News @ M-Media
Tag: Oldest Mosque
  • ရုရှားနိုင်ငံမှ ထူးခြားသည့် ဗလီဝတ်ကျောင်းတော် ၁၀ လုံး
    ရုရှားနိုင်ငံမှ ထူးခြားသည့် ဗလီဝတ်ကျောင်းတော် ၁၀ လုံး
    သြဂုတ် ၂၊ ၂၀၁၇
    M-Media
    – အစ္စလာမ်သာသနာဟာ ရုရှးအော်သိုဒေါ့စ်ပြီးရင် ရုရှားနိုင်ငံမှာ ဒုတိယကိုးကွယ်သူအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး ရုရှားရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ဆက်စပ်နေတဲ့ ရိုးရာဘာသာတရားတွေထဲက တစ်ခုအဖြစ် မှတ်ယူခံထားရပါတယ်။
    ၂၀၀၇ ခုနှစ်က Russian Public Opinion Research Center က ကောက်ယူတဲ့ စစ်တမ်းမှာ ရုရှားပြည်သူတွေရဲ့ ၆ ရာခိုင်နှုန်းက သူတို့ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြတယ်လို့ ဖြေကြားခဲ့ပါတယ်။ Pew Research Center က ၂၀၁၇ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ရုရှားမှာ အစ္စလာမ်ဘာသာဝင်အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
    Russia Today မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ ၁၅ ရာခိုင်နှုန်းလို့ ရေးသားထားပါတယ်။
    ရုရှားနိုင်ငံမှာ ဗလီဝတ်ကျောင်းတော် တော်တော်များများလည်းရှိနေပြီး အဲဒီအထဲကမှ ထူးခြားတဲ့ ဗလီဝတ်ကျောင်းတော် ၁၀ လုံးအကြောင်းကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။
    ၁။ နူရ်ဒါ ကမာလ် ဗလီ (Nurda Kamal Mosque)
    ကမ္ဘာ့ မြောက်ဖက်အစွန်းကျဆုံး ဗလီအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ နူရ်ဒါ ကမာလ် ဗလီဝတ်ကျောင်းတော်ဟာ ဆိုက်ဘေးရီးယားဒေသက စက်မှုမြို့ဖြစ်တဲ့ Norilsk မှာ တည်ရှိပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
    ၂။ မော်စကိုဂျာမေဗလီ (Moscow Cathedral Mosque)
    ၁၉၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ ၂၀၁၁ ခုနှစ်မှာ ဖြိုချတဲ့အထဲ ပါသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆောက်အဦးအဟောင်းက ကျောက်တုန်းတွေကို ပြန်လည်စုစည်းကာ တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဥရောပရဲ့ အကြီးဆုံးဗလီဝတ်ကျောင်းတော်ကြီးဖြစ်သလို ၇၉ မီတာရှိတဲ့ မင်နာရတ်မျှော်စင်ကလည်း ဥရောပမှာ အမြင့်ဆုံး မင်နာရတ်အဖြစ် မှတ်တမ်းဝင်ပါတယ်။
    ၃။ ဗလီပြာ (Blue Mosque)
    ဒီဗလီဝတ်ကျောင်းတော်ကြီးကို နီဗာမြစ်ဝကျွန်းပေါ်ဒေသရဲ့ တတိယအကြီးဆုံးကျွန်း Petrogradsky မှာ ၁၉၁၀ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ဗလီရဲ့အမိုးခုံးဟာ ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာရ်ကန်ဒေသမှာရှိတဲ့ တူရကီဘုရင် တာမာလိန်းရဲ့ ဗိမာန်က အမိုခုံးကို ပုံတူယူပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဗလီပြာဟာ မြစ်ကမ်းနဖူးပေါ်မှာ တည်ဆောက်ထားတဲ့ ဥရောပက တစ်ခုတည်းသော ဗလီဖြစ်ပါတယ်။
    ၄။ ဆူလ်တန် ဒီလင်မ်ခါနော့ဗ် ဗလီ (Sultan Delimkhanov)
    ခြေချင်းညာဒေသက Dzhalka ဆိုတဲ့ ရွာလေးမှာ တည်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ကျေးရွာခေါင်းဆောင် ဒီလင်မ်ခါနော့ဗ်ကို အစွဲပြုပြီး သူ့နာမည် မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်မှာ တစ်ကြိမ်တည်း လူ ၅၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။
    ၅။ ဂျူမာ ဗလီဝတ်ကျောင်းတော် (Jumah Mosque)
    ဒါဂက်စတန်ဒေသက ဒါဘန့်မြို့မှာတည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို သက္ကရာဇ် ၇၃၃ နဲ့ ၇၃၄ ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရုရှားမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။ ဒီဗလီဟာ ယူနက်စကိုက ကမ္ဘာ့သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဗလီလည်း ဖြစ်ပါတယ်။
    ၆။ ဂျမေဗလီကြီး ( Grand Mosque)
    ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး တူရကီက အချမ်းသာဆုံး မိသားစုတွေထဲက တစ်စုက ငွေကြေးစိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဂက်စတန်ဒေသ Makhachkala မှာရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို နောက်ပိုင်းမှာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ လူပေါင်း ၁၇၀၀၀ လောက် တစ်ချိန်တည်း ၀တ်ပြုနိုင်ကာ ရုရှားမှာ လူအများဆုံး ၀တ်ပြုနိုင်တဲ့ ဗလီဖြစ်ပါတယ်။
    ၇။ ကူလ်ရှရစ်ဖ် ဗလီ (Kul Sharif)
    ကာဇန်မြို့က ဒီဗလီဟာ ၁၅၄၇ ခုနှစ်ကနေ ၁၅၅၂ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အိုက်ဗန် ဂရော့ဇနီရဲ့ လက်ထက်မှာ ဖျက်ဆီးခံလိုက်ရတဲ့ သမိုင်းဝင် မင်နာရတ်ရှိရာ ဗလီဝတ်ကျောင်းတော်ဟောင်း နေရာမှာ ပြန်လည်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ၅၅ မီတာမြင့်တဲ့ မင်နာရတ်မျှော်စင် ၆ ခုဟာ ကာဇန်ရဲ့ ဗိသုကာဆိုင်ရာ သမိုင်းဝင် အဆောက်အဦးထဲမှာ ပါဝင်ပြီး ၂၀၀၀ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ခဲ့ပါတယ်။
    ၈။ လာလာတူလစ် ဗလီကြီး ( Lala-Tulip Mosque)
    Bashkortostan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှိနေတဲ့ ဒီဗလီကြီးကို ၁၉၉၀-၉၈ မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ထူးခြားဆန်းပြားတဲ့ ခေတ်သစ် ဗိသုကာလက်ရာ ဖြစ်ပါတယ်။ အဓိက ၀တ်ပြုဆောင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေတဲ့ မင်နာရတ်နှစ်ခုဟာ ၅၃ မီတာစီ မြင့်ပါတယ်။ ဒီဗလီဟာ ဥရောပမှာ မော်ဒန်အကျဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။
    ၉။ ဘူလ်ဂါရ်ဗလီ (Bulgar Mosque)
    ကာဇန်မြို့မှာ တည်ရှိနေပြီး ရုရှားတစ်နိုင်ငံလုံးမှာ တစ်ခုတည်းသော အဖြူရောင်ဗလီကြီး ဖြစ်ပါတယ်။ မွတ်စလင်ထုံးစံအရ အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်မှုနဲ့ စိတ်နှလုံးငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ သောကြာနေ့ ၀တ်ပြုတာမျိုး မက္ကာကိုသွားပြီး ဟဂ်ျပြုတာမျိုးတွေမှာ မွတ်စလင်တွေဟာ အဖြူရောင်ဝတ်စုံတွေကို ၀တ်လေ့ရှိပါတယ်။
    ၁၀။ အဟ်မဒ် ကဒီရော့ဗ်ဗလီ (Akhmat Kadyrov Mosque)
    ခြေချင်းညာဒေသရဲ့ အသည်းနှလုံးဖြစ်တဲ့ ဒီဗလီကျောင်းတော်ကြီးကို အစ္စတန်ဘူလ်က နာမည်ကျော် ဗလီပြာ (Blue Mosque) နဲ့ တစ်ပုံစံတည်းတူအောင် တူရကီလက်ရာအတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ ခြေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပထမဆုံးသမ္မတအမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေ ၂၄ နာရီ ၇ ရက်ပတ်လုံး ဗလီရဲ့ လှုပ်ရှားမှုကို အွန်လိုင်းက Live လွှင်ပေးနေပါတယ်။
    Ref: rbth.com
  • ချရာမန်ဗလီဝတ်ကျောင်းတော် (AD 629) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၂)
    ချရာမန်ဗလီဝတ်ကျောင်းတော် (AD 629) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၂)
    သြဂုတ် ၁၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    ချရာမန် ဗလီဝတ်ကျောင်းတော်
    – အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်၊ သရီဆူရ်ခရိုင် ကိုဒွန်ဂါလူရ်မြို့မှာ အေဒီ ၆၂၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီ ‘ချရာမန် ဂျူမာ ဗလီဝတ်ကျောင်းတော်’ ဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး အာရေဗျမှာ တမန်တော်မုဟမ္မဒ်သခင် သက်တော်ထင်ရှားရှိနေစဉ်အတွင်းမှာပဲ အစ္စလာမ်သာသနာဟာ အရှေ့ဖက်ကို ရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခု ဖြစ်ပါတယ်။
    ချရာမန်ဗလီဝတ်ကျောင်းတော်ဟာ ကမ္ဘာ့အစောဆုံး ဗလီဝတ်ကျောင်းတ်ာတွေထဲမှာလည်း ပါဝင်ပါတယ်။
    ထူးဆန်းတဲ့အိပ်မက်နဲ့ နန်းစွန့်တဲ့ဘုရင်
    သက္ကရာဇ် ၆၀၀ ၀န်းကျင်လောက်မှာ ကီရာလာဒေသကို အုပ်စိုးနေတဲ့ ဘုရင် ‘ချရာမန် ပီရူမဲလ်’ (Cheraman Perumal) ဟာ တစ်ညမှာ လပြည့်ဝန်းကြီး ၂ ခြမ်းကွဲသွားတယ်ဆိုတဲ့ အိပ်မက်တစ်ခုကို ထူးထူးဆန်းဆန်းမြင်မက်ခဲ့ပါတယ်။ အတိတ်နမိတ်တစ်ခုပဲလို့ မှတ်ယူတဲ့ ဘုရင်ကြီးက နန်းတွင်း ဗေဒင်နက္ခတ်တတ်ကြွမ်းတဲ့ ပညာရှင်တွေကို ဆင့်ခေါ်ပြီး အဓိပ္ပါယ်ဖော်ခိုင်းပေမယ့် ကျေနပ်လောက်တဲ့အဖြေမျိုး မရခဲ့ပါဘူး။ နောက်ပိုင်း အာရေဗျက တမန်တော်မုဟမ္မဒ်သခင်ရဲ့ သာဝကကြီးတွေ ကုန်သွယ်ခရီးစဉ်နဲ့ သီရိလင်္ကာကို သွားတဲ့အချိန် ဘုရင် ပီရူမဲလ်နဲ့ တွေ့ဆုံခဲ့ပြီး အိပ်မက်အကြောင်း ပြောပြတဲ့အခါ အဲဒီအာရပ်ကုန်သည်တွေက ဒါဟာ တမန်တော်မုဟမ္မသခင် ပြသခဲ့တဲ့ တန်ခိုးပြာဋိဟာတွေထဲက တစ်ခုကို မြင်မက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    (လကို နှစ်ခြမ်းခွဲပြဖို့ သူ့ကိုမယုံကြည်သူတွေရဲ့ တောင်းဆိုမှုကို တုန့်ပြန်တဲ့အနေနဲ့ တမန်တော်ဟာ လကို ဘုရားသခင်ရဲ့ အလိုတော်နဲ့ တကယ်ပဲ နှစ်ခြမ်းခွဲပြခဲ့တယ်လို့ မွတ်စလင်တွေက ယုံကြည်ထားကြပါတယ်။)
    အာရပ်ကုန်သည်တွေရဲ့ ဒီရှင်းပြချက်ကို ဘုရင် ချရာမန်က စိတ်ဝင်စားခဲ့ပြီး နောက်ပိုင်းမှာတော့ အစ္စလာမ်ဘာာသာကို ပြောင်းလဲသက်ဝင်ခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ်သခင်ရှိရာ မက္ကာမြို့ကိုသွားရောက်ဖို့ကိုလည်း သူက လျှို့ဝှက် စီစဉ်ခဲ့ပါတယ်။
    နန်းစွန့်မယ့် သူ့အစီအစဉ်အတွက် ချော့မွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေး ချရာမန်က ဆောင်ရွက်ခဲ့ပြီး သူအုပ်စိုးတဲ့ ဒေသတွေကို ပိုင်းခြားကာ မျိုးနွယ်စုခေါင်းဆောင်တွေဆီ ဝေပေးခဲ့ပါတယ်။ မက္ကာကို ရောက်သွားတဲ့ ချရာမန်ဟာ တမန်တော်နဲ့တွေ့ဆုံခဲ့ပြီး နှစ်အနည်းငယ်နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အိန္ဒိယကို ပြန်လာတဲ့ ခရီးမှာ နေထိုင်မကောင်းဖြစ်တာကြောင့် အိုမန်နိုင်ငံ ဒူဖာရ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
    ချရာမန်ဗလီသမိုင်း
    သူမသေခင်မှာ ချရာမန်ဟာ ကီလာရာဒေသက ဘုရင်တစ်ပါးဖြစ်တဲ့ မာလာဘာရ် (Malabar) ဆီ စာတစ်စောင်ရေးခဲ့ပြီး အာရပ်မိတ်ဆွေတစ်ဦးဖြစ်တဲ့ သာဝကကြီး မာလစ် ဘင် ဒီနာရ် (Malik Bin Dinar) နဲ့အတူ လူကြုံထည့်ပေးလိုက်ပါတယ်။
    မာလစ် ဘင် ဒီနာရ်တို့ ကုန်သည်အုပ်စုဟာ ကီရာလာမြို့တော် ကိုဒွန်ဂါလူရ်မြို့ (Kodungallur) ကို ရောက်တဲ့အခါမှာ ဒီစာတွေကို မျိုးနွယ်စုခေါင်းဆောင်တွေလက်ထဲ အပ်ခဲ့ပြီး စာထဲက မှာကြားချက်အတိုင်း လုပ်ဖို့ ဒီခေါင်းဆောင်တွေက ခွင့်ပြုခဲ့တာကြောင့် အစ္စလာမ်ဘာသာဝင်တွေအတွက် ဒေသတွင်း နေရာတော်တော်များများမှာ ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ခွင့် ရရှိခဲ့ပါတယ်။
    အဲဒီဗလီတွေထဲမှာ ကိုဒွန်ဂါလူရ်မြို့က ဗလီဝတ်ကျောင်းတော်ဟာ သက္ကရာဇ် ၆၂၉ ခုနှစ်မှာ အရင်ဆုံးတည်ဆောက်တဲ့ဗလီဖြစ်ပြီး မာလစ် ဘင် ဒီနာရ်က ဦးစီးခဲ့ကာ ဘုရင်နာမည်ကို အစွဲပြုပြီး ‘ချရာမန် ဗလီဝတ်ကျောင်းတော်’ (Cheraman Masjid) လို့ အမည်ပေးခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ပထမဆုံး ဓမ္မကထိကအဖြစ် မာလစ် ဘင် ဒီနာရ်က တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ညီဖြစ်သူ ဟာဘစ် ဘင် မာလစ် (Habib Malik) ကိုလွှဲခဲ့ပါတယ်။ သူကတော့ ကီရာလာဒေသတစ်ဝိုက် ခြေဆန့်ပြီး လူတွေကို အစ္စလာမ်သာသနာအကြောင်း ဟောကြားတင်ပြခဲ့ကာ ဗလီဝတ်ကျောင်းတော်တွေလည်း ဆောက်လုပ်ခဲ့ပါတယ်။ မာလစ် ဘင် ဒီနာရ်ဟာ နောက်ပိုင်းမှာ အာရေဗျကို ပြန်သွားခဲ့တယ်လို့ အဆိုရှိပြီး အဲဒီမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ လက်ရှိ ချရာမန်ဗလီဝတ်ကျောင်းတော်မှာတော့ ဟာဘစ် ဘင် မာလစ်နဲ့ သူ့ရဲ့ ဇနီး ခူမာရီယဟ် (Khumarriah) တို့ရဲ့ အုတ်ဂူတွေ ရှိနေပါတယ်။
    ဗိသုကာ
    ဗလီဝတ်ကျောင်းတော်အတွင်း နှစ်ပေါင်း ၁၀၀၀ ကျော် အသုံးပြုခဲ့သည့် ကြေးဝါမီးအိမ်
    ချရာမန် ဗလီဝတ်ကျောင်းတော် အဆောက်အဦးဟောင်း၊ တရားဟောစင်မြင့်၊ အတွင်းပိုင်းလက်ရာတွေကို ဟိန္ဒူဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။
    တရားဟောစင်မြင့်အတွက် ကျွန်းသစ်ကို အသုံးပြုထားပြီး ဟိန္ဒူပန်းကနုတ်လက်ရာတွေ ထွင်းထုထားပါတယ်။ ဟိန္ဒူတွေရဲ့ ရိုးရာအမှတ်အသားတစ်ခုဖြစ်တဲ့ ကြေးဝါ မီးအိမ်ကြီးတစ်ခုကို ဒီဗလီဝတ်ကျောင်းမှာ အသုံးပြုလာခဲ့တာဟာ နှစ်ပေါင်း ၁၀၀၀ ကျော် ရှိခဲ့ပါပြီ။
    ဗလီဝတ်ကျောင်းတော်အတွင်းမှာ စကျင်ကျောက်တုံးတစ်ခု ရှိပြီး ဒီကျောက်တုံးဟာ မက္ကာမြို့ကနေ ယူဆောင်လာတာဖြစ်တယ်လို့ ပြောစမတ်ရှိပါတယ်။
    ပြင်ဆင်မှု
    ဒေသတွင်း အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေ များပြားလာတာကို ကာမိစေဖို့အတွက် ချရာမန်ဂျူမာ ဗလီဝတ်ကျောင်းတော်ကို အေဒီ ၁၁ ရာစုမှာ တစ်ကြိမ်၊ သက္ကရာဇ် ၁၄၀၀ မှာတစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှာတစ်ကြိမ် တိုးချဲ့ခဲ့ပြီး အဲဒီ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရှေးဟောင်းလက်ရာတော်တော်များများ ထိခိုက်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ တစ်ကြိမ် ဒီဗလီကို ထပ်မံတိုးချဲ့ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ မူလ ဗလီအဟောင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
    ကမ္ဘာ့သမိုင်းအမွေအနှစ်
    ရှေးခေတ် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အခြာကျခဲ့တဲ့ အိန္ဒိယ တောင်ဘက်ကမ်းရိုးတန်းမြို့ ကိုဒွန်ဂါလူရ်ဟာ အစ္စလာမ်၊ ခရစ်ယာန်၊ ဂျူးနဲ့ ဟိန္ဒူဘာသာ၊ အာရပ်၊ ပါရှန်၊ ဂျူးလူမျိုးတွေရဲ့ ရှေးဟောင်းသမိုင်းအမွေအနှစ်များစွာ ရှိတဲ့နေရာဖြစ်ပြီး ကုလက ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပါတယ်။
    အိန္ဒိယအစိုးရက ဦးစီးတဲ့ Muziris Heritage Project စီမံကိန်းနဲ့ ချရာမန် ဗလီဝတ်ကျောင်းတော် အပါအ၀င် သမိုင်းဝင်နေရာ ၅၀ ကျော်ကို ပြုပြင်ထိန်းသိမ်းတာ၊ ပြတိုက် ၂၇ ခု တည်ဆောက်တာ၊ ရှေးဟောင်း လက်ရာတွေ တူးဖော်တာတွေကို လုပ်ဆောင်နေပြီး ခရီးသွားအချက်အခြာနေရာတစ်ခု ဖြစ်လာအောင် ဆောင်ရွက်နေပါတယ်။
    လူမှုရေးရာ အချက်အခြာ
    ဗလီဝတ်ကျောင်းတော်၏ မူလအဆောက်အဦး ဓာတ်ပုံ
    ချရာမန်ဂျူမာ ဗလီဝတ်ကျောင်းတော်ဟာ ဒီဒေသက ဘာသာပေါင်းစုံညီညွတ်ရေး အမှတ်သညာတစ်ခုဖြစ်ပြီး မွတ်စလင်တွေအတွက်သာ အရေးပါတာမဟုတ်ဘဲ မွတ်စလင်မဟုတ်သူတွေ ကြည်ညိုအားထားရာ နေရာလည်း ဖြစ်ပါတယ်။ ကိုဒွန်ဂါလူရ်က ဟိန္ဒူဘာသာဝင်တွေဟာသူတို့ရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ Vidhyarambham အခမ်းအနားကို ဒီဗလီဝတ်ကျောင်းတော်မှာ လာပြီး ဆောင်ရွက်ကြသလို၊ ရမ်ဇာန်ဥပုသ်လတွေမှာလည်း မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဒီဗလီဝတ်ကျောင်းတော်မှာ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲတွေ လုပ်ကြပါတယ်။
    ဗလီထဲမှာ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတဲ့ ကြေးမီးအိမ်တစ်ခု ရှိနေပြီး ယခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီမီးအိမ်အတွက် ဆီကို ဘာသာပေါင်းစုံက လူတွေက လှူဒါန်းကြတာပါ။
    သမ္မတဟောင်း အဘ်ဒူလ် ကလမ်တို့လို နိုင်ငံ့ခေါင်ဆောင်ကြီးတွေနဲ့ အိန္ဒိယက ထင်ရှားကျော်ကြားသူတွေဟာ ဒီဗလီဝတ်ကျောင်းကို လာရောက်လည်ပတ်လေ့ရှိပြီး ၂၀၁၆ ခုနှစ် ၀န်ကြီးချုပ် မိုဒီရဲ့ ဆော်ဒီခရီးစဉ်မှာ ချရာမန်ဗလီဝတ်ကျောင်းတော်အဟောင်းရဲ့ ပုံတူကို ရွှေသားအတိနဲ့ထုပြီး ဆော်ဒီဘုရင်ထံ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
    Cheraman Charitable Society နဲ့ Mahallu လို့ခေါ်တဲ့ ဒေသတွင်း အကူအညီပေးရေးအဖွဲ့နှစ်ခုဟာ ဒီဗလီဝတ်ကျောင်းတော်မှာ အခြေစိုက်ထားပြီး လူမျိုးဘာသာရေးမရွေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။
    Ref : cheramanmosque.com, deccanherald.com, Aljazeera, muhammadnazeefali.com
    ကျွန်းသားအသုံးပြုကာ ဟိန္ဒူဗိသုကာလက်ရာများဖြင့် ထုထားသည့် တရားဟောစင်မြင့်
    ၂၀၁၆ ခုနှစ်တွင် ၀န်ကြီးချုပ်မိုဒီက ဆော်ဒီဘုရင်ကို လက်ဆောင်ပေးခဲ့သည့် ချရာမန်ဗလီ၏ ရွှေသားပုံစံငယ်
    ဗလီရှိ ကဗျည်းမော်ကွန်း
  • ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    – တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်က နာမည်ကြီး ကမ်းရိုးတမ်းမြို့ ကွမ်ကျိုးမှာရှိတဲ့ ဒီ ‘ဟွေ့ရှန်း’ (Huaisheng) ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ အစောဆုံး ဗလီဝတ်ကျောင်းတော် ၄ လုံးထဲမှာ ပါဝင်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    ဒီဗလီဝတ်က ၃၅.၇၅ မီတာ (၁၁၈ ပေခန့်) မြင့်တဲ့ မင်နာရတ်မျှော်စင်ဟာ တစ်ချိန်က ကွမ်းကျိုးမြို့ရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး၊ ၀တ်ပြုဖို့နှိုးဆော်တဲ့အခါ အသုံးပြုသလို၊ ညအခါမှာ ဂျူကျန်း(ပုလဲ) မြစ်က သင်္ဘောတွေ ရေကြောင်းသွားလာရေးအတွက် အလွန်အသုံးဝင်လှတာကြောင့် ဟွေ့ရှန်းဗလီကို ‘မီးပြတိုက်ဗလီ’ လို့လည်း ခေါ်ဆိုပါတယ်။
    သမိုင်းကြောင်း
    တရုတ်မွတ်စလင်တွေရဲ့ ရှေးဟောင်းစာပေတွေအရ ဒီ ဗလီဝတ်ကျောင်းတော်ကို တန်မင်းဆက် (၆၁၈-၉၇၀) လက်ထက် အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလ သက္ကရာဇ် ၆၂၇ ခုနှစ်မှာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သာဝကကြီးတစ်းပါးဖြစ်တဲ့ ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ က ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
    ဒီသာဝကကြီးဟာ လူတွေကို အစ္စလာမ်သာသနာဖက် ဖိတ်ခေါ်ဖို့အတွက် ကုန်သွယ်ရေးအချက်အချာကျတဲ့ ကွမ်းကျိုးမြို့ကို သက္ကရာဇ် ၆၂၀ ပြည့်နှစ်တွေမှာ ရောက်ရှိလာတယ်လို့ သမိုင်းဆရာတွေက ကောက်ချက်ချပါတယ်။
    ‘ဟွေ့ရှန်း’ ဆိုတဲ့ အဓိပ္ပါယ်က ‘ကိုယ်တော်သခင်အတွက် အမှတ်တရ’ လို့ အဓိပ္ပါယ်ရပြီး တမန်တော်မုဟမ္မဒ်ကို ရည်စူးပြီး မှည့်ခေါ်ထားတာပါ။
    ဟွေ့ရှန်းဗလီဝတ်ကျောင်းတော်ကို ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ‘ကျိကျန်း’ (၁၃၄၁-၁၃၆၈) ရဲ့ အမိန့်နဲ့ ၁၃၅၀ ခုနှစ်မှာ တစ်ကြိမ်၊ မီးသင့်မှုကြောင့် ကျင်မင်းဆက်က ‘ကန်းရှီ’ ဘုရင်ရဲ့အမိန့်နဲ့ ၁၆၉၅ ခုနှစ်မှာတစ်ကြိမ် ပြန်လည် ပြုပြင်မွမ်းမံခဲ့ရပါတယ်။
    နောက်ဆုံးပြုပြင်မွမ်းမံမှုကတော့ ၁၉၃၅ ခုနှစ်မှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်ရဲ့ ၀တ်ပြုဆောင်ကို ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
    ဗိသုကာ
    မြေနေရာ ၂၉၆၆ စကွဲယားမီတာမှာ ဒီဗလီဝတ်ကျောင်းတော်ကို တရုတ် ‘ဖုန်းရွှေ’ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားပြီး၊ အနီရောင်အုတ်ခဲတွေအသုံးပြု ဆောက်လုပ်ထားတဲ့ ၀င်ပေါက်က ဂျူကျန်းမြစ်ကို မျက်နှာမူထားပါတယ်။
    ဟွေ့ရှန်း ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆောင်၊ ၀မ်ရွယ်အဆောက်အဦး၊ အမိုးပါစင်္ကြန်လမ်း၊ ပိဋကတ်တိုက်၊ နားနေဆောင်၊ မင်နာရတ်မျှော်စင် စတာတွေ ပါဝင်တယ်။ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းက အဆောက်အဦးတွေ အများစုကို တရုတ်ရိုးရာဟန်ပန်အတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ၀တ်ပြုဆောင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ၄၀၀ စကွဲယားမီတာ ကျယ်ဝန်းပါတယ်။
    ဒုလုံးရှည်သဏ္ဍာန်တည် ဆောက်ထားတဲ့ မင်နာရတ်ဟာ ၀တ်ပြုဖို့ နှိုးဆော်သံကို ဟစ်ကြွေးတဲ့လုပ်ငန်းအတွက်သာ မကဘဲ၊ ဂျူကျန်းမြစ်ထဲက သင်္ဘောတွေအတွက် ရေကြောင်းအချက်ပြ မီးပြတိုက်အဖြစ်လည်း တစ်ချိန်က အသုံးတော်ခံပါတယ်။
    ရှေးရှေးက သင်္ဘောသားတွေဟာ ဒီမင်နာရတ်ကြီးကို မြင်ပြီဆိုရင် ‘ရေကြောင်းပိုးလမ်းမကြီး’ ရဲ့ အစကို ရောက်ရှိနေပြီဆိုတာ သိကြပြီး၊ ရာသီဥတုအခြေအနေကို သိရဖို့အတွက်လည်း သင်္ဘောသားတွေဟာ ဒီမင်နာရတ်အပေါ်ကို တက်ကြည့်လေ့ ရှိပါတယ်။
    ဒီမင်နာရတ်ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံးမီးပြတိုက်ကြီးဖြစ်ပြီး အနောက်တိုင်းစတိုင် မီးပြတိုက်ကိုတော့ ၁၈၆၅ ခုနှစ်လောက်မှ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တာပါ။ ရေကြောင်းသွားလာမှုမှာ ဒီမင်နာရတ်ရဲ့ အသုံးဝင်ပုံကို အစွဲပြုပြီး ဟွေရှန်းဗလီဟာ ‘မီးပြတိုက်ဗလီ’ လို့လည်း အမည်တွင်ပါတယ်။
    ခရီးသွားများ စိတ်ဝင်စား
    စီးပွားရေးအချက်အခြာကြတဲ့ ကွမ်ကျိုးမြို့မှာ ဟွေရှန်းဗလီဝတ်ကျောင်းတော်ဟာ ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေကာ တရုတ် ခရီးသွားလုပ်ငန်းတော်တော်များများမှာလည်း ဒီ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်အကြောင်းကို  တခုတ်တရ ကြော်ငြာပေးထားပါတယ်။
    ကွမ်ကျိုးက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့ ဒီ ဟွေရှန်း ဗလီဝတ်ကျောင်းတော်ဟာ ‘ကွမ်ကျိုးမွတ်စလင်အသင်း’ ရုံးထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။
    Ref : Islamoblog, wiki, islamichina
    ၁၁၈ ပေမြင့်သည့် နာမည်ကျော် မင်နာရတ်
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့သည့် သာဝကကြီး ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ ၏ အမည်ကို ထွင်းထုထားမှု
    ခရီးသွားများ စိတ်ဝင်တစား