်တပ်ဖွဲ့တွေ” ဖြစ်တယ်။ ခင်ဗျားတို့က ခဲနဲ့ပေါက်ရင် ကျုပ်တို့က ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေ၊ တစ်ယောက်မှမချန်ဘူး။ အားလုံးကို သတ်ပစ်မယ်။ ခင်ဗျားတို့ကို တစ်ယောက်မှ အရှင်မထားဘူး” လို့ ရင့်ရင့်သီးသီး ပြောကြားခဲ့ပါတယ်။ တစ်မိနစ်တာကြာမြင့်တဲ့ အဲဒီခြိမ်းခြောက်မှုကို ဗီဒီယို မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး အွန်လိုင်းမှာလည်း ပြန့်နှံ့ခဲ့ပါတယ်။

    “ခင်ဗျားတို့ထဲက တစ်ယောက်ကို ဖမ်းထားတယ်။ သူက ကျုပ်တို့ဆီမှာ ရှိနေတယ်။ သူ့ကို အိမ်ကဖမ်းလာတာ။ ခင်ဗျားတို့ ခဲနဲ့ဆက်ပေါက်နေမယ်ဆိုရင် သူ့ကို ခင်ဗျားတို့အရှေ့မှာပဲ သတ်ပစ်မယ်” လို့ သူတို့ဖမ်းထားတဲ့ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ရည်ညွှန်းပြီး အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီလူငယ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    “အိမ်ပြန်တော့၊ မပြန်ရင် ခင်ဗျားတို့ကို မသေမချင်း ဓာတ်ငွေ့လွှတ် သတ်ပစ်မယ်။ ခင်ဗျားတို့မိသားစုတွေ၊ ခင်ဗျားတို့ရဲ့ ကလေးတွေ၊ လူတိုင်းကို ကျုပ်တို့သတ်ပစ်မယ်”

    မိမိတို့ရဲ့ ပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်တာကို မကျေနပ်တဲ့ အိုင်ဒါဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေကတော့ မျက်ရည်ယိုဗုံးတွေကို အသုံးပြု ဟန့်တားခဲ့ပြီး ပါလက်စတိုင်းလူငယ်တွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ဒီလို နှိမ်နှင်းရတာလို့ ပြောခဲ့ပါတယ်။

    အိုင်ဒါ ဒုက္ခသည်စခန်းဟာ မိမိတို့ရဲ့ ဇာတိမြေမှာနေရင်း အစ္စရေးကြောင့် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြတဲ့ ပါလက်စတိုင်း ပြည်သူတွေထဲက တစ်စုသာ ဖြစ်ပါတယ်။

    The Times of Israel သတင်းစာကတော့ အဲဒီလို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ရာထူးကနေ ခေတ္တ ရပ်ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ပါလက်စတိုင်းအမျိုးသား မိုဟာမက် အလ်-အက်ဇာက အဲဒီအဖြစ်အပျက်ဟာ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေဟာ ဂျစ်ကားနဲ့လာပြီး စခန်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်သွားခဲ့ပြီးတဲ့နောက် အထက်ပါအတိုင်း လော်စပီကာနဲ့ အော်သွားတာလို့ ဆိုပါတယ်။

    “စခန်းထဲကလူတိုင်းက အဲဒီကိစ္စကိုပဲ ပြောနေကြတာပါ။ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုတွေပေါ့။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတစ်ယောက်ဟာ မျက်ရည်ယိုဗုံးက ဓာတ်ငွေ့နဲ့ သေဆုံးခဲ့ရတာကြောင့် သူတို့က အဲဒါကို ကြောက်နေကြပါတယ်။ အစ္စရေး ကျူးကျော်တပ်ဖွဲ့တွေက ဒါမျိုးလုပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်” လို့ အလ်-အက်ဇာက ပြောခဲ့ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ “ကာကွယ်ရေးတပ်ဖွဲ့” လို့ သတ်မှတ်ပြီး အခုတစ်ခါမှာ “ကျူးကျော်တပ်ဖွဲ့တွေ” လို့ ကြေငြာသွားတာဟာလည်း သမရိုးကျမဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

    “ဒါက အရင်နဲ့မတူပါဘူး။ ကျွန်တော် ၀မ်နည်း၊ ၀မ်းသာ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ (အစ္စရေးတွေက) ပထမဆုံး သူတို့ကိုယ်သူတို့ ကျူးကျော်သူတွေလို့ သုံးနှုန်းတာကို ကြားရလို့ပါ။ တစ်ခြားနိုင်ငံတွေက ဒါကို ကြားသွားရင် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မျက်ရည်ယိုဗုံး သုံးပြီး၊ ဘာအကြာင်းမှမရှိဘဲ သတ်မယ်လို့ ခြိမ်းခြောက်သွားတာကိုတော့ ဒေါသဖြစ်ပါတယ်”

    အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့တဲ့ ဗီဒီယိုကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းတွေရဲ့ နေထိုင်ခွင့်နဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာတွေကို ကြိုးပမ်းဆောင်ရွက်ပေးနတဲ့ Badil Resource Centre for Palestinian Residency and Refugee Rights အဖွဲ့ကတော့ ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က ဒီလိုကြေငြာမှုဟာ “အိုင်ဒါ ဒုက္ခသည်စခန်းက ပါလက်စတိုင်းပြည်သူတွေကို အလွန်ဆိုးရွားတဲ့ နည်းလမ်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်လို့ ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ခြိမ်းခြောက်မှုသာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကြေငြာချက်ဟာ လူသားတွေရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးတွေလို သထေားတယ်ဆိုတာ ထင်ရှားနေသလို၊ နိုင်ငံတကာ ဥပဒေတွေကို အစ္စရေးတပ်ဖွဲ့တွေက မလိုက်နာဘူးလားဆိုတဲ့ စိုးရိမ်မှုတွေကို အလွန်အမင်းကို မြင့်တက်စေပါတယ်” လို့  Badil အဖွဲ့က ဆိုပါတယ်။

    နောက်ပြီး ဒီအဖြစ်အပျက်အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    အဲဒီလိုအဖြစ်အပျက်အတွင်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ၇၀ သေဆုံးခဲ့ပါတယ်။ မိမိတို့ရဲ့ပိုင်နက်ကို ကျူးကျော်သိမ်းပိုက်မှု၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှု စတာတွေကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေကလည်း ဓားနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အစ္စရေး ၉ ဦး သေဆုံးခဲ့ပါတယ်။

    “(အစ္စရေးရဲ့ ဒီလိုကြေငြာမှုဟာ) ကိုယ်ကျင့်တရားပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ဆိုးဆိုးဝါးဝါး စော်ကားဖောက်ဖျက်လိုက်တာဖြစ်ပြီး၊ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းက ပြည်သူတွေကို အကြမ်းဖက်တို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုနဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်မယ်ဆိုတဲ့ ရည်ညွှန်းမှုဟာ အစ္စရေးစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အရေးမယူပဲထားတဲ့ အခြေအနေကနေ ထွက်ပေါ်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်”

    ref: aljazeera

  • ဟစ်တလာကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးချင်သူ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု

    ဟစ်တလာကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးချင်သူ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု

    အောက်တိုဘာ ၂၃ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    hitler5.
    – ဂျူးလူမျိုးအားလုံးကို သုတ်သင်ဖို့ဆိုတဲ့ ကြိုးပမ်းမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့တာဟာ အဒေါ့ဖ် ဟစ်တလာ ခေါင်းဆောင်တဲ့ နာဇီဂျာမနီသာ ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စတစ်ခုပါ။
    .
    ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီသဘောထားဟာ ဟစ်တလာရဲ့ သဘောထားမဟုတ်ဘဲ ၁၉၄၁ ခုနှစ်မှာ ဟစ်တလာနဲ့ တွေ့ဆုံခဲ့တဲ့ အဲဒီအချိန်က ဂျေရုစလင်မွဖ်သီ ဟဂ်ျ အေမင် အလ်-ဟူစိန်နီက အကြံပေးခဲ့တာဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောဆိုခဲ့ပါတယ်။
    .
    “အဲဒီအချိန်တုန်းက ဟစ်တလာဟာ ဂျူးလူမျိုးတွေကို လူမျိုးတုန်း မသုတ်သင်ချင်ပါဘူး။ မောင်းပဲ မောင်းထုတ်ချင်ခဲ့တာ။ ဒါပေမယ့် ဟဂ်ျ အေမင် အလ်ဟူစိန်နီက ဟစ်တလာဆီသွားပြီး ‘သူတို့ကို မောင်းထုတ်ရင်၊ သူတို့ ပါလက်စတိုင်းကို ရောက်လာမှာပေါ့’ (လို့ ပြောခဲ့တယ်) ‘ဒါဆို ဘယ်လိုလုပ်ရမလဲ’ လို (ဟစ်တလာက) ပြန်မေးတဲ့အခါ (ဟူစိန်နီက) ‘မီးရှို့ပစ်လိုက်’ လို့ ပြန်ဖြေခဲ့တယ်” လို့ အောက်တိုဘာ ၂၀ ရက်နေ့ ဂျရုစလင်မှာ ပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် ဇီယွန်ကွန်ဂရက်မှာ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
    .
    ဟူစိန်နီဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ပြီး ပါလက်စတိုင်းသမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    အထောက်အထားမဲ့
    ———————
    နေတန်ယာဟုရဲ့ ဒီ သွားပုပ်လေလွင့်ပြောကြားမှုကို သက်သက်ပြနိုင်တဲ့ ဗီဒီယို၊ အသံမှတ်တမ်း ရေးသားချက်တွေ ဘာဆိုဘာမှ မရှိပါဘူး။ (နေတန်ယာဟုကတော့ ဟစ်တလာရဲ့လက်ထောက် အိုက်ခမန်းက တရားစီရင်မှုမှာ ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်)
    .
    ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ဖိနှိပ်မှုတွေကို ကာကွယ်ဖို့ ရမယ်ရှာ ပြောဆိုလေ့ရှိတဲ့ နေတန်ယာဟုရဲ့ ဒီစကားအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာပါ ဝေဖန်သံတွေ ညံခဲ့ပါတယ်။
    .
    တစ်ချို့ကတော့ နေတန်ယာဟုဟာ စက်ဆုပ်စရာအကောင်းဆုံး ဟိုလိုကော့စ် (ဂျူးများအား လူမျိုးတုန်းသတ်ဖြတ်ရန် နာဇီတို့၏ အစီအစဉ်) ကနေ ဟစ်တလာကို ဖယ်ထုတ်လိုက်ပြီး ဓာတ်ငွေ့ခန်းတွေ၊ လက်ဖြောင့်တပ်ဖွဲ့တွေသုံး ဂျူး ၆ သန်းကျော်ကို စနစ်တကျ သတ်ဖြတ်မှုအတွက် ဟူစိန်နီကို အပြစ်တင်လိုက်တာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
    .
    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO အတွင်းရေးမှူး ဗိုလ်ချုပ် စအီဘ် အီရာကသ်က နေတန်ယာဟုရဲ့ ဒီအခြေအမြစ်မရှိ ပြောကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ တကယ်တော့ နာဇီတွေက ဂျူးတွေကို နှိပ်ကွပ် သတ်ဖြတ်နေတာတွေ ရပ်တန့်စေဖို့ ပါလက်စတိုင်းတွေဟာ မဟာမိတ်တွေနဲ့အတူ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ကြသူတွေပါ။
    .
    “နာဇီအာဏာရှင်တွေကို တွန်းလှန်ဖို့အတွက် ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုတွေဟာ ကျွန်တော်တို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းကြောင်း အစိတ်အပိုင်းတစ်ခုပါပဲ” လို့ အီရာကသ်က ပြောခဲ့ပါတယ်။
    .
    ပြီးခဲ့တဲ့ သီတင်းပတ်တွေကနေ စတင်လာခဲ့တဲ့ ပါလက်စတိုင်းပိုင်နက်အတွင်းက တင်းမာမှုတွေကို တည်ငြိမ်စေဖို့ အတွက် နေတန်ယာဟုအနေနဲ့ လက်လွတ် စပယ်ပြောဆိုတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး တိုက်တွန်းထားတဲ့အချိန်မှာ နေတန်ယာဟုက ဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။
    .
    “(နေတန်ယာဟုရဲ့) ဆိုးရွားတဲ့ ဒီမှတ်ချက်တွေဟာ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို အလိုအပ်ဆုံးဖြစ်နေတဲ့ ဒီနေ့အချိန်မှာ ကွဲပြဲမှုကို ပိုပြီး နက်ရှိုင်းစေပါတယ်။ ဒီမှတ်ချက်တွေဟာ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ဖို့ မီးထိုးပေးလိုက်သလိုဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်ကို ထပ်မံကျူးကျော်သိမ်းပိုက်ဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်” လို့ အီရာကသ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    150126102625-01-auschwitz-liberation-0126-exlarge-169
    .
    အန္တရာယ်ရှိသော သမိုင်းရုပ်ဖျက်မှု
    ———————————–
    နေတန်ယာဟုရဲ့ ဒီပြောကြားချက်တွေကို အစ္စရေးတွေကိုယ်တိုင်က ဆန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ အဓိကအတိုက်အခံ ဇီယွန်နစ်ပါတီ အကြီးအကဲ အိုက်ဇက် ဟာဇော့ဂ်က နေတန်ယာဟုဟာ အစ္စရေး ၀န်ကြီးချုပ်ဖြစ်ရုံသာမက ဂျူးလူမျိုးတွေရဲ့ဝန်ကြီးချုပ် ဖြစ်တယ် ဆိုတာကို မေ့သွားပြီးလို့ ဆိုပါတယ်။
    .
    “ဒါဟာ အန္တရာယ်ရှိတဲ့ သမိုင်းရုပ်ဖျက်မှုပါ။ ဒါကို မဆိုင်းမတွပြင်ဆင်ဖို့ နေတန်ယာဟုကို ကျွန်တော် တိုက်တွန်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ရဲ့ ပြောကြားမှုတွေက ဟိုလိုကော့စ်အဖြစ်အပျက်ကို သေးနုပ်စေပြီး၊ ဒီအဖြစ်အပျက်အတွင်းမှာ ကျွန်တော်တို့ လူမျိုးတွေအပေါ် နာဇီတွေနဲ့ အာဏာရှင် ဟစ်တလာတို့က စီစဉ်ခဲ့တဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်ဆိုးတွေ ကိုလည်း သေးနုပ်စေခဲ့ပါတယ်။ နောက်ပြီး ဟိုလိုကော့စ် ငြင်းပယ်သူတွေကို ဂွင်ဆင်ပေးလိုက်သလို ဖြစ်နေပြီး သူတို့ကို ပါလက်စတိုင်းတွေနဲ့ ပဋိပက္ခတွေဖြစ်အောင် လုပ်ပေးလိုက်တာပါပဲ” လို့ ဟာဇော့ဂ်က ဆိုပါတယ်။
    .
    ကမ္ဘာကလည်း ပြောပြီ
    —————————
    ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ၊ ဂျူးတွေ၊ အနုပညာရှင်တွေကလည်း နေတန်ယာဟုရဲ့ ဒီမှတ်ချက်တွေကို ရှုတ်ချခဲ့ကြပါတယ်။
    .
    အင်္ဂလန်မှာရှိတဲ့ လက်စတာတက္ကသိုလ်က ခေတ်သစ် ဥရောပနှင့် ဂျူးသမိုင်းပညာရှင် ကလော်ဒီယာ ပရက်စ်တဲလ်က ဟစ်တလာ ဂျူးတွေကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းမွဖ်သီ ဟူစိန်နီက လွှမ်းမိုးမှုရှိတယ်ဆိုတဲ့အကြောင်း သူမ ဘယ်တုန်းကမှ မကြားဖူး၊ မဖတ်ဖူးဘူးလို့ ဆိုပါတယ်။
    .
    “ဂျူးတွေကို နာဇီတွေက မောင်းထုတ်နေတာ၊ သတ်ဖြတ်နေတာတွေ ကောင်းကောင်း ဖြစ်နေတဲ့အချိန်မှ မွဖ်သီက ဘာလင်ကို ရောက်လာ ခဲ့တာပါ။ (ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့) ဗြိတိန်ကို ဆန့်ကျင်တဲ့အတွက် နာဇီကို ထောက်ခံတာကိုတော့ ထည့်တွက်လို့ မရပါဘူး” လို့ ပရက်စ်တဲလ်က ပြောခဲ့ပါတယ်။
    .
    အစ္စရေး-ပါလက်စတိုင်း သုတေသနနဲ့ သတင်းအချက်အလက်စင်တာကို တည်ထောင်ခဲ့သူ ဂါရှန် ဘတ်စ်ကင်ကလည်း နေတန်ယာဟုရဲ့ ဒီလိုပြောကြားမှုဟာ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက နာဇီတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အစ္စရေးက အရပ်ပြောစကားတွေကို ခိုင်မာစေဖို့ ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။
    .
    “မနေ့က (အောက်တိုဘာ ၂၀ရက်နေ့က) ဘန်ကီမွန်နဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ နေတန်ယာဟုက (ပါလက်စတိုင်းသမ္မတ) အဘတ်စ်ဟာ ဟားမက်စ်နဲ့ IS အဖွဲ့လိုမျိုးသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေအားလုံးဟာ လှုံ့ဆော်မှုတွေသာဖြစ်ပြီး ယုတ္တိမရှိတဲ့ ကိစ္စတွေပါပဲ” ဘတ်စ်ကင်က ဆိုပါတယ်။
    .
    “လူတိုင်းက သူ့ကို ကောင်းကောင်း ပြောနေကြပါတယ်။ Facebook နဲ့ Twitter တွေမှာ သွားပြီး နေတန်ယာဟုကို ဟီဘရူးဘာသာ စကားနဲ့ပြောထားတဲ့ မှတ်ချက်တွေကို ကြည့်ရင် သိရပါလိမ့်မယ်။ သူဟာ သမိုင်းဆရာရဲ့ သားဖြစ်ပေမယ့်၊ သမိုင်းကို နကန်းတစ်လုံးမှ မသိတဲ့ လူတစ်ယောက်ပါပဲ”
    .
    ဗြိတိန်က ဂျူးလူရွှင်တော် ဒေးဗစ် ရှနိုက်ဒါကလည်း နေတန်ယာဟုကို Twitter ကနေတစ်ဆင့် လှောင်ပြော ပြောခဲ့ပါတယ်။
    .
    “သေချာတာပေါ့ နေတန်ယာဟုရေ။ ဟစ်တလာဆိုတဲ့လူက အမြဲတမ်း ပေါ့ပေါ့နေပေါ့ပေါ့စား၊ နမော်နမဲ့ လူမျိုးမှတ်လား။ ဂျူးတွေကို ဘယ်လိုလုပ်ရမလဲဆိုတဲ့  ကိစ္စမှာ အကြံတွေဘာတွေ ယူချင်မှာပေါ့”

    800px-Rows_of_bodies_of_dead_inmates_fill_the_yard_of_Lager_Nordhausen,_a_Gestapo_concentration_camp
    .
    ဂျာမနီ အဓိပတိ မာကဲလ်လည်း မနေသာတော့
    ——————————
    ဂျေရုစလင်မှာ ပြောခဲ့တာကို အားမရသေးတဲ့ နေတန်ယာဟုဟာ အောက်တိုဘာ ၂၁ ရက်နေ့ ဘာလင်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဟိုလိုကော့စ် အတွက် တာဝန်ရှိသူဟာ ဟစ်တလာဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို ဟူစိန်နီရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ငြင်းဆန်လို့ မရဘူးလို့ ဆိုပါတယ်။
    .
    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကတော့ နေတန်ယာဟုရဲ့ စည်းလွတ်ဝါးလွတ်ပြောကြားမှုကို လက်မခံခဲ့ဘဲ ဟိုလိုကော့စ်အတွက် ဂျာမနီသာလျှင် တာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။
    .
    “သမိုင်းအပေါ် ကျွန်မတို့ရဲ့ ရှုမြင်ပုံကို ပြောင်းလဲစရာ ဘာအကြောင်းမှ မရှိပါဘူး။ အထူးသဖြင့် ဒီပြဿနာနဲ့ ပတ်သက်လို့ပေါ့။ ဟိုလိုကော့စ်အတွက် ကျွန်မတို့ ဂျာမနီသာ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်” လို့ နေတန်ယာဟုရှေ့မှာပဲ မာကဲလ်က ပြောကြားခဲ့ပါတယ်။
    .220px-Ebensee_concentration_camp_prisoners_1945
    သမိုင်းကြောင်း
    ———————-
    ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေးသဘောထားဟာ မှတ်တမ်း အတိအကျ ရှိနေပါတယ်။ အဲဒီတစ်ထဲက တစ်ခုကတော့ ၁၉၁၉ ခုနှစ်မှာ ဂျာမနီ ကြည်းတပ်က စစ်ဗိုလ်တစ်ယောက်ဆီကို ဟစ်တလာရေးတဲ့စာထဲမှာ ဂျူးဆိုတာ ဘာသာတရားမဟုတ်ဘဲ လူမျိုးတစ်မျိုးသာဖြစ်ပြီး အဲဒီလူမျိုးဟာ ဂျာမနီလူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ပြောင်ပြောင်ပဲ ရေးသားဖော်ပြထားပါတယ်။
    .
    “နောက်ဆုံးရည်ရွယ်ချက်ကတော့ ဂျူးတွေကို ရှင်းပစ်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့ တစ်နိုင်ငံလုံးအပေါ် သြဇာသက်ရောက်တဲ့ အစိုးရတစ်ခုတည်းကသာလျှင် လုပ်နိုင်ပါလိမ့်မယ်” လို့ ဟစ်တလာက အဲဒီစာထဲမှာ ရေးသားခဲ့ပါတယ်။ ဒီစာကိုတော့ နုရင်ဘတ်က နာဇီမော်ကွန်းတိုက်မှာ တွေ့ခဲ့ရတာဖြစ်ပြီး အခုတော့ Simon Wiesenthal Center မှာ ရှိနေပါတယ်။
    .
    နောက်ဆုံးမှာ ဟစ်တလာဟာ အဲဒီလိုအစိုးရမျိုးကို ဦးဆောင်နိုင်ခဲ့ပြီး ဥပဒေပြဌာန်းခြင်း၊ ဂတ်တိုတွေထဲကို မောင်းထုတ်ခြင်း၊ လက်ဖြောင့်တပ်သားတွေနဲ့ပစ်သတ်ခြင်း၊ မရဏစခန်းတွေထဲမှာ သတ်ဖြတ်ခြင်းတွေကနေ တစ်ဆင့် ဂျူးကင်းစင်ရေး ပေါ်လစီတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ပါလက်စတိုင်းမွဖ်သီ ဟိုစိန်နီနဲ့ မတွေ့ဆုံခင်ကတည်းက အကောင်အထည်ပေါ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
    .
    အင်္ဂလိပ်ကိုလိုနီဖြစ်နေတဲ့ ပါလက်စတိုင်းနယ်မြေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ ဟူစိန်နီကို အင်္ဂလိပ်နဲ့ ပြင်သစ်တို့က ဖမ်းဖို့ ကြိုးစားရာမှာတော့ ဟူစိန်နီတစ်ယောက် ထွက်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဂျာမနီကို ရောက်လာခဲ့ပါတယ်။ နောက်ပြီး ဟစ်တလာနဲ့လည်း ၁၉၄၁ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။
    .
    ဒါပေမယ့် သူ ဒီလိုတွေ့ဆုံတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်တဲ့ ဘာဘီယာရ် (Babi Yar)၊ ဂျက်ဝါဘ်နီ (Jedwabne) တို့လို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လအတော်ကြာ ကတည်းက ဖြစ်ခဲ့ပြီးပါပြီ။
    .Eines_von_3_Massengräbern_in_Bergen-Belsen,_so_wie_es_von_den_Befreiern_vorgefunden_wurde,_1945
    မီးလောင်ရာလေ့ပင်
    ———————–
    အစ္စရေးစစ်သားတွေနဲ့ ဂျူးအစွန်းရောက်တွေဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ပြီးခဲ့တဲ့လမှာ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေအတွင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီလို ပြောဆိုမှုဟာ တင်းမာမှုတွေ ပိုပြီး မြင့်တက်လာအောင် မီးလောင်ရာ လေပင့်ပေးလိုက်တာပါပဲ။
    .
    ဂျူး-မွတ်စလင် ချစ်ကြည်ရေးကို မြှင့်တင်ဆောင်ရွက်ပေးနေတဲ့ မန်ဟက်တန်ကောလိပ်က မဟ်နဇ် အက်ဖ်ရီဒီက ဒီလိုအချိန်မျိုးမှာ ဒီလိုမှတ်ချက်တွေဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်စေတယ်လို့ ဆိုပါတယ်။
    .
    အရှေ့အလယ်ပိုင်းက မွတ်စလင်တွေဟာ ဟိုလိုကော့စ်ကို မငြင်းပယ်ကြပေမယ့် ဥရောပက ပြုလုပ်လိုက်တဲ့ ဒီရာဇ၀တ်မှုကြောင့် ဆယ်စုနှစ်ချီ ကြာလာတဲ့ အခုအချိန်မှာ အစ္စရေးရဲ့ ဗိုလ်ကျမှုကို ခံနေရတယ်လို့ ရှုမြင်နေကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နာဇီတို့ရဲ့လုပ်ရပ်ကို ထင်ရှားတဲ့ ပါလက်စတိုင်း ပညာရှင်တစ်ဦးနဲ့ ဆွဲချိတ်လိုက်တာဟာ လက်ရှိ မတည်ငြိမ်တဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာပဲလို့ အများစုက ရှုမြင်နေကြပါတယ်။
    .
    “ကျွန်တော်တို့ ဒါမျိုး မလိုချင်တော့ပါဘူး။ ဒီလိုပြောတာဆိုတာဟာ ဒေါသတွေ၊ မခံချင်စိတ်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေကိုသာ ပိုပြီးဖြစ်စေပါတယ်” လို့ အက်ဖ်ရီဒီက ပြောကြားခဲ့ပြီး ဟူစိန်နီဟာ ဟစ်တလာနဲ့ တစ်ကြိမ်သာ တွေ့ဆုံခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ (တကယ်တော့ ဟစ်တလာ တစ်ခိုးထွားနေတဲ့အချိန်မှာ ကမ္ဘာပတ်ပြီး နယ်မြေသိမ်းပိုက်နေတဲ့ ဗြိတိန်အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဂျာမနီကို တကူးတကသွားရောက်ပြီး ဟစ်တလာနဲ့တွေ့ဆုံတာ သဘောတူညီချက်တွေ၊ စာချုပ်တွေ ချုပ်ဆိုခဲ့တဲ့ သမိုင်းမှတ်တမ်းတွေလည်း အထင်အရှား ရှိနေပါတယ်)
    .
    Ref: CNN,Aljazeera

  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)

    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။

    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။

    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။

    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။

    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။

    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။

    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။

    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။

    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။

    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။

    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။

    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။