မေ ၁၈၊ ၂၀၁၉
M-Media

– နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါးဟာ မနေ့က သည်ဟေ့ဂ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝါဖြေခဲ့တယ်လို့ သိရပါတယ်။
ဘုရင် ဝီလီယံဟာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝါဖြေတဲ့ Mandelaplein စင်တာကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့ ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေက အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘုရင်ကတော့ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အကြောင်းမကြားတာလို့ ပြောကြားခဲ့ပါတယ်။
အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
ဘုရင်ဝီလီယံဟာ စင်တာအတွင်းက စားပွဲတွေကို လှည့်လည်စားသောက်ခဲ့ပြီး ဝါဖြေသူတွေ၊ စင်တာလုပ်သားတွေနဲ့လည်း စကားစမြည် ပြောဆိုခဲ့ပါတယ်။ Mandelaplein စင်တာရဲ့အကြောင်း၊ စင်တာမှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း ဘုရင်က မေးမြန်းခဲ့ပါတယ်။
စင်တာမှာ လုပ်အားပေးတဲ့ နီဒီးရ် အဘ်ဒဲလ် မူမင်က ဘုရင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ပြောစရာစကား ရှာမတွေ့ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
“ဘာအကြောင်း ပြောရမလဲ၊ နိုင်ငံရေးအကြောင်းပဲ ပြောရမလားပေါ့။ ဘုရင်ကြီးက မော်ရိုကိုရောက်တုန်း သူ သွားလည်ခဲ့တဲ့ဒေသအကြောင်းတွေ ပြောတော့မှပဲ အဆင်ပြေသွားတယ်။ ဒီဝါဖြေပွဲဟာ သူ့အတွက် ပထမဆုံး ဝါဖြေပွဲဖြစ်တယ်လို့ ဘုရင်ကြီးက ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း လိုလေသေးမရှိ ပြုစုခဲ့ပါတယ်”
Ref: NL Times