News @ M-Media

KL မွတ်စလင်ထိပ်သီးညီလာခံကို OIC က ဝေဖန်ပုတ်ခတ်

ဒီဇင်ဘာ ၂၀၊ ၂၀၁၉
M-Media

ဆော်ဒီဘုရင် ဆလ်မန်

-မလေးရှားနိုင်ငံက ဦးစီးကျင်းပတဲ့ မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးညီလာခံ (KL Summit 2019) ဟာ အစ္စလာမ်သာသနာကို အားနည်းစေလိမ့်မယ်လို့ အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ပြောကြားလိုက်ပါတယ်။

ကြသာပတေးနေ့က ကွာလာလမ်ပူမြို့မှာ စတင်ခဲ့ပြီး ၃ ရက်တာကြာမြင့်မယ့် အဲဒီညီလာခံကို OIC အဖွဲ့ဝင် ၅၉ နိုင်ငံမှာ နိုင်ငံ ၂၀ လောက်သာ တက်ရောက်ပါတယ်။

OIC ကို ဦးဆောင်တဲ့ ဆော်ဒီအာရေဗျကတော့ ဒီထိပ်သီးအစည်းအဝေးမှာ သူတို့အဖွဲ့နဲ့ စင်ပြိုင်တယ်လို့ စွပ်စွဲကာ တက်ရောက်ခြင်းမရှိပါဘူး။ မလေးရှားဝန်ကြီးချုပ် မဟာသီက ဆော်ဒီရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဒီအစည်းအဝေးဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာရေးသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ OIC အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ်-အိုသိုင်မင်က ထိပ်သီးအစည်းအဝေးကို ထပ်မံဝေဖန်ခဲ့ပြီး မွတ်စလင်တွေအကြား သွေးကွဲစေလိမ့်မယ်လို့ Sky News Arabia နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“OIC ရဲ့ မူဘောင်အပြင်ဘက်ကနေ ထိပ်သီးအစည်းအဝေးတွေ ကျင်းပတာဟာ အစ္စလာမ့်မစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ အထူးသဖြင့် ကမ္ဘာကြီးမှာ ပြဿနာပေါင်းစုံ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာပေါ့”

OIC အဖွဲ့ကို အားနည်းစေတာဟာ အစ္စလာမ်သာသနာနဲ့ မွတ်စလင်ကမ္ဘာကို အားနည်းစေလိမ့်မယ်လို့လည်း အိုသိုင်မင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆော်ဒီဘုရင် ဆလ်မန်က မွတ်စလင်ကမ္ဘာမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ OIC အဖွဲ့ကနေတစ်ဆင့် သွားသင့်ပြီး ဒါမှ ညီညွတ်မှုကို ရရှိနိုင်မယ်လို့လည်း မလေးရှားရဲ့ဖိတ်ကြားမှုကို တုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း ဆော်ဒီကို သွားရောက်ပြီးနောက်ပိုင်း ‌ကွာလာလမ်ပူက ထိပ်သီးညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်မဖြစ်

ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့ဟာ မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကြောင့် KL Summit 2019 က မွတ်စလင်ကမ္ဘာမှာ အခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အစည်းအဝေးကို ဆော်ဒီရဲ့ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ အီရန်၊ တူရကီ၊ ကာတာတို့က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

တတ်သိပညာရှင်များအဖွဲ့ Middle East Institute အဖွဲ့ရဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဂျီရော်ဂျီယို ကာဖီရိုနဲ့ ခါလစ် အလ်-ဂျာဘာရ်တို့က အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့အာဏာရှင်ရှင်ဆန်ဆန် လုပ်ရပ်တွေကြောင့် ဆော်ဒီအာရေဗျကို မွတ်စလင်နိုင်ငံကြီးတစ်ချို့က မနှစ်မြို့တော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

တူရကီသမ္မ အာဒိုဂန်ကလည်း မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ဖြေရှင်းရာမှာ ရှိပြီးသားအဖွဲ့တွေက ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘဲ KL Summit 2019 အစည်းအဝေးက ဒီကွက်လပ်ကို ဖြည့်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: AFP