News @ M-Media

Tag: NyeinChanAye

  • “9/11 နှစ်ပတ်လည်နေ့ အတွေးများ” (ငြိမ်းချမ်းအေး)

    “9/11 နှစ်ပတ်လည်နေ့ အတွေးများ” (ငြိမ်းချမ်းအေး)

    ငြိမ်းချမ်းအေး
    ၁၁၊ စက်တင်ဘာ၊ ၂၀၁၃
    911

    Artificial Sweeteners တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်။ ဖျက်အားမြင့် ဓါတုလက်နက်တွေ အီရတ်မှာ ရှိတယ်။ လင်ခဏ ခဏ ယူတတ်တဲ့ ရုပ်ရှင်မင်းသမီးချောက အချစ် အတွက် လက်ထပ်တယ်။

    ဒါတွေဟာ စာနယ်ဇင်း မီဒီယာ တွေမှာ တွေ့ရတတ်တဲ့ သတင်းခေါင်းကြီးတွေပါ။

    Die Hard 4 (၂၀၀၇) ဇာတ်ကား အဖွင့်မှာပါတဲ့ IT Geek လက်မမျိုးဆက် ခေတ်လူငယ် ကောင်လေး နဲ့ မျိုးဆက်ဟောင်း ရဲအရာရှိ ဂျွန်မက္ကလိန်း တို့ရဲ့ စကားပြောခန်းက စိတ်ဝင်းစားဖို့ ကောင်းတယ်။

    အိုင်တီပညာရှင် Hacker ကောင်လေးကို စစ်ဆေးမေးမြန်းဖို့ ဝါရှန်တန် ကို ခေါ်လာတဲ့ လမ်း ကားပေါ်မှာ ပထမ ရဲအိုကြီးက CCR ရဲ့ Classic Rock သီချင်းတွေ လွှင့်နေတဲ့ ရေဒီယိုလိုင်းကို ဖမ်း နားထောင်နေတယ်။

    ကောင်လေးက “အိုတိုင်း၊ ဟောင်းတိုင်း ဂန္တဝင်မြောက်တယ်လို့ မဆိုနိုင်ဘူး” လို့ ဆိုလိုက်တယ်။ ရဲအိုကြီးက ပြန် အငြင်းမပွားဘဲနဲ့ ခဏနေတော့ သတင်းလိုင်း ကို ပြောင်းလိုက်တယ်။ အဲဒီအခါမှာလည်း ကောင်လေးက သိပ်ကျေနပ်ပုံ မရဘူး။

    ဒါနဲ့ ရဲအိုကြီးက “ဘာလဲ… မင်းက သတင်းတွေ နဲ့လည်း ပြဿနာ ရှိတာပဲလား (သတင်းတွေကိုလည်း မကြိုက်ပြန်ဘူးလား)” လို့ မေးတယ်။
    ကောင်လေးက ပြန်ဖြေတယ်။

    “ဟုတ်ပါ့ ဗျာ။ ကျနော့် မှာ သတင်းတွေနဲ့ ပတ်သက်လို့ သိပ်ကို ကြီးမားတဲ့ ဘုရားစူး (သောက်) ပြဿနာ တွေ ရှိတာပေါ့..” လို့ ပြန်ဖြေရင်း နေ့စဉ်၊ နေ့တိုင်း ကြားနေရ၊ မြင်နေရသမျှတွေဟာ မီဒီယာ အုပ်စု ကြီးတွေရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ် ကြိုးကိုင် ပြုပြင်ထားတဲ့၊ သူတို့ မြင်စေချင်၊ ကြားစေချင်၊ ပုံဖော်ချင်တဲ့ မျက်နှာစာ အပိုင်းတွေသာ ဖြစ်ကြောင်း၊ လူတွေကို အကြောက်တရား နဲ့ အသက်ရှင် နေထိုင်စေဖို့ အမြဲ ကြိုးစားလေ့ ရှိကြောင်းတွေ ဆက်ပြောတယ်။

    ကောင်လေး ပြောသွားတဲ့ သဘောဟာ အရင်းရှင် ကမ္ဘာ မီဒီယာ ရဲ့ သရုပ် အမှန်ပဲဖြစ်တယ်။ အဓိက ကမ္ဘာ့ မီဒီယာ အားလုံးရဲ့ ယေဘုယျ သဘောလည်း ဖြစ်တယ်။ အာဏာရှင် စနစ်မှာ သတင်းဟာ အင်္ဂါစုံ မွေးဖွားတဲ့ အဆင့်ကို မရောက်ဘူး။ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာကျ အများအားဖြင့် ပုံဖျက် မွေးဖွားခြင်းခံရတယ်။

    ဒီလိုနဲ့ သတင်းတွေဟာ လူတွေကို ယောဂ သင်တန်းတွေ သွားစေတယ်။ “စိတ်ဖိစီးမှု” ဆိုတဲ့ စကားလုံး က လူတွေကို ထပ်ဆင့် စိတ်ဖိစီးစေတယ်။ အစား အစာတွေကို ရှောင်စေတယ်။ လက်ဖက်ရည်လေး၊ ကော်ဖီလေး တခွက် သောက်ဖို့ကို ကြောင့်ကြစေတယ်။ ဘာကို ယုံရမှန်း မသိဖြစ်စေတယ်။ အကြောက်တရား နဲ့ နေထိုင်စေတယ်။
    “War On Terrorism” ဆိုတာ မှန်ပါ့လား၊ ဟုတ်ပါ့လား၊ လိုပါ့လား တွေ ဖြစ်ကုန်စေတယ်။ လူတချို့ကို အစွဲနဲ့ ကြိုတင်ကောက်ချက်တွေ ဖြစ်စေတယ်။ အပေါ်ယံ လူပုံပန်း သဏ္ဌာန် ကို ကြည့်ပြီး အကျင့်၊ စာရိတ္တ ကို မှန်းဆ ကောက်ချက်စွဲမှုတွေ ဖြစ်စေတယ်။

    ဒီလိုနဲ့ “War On War-Mongers” “စစ်ကိုဖန်တီးလိုသူတွေကို ဆန့်ကျင်ဖို့၊ တိုက်ခိုက်ဖို့၊ အပြစ်တင်ဖို့” လူအများ မေ့ကုန်ကြတယ်။ စစ်ကြောင့် ကျိကျိတက် ချမ်းသာ အကျိုးစီးပွားရနေသူတွေ ရဲ့ သတင်းတွေ မှိန်ကုန်တယ်။ ဘဏ္ဍာရေး နဲ့ ငွေကြေး အုပ်စုကြီးတွေ က လူတွေရဲ့ ဦးရေခွံတွေ ခွာနေတာ၊ ပါးပါးလှီးနေတာဟာ နောက်တန်းရောက်ကုန်တယ်။ စီးပွားရေးအုပ်စုကြီးတွေ ကမ္ဘာ အနှံ့ အလုပ်သမားတွေရဲ့ ဘဝကို ချနင်းရင်း ချမ်းသာ သထက် ချမ်းသာ၊ ကြီးထွားသထက် ကြီးထွားလာနေမှုတွေဟာ ခပ်ပါးပါးပဲ မြင်ရတယ်။ လမ်းပေါ်ကလူတွေ အကြောင်း၊ အဖေ ခေါ်စရာမရှိတဲ့ ကလေးတွေ အကြောင်း၊ ငွေကြေးအတွက် သွေးသားကို အရောင်းအဝယ် ပြုနေရသူတွေ အကြောင်းဟာ ထောင့်တနေရာမှာ ရောက်သွားတယ်။

    နည်းပညာ မျိုးဆက် Touch Screen တွေပေါ် လက်ကလေးတွေ ကစားတတ်တဲ့ မျိုးဆက်သစ်က ဒီအနေအထား ကို လက်မခံဘူး။ ဒီလိုနဲ့ မီဒီယာ အုပ်စုကြီးတွေရဲ့ အာဘော်တွေနဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင် Blog တွေ ပေါ်လာတယ်။ Social Media တွေပေါ်ကနေ သတင်း နဲ့ အမြင်၊ အာဘော်တွေကို ဖြန့်တယ်။ ခေတ်သစ် ကွန်ပျူတာ အိုင်တီ Web နည်းပညာမှာ Wiki ဆိုတဲ့ စကား၊ သဘော နဲ့ နည်းပညာ ပေါ်လာတယ်။ Wiki technology ရဲ့ အဓိက အနှစ် သဘောက လူထုကို ပေးတဲ့ သတင်း အချက်အလက် Media ဟာ တလမ်းသွား မဟုတ်ဘဲ လူတိုင်းရဲ့ အမြင်၊ သဘော ဝင်ရောက်ဆွေးနွေး ဖလှယ် ရေးသား လို့ရခြင်း ဖြစ်တယ်။

    (စကားချပ် – ခေတ်သစ် လူထုအခြေပြု လူထုစာနယ်ဇင်း ရဲ့ အားနည်းချက်တွေ အရင် ဖြစ်ရပ် အခြေပြု မျက်မှောက်ရေးရာ ဆောင်းပါးတချို့မှာ ထည့် ထောက်ပြဖူးပါတယ်။ အဓိက က ကျင့်ဝတ် နဲ့ သတင်း ပညာ အဆင့်အတန်းမမီမှု ဖြစ်တတ်ခြင်းပါ။ ဒါက သီးသန့် ဆွေးနွေးရမယ့် အကြောင်း ကိစ္စ ဖြစ်ပါတယ်။)

    ဒီလို နည်းပညာတွေ၊ သဘောတွေနဲ့အတူ ခေတ်လူငယ် မျိုးဆက်သစ်ကို အုပ်စုတစုကနေ လှိမ့်ချင်တိုင်း လှိမ့်လို့ မရဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ မီဒီယာ လုပ်ငန်းကြီးတွေတိုင်းဟာ Web Media မှာ လူထု အသံကဏ္ဍတွေ၊ ဆွေးနွေးပွဲ Forum တွေ ကျယ်ကျယ်ပြန်ထည့်ပေးရရုံသာမက အခြား Media ပုံစံ တွေမှာလည်း ဘက်ပေါင်းစုံ၊ အမြင်ပေါင်းစုံ အတွက် နေရာပိုပေးလာရတယ်။

    မျက်မှောက်ခေတ်ကို သတင်းနည်းပညာ ခေတ်လို့ သတ်မှတ်ကြတယ်။ မီဒီယာ ပေါ်မှာတော့ တကယ့် သဘောက အချက်အလက် Data ခေတ်လို့ပဲ ဆိုနိုင်တယ်။ ဒီအချက်အလက် အကြမ်း Raw Data ကို မှန်ကန်တဲ့ သတင်းအချက်အလက် ဖြစ်စေဖို့က နည်းပညာခေတ် ခေတ်လူသား ရဲ့ ကိုယ်ပိုင် တွေးခေါ်၊ မြော်မြင်၊ သုံးသပ်၊ ဆင်ခြင်နိုင်မှု ဖြစ်စဉ် ကိုယ်ပိုင် ဦးနှောက် Process လိုတယ်။ ဒီ ဖြစ်စဉ် Process အဆင့် ပြီးမှသာ မျက်မှောက် ကမ္ဘာ မီဒီယာ ပေါ်က မြင်ရ၊ ကြားရ၊ ဖတ်ရ သမျှဟာ တကယ့် Information သတင်း အမှန် ကို ဖြစ်စေတယ်။

    ဒါပေမယ့် ဒီသဘောကို လူအများစု လုပ်လေ့ လုပ်ထ မရှိတော့ ယေဘုယျ သဘော နဲ့ အများစု ကတော့ ပြောင်းလဲမသွားပါ။ မီဒီယာရဲ့ လွှမ်းမိုးနိုင်စွမ်း၊ ပေးတဲ့ အချက်က ကြီးမား သက်ရောက်ဆဲပဲ ဖြစ်တယ်။ မီဒီယာ ကို လူတစုက ချုပ်ကိုင်နေဆဲပါပဲ။ ဒီလိုနဲ့ မီဒီယာ ရဲ့ ပုံဖော်မှုဟာ လူမှုဗေဒ၊ အတွေးအခေါ်၊ သမိုင်း နဲ့ ဖြစ်ရပ်တွေမှာ ကြီးကြီးမားမား သက်ရောက်ခဲ့၊ သက်ရောက်နေဆဲ ဖြစ်တယ်။
    9-11Photo_byJimMacMillan
    ဒါကြောင့် အင်အားကြီး မီဒီယာ (စာနယ်ဇင်း၊ ရုပ်ရှင်၊ စာပေ) ကျေးဇူးနဲ့ အပြစ်မဲ့သူတွေကို သတ်တာချင်း အတူတူ နာဇီတွေရဲ့ အဆိပ်ငွေ့ခန်းတွေဟာ ရုပ်လုံးကြွခဲ့ပြီး ကမ္ဘာ့လူအများ အော့နှလုံးနာစရာဖြစ်ခဲ့ရပေမယ့် ဟီရိုရှီးမား၊ နာဂါစာကီ က အဏုမြူ ငရဲခန်းပုံရိပ်တွေက မှေးမှိန်ခဲ့ရတယ်။ ဒါ့အပြင် “သမိုင်းမှာ ဒီလို မှ မလုပ်ရင် လူတွေ ပိုသေစရာ အကြောင်းရှိတယ်” ဆိုတဲ့ “မရယ်ရတဲ့ ဟာသ မှန်းဆသီအိုရီ” ကြီးဟာ ဘုရားဟော အလား တွင်သွားခဲ့တယ်။ နှစ်ပတ်လည် ရောက်တိုင်းမှာ ခံရတဲ့ နိုင်ငံက “ငါတို့ ဘိုးဘေးမျိုးဆက် သောက်သုံးမကျလို့ ခံရတာ၊ နည်းတောင် နည်းသေးတယ်၊ အမေရိကန်နဲ့တည့်အောင် ပေါင်းမှပေါ့” ဆိုတဲ့ အချိုးမျိုးနဲ့ နှစ်ပတ်လည် အခမ်းအနားတွေ ပြန်လုပ်ရသေးတယ်။ ဒါဟာ အားကောင်းတဲ့ မီဒီယာ ရဲ့ ပုံဖော်မှု အကျိုးတခုပဲ။

    အနောက်မီဒီယာတွေဟာ အာရပ်တွေရဲ့ အကြမ်းဖက်မှုတွေ ကို အသားပေး ဖော်ပြတတ်ပေမယ့် အစ္စရေး ရဲ့ လူမျိုးတုံး စာရင်းဝင်တဲ့ ပါလက်စတိုင်းတွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ရက်စက်မှု ကျူးလွန်ပုံတွေကိုကျ အသာ ဆွံ့အ၊ နှားစေးနေတတ်ကြတယ်။ အာရပ် ကမ္ဘာ က အယ်လ်ဂျာဇီးယား နိုင်ငံတကာ မီဒီယာ လုပ်ငန်း ပေါ်လာတယ် ဆိုတာ အဲဒါကို တိုက်ဖျက်ချင်လို့ပဲ။ ပိုက်ဆံလည်း ချမ်းသာတော့ BBC တို့၊ CNN တို့လို အနောက် အင်အားကြီး မီဒီယာတွေက တကယ့် ပရိုတွေကို ငှား အာရပ်ကမ္ဘာရဲ့ အသံကို ဟစ်လိုက်တော့ အချိန်တိုအတွင်း ကမ္ဘာမှာ သြဇာရှိ နေရာရလာခဲ့တယ်။ ပြန်မှိုင်းတိုက်တယ်။ ဝါဒဖြန့်တယ်။

    မီဒီယာ ကို မီဒီယာ နဲ့ တိုက် ဆိုတဲ့ ဗိုလ်ကျော်ဆန်း ဟာ အဲဒီ ဖြစ်စဉ်တွေကို ကြည့်ပြီး ခိုးတာပဲ။ မီဒီယာ ရဲ့ အား၊ ပုံဖော်နိုင်မှု၊ လမ်းကြောင်းနိုင်မှုဟာ သိပ်ကြီးကျယ်တယ်။ သိပ်ထိရောက်တယ်။ ဗမာ့နိုင်ငံရေး နဲ့ ဆက်စပ်ဆိုရရင် အခု စစ်အုပ်စုရဲ့ “လွှတ်တော်နိုင်ငံရေး” လမ်းကြောင်း အောင်မြင်သွားခြင်းက သူတို့ မီဒီယာ ကို အုပ်စီးနိုင်ခဲ့လို့ပဲ။ အင်အားကြီး၊ သြဇာရှိတဲ့ မီဒီယာ ကနေ “တတိယအုပ်စု” အမည်ခံ “စစ်အုပ်စုရဲ့ ဒူးမနာသား” တွေက “ချောတိုင်တက်” ဇာတ်လမ်း နေ့စဉ်ရက်ဆက် ခင်းပြခဲ့တာ ဘယ်ခံနိုင်မလဲ။ နောက်ဆုံး ဒီလမ်းပဲ လိုက်ကုန်တော့တာပေါ့။ သေတဲ့လူလည်းသေ၊ တချို့လည်း သေခါနီး နဲ့ ဒီကိစ္စ ထားပါ။ မီဒီယာ အား ကို မြင်သာအောင်သာ ဥပမာ ပေး ထည့်ဆိုတာပါ။ ကမ္ဘာ ကိုပဲ ပြန်သွားပါမယ်။

    ဒီသဘောပဲ။ “ဓါတုလက်နက် ရှိတယ်” ဆိုတဲ့ ဝှက်ဖဲ ကို စစ်တိုက်ဖို့ လိုတိုင်း (စစ်တိုက်ချင်တိုင်း) ထုတ်သုံးတတ်တဲ့ အမေရိကန် ရဲ့ ဗီယက်နမ်က ဓါတု နပမ်းမီးဗုံးစစ် ဆယ်စုနှစ် တခုကြာ ဆင်နွှဲမှုဟာ၊ တနည်းအားဖြင့် ရက်စက်မှုဟာ ဟောလီဝုဒ် ရမ်ဘို ရုပ်ရှင်အောင်မြင်မှုကို မကျော်လွှားနိုင်ခဲ့ဘူး။

    ဒီလိုနဲ့ အီရန်-အီရတ် စစ်မှာ မိမိ သြဇာ မခံတော့တဲ့ အီရန်ကို မလိုလားတဲ့ အတွက် အီရန်ကို ချေမှုန်းနိုင်ဖို့ အလို့ငှာ အီရတ် ကို ဓာတုလက်နက် စတင် တပ်ဆင်ပေးခဲ့သူ အမေရိကန်ဟာ ဓါတုလက်နက် ပိုင်ဆိုင်မှု အကြောင်းပြချက်နဲ့ပဲ နောက်ဆုံးမှာ အီရတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။

    ဒီလိုနဲ့ “ဒါဟာ လွတ်လပ်မှု အတွက်ပါ၊ ရေနံအတွက် မဟုတ်ပါဘူး” ဆိုပြီး မီဒီယာ ရှေ့မှာ ဂုဏ်ယူ၊ ဝံ့ကြွားစွာ နဲ့ ဆိုမှုတွေဟာ ကမ္ဘာ့ လူထု လူပြိန်းများ၊ မကျက်တကျက် လူတန်းစားများ ရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့၊ ဖြစ်နေတယ်။

    အာဏာရှင် တိုင်းပြည်တွေ၊ စနစ်တွေ မှာ တူညီတဲ့ ဝိသေသ လက္ခဏာ တခု က လူထု ကို ကြောက်အောင် “ဘုံရန်သူ” တခု ဖန်တီး ခြောက်ပြခြင်း ဖြစ်တယ်။ ဗမာပြည်မှာ ဆိုရင် “ဗကပ” နဲ့ လှည့်ခြောက်တတ်တယ်၊ “ပြည်ပအားကိုး ပုဆိန်ရိုး”၊ “ခေတ်သစ်ကိုလိုနီနယ်ချဲ့လက်သစ်များ” နဲ့ လူထု ကို လှည့် တိုက်တတ်တယ်။
    ALIVE
    အလားတူပဲ အရင်းရှင် လစ်ဘရယ်လ် ဒီမိုကရေစီ စနစ်မှာလည်း “ဘုံရန်သူ” တခု ဖန်တီး တဲ့ နည်းက ရှိတာပါပဲ။ စစ်အေးခေတ်တုန်းက ကွန်မြူနစ် တစ္ဆေ အိမ်မက်ဆိုးကြီး ကို လူထု ကို အမြဲမပြတ်မက်စေတယ်။ ဒီ “ဘုံရန်သူ” ကို အကာအကွယ်ပြုပြီး အစိုးရ နဲ့ အပေါင်းအပါ ကော်ပိုရေးရှင်းကြီးတွေဟာ မိမိအကျိုးစီးပွား စိတ်ကြိုက်လုပ်နိုင်ခဲ့တယ်။

    စစ်အေး ခေတ် အလွန်မှာကျ “ကွန်မြူနစ် တစ္ဆေ” နေရာမှာ “အကြမ်းဖက်မှု တစ္ဆေ” ကို အစားထိုးခဲ့တယ်။ လွှမ်းမိုးနိုင်စွမ်းတဲ့ မီဒီယာ တွေကနေတဆင့် လူထုကို အကြောက်တရားမှာပဲ ဆက်နေစေတယ်။ အကြမ်းဖက်မှု အန္တရာယ် ကို အော်ဟစ်နေသူတွေရဲ့ အကြမ်းဖက်မှု ဖြစ်စဉ်၊ လုပ်ရပ်တွေကျတော့ “War on Terrorism” ခေါင်းစဉ်အောက်မှာ ပျောက်ကုန်တယ်။

    အကြမ်းဖက်သမားကို လက်နက်တပ်ပေးခဲ့တာ၊ အကြမ်းဖက်သမားနဲ့ စီးပွားပေါင်းရှာခဲ့တာတွေဟာ သတင်းခေါင်းကြီးတွေရဲ့ ခြောက်လှန့်မှုအောက်မှာ ရောက်သွားတယ်။ မိမိနဲ့ နိုင်ငံရေး လမ်းစဉ် ဝါဒ မတူသူကို တိုက်တုန်းကကျ “လွတ်မြောက်ရေး တိုက်ပွဲဝင် သူရဲကောင်းတွေ” ဖြစ်ခဲ့ပြီး မိမိ နဲ့ ထိပ်တိုက်တွေ့တော့ကျတော့ “အကြမ်းဖက်သမားတွေ” ဖြစ်ကုန်တယ်။ ဗုံးခွဲမှုတခု၊ စစ်ပွဲ တပွဲ ကို မီဒီယာ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုဟာ အခြေအနေ အချိန်အခါ၊ အကျိုးစီးပွား အပေါ်မူတည်ပြီး “တော်လှန်ရေးဖြစ်စဉ်” (သို့မဟုတ်) “အကြမ်းဖက်မှုလုပ်ရပ်” ဆိုပြီး အစွန်းနှစ်ဘက် ကွဲပြားသွားတယ်။ တော်လှန်ရေးသမားခေါ်ခေါ်၊ အကြမ်းသမားပဲ ဆိုဆို အားလုံးဟာ စနစ်ရဲ့သားကောင် ဖန်တီးခံတွေပဲ ဖြစ်ကြောင်း အတွင်းသဘောဟာ မီဒီယာ မှာ ရေးရေးပဲ ပုံပေါ်တယ်။

    အခု ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား ပုံရိပ်ကို မီဒီယာ ကျေးဇူးနဲ့ လူအများ အလွယ်သိကြတယ်။ ဗမာပြည်က ခေတ်ပညာတတ်ဆိုသူ ပြုတ်မနူးများ တောင် အကြမ်းဖက်မှု နဲ့ ဘာသာရေးကို တံဆိပ် အတူကပ်ချင်ကြတယ်။ အမှန်တော့ အကြမ်းဖက်မှုဆိုတာ ပုံစံမျိုးစုံမှာရှိတယ်။

    နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အစွန်းရောက် မှု အားလုံးရဲ့ အဆုံးသတ်ဟာ အကြမ်းဖက်မှုပဲ။ ဘာသာတခု၊ လူမျိုးတခု၊ ဝါဒ တခု နဲ့ ပုံဖော်လို့ မရ။ နိုင်ငံရေး အရ ဆိုရင်လည်း လက်ဝဲ၊ လက်ယာစွန်းအားလုံးမှာ အကြမ်းဖက်မှု ရှိတယ်။ လူမျိုး ရေး အရဆိုရင်လည်း ကေသုံးလုံး က အကြမ်းဖက်သလို ဘလက်စက်တင်ဘာ ကလည်း အကြမ်းဖက်ခဲ့တာပဲ။ လက်ယာစွန်း ဟစ်တလာ လူသတ်ခဲ့သလို၊ လက်ဝဲစွန်း ပိုပေါ့ လူသတ်ခဲ့တာပဲ။

    ဒါပေမယ့် မျက်မှောက်ခေတ် အင်အားကြီး မီဒီယာ အများစုမှာတော့ အုပ်စုအကျိုးစီးပွား အတွက် အကြမ်းဖက်မှု ပုံရိပ်၊ သဘောကို စိတ်ကြိုက် လိုသလို ပုံဖော်တယ်။ ဘာသာတခု ရဲ့ နာမည်ခံ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘာသာရေးနာမည်တပ် အကြမ်းဖက်သမား ခေါင်းစဉ်အောက် ပို့တတ်ပေမယ့် အလိုမရှိတဲ့ အခါမှကျ အပြစ်မဲ့သူတွေကို အုပ်စုလိုက် သတ်တာ အတူတူချင်း ရိုးရိုး ရာဇဝတ်မှု စာရင်းသွင်း မီဒီယာက ပုံဖော်တတ်တယ်။

    9/11 အပြီးမှာ ဒီသဘောကို မီဒီယာ မှာ ပိုလို့ ပုံဖော်သွားနိုင်ခဲ့တယ်။

    အခုလို 9/11 ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီး ဆယ်စုနှစ် တခု ကျော်လာတဲ့ အချိန်မှာ စေ့စေ့တွေးရင် ရေးရေးပေါ်စေတာက လူတွေရဲ့ ပူဆွေး၊ သောက၊ မျက်ရည် တွေဟာ အရင်းရှင်ကမ္ဘာ ရဲ့ အစိုးရတွေနဲ့ ကော်ပိုရေးရှင်း မီဒီယာကြီးတွေရဲ့ ကြိုးကိုင်၊ ပုံဖျက်မှုကို ခံခဲ့ရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ကမ္ဘာ့ပုလိပ် လုပ် သြဇာညောင်း ခြယ်လှယ်ချင်တဲ့ အရင်းရှင် အစိုးရတွေ နဲ့ အပေါင်းအပါ စစ်ပွဲ နဲ့ လက်နက်တွေ က နေ အကျိုးစီးပွား ဖြစ်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေ၊ ရေနံလုပ်ငန်းကြီးတွေ၊ စီးပွားရေးဘီလူးကြီးတွေ ကောင်းဖို့အတွက်ချည်းဖြစ်ရတယ်။

    ဒါတွေကို ပုံဖျက် camouflage အကာအကွယ် ယူထားတာကတော့ အကြမ်းဖက်မှုကာကွယ်ရေး၊ အမျိုးသားရေး၊ မျိုးချစ်စိတ် စတဲ့ လူတွေ အတွက် သည်းခြေကြိုက်စေတဲ့ စကားတွေပဲ ဖြစ်တယ်။ ဒီလိုနဲ့ စစ်ပွဲတွေကို ဖန်တီးသူ၊ စစ်ပွဲတွေကနေ အကျိုးမြတ်ရနေသူတွေရဲ့ ရဲ့ သားသမီးတွေဟာ စစ်မြေပြင်နဲ့ ဝေးရာမှာ နေနိုင်ပေမယ့် လူထုအများစု ရဲ့ သားသမီးတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ အမည်ခံ စစ်မြေပြင်တွေမှာ သေနေရတယ်၊ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ခံစားနေရတယ်၊ စစ်ဒဏ်၊ စစ်အခွန်တော်တွေ ဖိစီးနေရတယ်။
    120910055201-education-teaching-9-11-story-top
    နိဂုံးချုပ်ရရင် 9/11 လို ဖြစ်စဉ်မျိုးဟာ ငွေကြေး၊ အာဏာ ရူး များ နဲ့ ဘာသာရေး အရူးများ ထိပ်တိုက်တွေ့ခြင်းရဲ့ ရလဒ်ဖြစ်ပြီး 9/11 အလွန် (၁၀) စု နှစ်တွေမှာလည်း ဘက်နှစ်ဘက်စလုံး က အဆိုပါ သောက်ရူးများသာ အနိုင်ရလျက်၊ သာမန် ပြည်သူလူထု မှာတော့ စနစ်ရဲ့ သားကောင် မြေစာပင် ဖြစ်ရတဲ့ ဝမ်းနည်းဖွယ် ဖြစ်စဉ် သတင်းဖြစ်တယ်။ ဒီသတင်းမျိုးကို၊ ဒီသဘောကို အခုလို ဒဲ့ မီဒီယာ မှာတော့ တွေ့ရ၊ ဖတ်ရမှာ မဟုတ်ပါ။

    ငြိမ်းချမ်းအေး
    ၁၁၊ စက်တင်ဘာ၊ ၂၀၁၃

    မိုးမခ မှ ကူးယူဖော်ပြပါသည်။

    http://www.moemaka.blogspot.com/2013/09/nyein-chan-aye-911-thoughts.html

  • Ooredoo ကို ဆန့်ကျင် သတဲ့လား

    Ooredoo ကို ဆန့်ကျင် သတဲ့လား

    ဇူလိုင် ၂၄ ၊ ၂၀၁၄
    ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။
    ဆောင်းပါးရှင်- ငြိမ်းချမ်းအေး

    610x414xooredoo.jpg,Mic.xMJQeqDbVi.jpg.pagespeed.ce.3l3vpSiN05
    ရန်ကုန်မြို့လယ်ရှိ Ooredoo ကြော်ငြာ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

    မြန်မာပြည်မှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက်ကုမ္ပဏီ Ooredoo ဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုတွေ လုပ်မယ် ဆိုတာတွေ ဖတ်ရတော့ စိတ်ဝင်စားမိတယ်။

    နိုင်ငံတကာက စီးပွားရေး လုပ်ငန်းစုကြီးများရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားလုပ်ငန်းတွေကို ဒေသခံ လူမှု၊ နိုင်ငံရေး အဖွဲ့အစည်း တွေက စောင့်ကြည့်လေ့လာ၊ ဝေဖန်သုံးသပ်၊ လိုအပ်ရင် ဆန့်ကျင်တာမျိုးဟာ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေမှာ ရှိသင့် ရှိထိုက်တဲ့ ဓလေ့ကောင်း ဖြစ်လို့ ဒီသတင်းကို စိတ်ဝင်စားရတာပါ။

    အထူးသဖြင့် အာဏာနဲ့ လူတစု အကျိုးစီးပွားကိုသာ ရှေးရှုတတ်တဲ့ အုပ်ချုပ်သူ မင်းအစိုးရစနစ် ရှင်သန်ရာ မြန်မာပြည်လို တိုင်းပြည်မျိုးမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး နိုင်ငံခြားတိုက်ရိုက်၊ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ လူအများစု ပြည်သူအပေါ် သက်ရောက်တဲ့ အကျိုး၊ အပြစ်တွေကို စောင့်ကြည့်ဝေဖန် ဆန်းစစ် အသံထွက်မှုမျိုးဟာ လိုအပ်ပါတယ်။

    နိုင်ငံတကာမှာတော့ ဒါမျိုးကို တက်ကြွလှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားလေ့ ရှိကြတယ်။ မြန်မာပြည်မှာကျတော့ လူမှုအသိုက်အဝန်းမှာ သံဃာရဲ့ အခန်းကဏ္ဍက ကြီးတဲ့ အတွက် ဒီလို ကိစ္စတွေမှာ အခု ရဟန်း သံဃာတော်တွေ စိတ်ဝင်စားမှုရှိ၊ ဝင်ရောက်ပါဝင် လှုပ်ရှား လိုတာဟာလည်း နားလည် လက်ခံနိုင်စရာ ပါပဲ။

    ဒါပေမယ့် “ဘာကြောင့် ဆန့်ကျင်သလဲ” ဆိုတဲ့ အကြောင်းပြချက်တော့ ခိုင်မာ၊ မှန်ကန် ရပါမယ်။

    အခု Ooredoo ကို သပိတ်မှောက်ဖို့ ဆော်ဩနေသူများ ပေးတဲ့ “Ooredoo ဟာ အစ္စလမ် ဘာသာဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တယ်၊ အမျိုး၊ ဘာသာ၊ သာသာနာ ကာကွယ်ဖို့ရာ ဆန့်ကျင်ရမယ်” ဆိုတာက လက်သင့် ခံစရာ မရှိ၊ မှန်ကန် ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မဟုတ်ပါ။

    တရုတ် ဖြစ်လို့၊ အာရပ် ဖြစ်လို့၊ မွတ်စလင် စီးပွားဖြစ်လို့ ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဘာသာ၊ လူမျိုး အခြေခံ ဆန့်ကျင်တာမျိုးဟာ ယုတ္တိမတန်၊ ခြေခြေမြစ်မြစ် မရှိ၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်း မဟုတ်သလို လက်တွေ့မှာလည်း အကျိုး မရှိနိုင်ပါ။ ဆန့်ကျင်ရမယ့် အခြေခံဟာ ဒီနိုင်ငံခြား စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ စီးပွားလုပ်ထုံး လုပ်နည်း လုပ်ဟန် (Business Practice) အပေါ် စောင့်ကြည့်လေ့လာပြီးမှပဲ ဖြစ်သင့်ပါတယ်။

    နိုင်ငံတကာက အရင်းရှင်စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ အလုပ်သမား ငှားရမ်းရေး ပေါ်လစီက ဘာလဲ၊ အလုပ်သမား အခွင့်အရေး ဘယ်လောက်ရှိသလဲ၊ ဒေသခံတွေ အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ၊ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ယဉ်ကျေးမှု၊ ဓလေ့တွေကို ဘယ်လောက် ထိခိုက်နစ်နာစေသလဲ၊ တောတောင် ရေ၊ မြေ၊ လေ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လောက် ပျက်စီးနိုင်သလဲ စတဲ့ ခိုင်မာတဲ့ အကြောင်းအချက်ကြီးတွေကို ဆန်းစစ် လေ့လာ သုတေသနပြုပြီးမှသာ နောက်ဆက်တွဲ ဆန့်ကျင်မှု၊ သပိတ်မှောက်မှုတွေ လုပ်ဆောင်ရမှာပါ။

    အခုမြန်မာပြည် ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရတဲ့ Ooredoo နဲ့ Telenor ကုမ္ပဏီ နှစ်ခုကိုလည်း ဒီလို စီးပွားလုပ်ဟန် အပေါ် မူတည်ပြီးပဲ ဆန့်ကျင်သင့်ရင် ဆန့်ကျင်ရမှာပါ။ အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလား၊ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေ သလား၊ တရားလွန် အမြတ်ကြီးစား နေသလား၊ ဒါတွေကို ကြည့်ပြီး သပိတ်မှောက် သင့်ရင် မှောက်ရပါမယ်။

    ဒီအချက်တွေ အခြေခံဆို ရရင် အစဉ်အဆက် ဝန်ဆောင်မှု ညံ့ဖျင်း၊ ဈေးနှုန်း မတန်တဆကြီးမြင့်ကာ သုံးစွဲသူ လူထုဆီက အေးဓားပြ တိုက်နေတဲ့ အပြင် ဝန်ထမ်းတွေမှာလည်း လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ အစိုးရ ဆက်သွယ်ရေး လုပ်ငန်းကို အရင်ဆုံး ဆန့်ကျင်သင့် ပါတယ်။

    အသစ်ဝင်လာသူ Ooredoo နဲ့ Telenor ကိုတော့ ချပြထားတဲ့ စီးပွားလုပ်ငန်း အစီအစဉ်ကို လေ့လာကြည့်ရသလာက် အခုလောလောဆယ် ဆန့်ကျင်စရာ ဘာအကြောင်းမှ မရှိပါ။ သူတို့ဒေသခံ နိုင်ငံသား အများစုကို ဝန်ထမ်း အဖြစ် အသုံးပြုမယ်၊ လိုအပ်တဲ့ နည်းပညာ အတတ်ပညာ၊ အုပ်ချုပ်မှုပညာတွေ လေ့ကျင့်ပေးမယ်၊ နိုင်ငံတကာအဆင့် လုပ်ခလစာ အခွင့်အရေးတွေ ပေးမယ်၊ ဒါတွေဟာ ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ချည်းပါ။

    သူတို့ ကတိပေးထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အဆင့်ဟာ စံချိန်မီသလို ဈေးနှုန်းကလည်း သင့်တင့် လျောက်ပတ်တဲ့ အတွက် ကန့်ကွက်စရာ မမြင်ပါ။ ဆိုခဲ့တဲ့အချက်တွေ နောင်မှာ ချိုးဖောက်လာမှု ရှိ/မရှိ စောင့်ကြည့် လေ့လာနေဖို့ပဲ လိုပါတယ်။

    ခေတ်အဆက်ဆက် မြန်မာပြည်မှာ အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ကျိုးရှာ၊ အကျင့်ပျက် ခြစား၊ ငို့ဘ တခုတည်း ကြည့်မှုကြောင့် လက်သင့်ရာ စားတော်ခေါ် လုပ်ပိုင်ခွင့်တွေ ချပေးရင်းနဲ့ အထက်မှာဆိုခဲ့တဲ့ တကယ် ပြည်သူ့ အကျိုးအတွက် စောင့်ကြည့်ဝေဖန် ထောက်ပြရမယ့် အချက်တွေဟာ နိုင်ငံခြား လုပ်ငန်းကြီးတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စိုးသူနဲ့ တစီးပွားတည်း ပေါင်းစားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင် ခရိုနီကြီးများရဲ့ စီးပွားလုပ်ငန်းတွေ မှာလည်း မလုပ်နိုင်ခဲ့ပါ။

    ဒီအကျိုးဆက်ကြောင့် ဒေသတခုခုမှာ နိုင်ငံခြား/ ပြည်တွင်း ကုမ္ပဏီကြီးများ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာသထက် ချမ်းသာသွားပြီး ဒေသခံပြည်သူမှာတော့ မွဲသထက်မွဲ၊ ဆင်းရဲဒုက္ခ ရောက်သထက်ရောက် ဖြစ်နေရတာ လက်ရှိ မြန်မာပြည် အနှံ့မှာ ပကတိ မြင်နိုင်ပါတယ်။

    ဖောင်စီးရင်း ရေငတ်နေကြရတဲ့ နင်းပြားပြည်သူများရဲ့ဘဝနဲ့ အသက်ငင်နေတဲ့ မြန်မာ့ သဘာဝအလှကို နိုင်ငံတဝှန်း က ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီမိုင်း၊ သစ်လုပ်ငန်း လုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံ ပြည်သူတွေရဲ့ မျက်ရည်တွေက သက်သေပြုပါတယ်။ လက်ပံတောင်းတောင်က မီးဗုံးဒဏ်ခံ သံဃာ ပြည်သူတွေရဲ့ဘဝ အနာ အော်သံ ခံစားကြည့်ရင် နားလည်နိုင်ပါတယ်။

    နိုင်ငံတကာ စံနှုန်းတွေထက် အဆပေါင်းများစွာနည်းတဲ့ အခြေခံလစာလေး ရဖို့အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒပြနေရတဲ့ ကျောမွဲအလုပ်သမားထုကြီးက သက်သေရှိပါတယ်။ သေမလို ဖြစ်နေတဲ့ ဧရာဝတီမြစ် ကြီးကို တိုင်တည်ကြည့်နိုင် ပါတယ်။ တောင်ခေါင်းတုံးတွေ အပြည့်နဲ့ ရိုးမတောင်တန်းကြီးတွေက တရားလို သက်သက်ပြုဖို့ အသင့်ရှိပါတယ်။

    ဒီလို အများပြည်သူ လူထုဘဝနဲ့ တိုင်းပြည်ရဲ့ အလှ၊ သဘာဝကို ပျက်စီးဆုံးရှုံးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးမျိုးတွေကို ဆိုရင် ပြည်တွင်း/ပြည်ပ ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ဆန့်ကျင်ရမှာပါ။

    အခု အမျိုး၊ ဘာသာအတွက်ဆိုကာ Ooredoo ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားနေသူ ဆရာတော်၊ လူပုဂ္ဂိုလ်များကို လျှောက်ထား မေးမြန်းချင်ပါတယ်။ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကျ ဘာကြောင့် မျက်ကွယ်ပြုထားပါသလဲ။  ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံ နေတာကိုကျ ဘာကြောင့် အသံဆိတ်နေရ ပါသလဲ။

    လူထု စီးပွားပျက်ရင် အကျင့်သီလလည်း အနည်းအများ ထိခိုက်မှာပဲ၊ အကျင့်သီလ ထိခိုက်ရင် အမျိုး၊ ဘာသာပျက်ဖို့ အခွင့်အလမ်းလည်း ပိုများနိုင်တာပဲ မဟုတ်လား။ တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစားမျှော်ကြည့်ပြီး ဒီလို လူထုအများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ အဲဒီ စနစ်ကို ဖန်တီး စံစားနေသူ လူတစုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေကို (ပြည်တွင်း/ ပြည်ပ လူမျိုး/ဘာသာ မခွဲ) ဆန့်ကျင်သင့်တယ် မဟုတ်ပါလား ခင်ဗျာ။

    အခုလို Ooredoo ဟာ အာရပ်ကုမ္ပဏီ အစ္စလမ်တွေမို့ ဆိုပြီး မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာနဲ့ ဆွဲစပ် အကြောင်းပြ ကန့်ကွက်ခြင်းဟာ ကိုယ့်နိုင်ငံ လူ့အဖွဲ့အစည်း အမြင်ကျဉ်းမြောင်း၊ သဘောထား သေးသိမ်၊ ရင်ဘတ် နှလုံးသား မကျယ်ပြန့်၊ ဦးနှောက် အသိဥာဏ် အတွေးအခေါ် မမြင့်မားတာကို နိုင်ငံတကာမှာ အထုပ်ဖြေပြသလို ဖြစ်ကာ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်း အရှက်ရတာက လွဲလို့ တခြား အကျိုးမရှိပါ။

    အမျိုး၊ ဘာသာ စောင့်ရှောက်လိုသူများ (ဆိုတဲ့) ပုဂ္ဂိုလ်များ အသံထွက် ဆန့်ကျင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်ဆိုးကြီးနဲ့ စနစ်စံလူတစု တိုင်းပြည်မှာ ရှင်သန် နေသရွေ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာလည်း ထွန်းကားစည်ပင်နိုင်မှာ မဟုတ်ပါ။

    နောက်တခုက အခုမွတ်စလင်တွေမို့ အဆက်အဆံ မလုပ်ရဘူး၊ မပတ်သက်ရဘူး၊ ဖုန်းတောင် လက်ခံ မဖြေရဘူး ဆိုနေတဲ့ ဆရာတော်များ အပါအဝင် Ooredoo ဆန့်ကျင်ရေး လှုံ့ဆော်သူ အားလုံးကို ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြားဆန့်ကျင် ရန်၊ ငါ၊ စည်း ပြတ်ချင်တယ် ဆိုရင် ကလေးတွေကို ခေတ်ပညာ စာသင်ကျောင်းတွေကို မလွှတ်ဖို့ပါ ပူးတွဲလှုံ့ဆော်ဖို့ အကြံပြုချင်ပါတယ်။

    အကြောင်းက ခေတ်သစ်ကမ္ဘာရဲ့ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုသုခုမ ကဏ္ဍ အသီးသီးဟာ အာရပ်တွေ၊ မွတ်စလင်တွေ ပေးခဲ့တဲ့ အမွေအနှစ် မကင်းခဲ့လို့ပါ။ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးအတတ်ပညာ၊ ဗိသုကာ လက်ရာကနေ ကဗျာ၊ စာပေ၊ အနုပညာ အထိ ကမ္ဘာ့လူသား ယဉ်ကျေးမှု တိုးတက်ခဲ့မှု ဖြစ်စဉ်မှာ အာရပ်တွေရဲ့ ကျေးဇူးအများကြီး ပါပဲ။ ဆိုတော့ မွတ်စလင်မို့ ဆန့်ကျင်လိုသူများ ဒါတွေအားလုံးနဲ့ ကင်းအောင်နေဖို့ တိုက်တွန်းပါတယ်။

    အာရဗီ စကား “Alhamdulillah/Thanks and Praise to God/ ဘုရားသခင်သည် ချီးမွမ်းခြင်း၏ တည်ရာပေတည်း” နိဒါန်းပလ္လင် စကားခံပြီး ကမ္ဘာ့ရှေးဂန္ထဝင် စာပေစာရင်းဝင် အာရပ်တွေရဲ့ “တစ်ထောင့်တစ်ည” ပသီပုံပြင်များကို မြန်မာပြည် အတွက် ဘာသာပြန်ပေးခဲ့တဲ့ တို့ဗမာအစည်းအရုံး သခင်ဆရာကြီး၊ ဗမာ့ အမျိုးသားရေး လှုပ်ရှားမှုရဲ့ ခေါင်းကိုင်ကြီး သခင်ဘသောင်းကိုလည်း ဆန့်ကျင်ပါ။ သခင်ဘသောင်းပဲ ဘာသာပြန်ခဲ့တဲ့ ရုရှား မွတ်စလင် အာမက် အဗ္ဗဒူလာရေး ပသီပုံပြင်အခြေခံ “ဘဂ္ဂဒက်မြို့မှ သူခိုးအာမက်” ကိုလည်း မြန်မာကလေးတွေကို မဖတ်ခိုင်းပါတော့နဲ့။

    အစ္စလမ် ဘာသာရေး ပညာရှင် တပါးလည်းဖြစ်သူ ကဗျာဆရာ၊ ဂီတစာဆို၊ အတွေးအခေါ်၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရှင်ကြီး အိုမာခရမ်ရဲ့ ကမ္ဘာမှာ သမ္မာကျမ်းစာနဲ့ ကိုရန်ကျမ်းစာပြီးရင် ဒုတိယ စောင်ရေ အရောင်းရဆုံး လို့တောင် ပြောစမှတ်တွင်တဲ့ ရူဘိယတ် ကဗျာတွေ ကိုလည်း မြန်မာလူငယ်၊ လူရွယ်လေးတွေကို ပေးမသိပါနဲ့တော့။  အိုမာခရမ်ရဲ့ ဘဝနဲ့ စာပေကို ဘာသာပြန် ရေးသား မိတ်ဆက်ပေးခဲ့တဲ့ မင်းယုဝေကိုလည်း ကန့်ကွက်ကြပါ။

    မွတ်စလင်တွေရဲ့ ကမ္ဘာ့အကျိုး ပြုခဲ့မှု သမိုင်းကို ကိုလိုနီဝါဒ၊ လူမျိုးရေးဝါဒ အခြေခံပြီး ဥရောပ သမိုင်းဆရာ တချို့ ဖုံးကွယ်ခဲ့ကြ ကြောင်းကို ထောက်ပြကာ ရောမအင်ပါယာ ပြိုကွဲချိန် ဥရောပ အမှောင်ခေတ်ကြီးမှာ အာရပ် မွတ်စလင် တွေဟာ ပညာအလင်းရောင်နဲ့ ကမ္ဘာကို ဦးဆောင်ခဲ့ကြောင်းကို သူ့ရဲ့ အထင်ကရ ကျမ်းတစောင်ဖြစ်တဲ့ သဘာဝ သိပ္ပံကျမ်းမှာ မပျက်မကွက် ထည့်သွင်းမှတ်တမ်းတင် ပြုစုခဲ့သူ ဗန်းမော်တင်အောင်နဲ့ သူ့ကျမ်းကိုလည်း ဆန့်ကျင်ဆန္ဒ ပြကြပါ။

    အာရပ်တွေရဲ့အမွေ အက္ခရာ သင်္ချာ၊ ဂဏန်း သင်္ချာ၊ ကိန်းဂဏန်း အရေအတွက် တွေကိုလည်း ကျောင်းတွေမှာ မသင်ကြားစေဖို့ တောင်းဆိုကြပါ။ တနည်းအားဖြင့် မွတ်စလင်နဲ့ကင်းအောင် ဗမာပြည်ကို အမှောင်ခေတ်၊ ကျောက်ခေတ်မှာပဲ နေစေဖို့ ဝိုင်းဝန်းဆော်ဩကြဖို့ တိုက်တွန်းလိုပါတယ်။

    နိဂုံးချုပ်ရရင် လိုရင်းက အခု Ooredoo ဆန့်ကျင်ရေးရဲ့ အကြောင်းပြချက် မမှန်၊ အကျိုးကျေးဇူး မရှိပုံကို မြင်စေချင် တာပါ။ ပြည်သူလူထု အများစု အကျိုးအတွက် ပြည်တွင်း/ပြည်ပ စီးပွားလုပ်ငန်းကြီးတွေကို ဘယ်လို ဘယ်အချိန် ဘယ်အနေအထားမှာ အခြေအမြစ် ရှိရှိ ဆန့်ကျင်သင့်ကြောင်းကို ထောက်ပြချင်တာပါ။

    အမျိုး၊ ဘာသာ၊ သာသနာ တကယ် စည်ပင်ဖွံ့ဖြိုးလို၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ ခေါင်းမော့၊ ရင်ကော့၊ စီးပွားဥစ္စာ ချမ်းသာနေလိုတယ် ဆိုရင် အုပ်စိုးသူနဲ့ အပေါင်းအပါလူတစု အမြဲတမ်း အသာစီး တဖက်စောင်းနင်း ကောင်းစားခွင့် ရနေတဲ့ စနစ်ဆိုးကြီးကိုသာ ဆန့်ကျင်တော်လှန် ပြုပြင်ရမှာပါ။

    ဒါမှသာ စီးပွားပျက်၊ ဥစ္စာပျက် ကုန်းကောက်စရာ မရှိ၊ ဖြူခါ ပြာခါကျရင်း ကနေ အကျင့်သီလပါ ထိခိုက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမယ့်အရေးက လည်းကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ ဧရာဝတီစာဖတ် ပရိသတ် စဉ်းစား မြော်မြင် သုံးသပ်ကြည့်နိုင်ဖို့ရာ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျာ။

    (ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီနှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ အွန်လိုင်း မီဒီယာများတွင် မျက်မှောက်ရေးရာနှင့် အထွေထွေ အာဘော်ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)

  • ငြိမ်းချမ်းအေး – စစ်ကျွန် နစ်သထက် နစ်ဦးမည်

    ဇွန် ၂ ၊ ၂၀၁၄
    ငြိမ်းချမ်းအေး
    မိုးမခ မီဒီယာမှ ကူးယူဖော်ပြသည်။

     

     

    unnamed

    AP Photo/Gemunu Amarasinghe

    အခု အွန်လိုင်း မှာ စစ်လော်ဘီများ ဖြန့်နေကြတဲ့ ဘင်္ဂါလီ စစ်သား အလောင်းပုံ ဆိုတာ မနှစ်က ကိုမီလာ မှာ သေတဲ့ စစ်သား ပုံ၊ ဗမာ ပြည်နဲ့ မပတ်သက်၊ အခု ကိစ္စ နဲ့ ဘာမှ မဆိုင်။  (Google Image Search မှာ ဓာတ်ပုံ ကို ထည့် ရှာကြည့်ပါ၊ အလွယ်ကလေးပါ။)

    လိမ်ဆင်တွေနဲ့ သွေးထိုးချင်ရင်လည်း ကြည့် လုပ်ကြပါ။  အဲ့ဒီ စစ်သား လက်မောင်းမှာ BGB နယ်ခြားတပ် တံဆိပ်ကြီး က ထင်းလို့၊ ခင်ဗျား တို့ အဘ အစိုးရ တင်ထားတဲ့ လမ်းကြောင်း ဘင်္ဂလား နယ်ခြားစောင့်တပ် ယူနီဖောင်း မဟုတ်လို့ ဘယ်ကမှန်း မသိလို့ ပစ်တာပါ နဲ့ အခုဖြန့်တဲ့ ပုံ ကွဲနေရင် အထောင်းခံထိနေပါဦးမယ်။  စစ်အုပ်စု နောက်မြီးဆွဲ စစ်သွေးကြွများ အွန်လိုင်းမှာ ဇွတ်တရွက် သာ အမုန်းပွား လေသေနတ်ပစ်နေကြတာ အမှန်တော့ သူတို့ကိုယ်တိုင် အမောင် တောင်မှန်း မြောက်မှန်း မသိဘူး၊ ဖွချင်တာပဲ သိတယ်။

    တကယ်တော့ တံဆိပ် ပါ/မပါ၊ BGB ယူနီဖောင်း ဟုတ်/မဟုတ် ငြင်းစရာ အကြောင်း မရှိ၊ အကြောင်း ပြ ချက်လည်း ပေးစရာ မလိုဘူး။  တကယ် ကိုယ့် နယ်နိမိတ်စည်းကို လက်နက်ကိုင်အဖွဲ့ ဝင်လာတယ် ဆိုရင်ဘယ်သူ ဘယ်ဝါဖြစ်ဖြစ် ပစ် ရမှာပဲ၊ အနည်းဆုံး သတိပေး ကျည်ပစ် လှန့်ရမှာပဲ၊ ပစ်ပြီ ဆိုကတည်းက တကယ်ထိ ပြီး သေရင်လည်း သေနိုင်တာပဲ။  ဒီ့ အတွက် ကိုယ့် ဘက် က အမှန် ဆိုရင် ဘာမှ ဒီလို မှားပစ်မိတဲ့ သဘော ဆိုစရာ မလိုဘူး။

    ကလိမ်စေ့ ငြမ်းဆင် ငြိမ်းပိ လမ်းစဉ် ယုတ္တိမတန်တာတွေ လှည့်ပတ် အမြဲ ဆိုနေကျဆိုတော့ အလိမ်၊ အညာတွေဟာ ဗမာ့ စစ်အုပ်စု ရဲ့ ဓလေ့ ဖြစ်နေပြီ။

    မြို့လယ်ကောင်မှာ ဘုန်းကြီး ပစ်တာ ဂျပန်သတင်းထောက် ချော် ထိသွားပါတယ် လုပ်သလို “မှားပစ်ပါတယ်၊ မသိလို့ပါ၊ ကျနော်တို့က ရန်မများချင်လို့ သူတို့ BGB လို့ ဆိုတဲ့ အတိုင်း လက်ခံပြီး ပြန်ပေးလိုက်တာပါ၊ တကယ်တော့ BGB ယူနီဖောင်း မဟုတ်ပါဘူး”  လုပ်ချင်လို့ မရဘူး။  ဘယ် တပ်သား ဖြစ်ဖြစ် ကိုယ့် နယ် ကျူးဝင်လာလို့ ပစ်တယ် ဒီလိုပဲ ခပ်မာမာ တုံ့ပြန်နိုင်ရမှာပေါ့။

    အခုတော့ ဖြစ်စဉ် အပြီး (၃) ရက်အကြာမှ၊ အွန်လိုင်းမှာ လံကြုတ် ချဲ့ကား သတင်းတွေ ဗရပွ ထ နေတော့ မှ၊ လူ သာမန် အများလည်း တခြား အာရုံကျမှုတွေ ပျောက် ဒီ စစ်ကိစ္စပဲ စိတ်ဝင်စားမှု ရှိလာတော့မှ၊ ပြည်တွင်း နိုင်ငံရေး ရေချိန် သတင်းလည်း အထိုက်အလျောက် ဟန့်သွားတော့မှ စစ်တပိုင်းအစိုးရက သတင်းထုတ်ပြန်ချက် ဆိုပြီး မပြည့်မစုံ၊ ဝေတေဝါးတာ ထုတ်တယ်။

    ဒီအချိန်မှာ တဖက် နိုင်ငံ က လုပ်သင့်တဲ့ မီဒီယာ နဲ့ သံတမန် အလုပ်တွေ အကုန် လုပ်ပြီး တရားဝင် သတင်းတွေ ထုတ်၊ စာတွေ ပို့ပြီးနေပြီ။

    “အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင် မှုကို ထိပါးရင် လုံးဝလက်ခံမည်မဟုတ်” ဆိုရင် စ ဖြစ်ကတည်းက ပိုင်ပိုင်နိုင်နိုင် လက်ဦးမှု ယူ သတင်း မီဒီယာ မှာ ဖွင့်ချ၊ အချိန်နဲ့ တပြေးညီ အထောက် အထား ပြည့်ပြည့်စုံစုံ နဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ နိုင်ငံတကာ သတင်းထောက်တွေ ခေါ်ပြပါတော့လား။  “ဟေ့ ဒီမှာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ကနေ လက်နက်ကိုင် စစ်သား ဗမာ နယ်ဘက်ကို ဝင်လာလို့ ကျူပ်တို့ ပစ်သတ်လိုက်တယ်” ဆိုရဲ ရမှာပေါ့၊ ဆိုနိုင်ရမှာပေါ့။

    ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊  အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။  ပြောရင်လည်း သူများ ရေးပေးတာ၊  အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။  ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။  ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။

    ဟို အရင် ရေပိုင်နက် ပြဿနာ မှာ တုန်းကလည်း ထောက်ပြခဲ့ဖူးတယ်။  နိုင်ငံတကာ သတင်းတွေမှာ “ဘင်္ဂလားဒေ့ရှ် နိုင်” ဆိုတဲ့ သတင်း ဘာကြောင့် ဖြစ်သလဲ ဆို သူတို့ အစိုးရ တာဝန် ရှိသူများ၊ ဝန်ကြီးချုပ် အဆင့်၊ ဝန်ကြီး အဆင့် ကိုယ်တိုင် မီဒီယာ တွေနဲ့ ချက်ချင်း တွေ့ဆုံ တိုက်ရိုက် Live အမေး၊ အဖြေ တွေ လုပ်နိုင်စွမ်းတယ်၊ ဖြေနိုင်စွမ်းတယ်၊ ဖြေရဲတဲ့ သတ္တိ ရှိတယ်၊ ဖြေနိုင်စွမ်းတဲ့ အရည်အချင်းရှိတယ်။  ဒီတော့ ဟုတ်သည် ရှိ၊ မဟုတ်သည် ရှိ၊ ဒါတွေဟာ တရားဝင် ထုတ်ပြန်ချက် ဖြစ်၊ နိုင်ငံတကာမှာ သတင်း ဖြစ်တယ်။

    ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊  အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။  ပြောရင်လည်း သူများ ရေးပေးတာ၊  အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။  ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။  ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။

    ဒီတခါ တေမိ လုပ်ရခြင်း ကလည်း တကယ်တော့ သုံးနေကျ နိုင်ငံရေး အောက်လမ်းနည်း ခါးအောက်ပိုင်း ဖြတ်ထိုးမှု တခုပါပဲ။  ပြည်တွင်းမှာ ကောလာဟလတွေ ပျံ့၊ လူအများ ယုံထင်ကြောင်ထင် ဖြစ်အောင်၊ အမုန်းပွားအောင် ရည်ရွယ်ချက် ရှိရှိ ပါးစပ် မဟခြင်းပါ။

    လွန်ခဲ့တဲ့ (၂) နှစ် “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” ဆောင်းပါး မှာ ရေးခဲ့ဖူးတယ်။  အာဏာရှင် နိုင်ငံတိုင်းမှာ “အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ” ကို လိုအပ်တာထက်ပို အလွန်အကျွံ မြှင့်တင်ထားတတ်ကြတယ် ဆိုတဲ့ အကြောင်းကို အာဏာရှင် ရဲ့ စရိုက် လက္ခဏာ အဖြစ် ထည့် ဆိုခဲ့တယ်။

    “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်” ဆောင်ပုဒ်ကို ခပ်ကြီးကြီး နေရာတကာ မှာ ချိတ်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာ  အာဏာ ကို ပြည်ပကနေ ခြိမ်းခြောက်နေပြီ၊ စစ်တပ်ကို ဗဟိုပြုတဲ့ အာဏာရှင်စနစ်ကသာ တိုင်းပြည်ရဲ့ ပြည်ပ ရန်တွေကို တွန်းလှန် ဖယ်ရှားနိုင်မှာ ဖြစ်တယ်ဆိုကာ လူထု ကို ဝါဒဖြန့် ယုံမှတ်မှားစေတယ်၊ ဒီလိုနဲ့ အာဏာသက်တမ်းကို ဆွဲဆန့်လေ့ရှိကြတယ်။

    ပြည်တွင်းမှာ တိုင်းပြည့် ဘုံရန်သူ အဖျက်သမား အဖြစ် ပုံဖော်ထားတဲ့ နိုင်ငံရေး အတိုက်အခံ၊ လူနည်းစု လူမျိုးစု၊ ဘာသာဝင် အစရှိတဲ့ “အာဏာအသက်ဆက်ဆေး” ဆယ်လူကော့တက်စ် တွေနဲ့ ပြည်သူကို မှိုင်းတိုက်ရတာ မလုံလောက်တဲ့ အတွက် ပြည်ပ ရန်သူကိုလည်း ထပ်မံ မွေးမြူ ရတယ်။  (စကားချပ် – လူထု အာရုံလွှဲဖို့ လွယ်တဲ့ လွယ်ကူ အားနည်း ပစ်မှတ် ဗမာ-မွတ်ဆလင် ခေါင်းဆောင်များ လက်ရှိ အခြေအနေကို သတိကြီးစွာ ထားသင့်တယ်၊ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်။)

    ဒီလိုနဲ့ အာဏာရှင် တိုင်းပြည်တွေမှာ နိုင်ငံခြားအမုန်းရောဂါ စွဲကပ်လာတယ်၊ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်၊ တံခါးပိတ်ဝါဒကျင့်သုံးရင်း နိုင်ငံတကာမှာ ရင်ဘောင်တန်း လူဝင်ဆန့် နိုင်မှု နည်းပါးလာတယ်၊ အကျိုးဆက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ယုတ်လျော့ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား အလုံးစုံ ချွတ်ခြုံကျ ပျက်စီးရတယ်။

    လွန်ခဲ့တဲ့ ဆယ်လေးငါးနှစ်လာက်ကလည်း ဒီလိုပဲ ထိုင်း နဲ့ နယ်စပ် ပြဿနာ တွေ ဖြစ်တာ စစ်ပဲ ဖြစ်တော့မလိုလို၊ ချင်းမိုင်၊ ဘန်ကောက် ပဲ နေ့ချင်း ညချင်း တက်သိမ်းမလိုလို တွေ  ဗမာ စစ်ဗိုလ်ကြီးများ လေသံပစ်ဖူးခဲ့တယ်။  အဲ့တုန်းက ပညာတတ် စစ်ကျွန်ခံ စာရေးဆရာမကြီး တယောက်ကလည်း ထိုင်း မုန်းတီးရေး တွေ လှိမ့်ရေးတယ်။  ပြည်သူပြည်သား များကလည်း၊ အထူးသဖြင့် အကျိုးအကြောင်း စဉ်းစားနိုင်စွမ်းမရှိတဲ့ လူငယ်များကလည်း လိုက်ပြီး စစ်သွေးကြွ ထိုင်း မုန်းရောဂါ ထခဲ့ကြတာ ဒီကနေ့ အထိပဲ။

    လက်တွေ့ ပကတိ မှာ တော့ ဘာဖြစ်နေသလဲ။  အထက်တန်း၊ အလယ်တန်း အလွှာ က ဗမာများ ဘန်ကောက် ကို ဆေးကု၊ ကျောင်းတက် သွားနေရဆဲ ပဲ (သူတို့ အလိုအရဆို ရန်သူ – ယောက်ဖ ကြက်ဥတိုက်ပေါ့)၊ အခြေခံလူတန်းစား ဗမာများမှလည်း ထိုင်း ထွက် ကျွန်ခံနေရမြဲပါပဲ။

    အခုလည်း ဆိုပြန်ပါပြီ၊ “ကျူးကျော်လာသူ ရန်သူကို ပြန်လည် တုံ့ပြန်ရန် အင်အား အပြည့်အဝရှိ” ဆိုပဲ။

    ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဆိုး ရဲ့ ရလဒ် မလုပ်၊ မရှုပ်၊ မပြုတ် ဓလေ့ ထွန်းကားရင်း အရာရာမှာ အကျင့်ပျက် ခြစား ချွတ်ခြုံကျလာခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ၊ တပ်မတော် က ကော ဘာသားနဲ့ ထုတားတယ်မို့လို့လဲ။

    တည်သမျှ လက်နက်စက်ရုံတွေ၊ ဝယ်သမျှ  လက်နက်တွေ အားလုံး ဟာ အလွဲသုံးစားလုပ်မှု ဒဏ် ခံရင်း အရည်အချင်းပြည့်မီ တဲ့ အကောင်းက တဝက် အသားတင် မရှိပါဘူး။  ရှိတဲ့ တရုတ်လက်နက်၊ ရုရှား လက်နက် ဆိုတာ နွားမရွှံ့ပိတ်ရောင်းခံ ထိခဲ့တာက အများစုပါ။  လက်နက်ပွဲစား သူဌေးကြီးများ နဲ့ ဗိုလ်ချုပ်ကြီးများ အိတ်ကပ်ဖောင်းသွားတာက အဓိကပါ။  ရှိတဲ့ စစ်လေယာဉ်တွေဆိုတာ လေ့ကျင့်ရင်း ပျက်ကျနေတာ များပါတယ်။  ဗမာ့ လေသူရဲများ စစ်ပွဲ တိုက်ရင်း သေရတယ် ဆိုတာ မရှိသလောက်ပေမယ့် လေ့ကျင့်ရင်း ပျက်ကျ သေရတာကတော့ ခဏခဏ ပါပဲ။

    ဗမာ့ တပ်မတော် မှာ အပျက်ဆုံး က စည်းကမ်းပါ၊ အကျဆုံး က စိတ်ဓာတ်ပါ။  ဗမာ စစ်တပ် ဟာ “ဗိုလ်တစ်ထောင်” တပ်ပါ။  “တပ်သား လေးဆယ်၊ ဗိုလ်ခြောက်ဆယ်၊ ကျန်တာ တပ်ရင်းမှူး” ဆိုတဲ့ ဖွဲ့စည်းပုံ နဲ့ တပ်မျိုးချည်းပါ။  စီးပွား၊ အာဏာ လုပ်ပိုင်ခွင့် အတွက် ဗိုလ်ဖြစ်ချင်သူ များလှပေမယ့် အောက်ခြေမှာ မနေချင်လို့ / မနေနိုင်လို့ ထွက်ပြေးနေတဲ့ စစ်သားငယ် တပ်ပြေးများ နေ့စဉ် အောတိုက်နေတာမျိုးပါ။  စစ်ဗိုလ် ရာထူးလို ဘာမက်လုံးမှ မရှိတော့ တပ်သားသစ်က စုစောင်းမရ၊ ဒါနဲ့ပဲ ခေတ်အဆက်ဆက် ကလေးစစ်သားချည်း လှိမ့်ဖမ်း၊ ပေါ်တာချည်း လှိမ့်ဆွဲနေရတာ ဟာ ဗမာ စစ်တပ် ရဲ့ ပကတိ အနေအထားပါ။  အခြေမခိုင်တော့ ယိုင်လဲရတာ၊ နုံခြာ မစည်ပင် ဖြစ်ရတာဟာ ဗမာပြည်မှာ ဘောလုံးအသင်းက အစ ဗမာ့တပ်မတော် အဆုံးပါ။

    ဒီလို လူလိုလည်း မနေရ၊ လူစဉ်မီ စားနပ် ရိက္ခာ အထောက်အပံ့၊ လစာ ငွေကြေး လည်း မခံစားရ၊ တရားမျှတမှုလည်း မရှိ၊ ကြီးနိုင်ငယ်ညှဉ်း အထက်အောက် ဆက်ဆံမှု အပြည့်နဲ့ ဗမာ့တပ်မတော် က အခြေခံ အကြပ်၊ တပ်သားများရဲ့ ရင်နင့်ဖွယ် ဘဝ အခြေအနေ ဟာ တိုင်းတပါး နိုင်ငံတခုခု နဲ့ သူတင်၊ ကိုယ်တင် ယှဉ် တိုက်နိုင်စွမ်း ရှိဖို့ အင်မတန် ခဲယဉ်းလှတယ်။  အထက်အမိန့်ကြောက်လို့ မဖြစ်မနေ တိုက်နေရတဲ့ ပြည်တွင်းစစ်ပွဲတွေမှာတောင် အကျအဆုံးများလှတာ မျက်မြင်ပါ။

    ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူ့ပြဿာနဲ့ သူ ဗျာများနေတဲ့ တိုင်းပြည်မျိုး၊  ဒါပေမယ့် သူတို့မှာ ခိုင်မာတဲ့ တပ်မတော် တခု ရှိတယ်၊ ပါကစ္စတန် လို စစ်အင်အားကြီး နိုင်ငံမျိုးကို (အိန္ဒိယ က မြှောက်ပေး ကူညီခဲ့လို့ပဲ ဖြစ်ဖြစ်) တော်လှန် လွတ်လပ်ရေး ယူနိုင်ခဲ့တဲ့ အလှမ်းမဝေးတဲ့ သမိုင်း ရှိတယ်။  ဒါတွေ ထားလိုက်ပါဦး။  တကယ်တော့ တိုက်ရင် နိုင်/မနိုင် ဆိုတာ ထည့်ကို ပြောစရာ၊ စဉ်းစားစရာ မလိုပါ။  စစ်ဖြစ်စရာ ဘာအကြောင်း မှ ကို မရှိတာပါ။

    ကျူးကျော်စစ်ကို ခုခံရမယ် ချည်းပဲ ဝါဒဖြန့်နေကြတာ တကယ်တမ်း ဒီခေတ်သစ် ကမ္ဘာ မှာ ဘာမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ သူများ ကို ကျူးကျော် ရန်စတယ်ဆိုတာမျိုးက မလွယ်ပါ။  ဘယ်သူမှ အဖြစ်မခံပါ။

    ဗမာ စစ်တပိုင်း အစိုးရ၊ စစ်အုပ်စုကသာ ပြည်တွင်း နိုင်ငံရေး အလှည့်အပြောင်း ဖြစ်အောင်၊ ဒီမိုကရေစီ အင်အားစု နဲ့ လူထု နိုင်ငံရေး ဒီရေလှိုင်းလုံး ကျအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင်တွေ ဝေဝါးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မကြီးတဲ့ နယ်စပ် ပြဿနာ ရန်မီး ကို မီးတောက် အောင် မလုပ်ရင် ဘာမှ အကျယ် အကျယ် ဖြစ်လာနိုင်မှာ မဟုတ်ပါ။

    ဒိ အနေအထား မှာ ဝမ်းနည်းစရာ အကောင်းဆုံးက စစ်အုပ်စု ရဲ့ အမြဲတမ်း သုံးနေကျ ဝှက်ဖဲ ထုတ်သုံးတာ သိသာလှပေမယ့် ဘင်္ဂလား ဆိုတာရယ်ကြောင့်လည်း ပါတယ်၊ တသက်လုံး စစ်သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံထားရတာကြောင့်လည်း ပါတယ် အခု လူသာမန် အများစု စစ်သွေးတွေကြွနေကြတယ်။  စစ်အာဏာရှင် လက်ကိုင်တုတ်များ သွေးထိုးလှုံ့ဆော် မြှောင့်ပင့် တဲ့ အတိုင်း ရောယောင် လိုက်၊ အသံတူ ထွက်နေကြတာမှာ ဒီမိုကရေစီ အင်အားစု ဆိုတဲ့ “ထောင်ကျခံ နာမည်ကျော် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ” တောင် ပါတယ်။  သူတို့ ကိုယ်တိုင် အခု “အောင် တပ်မတော်ကြီးလည်း ချီ လာပါပြီ” ဟစ်ကြွေးနေကြတယ်။  ဗမာ့ နိုင်ငံရေး နဲ့ အနာဂတ် ရင်လေးစရာပါပဲ။

    ဟိုတလောက “အခြေခံ အတွေးအခေါ် ပြောင်းလဲမှု” ဆောင်းပါး မှာ “စစ်ဘုရင် သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံ ထိထားလို့ စစ်ဘင်ခရာ သံလေးကြား၊ စစ်ချီတေးလေးများ ဟစ်ရင် စစ်သွေးလေး ကြွချင်၊ အလံကလေး တလူလူ လွှင့်ရင် အမျိုးဂုဏ် ဇာတိ မာန် တွေ ထ ချင် တဲ့ မိမိ စိတ်ကို မိမိ အရင် ပြောင်းပါ” ရေးခဲ့တုန်းက လူတချို့ ဘဝင်မကျချင်ကြဘူး။

    အခု မျက်မြင်ပဲ စစ်အုပ်စု မှိုင်းတိုက်တာ ဘယ်လောက် အောင်မြင်သလဲ ဆိုတာ။  အကွက် ဟောင်းကြီးပါ၊ ရိုးနေပါပြီ ဘယ်လောက်ပဲ အော်နေနေ လူအများ တကယ့် အတွင်း သဘောမှာတော့ ကုလားမုန်း စိတ်အခံလေးကလည်း ရှိ၊ “ကြီးမြတ်လေသော မဟာ မြန်မာ” စိတ် မပျောက်ဆိုတော့ စစ်လိုလားသံတွေ ဖိတ်လျှံနေတယ်။  ဒီလို ပုံမျိုး နဲ့ဆို ဗမာပြည်မှာ စစ်ဝါဒသာ ရေရှည် လွှမ်းမိုးနေနိုင်ဦးမှာပါ။

    စဉ်းစားကြပါ။  တိုင်းပြည်ချစ်ကြောင်း ပြနိုင်ဖို့ ရာ စစ်ပွဲ ကို လက်ယပ်ခေါ် ကြိုဆိုပြစရာ အကြောင်းမရှိပါ၊ မျိုးချစ်စိတ် သက်သေတည်ဖို့ ရာ လူသတ်ချင်ကြောင်း အော်ပြစရာ မလိုပါ။  ဗမာပြည် မှာ ပြည်ပရန်တွေ ဝန်းရံနေတယ် ဆိုတာ စစ်အင်အား နဲ့ ရန်ပြု ကျူးကျော်ခံရမှုမျိုး၊ ခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပါ။  တိုင်းပြည် မှာ ရာစုဝက် ကြီးစိုးနေတဲ့ စစ်ခေါင်းဆောင်ကြီးများ အုပ်ချုပ်မှု မကောင်း၊ အကျင့် သီလ မမှန်၊ အမြော်အမြင် မရှိတော့ နိုင်ငံ့စနစ် ပျက်ပြားပြီး နိုင်ငံခြား တိုင်းပြည် အဖြူ၊ အမည်း၊ အညို၊ အဝါ ပေါင်းစုံ ရဲ့ စီးပွား၊ ပညာ၊ ကျန်းမာ၊ လူမှု၊ အားကစား ကျူးကျော် အသာရမှု ခံနေရခြင်းပါ။

    နိဂုံးချုပ်ရရင် ပြည်သူလူထု ရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကြတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံ သာ ဖြစ်ပါတယ်။  ဒီ (၃) ချက်ကို ဗမာပြည်မှာ အလုံးစုံ ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် နိုင်အောင် တိုက်ဖျက်ခြင်းဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြောင်း အကောင်းဆုံး သက်သေပြမှုပါ။  ဒီ (၃) ချက်ကို ပြင်နိုင်ရင် ဗမာပြည် အပေါ် နိုင်ငံစုံ က အဖက်ဖက် အသာစီးရနေတာတွေလည်း လျော့သွား တိုင်းပြည် လည်း စစ်အင်အား အပါအဝင် ကဏ္ဍ စုံမှာ လူစဉ်မီ၊ အရည်အချင်းပြည့် လာမှာသာ ဖြစ်ပါတယ်။  ဒါကို မျက်ကွယ်ပြုပြီး စစ်အုပ်စု နှပ်ကြောင်း ပေးသလို ကြိုးဆွဲရာ လိုက်ကချင်နေကြရင် ဗမာပြည် ဟာ စစ်ကျွန် နစ်သထက် နစ်နေဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

    ငြိမ်းချမ်းအေး
    ၀၂ ဇွန်၊ ၂၀၁၄

    ဆက်စပ် ဆောင်းပါး ဟောင်းများ တဆက်တည်း ပြန်ဖတ်ရန်:

    အခြေခံ အတွေးအခေါ် ပြောင်းလဲမှု
    Read @ http://moemaka.com/archives/37707
    http://moemaka.blogspot.com.au/2014/05/blog-post_4741.html

    ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ
    http://moemaka.com/archives/37826
    http://moemaka.blogspot.com.au/2014/05/blog-post_1362.html

    အာဏာရှင်စနစ်ရဲ့ ဝိသေသ လက္ခဏာများ
    http://blog.irrawaddy.org/2012/08/blog-post_5938.html

  • အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့

    ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။
    .ရေးသူ- ငြိမ်းချမ်းအေး

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။
    wirathu-fb

    စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။  နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။

    အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊  ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။  ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။

    Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။  ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။  သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။  ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။

    အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။

    ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီ ဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။”  (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။

    “ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။

    ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။

    “ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။  ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။

    အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။  ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။  ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။

    ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။  ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။

    လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင် မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။

    ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။  ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြနြ့်ပန့် ဆောက်ရွက်နေတယ်။  ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။

    ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။  တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။  ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။

    ဒါကြောင့် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။

    (စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာ သင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ [email protected] သို့ စာရေးဆက်သွယ်နိုင်သည်။

    မူရင်း Link =>http://burma.irrawaddy.org/opinion/viewpoint/2014/03/20/56506.html

  • “အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ (By ငြိမ်းချမ်းအေး)

    jihadforlove

    “အချစ်ဂျီဟဒ်” ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ

    မိုးမခ မှ တဆင့်ကူးယူဖော်ပြသည်။

    ငြိမ်းချမ်းအေး၊ ဇွန် ၁၈၊ ၂၀၁၃

     

    “အချစ်ဂျီဟဒ်” စကားလုံး အစ

    “အချစ်ဂျီဟဒ်” ဆိုတဲ့ အသုံး လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က နိုင်ငံတကာ မှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ဗမာပြည်မှာလည်း အလားတူ သဘောတရားတခု ခုနှစ်ပိုင်း ပို ခေတ်စားလာတယ်။ နိုင်ငံတကာမှာတော့ နာမည်ကို နားဝင်သာအောင် ပေးကြတယ်။ နောက်တမျိုးက ပိုတောင် ယဉ်သေးတယ်။ “ရိုမီယိုဂျီဟဒ်” တဲ့။ ဆိုလိုချင်တဲ့ အဓိပ္ပာယ် အနက် ကို ပို ပေါ်လွင် အားပါစေတဲ့ အသုံး ကျ “အချစ်ထောင်ခြောက်” တဲ့။ စာရေးသူ တို့ဆီမှာလည်း လှပါတယ်။ တခါတည်း ပေးလိုက်တာ ဒုတ်ထိုးအိုးပေါက် ကွက်ကွက်ကွင်းကွင်း “သားဖောက်သာသနာပြုခြင်း” ဆိုပဲ။ မြန်မာ စကားလုံး ရဲ့ လားရာ “Etymology” ကို စစ်ရင် နိုင်ငံတကာက အသုံးထက် ပိုတောင် ရှေးကျဦးမလား မသိဘူး။ စာရေးသူတော့ ကြားဖူးခဲ့တာ တော်တော်ကြာပေါ့။

    စကားလုံးရဲ့ ပုံဖော်နိုင်မှု၊ တနည်းအားဖြင့် စကားလုံးရဲ့ အားက သိပ်ကောင်းတယ်။ ဒါကြောင့် အထက်မှာ လှတယ်လို့ သုံးလိုက်တာပါ။ ဒါပေမယ့် ကိုးကွယ်ယုံကြည်မှု ဘာသာတရား တခုခုနဲ့ ဆက်စပ်တဲ့ ကိစ္စကို ဆိုရာမှာ စကားလုံးရွေးချယ်မှုက အားကောင်းဖို့ထက် တဘက်သား နာခံသာပြီး ယဉ်ကျေးဖွယ်ရာဖြစ်ဖို့က ပိုအရေးကြီးတယ်။ ဒါ့အပြင် စွပ်စွဲချက်က မှန်နေရင် တော်သေးတယ်။ မမှန်ရင် တဘက်အုပ်စုက ပို အခံရခက်တာပေါ့။ ပြီးတော့ စကားလုံး အားကောင်းလေ လူအများကြား ဟုတ်နိုးနိုးနဲ့ ပို ယုံထင်ကြောင်ထင် ဒွိဟဖြစ်လေ၊ ပြဿနာပိုကြီးလေ၊ ရှင်းဖို့ခက်လေ နဲ့ နောက်ဆုံးတော့ တဘက်နဲ့ တဘက်နဲ့ မယုံသင်္ကာပိုဖြစ်၊ သံသယတွေ ပိုထားလာပြီး နောက်ဆုံး ပြင်းထန်တဲ့ ပဋိပက္ခတွေ အထိ ဖြစ်လာပြီး အရှည် မှာ ဖျောက်ဖို့ခက်တဲ့ ဒဏ်ရာအမာရွတ်တွေ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခုကြားမှာ ထင်ကျန်လာတော့တာပေါ့။

    “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လိုမှု ရဲ့ အကြောင်းရင်း

    ခု ဗမာပြည်မှာ ဖြစ်ပေါ်လာတဲ့ အငြင်းပွားဖွယ် “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု ရဲ့ အရင်းစစ်က ဒီ “အချစ်ဂျီဟဒ်” စကားလုံး (သို့) သီအိုရီ ကြောင့်လို့ ဆိုနိုင်တယ်။ Theory ဆိုတာထက် “Conspiracy Theory” ဆိုရင် ပိုမှန်မယ်။ အင်အားကြီးတဲ့ လူတစုက ရည်ရွယ်ချက်ရှိရှိ၊ အကွက်ကျကျ၊ လျှို့ဝှက်ကြံစည် နေမှု တခုခုကြောင့် ဖြစ်ရပ်တချို့ရဲ့ နောက်ကွယ်မှာ မနှစ်မြို့ဖွယ် အခြေအနေတခုခု ရှိနေတယ်ဆိုပြီး မှန်းဆ တွေးတော ကောက်ချက်တွေထုတ် ယုံကြည်နေမှု တခုခုလို့ ဆိုပါတော့။

    ဗမာပြည်က “အချစ်ဂျီဟဒ်” (မြန်မာလို တွင်ကျယ်နေတဲ့ အသုံး “သားဖောက်သာသနာပြုခြင်း”) သီအိုရီ ဖြစ်စဉ်မှာ သတိပြုဖွယ်တခုက ဒီလို အသုံးမျိုးနဲ့ သဘောတူ (အလားတူ) နီးစပ် စကားမျိုး ကို အပြောခံ အုပ်စုဘက်ကပါ “အပြောင်အပြက်” ပြောလေ့ရှိတာပဲ။ စာရေးသူ ကိုယ်တိုင် မကြခဏ ဆိုသလို ကြားဖူးတယ်။ ဘာသာကွဲ နဲ့ လူငယ်ဘာသာ၊ ဘာဝ ချစ်၊ ကြိုက် မိရာက လက်ထပ်ဖို့ အထိ ဖြစ်လာရင် ဘာသာတူ လူငယ် သူငယ်ချင်း အချင်းချင်းကြား နောက်ပြောင်ရင်း “ကောင်းတာပေါ့..။ သာသနာပြုပြီးသားလည်း ဖြစ်တာပေါ့..။” လို့ “ပြက်ချော်ချော်” ပြောလေ့ရှိတာ သတိထာမိတယ်။ ဆင်ခြင်ဖွယ်ရာပါပဲ။ “အပြက်အပြက် နဲ့ နှာခေါင်းသွေးထွက်” ကိန်းဆိုက်တာပေါ့။ “အမှိုက်ကစ ပြဿဒ်မီးလောင်” ပြီး အခုတော့ ဘာသာကွဲတွေကြားမှာ တကယ် အမြင်မှား၊ ထိထိရောက်ရောက် စွပ်စွဲ၊ အရေးယူချင်စရာ ဖြစ်လာတော့တယ်။

    လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ

    ဒီ “အချစ် ဂျီဟဒ်” ရဲ့ အရင်းစစ်က အစွပ်စွဲခံ အုပ်စုတွေရဲ့ ဘာသာတရား အစ္စလာမ် ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ကြောင့်လို့ ဆိုနိုင်မယ် ထင်တယ်။

    အစ္စလာမ် သာသနာ ဟာ ပေါ်ထွန်းခဲ့တဲ့ ခေတ် အနေအထား၊ ပထဝီဝင် ဒေသ အခြေအနေကြောင့် အခြား ဘာသာကြီးတွေနဲ့ ယှဉ်ရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး (တိုင်းပြည် အုပ်ချုပ်ရေး) နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပိုပြီး တိတိကျကျ ဆိုသလို ပြဋ္ဌာန်း သတ်မှတ်ထားတယ်။ ဥပမာ – စီးပွားရှာရမှာ ဘာသာ ပေါ်ဦးစ ဒေသတွင်း ခေတ်အနေအထား ကြီးစိုးနေတဲ့ အတိုးကြီးစားမှု ကို ပပျောက်စေချင်တော့ အတိုးယူ စီးပွားရှာမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး၊ ကျွေးကျွန်တွေကို လွတ်ငြိမ်းချမ်းသာပေးတာမျိုး၊ အလုပ်သမား လုပ်ခ ကို ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့ မျှမျှတတ ဘယ်လိုပေးရမယ် ဆိုတာမျိုး နဲ့ စီးပွားရှာရာမှ ရရှိတဲ့ အမြတ်ကို ဘယ်လို သုံးစွဲ၊ စုစောင်း၊ လှူဒါန်းမှုမျိုးပြုရမယ်ဆိုတာမျိုးတွေကို တိတိကျကျ လမ်းညွှန်တာမျိုး ကို ဆိုလိုတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှု နဲ့ မဆိုင်တဲ့ လွတ်လပ်တဲ့ လေ့လာသူ နိုင်ငံတကာ ပညာရှင်တွေက အစ္စလာမ် အယူဝါဒ ကို စတင်ဖော်ထုတ်တဲ့ ခေါင်းဆောင် တမန်တော် မုဟမ္မဒ် ကိုဆိုရင် သြဇာကြီးမားလှတဲ့ လူမှုရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ပါ သတ်မှတ်လေ့ရှိကြတယ်။
    ဆိုချင်တာက အစ္စလာမ် ဘာသာဝင် မွတ်ဆလင်တွေ အတွက် လက်ထပ်ခြင်း နဲ့ ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိတယ်။ ဘာသာကွဲသူများ အကြား အိမ်ထောင်ပြုမှု (Mixed Marriage/Interfaith Marriage) အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားတယ်။ တခြား ဘာသာကြီးတချို့မှာဆိုရင် ဒီလို သတ်မှတ်ချက်မျိုး အတိအကျရယ်လို မရှိဘူးလို့ ဆိုနိုင်တယ်။

    ဥပမာ – ကမ္ဘာ့ ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒို ဘာသာယုံကြည်မှုအရဆိုရင် ဘုရားကို ရှာတဲ့ နေရာမှာ၊ တနည်းအားဖြင့် ပရမတ္တသစ္စာ (Absolute Truth) ကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့ လမ်းတွေ ရှိမယ်။ ဒါပေမယ့် ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲ လို့ ယူဆတဲ့ အတွက် ဟိန္ဒို တယောက် နဲ ဟိန္ဒို မဟုတ်သူ တယောက် အကြား မှာ အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားမှု မရှိဘူး။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိက အခွင့်အရေး နဲ့ ရွေးချယ်မှု သက်သက် ဖြစ်တယ်။ ကြိုက်တဲ့ လမ်းရွေး၊ ကြိုက်တာ ကိုးကွယ် ဆိုတဲ့ အယူအဆ အရ ဘာသာကွဲနဲ့ လက်ထပ်မှု ကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှု ပြုမထားဘူး။

    ခရစ်ယာန် ဘာသာ မှာ ဆိုရင်လည်း သမ္မာကျမ်းစာ ကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့ တခု အနက်ကောက်ရာမှာ မတူညီတဲ့ အတွက် ဘာသာကွဲ လက်ထပ်မှု ခွင့်ပြုတာ ရှိသလို၊ ပြင်းထန်တဲ့ အစုအဖွဲ့ တွေမှာလည်း တားမြစ်ထားတာ ရှိတယ်။ ဓမ္မသစ်ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့) မယား ဟာ ယုံကြည်မှုရှိသူ မိမိ အိမ်ထောင်ဘက် မှ တဆင့် မြင့်မြတ်တဲ့ ကောင်းကင်ဘုံ (နိဗ္ဗာန်) ကို ရောက်နိုင်တယ် ဆိုတဲ့ သဘောမျိုးပါတဲ့အတွက် ယေဘုယျ သဘော ဘာသာကွဲနဲ့ လက်ထပ်ခြင်းကို ခွင့်ပြုတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံ ဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုး မရှိဘူး။

    (စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။ ဆောင်းပါးပါ ရေးသားချက်မှာ ယေဘုယျ သဘောကိုသာ ဆိုလိုခြင်း ဖြစ်တယ်။)

    ဗုဒ္ဓဘာသာ မှာ ဆိုရင်လည်း ကိလေသာ နဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စ “Pure Secular Affair” ဖြစ်တယ်။ ငါးပါးသီလ လို ကျင့်ဝတ် ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက် ရှိတယ်။ ဒါပေမယ့် အိမ်ထောင်မှုပြုခြင်း အတွက် သီးသန့် လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိဘူး။ ဒါဟာ ဗုဒ္ဓဘာသာ မှာ အိမ်ထောင်မှုပြုခြင်းကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ဘူး။ ဆန့်ကျင်ခြင်း၊ ကန့်သတ်ခြင်း မရှိသလို၊ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းထားပြီး လမ်းညွှန် အားပေးထားခြင်းမျိုးလည်း မရှိဘူး ဆိုတဲ့ သဘောသာ ဖြစ်တယ်။

    ဒါပေမယ့် ယေဘုယျ ဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်း ချည်းပဲ ဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရား ကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေ အဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီလူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆပ်စပ်ဘူးလို့ ဆိုလိုတယ်။

    အစ္စလာမ် အယူဝါဒ မှာတော့ ဆိုခဲ့သလို အိမ်ထောင်ပြုမှုဆိုင်ရာအတွက် လမ်းညွှန်ချက်တွေ သီးသန့် ရှိတယ်။ ယေဘုယျ သဘောအရ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးဘူး။ အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြား ဘာသာ နှစ်ခု ဖြစ်တဲ့ ဂျူး နဲ့ ခရစ်ယာန် ဘာသာဝင် အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးတယ်။ သားသမီးကိုလည်း မွတ်ဆလင် အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားတယ်။

    ဒီလို တိတိကျကျ သတ်မှတ်ထားမှု သဘောကြောင့် ဒါဟာ မွတ်ဆလင် ဘာသာဝင် အရေအတွက် တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး ဆိုခဲ့တဲ့ “အချစ်ဂျီဟဒ်” သီအိုရီ ပေါ်လာခြင်း ဖြစ်တယ်လို့ ယူဆနိုင်တယ်။ မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင် မဟုတ်တဲ့ အခြား ဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခု ချို့ယွင်း မှု ကြောင့် သိမ်းသွင်းဖို့ပိုလွယ် “Vulnerable“ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆတရပ်၊ စွပ်စွဲမှုတရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာတယ်။

    အိန္ဒိယ ဖြစ်စဉ်

    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယ မှာ အစ္စလာမ် ဘာသာရေး အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး “အချစ်ဂျီဟဒ်” ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒို နဲ့ ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးတယ်။ ဒီလို စနစ်တကျ နဲ့ လူပ်ရှားမှု “Campaign” ပုံ သဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ် အခြေခံဝါဒီ အုပ်စုကိုလည်း နိုင်ငံခြားက အစ္စလာမ် အဖွဲ့အစည်းတွေကလည်း ငွေကြေးထောက်ပံ့ ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြတယ်။ ဒါကြောင့် အစိုးရနဲ့ တရားရေး အဖွဲ့တွေက ဒီကိစ္စ ကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတယ်။ ပုဂ္ဂလိက တဦးချင်း ဆန္ဒ နဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမယ့် အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှု ပုံစံ မျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်းထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေး ရေးသား ဆွေးနွေးနေဆဲ ဖြစ်တယ်။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှု တွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အားတိုက် ဝါဒဖြန့်နေကြဆဲ ဖြစ်တယ်။ သာမန် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေကလည်း “အချစ်ဂျီဟဒ်” ကိစ္စ ဆက်လက် ထောက်ပြ၊ စုံစမ်းစစ်ဆေးအရေးယူဖို့၊ သူတို့ သမီးတွေ နဲ့ အိန္ဒိယ ကို ဟန်ဆောင် အချစ် “အချစ်ဂျီဟဒ်” စစ်ပွဲ မွတ်ဆလင်တွေက စနစ်တကျ ဆင်နွှဲနေတာကို ကာကွယ်ဖို့ တောင်းဆိုနေကြဆဲ ဖြစ်တယ်။

    ယူကေ ဖြစ်စဉ်

    ဗြိတိန် နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးတယ်။ ဆစ်ခ် အမျိုးသမီးငယ် ပညာတတ် ကောလိပ် ကျောင်းသူလေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား “အချစ်ထောင်ခြောက်” နဲ့ သိမ်းသွင်းခြင်းခံနေရတယ်။ နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ် အသိုင်းအဝန်းမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် “လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး ဌာန” က ဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ဖူးတယ်။ လေ့လာချက်အရ ဆစ်ခ် အသိုင်းအဝန်းရဲ့ စိုးရိမ် စွပ်စွဲ မှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာ ဖြစ်တယ် ဆိုတာ တွေ့ရှိခဲ့တယ်။ မွတ်ဆလင်တွေကို မကောင်းဆိုးဝါးတွေ အဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါ (Islamophobia) ရဲ့ ပြဿနာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ လူထု နဲ့ ဆစ်ခ် အသိုင်းအဝန်းကို ထုတ်ပြန် တင်ပြခဲ့ရဖူးတယ်။

    ဗမာပြည် ဖြစ်စဉ်

    ဆိုတော့ ဆိုလိုချင်တာက “အချစ်ဂျီဟဒ်” ပြဿနာ ဟာ နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ၊ စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုခဲ့တယ်။ အခု ဗမာပြည်မှာလည်း ဒီ “အချစ်ဂျီဟဒ်” သဘောနဲ့ ဆက်နွယ်ပြီးတော့ လူအများကြား ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစား၊ ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ နှစ်မျိုးစလုံးအနေနဲ့ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချီ လာကြတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမို အထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရား နဲ့ သံသယ ဟာ ဗမာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ပြန့်နှံ့ လာနေတယ်။ အခုနောက်ဆုံး လောကီရေးရာ နဲ့ အမြဲလိုလို ကင်းကင်းနေလေ့ရှိတဲ့ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များကပါ ဘာသာ၊ သာသနာအရေးအတွက် စိုးရိမ်သောက ရောက်လာပြီး “အချစ်ဂျီဟဒ်” ကို ကာကွယ်လိုမှု သဘော “မျိုးစောင့်ဥပဒေ” ထုတ်ပြန်လို မှု မျိုး ပုံစံ အထိ အဆိုတင်သွင်းလာကြတယ်။

    ဗမာပြည် ဖြစ်စဉ်အတွက် ဦးစားပေး စတင် လုပ်သင့်တဲ့အရာ

    ဒီလို ဗမာပြည်မှာ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒို နဲ့ အစ္စလာမ် မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးထဲက အမျိုးသမီးငယ်လေးတွေ ဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ် သားကောင် အနေနဲ့ ဟန်ဆောင် အချစ် (သို့) ငွေကြေး နဲ့ မြူဆွယ် ဖြားယောင်းမှု ထောင်ခြောက် ဒဏ် ကို စနစ်တကျ ကျူးလွန် ခံနေရပြီး အဓမ္မ ဘာသာပြောင်းခြင်း ခံနေရတဲ့ ဖြစ်စဉ်မျိုး ဗမာပြည်မှာ တကယ် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါက အမှန်တကယ် လျစ်လျူရှုထားလို မရတဲ့ ပြဿနာ အကြီး ဖြစ်ကာ တကယ်လည်း အလေးထား အရေးယူ၊ ကာကွယ်မှု တခုခု ပြုလုပ်ရာမှာ အမှန်ဖြစ်တယ်။

    ဒါပေမယ့် အခု သံဃာတော် များ ဆွေးနွေး ညှိနှိုင်းပြီး ထုတ်ပြန်ဖို့ ဆန္ဒ ရှိတဲ့ “မျိုးစောင့်ဥပဒေ” လို မျိုးနဲ့တော့ မဟုတ်ပါ။

    ပထမဆုံးအနေနဲ့ ဖြစ်သင့်တာက နိုင်ငံတကာမှာ ဆောင်ရွက်သလို အစိုးရ၊ ဘာသာရေး နဲ့ လူမှုရေး အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးပြီး လွတ်လပ် ဘက်မလိုက် မျှတပြီး မြင်သာထင်သာရှိတဲ့ ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမျိုး အရင် ပြုလုပ်ရပါမယ်။ ပြီးတော့ ထုတ်ဖော် တွေ့ရှိချက် ကို အများပြည်သူ နဲ့ နိုင်ငံတကာ၊ အထူးသဖြင့် ကမ္ဘာ့မွတ်ဆလင် အသိုင်းအဝန်း ကို မှန်မှန်ကန်ကန် အကျိုး/အကြောင်း အညီ ချပြရပါမယ်။

    “အချစ်ဂျီဟဒ်” သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက်ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့မှာ ကျယ်ကျယ်ပြန့်ပြန့် အနေနဲ့ကို ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ မျှတတဲ့ စုံစမ်း စစ်ဆေးမှု မဖြစ်မနေ အရင်လုပ်ရပါမယ်။

    ရှေးရိုးစွဲနဲ့ ဘာသာရေး အစွန်းရောက် အုပ်စုတွေ အွန်လိုင်းနဲ့ အပြင်မှာ လက်လွယ်စပယ်၊ လေဖမ်းဝါးလုံးတန်းချည် ပြောဆို၊ ရေးသား နေမှုမျိုး၊ အမှတ်တဝက် အမှားတဝက် ရောစွက် ပုံဖျက်ထားတဲ့ အချက်အလက်မျိုး၊ ဝါဒဖြန့် မှိုင်းတိုက်နေမှုမျိုးကို အခြေခံပြီး လုပ်လို့ မရပါ။ ဘက်မလိုက်၊ အစွဲကင်းတဲ့ အဖြေတခု ထွက်အောင် အရင် ရှာရပါမယ်။ ဒါမှ ပကတိ အခြေအမှန်ကို သိနိုင်ပါမယ်။

    တကယ်လို့ “အချစ်ဂျီဟဒ်” ဖြစ်စဉ် အမှန်တကယ် ဖြစ်ပေါ်နေတယ်၊ ဒါမှမဟုတ် ဖြစ်ပေါ်လာနိုင်ဖို့ အလားအလာ ရှိတယ်၊ နောက်ဆုံး ယုတ်စွအဆုံး တကယ်မဖြစ်ပေါ်နေ၊ မဖြစ်ပေါ်နိုင်သော်ငြားလည်း အမျိုး၊ ဘာသာ၊ သာသာနာ ကို ကာကွယ်စောင့်ရှောက်လိုမှုသဘောနဲ့ အရေးယူ ဆောင်ရွက်မှုမျိုး၊ ဥပဒေပြူမှုမျိုး လုပ်ချင်တာဆိုရင်လည်း အခု သံဃာတော်များ ဆွေးနွေး အဆိုပြု ခဲ့တဲ့ “မျိုးစောင့်ဥပဒေ” သဘောမျိုးနဲ့တော့ ပြဿနာ အဖြေ မရှာနိုင်ပါ။

    အထူးသဖြင့် “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ (မူကြမ်း)” အဆိုပါ ထည့်သွင်းထားတဲ့ သဘောမျိုးနဲ့တော့ လုံးဝ အရေးယူမှု ပြုလို့ မရပါ။ ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက် နဲ့ ဖြစ်သင့်တဲ့ သဘောကို အောက်ပါ ဆွေးနွေးချက် (၁၁) ချက်မှာ ဆက်လက် ရှုပါ။

    ၁) ပုဂ္ဂလိက ဆန္ဒ နဲ့ အခွင့်အရေး ကို လေးစား အသိအမှတ်ပြုရမယ်။

    အိမ်ထောင်သားမွေးပြုခြင်း (လက်ထပ်ခြင်း) နဲ့ လိင်ဆက်ဆံခြင်း ဆိုတာဟာ အရွယ်ရောက်ပြီး ကျား/မ လူသားတိုင်းအတွက် ကိုယ်ပိုင် အသိဉာဏ်၊ ပညာ နဲ့ ဆင်ခြင်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိတဲ့ တကိုယ်ရေ ပုဂ္ဂလိက ရွေးချယ်မှု၊ သဘော နဲ့ ဆန္ဒသာ ဖြစ်တယ်။

    ၂) အခြေတည် ပြီးသား ကောင်းမွန်တဲ့ ဓလေ့ထုံးကို ထိန်းသိမ်းရမယ်။

    ဗမာ့ရိုးရာဓလေ့ နဲ့ ဗုဒ္ဓဘာသာ ဓလေ့ မှာ အိမ်ထောင်မှုပြုခြင်းကိစ္စဟာ အင်မတန် ရိုးရှင်း လွတ်လပ်ပြီး ဘာသာရေး လမ်းညွှန်ချက်တွေ၊ အဖွဲ့အစည်းတွေ အပြင် ဥပဒေရဲ့ တုန့်နှောင်မှု နဲ့ပါ လွတ်ကင်းပြီး (၂၁) ရာစု မျက်မှောက်ခေတ် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အံဝင်ပြီးသားလည်း ဖြစ်တယ်။ ဒါဟာ မိမိဓလေ့၊ ဘာသာထုံးရဲ့ အမြင်ကျယ်၊ သဘာထားကြီး၊ လူသားဆန်မှု နဲ့ လွတ်လပ်ခွင့် ကို ဖော်ပြရာရောက်တဲ့အတွက် ထိန်းသိမ်းရပါမယ်။

    ၃) ကျား/မ လိင် ခွဲခြားဆက်ဆံ ပြုမူခြင်းကို ဆန့်ကျင် ရှုတ်ချရမယ်။

    အခု မူကြမ်း ဥပဒေ အဆိုပါ “မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ” လို့ ခေါင်းစဉ် တပ် ကန့်သတ်ခြင်းဟာ လူ့အခွင့်အရေး ကို ချိုးဖောက်ရုံမက ကျား/မ လိင် ခွဲခြားမှု ကို ဖြစ်စေတယ်။ အစ္စလာမ် လက်ထပ်ခြင်း ထုံးမှာလည်း အလားတူပဲလို့ ပြန်အကြောင်းပြချက် ပေးလိုသူများကို တခါတည်း စဉ်းစားနိုင်ဖို့ ဒီမှာ ရှင်းပါမယ်။ အစ္စလာမ် ဘာသာ နဲ့ ဘာသာဝင် မိတ်ဆွေများကို စော်ကားလိုစိတ် ရိုးသားစွာ မရှိပါ။ ဘာသာရေး ထုံးတမ်းတွေ အများစုဟာ ရှေးဟောင်း လူ့အဖွဲ့အစည်း ကို အခြေခံပြီး အဲဒီ ခေတ် လိုအပ်ချက်အရ သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်။ ခေတ်သစ် ကမ္ဘာ (၂၁) ရာစု အတွေးအခေါ်၊ အဆင့်အတန်း ရေချိန် အရ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင် ပြောင်းလဲဖို့လိုသလို တင်းကျပ်မှုတချို့ကို ဖြေလျော့ဖို့ လိုတယ်။ အစ္စလာမ်ထုံးပါ အမျိုးသားများကိုသာ ကွက်ပြီး ဘာသာကွဲနဲ့ လက်ထပ်လိုပါက ခွင့်ပြုခြင်းဟာ ကျား/မ လိင် ခွဲခြား၊ ဖိနှိပ်ဆက်ဆံခြင်း ဖြစ်တယ်။ မျက်မှောက် လူ့အဖွဲ့အစည်းအတွက် မသင့်တော်ပါ။

    ၄) မလေးရှား ဒီမိုကရေစီ ကို တုချင်ရင် အာဏာရှင်စနစ်သာ ကျင့်သုံးပါ။ ဒါမှမဟုတ် “Theocracy” စနစ် ကျင့်သုံးပါ။

    မလေးရှားမှာလည်း အလားတူ သဘော ဥပဒေ ရှိတယ်လို့လည်း အခု အကြောင်းပြကြတယ်။ မလေးရှားဟာ ဘာသာရေးက နိုင်ငံတော်ရဲ့ မူဝါဒ နဲ့ လမ်းစဉ်တွေအပေါ် လွှမ်းမိုးမှုလုံးလုံးကင်းတဲ့ “Secular State” စစ်စစ် မဟုတ်ပါ။ ဘာသာရေး အစွန်းရောက်တွေ မများဘဲ အလယ်အလတ်ဝါဒီ အများစုလို့ ဆိုနိုင်သော်လည်း ဘာသာရေးထုံးတမ်း နဲ့ ရှေးရိုးစွဲ အမြင်၊ အလုပ်တွေ အများကြီး ရှိနေတယ်။ ဒါဟာ အတုယူစရာ မဟုတ်ပါ။

    မလေးရှားဟာ ဒီမိုကရေစီနိုင်ငံလည်း အပြည့်အဝ မဟုတ်ပါ။ မလေးရှား ဒီမိုကရေစီလောက်ပဲ မှန်းနေရင် ဗမာပြည်မှာ အာဏာရှင်စနစ်သာ ဆက်လက် ကျင့်သုံးပါ။ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်း နဲ့ ခေါင်းဆောင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ “Theocracy” စနစ်ကို ကျင့်သုံးပါ။
    ကမ္ဘာအနှံမှာ အထူးသဖြင့် မွတ်ဆလင်ကမ္ဘာ၊ အာရပ်ကမ္ဘာမှာ နိုင်ငံတော်ကို ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုးလို့ ဘယ်လို လူမှု၊ စီးပွား မတည်ငြိမ်မှုတွေ၊ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနှောင့်နှေး၊ အောက်ကျနောက်ကျ နိုင်မှုတွေ ဖြစ်ခဲ့၊ ဖြစ်နေတယ် ဆိုတာကို ဗမာ့လူ့အဖွဲ့အစည်းက သင်ခန်းစာ ယူဖို့ပါ။ လိုက်လံ၊ အတုယူ ကျင့်သုံးပြီး တိုင်းပြည်ကို ခေတ်နောက်ပြန်ဆွဲခေါ်သွားဖို့ မဟုတ်ပါ။

    ၅) စင်္ကာပူလို လုပ်လို့မရ။ လက်ထပ်ခြင်း စံနှုန်းတွေဟာ အရပ်ဘက် ဥပဒေ အောက်မှာ ဘာသာအားလုံး အတူတူဖြစ်ရမယ်။

    စင်္ကာပူမှာ အလားတူ ဥပဒေ ရှိတယ်ဆိုတာလည်း တကယ်တော့ အပြည့်အဝ မမှန်ပါ။ အစ္စလာမ် ဘာသာမှာ အထက်တနေရာမှာ တင်ပြခဲ့သလို လက်ထပ်ခြင်းအတွက် သီးသန့် ညွှန်းဆို ပြဋ္ဌာန်းထားချက်တွေ သီးခြားရှိတဲ့အတွက် စင်္ကာပူအစိုးရက သူတို့နိုင်ငံရဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းကို သီးသန့် အခွင့်အရေးပေးတဲ့ အနေနဲ့ အစ္စလာမ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ရုံး နဲ့ ဥပဒေ ခွဲထားခြင်းသာ ဖြစ်တယ်။ ဗမာပြည်မှာ အလားတူ သဘော မွတ်ဆလင်တွေအတွက် သီးခြား ထိမ်းမြားခြင်း ဆိုင်ရာ တရားရုံး နဲ့ ဥပဒေ ခွဲဖို့လည်း လုပ်လို့ မရပါ။

    အကြောင်းက မယားပြိုင်ယူခွင့် (Polygyny) ကိုပါ အရပ်ဘက် ဥပဒေ (Civil Law) အရ မွတ်ဆလင် အသိုင်းအဝန်းအတွက် သီးသန့် စင်္ကာပူမှာ ခွင့်ပြုသလို ခွင့်ပြုရမှာ ဖြစ်လို့ ဖြစ်တယ်။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ အရာ ဖြစ်တယ်။ လက်ရှိ ဗမာပြည် အရပ်ဘက် ဥပဒေမှာကို Polygamy (လင်ပြိုင်/မယားပြိုင်) ကိစ္စနဲ့ ပတ်သက်ပြီး ဗမာအမျိုးသမီးတွေဟာ တရားမျှတမှု မဲ့၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတယ်။ လက်ရှိ ဗမာပြည်မှာ ဥပဒေအရ လင်ပြိုင်ထားခြင်း (Polyandry) ကိုသာ အမျိုးသမီးများအပေါ် ကွက်တားမြစ်ထားပြီး အမျိုးသားများအတွက်တော့ မယားပြိုင်ယူခွင့် (Polygyny) တဘက်စောင်းနင်း ခွင့်ပြုထားတယ်။ ဒါကိုသာ ပြုပြင်ပြီး Polygamy (လင်ပြိုင်/မယားပြိုင်) ကို ညီတူညီမျှ ကန့်သတ်တားမြစ်တဲ့ ဥပဒေထုတ်ဖို့ ကြံဆောင်ရမှာ ဖြစ်တယ်။ ဒီလိုသဘောဟာ အရပ်ဘက် ဥပဒေ (Civil Law) နဲ့ တည်ရှိနေပြီး လူမျိုး၊ ဘာသာအားလုံး၊ နိုင်ငံသားအားလုံးအပေါ် တပြေးညီ သက်ရောက်ရမှာ ဖြစ်တယ်။

    ၆) အမျိုး/ဘာသာ/သာသာနာ နဲ့ အမျိုးသမီးငယ်တွေကို အမှန်တကယ် လက်တွေ့ အကျိုးရှိ ကာကွယ်နည်း

    အမျိုး၊ ဘာသာ ကို ကာကွယ်ချင်သလား။ ဗမာမိန်းကလေးတွေကို လူမျိုး/ဘာသာခြားက ငွေနဲ့ သိမ်းသွင်းနေတာမျိုး ကို ကာကွယ်ချင်သလား။ ဘာသာရေးမုန်းတီးမှု မှိုင်းတိုက်နေတာတွေ ရပ်ပါ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ လူပ်ရှားမှု “Campaign” တွေ (မွတ်ဆလင်ဆိုင် ဈေးမဝယ်ရေးလိုမျိုး) ရပ်ပါ။ တိုင်းပြည်မှာ တည်ငြိမ်၊ အေးချမ်းပြီး လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပါ။ အထူးသဖြင့် တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအများစု သူဆင်းရဲမိသားစုက ဗမာမိန်းကလေးတွေရဲ့ လူမှု-စီးပွား ဘဝတိုးတက်အောင်၊ ပညာရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားပါ။ ဒါမှသာ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာပေါင်းစုံ က နိုင်ငံသား မျက်နှာမွဲ လူ့ဆင်းရဲ အမျိုးသမီးငယ်လေးတွေ ငွေကြေး အလို့ငှာ ဘဝတွေ ပေးဆပ်နေရတာတွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြားမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေရတာတွေ၊ လူကုန်ကူးခြင်း၊ အိမ်နီးချင်း တိုင်းပြည်တွေကို ဇနီး/မယား အဖြစ် ရောင်းစားခံနေရာတွေ ပပျောက်မှာ ဖြစ်တယ်။ “သားဖောက်သာသနာပြုနေတယ်” ဆိုတာကို အခု ဇောင်းပေးနေသူများ ဒီလို ကျယ်ပြန့်တဲ့ ရှုထောင့်ကနေကြည့်ပြီး အမှန်တကယ် စိုးရိမ်သင့်တဲ့ အခြေအနေ နဲ့ အကြောင်း ကို အကျိုး/အကြောင်းညီ စိုးရိမ်တတ်ပါ။

    ဗမာပြည်က လူမျိုးစုံ/ဘာသာစုံ အမျိုးသမီးငယ်လေးတွေ လူမှု-စီးပွားအတွက် ဘဝတွေ ရေတိမ်နစ်နေတာကိုသာ စာနာမှုထားပြီး အမျိုးသမီးငယ်အားလုံး လူမှုဘဝ လုံခြုံမှုရအောင် ဖန်တီးပေးနိုင်တဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေး နဲ့ ဥပဒေ အခင်းအကျင်းမျိုး၊ အသိုင်းအဝန်းမျိုး ဖန်တီးနိုင်ဖို့ ဝိုင်းဝန်းကြံဆပါ။ ပထမဆုံး လုပ်သင့်တဲ့ အလုပ်ကတော့ ဆိုခဲ့တဲ့ အတိုင်း ဘာသာ/လူမျိုး မတူသူတွေအကြေား အမုန်းတရား တိုးပွားအောင် မှိုင်းတိုက်နေမှုတွေကို ရပ်တန်းက ရပ်ပါ။
    ၇) “Theocracy” စနစ် ရဲ့ အန္တရာယ် ကို သတိပြုပါ။
    ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှုတွေ စလို့ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များ လှုပ်ရှားပါဝင်မှုသဘော၊ တိုင်းသူပြည်သား အတိဒုက္ခရောက်မှုကို သံဃာတော်တွေက ကူညီဖြေရှင်းပေးတဲ့ ပြည့်ဝတဲ့ သဘောကို စာရေးသူအနေနဲ့ လုံးဝထောက်ခံတယ်။ ဗမာ့လူမှုအသိုင်းအဝန်းမှာ သံဃာတော် တွေရဲ့ အရေးပါမှုသဘော၊ သြဇာ နဲ့ တန်ဖိုးကို စာရေးသူ အနေနဲ့ အပြည့်အဝ လေးစားတန်ဖိုးထား အသိအမှတ်ပြုတယ်။ ဒါပေမယ့် ဘာသာရေး အဖွဲ့အစည်းတွေ၊ ကျောင်းတော်တွေ နဲ့ ခေါင်ဆောင်တွေက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေး စနစ် စတဲ့ အဓိက အရေးပါတဲ့ မဏ္ဍိုင်ကြီးတွေမှာ လွှမ်းမိုး နေရာယူလာမှာမျိုးကို လုံးဝ လက်မခံပါ။ ဒါဟာ တိုင်းပြည်မှာ လူမှုမတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်တယ်။
    “Democracy Vs Theocracy” ဆိုပြီး နှိုင်းယှဉ် အမျိုး/ဘာသာ သာသာန အတွက် ဆိုပြီး စဉ်းစားနေစရာကို အကြောင်းမရှိပါ။ အထက်မှာလည်း ရှင်းပြခဲ့သလို ဘာသာရေးခေါင်းဆောင်တွေ ကြီးစိုးတဲ့ “Theocracy” တိုင်းပြည်တွေ၊ ဘာသာရေး အစွန်းရောက်တွေ ကြီးစိုးတဲ့ နိုင်ငံတွေ၊ ရှေးရိုးစွဲ မွတ်ဆလင် နဲ့ အာရပ် ကမ္ဘာ ဒေသတွေ ဘယ်လိုတွေ ဖြစ်ပျက်နေ၊ ဖြစ်ပျက်ခဲ့တယ်ဆိုတာ သမိုင်းသင်ခန်းစာ ယူတတ်ရပါမယ်။ တာလီဘန် အန္တရာယ် မကျရောက်ခင် အာဖဂန်နစ္စတန် ဟာ အလယ်အာရှ မှာ စီးပွား၊ ပညာ၊ ကျန်းမာ အရာရာ ထိပ်တန်းကျခဲ့ဖူးတယ်ဆိုတာ သတိပြုဆင်ခြင် သင်ခန်းစာ ယူပါ။ မွတ်ဆလင်တွေထဲက ဘာသာရေး အစွန်းရောက်၊ ဘာသာရေး အယူသီးတချို့ရန်ကို ကာကွယ်ချင်လို့ ဆိုပြီး သူတို့လို ပြင်းထန် အစွန်းရောက်တဲ့ အပြုအမူ၊ အကျင့်၊ အကြံ၊ ဥပဒေသ တွေ လိုက်ကျင့်သုံးမယ်ဆိုတာ ဓမ္မာဓိဋ္ဌာန်လုံးဝ မကျပါ။ အမှားတခု ကို နောက်ထပ် အမှားတခုနဲ့ လိုက်ချေဖျက်လို့ အမှန်မဖြစ်ပါ။ အမှားနှစ်ခုသာ ဖြစ်လာမှာ ဖြစ်တယ်။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းလို့ ဘယ်လိုမှ ဆုံးခန်းတိုင် မဖြေရှင်းနိုင်သလိုမျိုးပဲ အစွန်းရောက်နေမှု သဘောတွေကို နောက်ထပ် အစွန်းရောက်မှု သဘောနဲ့ တန်ပြန် ချေလို့ မရပါ။ ရလဒ်ကောင်း ထွက်မလာနိုင်ပါ။

    ၈) ဥပဒေ ပြုရေးဟာ ဘာသာရေးခေါင်းဆောင်များ ရဲ့ ကျွမ်းကျင်မှု အလုပ် မဟုတ်ပါ။

    အခုလို ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မိမိ ဘာသာ၊ သာသနာအတွက် စိုးရိမ်မှုရှိတာ သဘာဝကျတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ ကဏ္ဍ အသီးအသီး နဲ့ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက် စဉ်းစားဖို့လိုတဲ့ ဥပဒေပြုရေးလို အကြောင်းအရာမျိုးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘက်ပေါင်းစုံကို ဖြန့်ကြည့်မြင်ရပါမယ်။ ဒါမျိုးဟာ ဘာသာရေးတခုသာ ဇောက်ချ လေ့လာ၊ အားထုတ်နေတဲ့ ရဟန်း သံဃာတော်များရဲ့ အလုပ် တာဝန် မဟုတ်သလို လိုအပ်တဲ့ ကျွမ်းကျင်မှု ပညာအရည်အချင်းလည်း မရှိပါ။ ဘာသာရေး တတ်ကျွမ်းမှု တခုတည်းနဲ့ စဉ်းစား၊ ဘာသာ/သာသနာ အမြင် တခုတည်းနဲ့ပဲ မြင်ကြည့်ပြီး ဥပဒေ ထုတ်မယ်ဆိုလည်း ဆိုခဲ့သလို သီအိုကရေစီ နိုင်ငံပဲ ဖြစ်သွားမှာပါပဲ။ ဒီမိုကရေစီနိုင်ငံ မဟုတ်တော့ပါ။ လူမျိုးစုံပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စုစနစ်တိုင်းပြည်မှာ သီအိုကရေစီ စနစ် ဖြစ်သွားရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ စဉ်းစာကြည့်ဖို့တောင် မဝံ့ပါ။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်ဖို့ ကြံစည်ခဲ့ရုံလေးနဲ့ ကချင်အမျိုးသား ညီအကို များနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ် အခုအထိ အပြီးအပြတ် မငြိမ်းသေးပါ။ သံဃာတော် အရှင်သူမြတ်များ အနေနဲ့ ဘာသာရေးရာ တရားဓမ္မနဲ့ ဆိုင်တဲ့ လမ်းညွှန်မှုတွေ၊ ဆိုဆုံးမမှုတွေ လူ့အဖွဲ့အစည်းအပေါ် လုပ်ပါ။ ဒါပေမယ့် ပိုမိုကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ ဥပဒေပြုရေးလို တိုင်းပြည်ရဲ့ အရေးတွေမှာတော့ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များကိုသာ ဆောင်ရွက်ခွင့်ပေးဖို့ သံဃာတော် အရှင်သူမြတ်များကို ရှိခိုးဦးတင် တောင်းပန်ပါရစေ။

    ၉) ယနေ့ခေတ်မှာ ဘာသာတရား တခုခု ဟာ တနေရာမှာ လုံးဝ ကွယ်ပျောက်စရာ အကြောင်း အင်မတန် နည်းတယ်။

    ဘာသာ၊ သာသနာ ကွယ်ပျောက်မှာ စိုးတယ်၊ သမိုင်းကို ကြည့်လိုက်၊ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတဲ့ တိုင်းပြည်တွေ ရှိတယ် ဆိုတဲ့ အမြင်သဘောကို အကျိုး/အကြောင်း ပြန်စီစစ်ကြည့်ပါ။ ရှေးခေတ် တိုင်းပြည် တခု နဲ့ တခု၊ လူမျိုး တမျိုး နဲ့တမျိုး စစ်ပွဲကြီးတွေ ဖြစ်လေ့ရှိတယ်။ စစ်ပွဲပြီးရင် နိုင်သူရဲ့ ဘာသာတရား လွှမ်းမိုးမှု တွေရှိတယ်။ ဒါ့အပြင့် အကြီးအကျယ် အစုလိုက်၊ အပြုံလိုက်လူမျိုးစုတွေ ရွှေ့ပြောင်းမှု ရှိတယ်။ မျက်မှောက် ကမ္ဘာမှာ ဒီလို အချက် နှစ်ခုစလုံး မရှိတော့တဲ့ အတွက် လူမျိုးတမျိုး၊ ဘာသာတခု တနေရာရာမှာ လုံးလုံး ကွယ်ပျောက်သွားဖို့ဆိုတာ လက်ရှိမှာ လက်တွေ့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့ပါ။ အထိုက်အလျောက် ရှိနိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချ နေထိုင်မှုကိုလည်း နိုင်ငံတကာစံနှုန်း အညီ တန်းဝင်ပြီး နိုင်ငံတော်လုံခြုံရေးကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းထားပြီး အဂတိ ကင်းကင်း ဥပဒေအတိုင်း တရားမျှတ ဆောင်ရွက်ရင်း ထိန်းချုပ်နိုင်တယ်။ အဓိက ကတော့ မိမိဘာသာရဲ့ တရားစစ်၊ တရာမြတ် ဓမ္မ ကို သာ အခြေတည်ပြီး ကျင့်ကြံ၊ ပြောဟော နေရင် ဘယ်ဘာသာကိုးကွယ်မှုမှ ကမ္ဘာမှာ ကွယ်ပျောက်စရာ မရှိတော့ပါ။ အထူးသဖြင့် မဇ္ဈိမပဋိပဒါ ကျင့်ကြံမှုသဘော အလယ်အလတ်ကျ၊ လွတ်လပ်မှု အပြည့်ရှိ၊ ဒီမိုကရေစီ သဘော ကြွယ်ဝလွန်းလို့ အရှေ့အနောက် နေရာတိုင်းမှာ ရေပန်းစား လူကြိုက်များ စိတ်ဝင်တစား လေ့လာသူပေါ်များလာနေတဲ့ ဗုဒ္ဓဘာသာ လို ဘာသာကြီးတခုအနေနဲ့ ဘယ်လိုနည်းနဲ့မှ ကွယ်ပျောက်စရာမရှိပါ။.. အမျိုး/ဘာသာ လှိမ့်အော်နေပြီး တရားမဲ့မှုတွေ၊ အဓမ္မမှုတွေ ကျူးလွန်နေရင်သာ လူအကြည်အညိုလျော့လာစရာ အကြောင်းရှိတယ်။

    ၁၀) “Islamophobia” ဟာ ပိုမို ကျယ်ပြန့်လာပြီ

    နောက်တချက် အနေနဲ့ အခု “မျိုးစောင့်ဥပဒေ” အငြင်းပွားမှု နဲ့ သံဃာအစည်းအဝေး ဆွေးနွေးချက်ပါ သဘောထားတချို့မှာ အရေးကြီးဆုံး အလေးထား သတိပြု၊ စဉ်းစားစရာ ဖြစ်လာတာ တခုက မွတ်ဆလင်တွေကို အန္တရာယ်တခု အနေနဲ့ မြင်၊ ပြုမူ၊ ပြောဆိုခြင်းဟာ ဟိုအရင် နိုင်ငံတကာ အသိုင်းအဝန်း အပါအဝင် အားလုံးက ယူဆထားသလို ပြင်းထန်တဲ့ အမြင်သဘောရှိသူ ရဟန်းတချို့ နဲ့ ခေတ်နောက်ပြန်ဆွဲလိုသူ (သို့) နိုင်ငံရေးပယောဂ နဲ့ လူပုဂ္ဂိုလ် တချို့သာ ပါလို့ ယူဆလို့ မရတော့တာပါ။ လူအများကြည်ညိုလေးစားရတဲ့ တိုင်းပြည်ရဲ့ ထိတ်တန်း သံဃာတော်အများစုရဲ့ အမြင်မှာလည်း (အစွန်းရောက်မှုသဘော မရှိပေမယ့်) စိုးရိမ်မှု အမြင်ကတော့ တသဘောတည်းပဲရှိနေတယ် ဆိုတာ သိလာရတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်စနစ် မဏ္ဍိုင်ကြီးတွေကိုလည်း ဘာသာရေးခေါင်းဆောင်တွေက လွှမ်းမိုးလိုမှု သဘောရှိတယ် ဆိုတာ သိလာရတယ်။
    ဆိုတော့ ဒီပြဿနာဟာ ပေါ့ပေါ့တန်တန် မဟုတ်ပါ။ လူမျိုး၊ ဘာသာ ပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ ဗမာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ် တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန် အလေးအနက်ထား စဉ်းစား အရေးယူရမယ့် အခြေအနေဖြစ်တယ်။ လက်ရှိ ဗမာပြည်ဟာ တခြား ကမ္ဘာ့နိုင်ငံတချို့လို မွတ်ဆလင်ဘာသာဝင်ထဲက အစွန်းရောက် တချို့ရဲ့ အကြမ်းဖက်မှု အန္တရာယ် ကျရောက်နေတာမျိုး မရှိပါ။ မွတ်ဆလင် ခွဲထွက်ရေး သူပုန်ဆိုတာမျိုးလည်း မရှိပါ။ ဒါပေမယ့် ဒီလို မွတ်ဆလင် ကို မကောင်းဆိုးဝါး အန္တရာယ် လို အမြင်တွေ ကြီးထွားပြီး မလိုလားအပ်တဲ့ အပြုအမူ၊ မူဝါဒ အမှားတွေ ပြုလုပ်မိရင် တိုင်းပြည်ဟာ အနာဂတ်မှာ တကယ့်ကို အကြမ်းဖက်မှု အန္တရာယ်ကျရောက်လာနိုင်ပါတယ်။ ဒါအပြင် တိုင်းပြည်မှာ လူမှုတည်ငြိမ်မှု မရှိ၊ ပြည်တွင်းစစ်တွေ မရပ်၊ လူမျိုး/ဘာသာ အဓိကရုဏ်းတွေ ပြည့်နေရင် ခေတ်မီ တိုးတက်ဖွံဖြိုး ချမ်းသာအောင်လည်း ဘယ်လိုမှ ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။

    ၁၁) မှန်ကန်တဲ့ အလုပ်သဘောနဲ့ ကျယ်ပြန့်တဲ့ စဉ်းစားတွေးခေါ်၊ မျှော်မြင်နိုင်မှုကသာ ပြဿနာ ရဲ့ အဖြေဖြစ်တယ်။

    ဒါကြောင့် “အချစ်ဂျီဟဒ်” အပါအဝင် မွတ်ဆလင်တွေအပေါ် ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဆောင်းပါးမှာ ဆွေးနွေးအကြံပြု တင်ပြခဲ့သလို လွတ်လပ် မျှတ၊ ဘက်မလိုက် စုံစမ်းစစ်ဆေးပါ။ ဗမာမွတ်ဆလင် အသိုင်းအဝန်း နဲ့ ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်တွေကလည်း သဘောထားကြီးကြီးထား တိုင်းပြည် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပါ။ ဘာသာတရားရဲ့ ဓမ္မ အစစ် နဲ့ အညီ တရားမျှတစွာ နေထိုင်နေမှုသဘော နဲ့ ဗမာ-မွတ်ဆလင်တွေရဲ့ ဗမာပြည်အပေါ် သစ္စာစောင့်သိ၊ ချစ်မြတ်နိုးမှု သဘောကို လူအများနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပါ။ မတူကွဲပြားတဲ့ ဘာသာ အုပ်စုတွေအကြား လူမှုရေးလုပ်ငန်း ပူးပေါင်းလုပ်မှုတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်စတဲ့ ပူးပေါင်းဆောင်ရွက် ထိတွေ့ဆက်ဆံမှုတွေ အများအပြားလုပ်လာနိုင်ဖို့ ကြိုးစားပါ။ ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ရာမှာ “ဘက်နှစ်ဘက်စလုံး” က မိမိ အမျိုး၊ ဘာသာ၊ သာသနာ တခုတည်း ကြည့်လို့မရပါ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်နေတဲ့ တိုင်းပြည်တခုလုံးရဲ့ အရေးဖြစ်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန် မျက်စိဖွင့်၊ နားဖွင့်၊ ရင်ဘတ်ဖွင့် အစွဲကင်းကင်းနဲ့ ဘက်ပေါင်စုံက ဆင်ခြင်၊ စဉ်းစား၊ သုံးသပ် အဖြေမှန်ရှာရပါမယ်။
    နိဂုံး
    နိဂုံးချုပ်ရရင် လက်ရှိ ဗမာပြည်ဟာ ဒီမိုကရေစီ ခရီးကြမ်းကို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျပြီး ခုမှ စလျှောက်ဖို့ ခြေလှမ်း လှမ်းနေဆဲ ဖြစ်တယ်။ အခက်အခဲ ပေါင်းစုံ ရှေ့မှာ ရင်ဆိုင်ရဦးမှာ ဖြစ်တယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြေရှင်းစရာတွေလည်း ရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နိုင်ငံတကာမဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုမီအောင်တောင် နှစ်များစွာ ကြိုးစားရဦးမှာ ဖြစ်တယ်။ တိုင်းပြည်မှာ မှီတင်းနေထိုင်နေတဲ့ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်မှ၊ စည်းလုံးမှ၊ ချစ်ခင်မှ အားလုံးရဲ့ အင်အားတွေကို စုစည်းပြီး တိုင်းပြည်တိုးတက်အောင် ကြံဆောင်နိုင်မှာ ဖြစ်တယ်။ မတူညီကွဲပြားမှုတွေဟာ ဒီမိုကရေစနစ်မှာ အန္တရာယ် မဟုတ်ပါ။ အားသာချက် အင်အားတရပ်သာ ဖြစ်တယ်။ အတွေးအခေါ်ပေါင်းစုံ စည်ပင်၊ ယဉ်ကျေးမှုပေါင်းစုံထွန်းကားတဲ့ ပန်းပေါင်းစုံပွင့်ဖူး ရှင်သန်ရာ အနာဂတ် ကသာ တိုင်းပြည်ရဲ့ ပြဿနာ အစုစုအတွက် အဖြေဖြစ်တယ်။ ဒီသော့ချက် သဘောကို ရဟန်းရှင်၊ လူ၊ ပြည်သူ အပေါင်း နားလည် သဘောပေါက် ဆင်ခြင်၊ စဉ်းစားနိုင်ဖို့ မိုးမခ ကနေတဆင့် တင်ပြဆွေးနွေးလိုက်ပါတယ်။
    မိုးမခ စာဖတ်ပရိသတ် ရဲ့ အမြင်၊ သဘောထားတွေကိုလည်း တိုင်းပြည် အကျိုးအတွက် အပြုသဘောဆောင်၊ ယဉ်ကျေးစွာ ပြန်လည် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ မှတ်ချက် အနေဖြင့် ဖြစ်စေ၊ E-mail မှ တဆင့် ဖြစ်စေ ပြန်လည် ဆွေးနွေးချက်၊ အမြင် များကို ပေးပို့ ရေးသားနိုင်ပါတယ်။

     

    ငြိမ်းချမ်းအေး
    ၁၆ ၊ ဇွန် ၊ ၂၀၁၃
    (ဆက်သွယ်ရန် – [email protected])