News @ M-Media

Tag: OIC

  • ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရေး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကူညီပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ​က ကတိပြုလိုက်ပါတယ်။

    ဩဂုတ်လက တာလီဘန်တွေ သိမ်းပိုက်အုပ်စိုးပြီးနောက်ပိုင်း အာဖဂန်စီးပွားရေး သိသိသာသာ ကျဆင်းသွားပြီး၊ ဘဏ်လုပ်ငန်း ပြိုလုမတတ်ဖြစ်လာတာ၊ ကုန်စျေးနှုန်းတက်တာ၊ ငွေတန်ဖိုးကျဆင်းတာတွေ ဖြစ်နေတာပါ။ တာလီဘန်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် အာဖဂန်ပိုင်ငွေတွေကို နိုင်ငံတကာဘဏ်တွေက တာလီဘန်ထံ ပြန်လွှဲမပေးသေးဘဲ အစိုးရဝန်ထမ်းတွေ လခမရတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။

    ဒီပြဿနာတွေနဲ့ မိုးခေါင်ရေရှားမှုလို သဘာ၀ဘေး အန္တရာယ်ကြောင့် အာဖဂန်ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အကြီးအကျယ် ကြုံတွေ့နေရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အာဖဂန်က အခြေအနေတွေကို ချက်ခြင်းမဖြေရှင်းနိုင်ရင် ၀ရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ မနေ့က OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ကာ အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    အာဖဂန်ကိုအုပ်စိုးတဲ့ တာလီဘန်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်လာဖို့လည်း OIC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    အစည်းအဝေးကို တာလီဘန်က ခန့်ထားတဲ့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီ တက်ရောက်ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အစည်းအဝေးဓာတ်ပုံမှာ မွတ်သကီ ပါဝင်ခြင်း မရှိပါဘူး။ ဒါဟာ တာလီဘန်အစိုးရကို OIC က တရားဝင်အသိအမှတ်မပြုသေးကြောင်း ဖော်ပြမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင်များ ဝေဖန်

    OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင်များ ဝေဖန်

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media


    -ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းရာမှာ OIC အဖွဲ့က ပူးပေါင်းကူညီပေးနေတယ်လို့ အမေရိကန်မှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာ၀င်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုတွေအတွက် ဝေဖန်ထောက်ပြမှုတွေ လုပ်လေ့ရှိပါတယ်။

    ဒါပေမယ့် တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပတ်သက်ပြီး OIC က လုံး၀ ဝေဖန်မှု မပြုပါဘူး။

    လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစု အနည်းဆုံး ၁ သန်းလောက် အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးခံထားရပြီး တရုတ်အစိုးရရဲ့ ဘာသာရေးအကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြောထားပါတယ်။

    တရုတ်နိုင်ငံကို OIC ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ‘တရုတ်အစိုးရက နိုင်ငံသားမွတ်စလင်တွေအပေါ် စောင့်ရှောက်မှုအတွက် ချီးကျူးတယ်’ လို့ ဖော်ပြထားပါတယ်။

    Council on American-Islamic Relations အပါအဝင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများအဖွဲ့က OIC ဟာ တရုတ်ရဲ့ နဖားကြိုးထိုးမှုကို ခံနေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်ကမ္ဘာရဲ့ စီးပွားရေးချက်ကောင်းကို တရုတ်က ကိုင်ထားပြီး ဝီဂါအရေး နည်းနည်းလေးဟလိုက်တာနဲ့ အကျဉ်ခံရမှာကို မွတ်စလင်နိုင်ငံတွေက ကြောက်နေတယ်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမေရိကန်မွတ်စလင် စာရေးဆရာနဲ့ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ အိုမာရ် ဆူလိုင်မန်က ပြောကြားခဲ့ပါတယ်။

    တစ်ချို့မွတ်စလင်နိုင်ငံတွေဟာ ပါလက်စတိုင်းကိစ္စမျိုးမှာ အသံထွက်ပေးပေမယ့်လည်း ဝီဂါကိစ္စဆိုရင်တော့ ခိုလှုံလာတဲ့သူတွေကိုပါ ပြန်ပို့ပြီး ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုနေတယ်လို့လည်း ဆူလိုင်မာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    တရုတ်ဟာ Belt and Road စီမံကိန်းနဲ့အတူ မွတ်စလင်ဖိနှိပ်ရေး ပေါ်လစီကိုလည်း နိုင်ငံရပ်ခြားကို တင်သွင်းလာလိမ့်မယ်လို့ အမေရိကန်က ဝီဂါအရေးတက်ကြွလှုပ်ရှားသူ ရုစ်ဟန် အဘတ်စ်က ပြောကြားခဲ့ပါတယ်။

    “တရုတ်ဟာ ငွေနဲ့ပေါက်ပြီး မတရားလုပ်တဲ့မှတ်တမ်း တော်တော်များများ ရှိပါတယ်။ ဝီဂါတွေကို လူမျိုးတုန်းအောင် လုပ်နေတာဟာ ပြည်တွင်းရေးမဟုတ်ပါဘူး။ ဒါဟာ လူသားထုအရေးပါ”

    Ref: Aljazeera

  • ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးဖို့အတွက် အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဒီကနေ့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုနဲ့ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ဂျစ်ဒါမှာပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ၂ ရက်တာ ကြာငြမ့်မှာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့အစီအစဉ်ဟာ အချိန်အလွန်ကြာနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့်အစီအစဉ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်က ဒါဟာ ‘ရာစုနှစ်ရဲ့ သဘောတူညီချက်’ (Deal of the Century) လို့ လည်း သမုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ‌OIC က နိုင်ငံခြားရေးဝန်ကြီအဆင့် ပြုလုပ်မယ့် ဒီအရေးပေါ်အစည်းအဝေးမှာ ထရမ့်အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး မိမိတို့အဖွဲ့ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးသွားမယ်လို့ ‌Twitter စာမျက်နှာမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

    အီရန်က ဒီအစည်းအဝေးကို မိမိတို့မတက်ရောက်နိုင်အောင် ဆော်ဒီအာရေဗျက တားမြစ်ခဲ့တယ်လို့စွပ်စွဲခဲ့ပြီး အိမ်ရှင်ဆိုတဲ့ အခြေအနေကို တစ်လွဲအသုံးချနေတယ်လို့ OIC အဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

    Ref: Aljazeera

  • KL မွတ်စလင်ထိပ်သီးညီလာခံကို OIC က ဝေဖန်ပုတ်ခတ်

    KL မွတ်စလင်ထိပ်သီးညီလာခံကို OIC က ဝေဖန်ပုတ်ခတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    -မလေးရှားနိုင်ငံက ဦးစီးကျင်းပတဲ့ မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးညီလာခံ (KL Summit 2019) ဟာ အစ္စလာမ်သာသနာကို အားနည်းစေလိမ့်မယ်လို့ အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ပြောကြားလိုက်ပါတယ်။

    ကြသာပတေးနေ့က ကွာလာလမ်ပူမြို့မှာ စတင်ခဲ့ပြီး ၃ ရက်တာကြာမြင့်မယ့် အဲဒီညီလာခံကို OIC အဖွဲ့ဝင် ၅၉ နိုင်ငံမှာ နိုင်ငံ ၂၀ လောက်သာ တက်ရောက်ပါတယ်။

    OIC ကို ဦးဆောင်တဲ့ ဆော်ဒီအာရေဗျကတော့ ဒီထိပ်သီးအစည်းအဝေးမှာ သူတို့အဖွဲ့နဲ့ စင်ပြိုင်တယ်လို့ စွပ်စွဲကာ တက်ရောက်ခြင်းမရှိပါဘူး။ မလေးရှားဝန်ကြီးချုပ် မဟာသီက ဆော်ဒီရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဒီအစည်းအဝေးဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာရေးသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ OIC အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ်-အိုသိုင်မင်က ထိပ်သီးအစည်းအဝေးကို ထပ်မံဝေဖန်ခဲ့ပြီး မွတ်စလင်တွေအကြား သွေးကွဲစေလိမ့်မယ်လို့ Sky News Arabia နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “OIC ရဲ့ မူဘောင်အပြင်ဘက်ကနေ ထိပ်သီးအစည်းအဝေးတွေ ကျင်းပတာဟာ အစ္စလာမ့်မစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ အထူးသဖြင့် ကမ္ဘာကြီးမှာ ပြဿနာပေါင်းစုံ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာပေါ့”

    OIC အဖွဲ့ကို အားနည်းစေတာဟာ အစ္စလာမ်သာသနာနဲ့ မွတ်စလင်ကမ္ဘာကို အားနည်းစေလိမ့်မယ်လို့လည်း အိုသိုင်မင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဘုရင် ဆလ်မန်က မွတ်စလင်ကမ္ဘာမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ OIC အဖွဲ့ကနေတစ်ဆင့် သွားသင့်ပြီး ဒါမှ ညီညွတ်မှုကို ရရှိနိုင်မယ်လို့လည်း မလေးရှားရဲ့ဖိတ်ကြားမှုကို တုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း ဆော်ဒီကို သွားရောက်ပြီးနောက်ပိုင်း ‌ကွာလာလမ်ပူက ထိပ်သီးညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အလုပ်မဖြစ်

    ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့ဟာ မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကြောင့် KL Summit 2019 က မွတ်စလင်ကမ္ဘာမှာ အခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    အစည်းအဝေးကို ဆော်ဒီရဲ့ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ အီရန်၊ တူရကီ၊ ကာတာတို့က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    တတ်သိပညာရှင်များအဖွဲ့ Middle East Institute အဖွဲ့ရဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဂျီရော်ဂျီယို ကာဖီရိုနဲ့ ခါလစ် အလ်-ဂျာဘာရ်တို့က အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့အာဏာရှင်ရှင်ဆန်ဆန် လုပ်ရပ်တွေကြောင့် ဆော်ဒီအာရေဗျကို မွတ်စလင်နိုင်ငံကြီးတစ်ချို့က မနှစ်မြို့တော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

    တူရကီသမ္မ အာဒိုဂန်ကလည်း မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ဖြေရှင်းရာမှာ ရှိပြီးသားအဖွဲ့တွေက ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘဲ KL Summit 2019 အစည်းအဝေးက ဒီကွက်လပ်ကို ဖြည့်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: AFP

  • OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အစ္စလာမ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ချုပ် (OIC) နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    တွေ့ဆုံမှုအတွင်း OIC အတွင်းရေးမှူး ဒေါက်တာ ယူစွဖ် အလ်-အိုသိုင်မင်က ‌အစ္စလာမ်ဘာသာဝင်ဦးရေ ၂၅ သန်းကျော်ရှိပြီး ဘာသာရေး၊ ယဉ်ကျေးမှု ပေါင်းစုံကာ ဗဟုဝါဒ ထွန်းကားတဲ့ ရုရှားနိုင်ငံရဲ့ မွတ်စလင်ကမ္ဘာအကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပါတယ်။

    ရုရှား မွတ်သီဓမ္မသတ်မှူးများကောင်စီ ဥက္ကဌ ရှိခ် ရာဝီ အီနက်ဒင်းနဲ့ အလ်-အိုသိုင်မင်တို့ရဲ့ အဲဒီတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံနဲ့ OIC အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှားနဲ့ မွတ်စလင်ကမ္ဘာတို့အကြား ပိုမိုနီးကပ်လာစေကာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အလယ်အလတ်တရားကို ရှုမြင်စေမယ့် အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Arab News