News @ M-Media

Tag: Netherlands Muslims

  • နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    မေ ၁၈၊ ၂၀၁၉
    M-Media

    နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါး (ရွှေရောင်ဆံပင်ဖြင့်)

    – နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါးဟာ မနေ့က သည်ဟေ့ဂ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝါဖြေခဲ့တယ်လို့ သိရပါတယ်။

    ဘုရင် ဝီလီယံဟာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝါဖြေတဲ့ Mandelaplein စင်တာကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့ ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေက အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘုရင်ကတော့ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အကြောင်းမကြားတာလို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    ဘုရင်ဝီလီယံဟာ စင်တာအတွင်းက စားပွဲတွေကို လှည့်လည်စားသောက်ခဲ့ပြီး ဝါဖြေသူတွေ၊ စင်တာလုပ်သားတွေနဲ့လည်း စကားစမြည် ပြောဆိုခဲ့ပါတယ်။ Mandelaplein စင်တာရဲ့အကြောင်း၊ စင်တာမှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း ဘုရင်က မေးမြန်းခဲ့ပါတယ်။

    စင်တာမှာ လုပ်အားပေးတဲ့ နီဒီးရ် အဘ်ဒဲလ် မူမင်က ဘုရင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ပြောစရာစကား ရှာမတွေ့ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

    “ဘာအကြောင်း ပြောရမလဲ၊ နိုင်ငံရေးအကြောင်းပဲ ပြောရမလားပေါ့။ ဘုရင်ကြီးက မော်ရိုကိုရောက်တုန်း သူ သွားလည်ခဲ့တဲ့ဒေသအကြောင်းတွေ ပြောတော့မှပဲ အဆင်ပြေသွားတယ်။ ဒီဝါဖြေပွဲဟာ သူ့အတွက် ပထမဆုံး ဝါဖြေပွဲဖြစ်တယ်လို့ ဘုရင်ကြီးက ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း လိုလေသေးမရှိ ပြုစုခဲ့ပါတယ်”

    Ref: NL Times

  • ဗလီကို အကြမ်းဖက်တိုက်ခိုက်သည့် လူ ၅ ဦးကို နယ်သာလန်က ထောင်ဒဏ်များချမှတ်

    ဗလီကို အကြမ်းဖက်တိုက်ခိုက်သည့် လူ ၅ ဦးကို နယ်သာလန်က ထောင်ဒဏ်များချမှတ်

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    nether

    – နိုင်ငံအရှေ့ပိုင်း အန်ဆီဒေးမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးအား ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခဲ့သူ လက်ယာအစွန်းရောက်သမား ၅ ဦးကို နယ်သာလန်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း မည်သူမှ ဒဏ်ရာရရှိခြင်းမရှိဘဲ ဗလီဝတ်ကျောင်းတော်မှာလည်း ကြီးမားသည့်ပျက်ဆီးမှုမျိုး မဖြစ်ခဲ့ပေ။ ကြာသာပတေးနေ့က အမိန့်ချမှတ်မှုတွင် တရာရုံးက အဆိုပါတိုက်ခိုက်မှုတွင် ‘အကြမ်းဖက်လိုသည့် ၀ိသေသလက္ခဏာများ’ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပြစ်မှုကျူးလွန်သူများ၏ အမည်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    “လက်ယာစွန်းရောက်ပြီး လူမျိုးရေးခွဲခြားတဲ့ သူတို့ရဲ့ အယူအဆကို ဒီလိုနည်းလမ်းနဲ့ ဖော်ပြခြင်းက အထူးသဖြင့် အန်ဆီဒေးမြို့က ဗလီဝတ်ကျောင်းတော်ကို သွားရောက်နေတဲ့ လူတွေ၊ ယေဘူယျအားဖြင့် ဒက်ခ်ျမွတ်စလင်လူ့အဖွဲ့အစည်းကို ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်” ဟု တရားရုံး၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    နယ်သာလန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၂၀၁၅ ခုနှစ် ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

    Ref : Foxnews