News @ M-Media

Tag: opinion

  • ဘင်္ဂလား-မြန်မာ တင်းမာမှုကို ဗမာအစိုးရ တမင် ဖန်တီးလာနေပြီလား (သူအမြင်)

    မေ ၃၀ ၊ ၂၀၁၄
    M-Media
    ရေးသူ- (ရောဘတ်အယ်လ်ဟို့စ်)

    Border-1
    ဘင်္ဂလား-မြန်မာ နယ်စပ်မှာ တကယ်မရှိတဲ့ ရိုဟင်ဂျာ RSO အကြမ်းဖက်သမားတွေနဲ့ မြန်မာ နယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပြီး RSO တိုက်ခိုက်ရေးသမား တစ်ယောက်ကို တိုက်ခိုက် ရေး ရိုင်ဖယ်တစ်လက် ၊ ကျည် အတောင့်ပေါင်း တစ်ထောင် ကျော် နဲ့ အသေဖမ်းဆီးရမိတယ် လို့ မောင်တောခရိုင် ရဲမှုးကြီးက တရားဝင် မီဒီယာကို ပြောခဲ့တယ်။

    တစ်ဖက်ကလည်း ဘင်္ဂလားအစိုးရ က သူတို့ရဲ့ နယ်ခြားစောင့် တပ်ဖွဲ့က အရာရှိ တစ်ဦး အဲ့ဒီ အချိန်မှာ ပဲ ဒီနေရာမှာ ပျောက်ဆုံးသွားတယ်လို့ တရားဝင် ပြောလာတယ်။ ဒီတော့ ဒီမိထား တယ် ဆိုတဲ့ RSO လို့ စွပ်စွဲခံထား ရသူဟာ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင် ကို ၀ါဒဖြန့်ချီပြီး နှစ်နိုင်ငံ အကြားတင်းမာလာအောင် ဗမာဖက်က တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလာ ပြီ လား ဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။

    တစ်ချိန်တည်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ စလောင်းကျေးရွာအုပ်စုက အများပြည် သူပိုင် လယ်မြေဧကပေါင်း ၂၀၀ ကျော်ကို အရင် ဗိုလ်ချူပ်မှုးကြီး သန်းရွှေ ရဲ့ သမီး ဒေါ်သန္တာ ရွှေ မိသားစု က လျှော်ကြေးမပေးဘဲ ၂၀၁၀ ခုနှစ်က မတရားသိမ်းထားတဲ့ ကိစ္စကို လူထုက မခံနိုင်တော့ဘဲ အာခံလာကြတဲ့ ကိစ္စက တစ်ပြိုင်နက်တည်း ပေါ်လာတယ်။ သူတို့မိသားစု ပိုင်ဆိုင်မှုကို ထိလာလို့ အများအာရုံ ကတစ်ဖက်ကို ပြောင်းသွားအောင် divert လုပ်တာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

    တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်လာတဲ့ အချိန်ဟာ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ နှစ်ပတ်လည် နေ့နဲ့လည်း လာတိုက်ဆိုင်နေတယ်။ ဗမာအစိုးရ သာ တကယ်တမ်း ရိုးသားမယ် ဆိုရင် အသေဖမ်းမိတယ် ဆိုတဲ့ RSO အကြမ်းဖက်သမား ဆိုသူရဲ့ ၀တ်ဆင်ထားတဲ့ ယူနီဖောင်းနဲ့ လက်နက်တွေလို ဟာမျိုးကို ဖုံးကွယ်မထားဘဲ၊ အများသိအောင် မီဒီယာကနေ ချပြသင့်တယ်။ ဒါမှ ဒီလူဟာ RSO လား၊ ဘင်္ဂလား နယ်ခြားစောင့် တပ်ဖွဲ့ဝင်လားဆိုတာ အများကွဲကွဲပြားပြား သိရမှာဖြစ်တယ်။

    ဗိုလ်ချူပ်မှုးကြီးသန်းရွှေဟာ အရင်ကလည်း ဒါမျိုး စိတ်ဓာတ်စစ်ဆင်ရေး တွေ လုပ်တာမှာ ရာဇ၀င် တွေ အများကြီး ရှိဘူးတော့ ဒါဟာ သိပ်ကိုစဉ်းစားဖို့ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ မိတ္ထီလာမှာလည်း ပြဿနာဖန်တီးပြီး ဗိုလ်ချူပ်မှုးကြီးသန်းရွှေ သမီး တွေက အဲ့ဒီက မွတ်စလင်မ် မြေတွေကို သူတို့ လုပ်ချင်တဲ့ ဟိုတယ်ဇုန်းအတွက် ၀င်အမြတ်ထုတ်သွားခဲ့တာတွေ ရှိခဲ့တယ်။

    ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံ အကြား တရားဝင် တိုက်ခိုက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒါကို အကြောင်းပြုပြီး ဘာမှ မဆိုင်တဲ့ ပြည်တွင်းက ရိုဟင်ဂျာ နဲ့ မြန်မာမွတ်စလင်မ် တွေ အပေါ် ထိုးနှက်မှုတွေ ပိုလုပ်လာဖို့ အကြောင်းအရာကောင်း တစ်ရပ်ဖြစ်လာလိမ့်မယ်။ ဒီလောက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ကို တကယ်သာ လုပ်လာပြီ ဆိုလို့ကတော့ ထင်ထားတာထက် အတိုင်းအတာ ကြီးမားတဲ့ ထိခိုက်မှုတွေ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် တွေ ဆီ ကို ရောက်လာနိုင်တယ်လို့ ထင်တယ်။ သတိရှိထားတာ မမှားပါဘူး။ သတိရှိကြပါ။

    (ရောဘတ်အယ်လ်ဟို့စ်)

  • ဘယ်ပညာ သင်ရမှာလဲ

    မေ ၂၉ ၊ ၂၀၁၄
    M-Media
    .ရေးသူ- သဲတပွင့်
    education1
    ပြီးခဲ့တဲ့ရက်က ပညာရေး မြှင့်တင်မှု ဆွေးနွေးတဲ့အစီအစဉ်တစ်ခုမှာ မေးခွန်းတစ်ခု ကြားခဲ့ကြရပါတယ်။ ဆွေးနွေးမေးမြန်းသူက အစ္စလာမ် ဘာသာရေး စာသင်ကျောင်းက မော်လဝီ ဆရာတစ်ဦးပါ။

    အနောက်တိုင်းရဲ့ ပညာရေးစနစ်ကို ကြည့်ပြန်တော့လည်း သူတို့ဆီမှာ ဆယ်ကျော်သက် လူငယ် ကျောင်းသားလေးတွေက သေနတ် တစ်လက်နဲ့ ဆရာတွေ ကျောင်းသားတွေ တွေ့ကရာ ပစ်သတ်တာမျိုးတွေ၊ ကိုယ့်ကိုကိုယ်နဲ့ အခြားသူတွေကို သေကြောင်းကြံတဲ့ ကျောင်းတွင်း အကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ကြုံကြရတယ်။ သူတို့ဆီက ကျောင်းတွေအကြောင်း ရိုက်ထားတဲ့ ဗီဒီယိုတွေ ကြည့်ပြန်တော့လည်း မြန်မာ့ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာတရားတို့ရဲ့ သွန်သင်ချက်နဲ့ဖြစ်စေ တိုင်းတာကြည့်ရင် စိတ်ပျက်စရာ။

    နောက်တစ်ပိုင်းကို ကြည့်တော့ အဲဒါရဲ့ ဆန့်ကျင်ဘက် ခေတ်ပညာကို အားမပေးဘဲ ဘာသာရေးသက်သက်သာ သင်ယူကြသင့်တယ် ဆိုသူတွေ ဆိုပြန်တော့လည်း လောလော လတ်လတ် နာမည်ကြီးထားတဲ့ ဘိုကိုဟာရမ် ဆိုသူတို့ကို၊ တာလီဘန် ဆိုသူတို့ကိုပဲကြည့် … အစွန်းရောက်လှတဲ့ အတွေးအခေါ်တွေနဲ့ ဘယ်ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ဖြစ်စေမကိုက်ညီတာတွေ မဟုတ်တရုတ်လုပ်ရပ်တွေ လုပ်နေကြတာ တွေ့နေရပါတယ်။ ဒီလိုဆိုရင် ဒီပညာရေးစနစ်ကြီးနှစ်ခုက ဆန့်ကျင်ရာလိုဖြစ်နေလေတော့ ဝိရောဓိကြားမှာ အခက်တွေ့ကြရတဲ့ မြေစာပင်တွေ အကြောင်းတွေကို သူက ဆွေးနွေးပါတယ်။

    ပညာရေးကို စိတ်ဝင်တစားရှိသူတစ်ယောက်အနေနဲ့ ကျွန်တော်လည်း အတော်လေး အတွေးပွားမိပါတယ်။
     
    တကယ်တော့ ဒီနှစ်ခုမှာ မဆုံနိုင်တဲ့ မျဉ်းပြိုင်တွေ မဟုတ်သလို ဆန့်ကျင်ဘက် ဝိရောဓိဖြစ်စရာလို့လည်း ကျွန်တော်ကတော့ မမြင်မိပါ။ နှစ်ဖက်လုံးမှာ ဖြစ်နေတဲ့ ပြသနာ အစွန်းနှစ်ဖက်ဟာ တကယ်တော့ ပညာရေး စနစ်နှစ်မျိုးလုံးနဲ့ ဘာမှ တိုက်ရိုက် မဆိုင်တဲ့ ပြင်ပ ပယောဂတွေလို့ပဲ မြင်ပါတယ်။

    အနောက်တိုင်းက သေကြောင်းကြံ ကျောင်းသားဆိုတာမျိုးကို လေ့လာကြည့်ရင် လူမှုဘဝမှာ တစ်ခုခု အဆင်မပြေတာမျိုးကြောင့် … ဥပမာ မိဘများ ကွဲနေကြတာ၊ ငယ်စဉ်က စိတ်ပိုင်းဆိုင်ရာတစ်ခုခု ကြီးကြီးမားမား ထိခိုက်ခဲ့တာ စတဲ့ psycho problem တစ်ခုခု ရှိခဲ့တာကြောင့် … ဒါမျိုးလုပ်ကြတာမျိုးက အများစုပါ။ ကျောင်းပညာရဲ့ သွန်သင်မှုကြောင့် ဒါမျိုးဖြစ်လာစရာ အကြောင်းမရှိပါ။အနောက်တိုင်းပညာရေးရဲ့ အန္တိမ ပန်းတိုင်ကလည်း လူတော် လူကောင်း နိုင်ငံ သားကောင်း ဖြစ်စေဖို့ပါ။ ဘာသာရေး မလေးစားမလိုက်နာသူတွေဆိုတာတောင်မှပဲ Universal Value တွေဖြစ်တဲ့ တရားမျှတမှု၊ တာဝန်သိတတ်မှု၊ စည်းကမ်းသေဝပ်မှု စတာတွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်စေတဲ့ ပညာရေးပါ။ ဥပမာ စဉ်းစားကြည့်ရင် ဘယ်ကိစ္စအတွက်မဆို တန်းစီဖို့လိုရင် ဘယ်လိုရာထူးကြီးသူဖြစ်စေ စနစ်တကျ တန်းစီတာမျိုး၊ ညဘက်မီးပွိုင့်မှာ တစ်ဖက်ယာဉ်ကြောမှာ ဘယ်သူမှ မရှိဘဲ ရှင်းနေတာတောင် မီးနီနေရင် မကူးဘဲ စိမ်းတဲ့အထိ စောင့်တတ်တာမျိုးတွေဟာ ဒီ အနောက်တိုင်းသား ခေတ် ပညာတတ်ဆိုသူတွေမှာ တွေ့ရတဲ့ ချစ်စရာ့ ဓလေ့တွေပါ။ (အနောက်နိုင်ငံတွေရဲ့ လူမှုဘဝ ယဉ်ကျေးမှုက ကိုယ်တွေနဲ့ မကိုက်ညီတာက သီးသန့် တစ်ကဏ္ဍ စဉ်းစားရမှာပါ … ဒါလည်း ပညာရေးနဲ့ မဆိုင်ပါ။ ဘာသာတရားကို အလွန်လေးစားသော၊ အရက်မသောက် ဆေးလိပ်မသောက် အပျော်အပါးမလိုက်စားသော အမေရိကန်တွေ ကိုယ်တွေ့ ကြုံဖူးတာတွေလည်း အများအပြားပါ။ အနောက်နိုင်ငံက ဆိုတိုင်းလည်း အရက်ဘားမှာ၊ နိုက်ကလပ်မှာ အချိန်ကုန်ပြီး တစ်ညတစ်ယောက်နဲ့ အိပ်နေတာမျိုး မဟုတ်ပါ။)

    နောက်တစ်ပိုင်း … ဘာသာရေးပညာကိုသာ အသားပေးမယ် … ခေတ်ပညာကို ဆန့်ကျင်တယ်ဆိုတဲ့သူတွေဟာလည်း (ရှေးရိုးစွဲဆန်တဲ့ ခေတ်နောက်ပြန်တဲ့ အယူအဆတွေ ရှိတတ်ပေမယ့်လည်း) သာမန်အားဖြင့် ဘဝကို ရိုးသားစွာ ဖြတ်ကျော်ရင်း ကိုယ် ကိုးကွယ်ယုံကြည်ရာ ဘုရားသခင်ရဲ့ အလိုတော် အတိုင်း နေထိုင်ကြသူတွေက များတာပါ။ ရှေ့ပိုင်းမှာ ပြောခဲ့သလို မတော်တရော်တွေ လုပ်နေကြတာက တကယ်တမ်းတော့ ဘာသာတရားရဲ့ သွန်သင်ချက်နဲ့ လားလားမျှ မပတ်သက်ဘဲ ကိုယ့်ရဲ့ ကျင်လည်ခဲ့ရာ ဘဝပေးအခြေအနေတွေကြောင့်ပါ။ (ဥပမာ တာလီဘန်တွေဟာ ရုရှလက်အောက်မှာ အင်မတန် ဘဝနာခဲ့ကြတာပါ။ Rambo 3 နဲ့ The Beast ဆိုတဲ့ ရုပ်ရှင်မျိုးတွေကို ကြည့်ရင် သိပါလိမ့်မယ်။ ထိုနည်းတူ ဘိုကိုဟာရမ်တို့ ကြီးစိုးသွားရာ အာဖရိက နိုင်ငံတွေဟာလည်း အင်မတန် ဆိုးရွားလှတဲ့ ကြမ်းတမ်းလှတဲ့ ခေတ်စနစ်တွေကို ကြုံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် သူတို့ဟာ ပညာတစ်ရပ်ရပ်က်ု သေချာ သင်ခွင့်မရဘဲ ရန်လိုတတ်သူ၊ မကောင်းမြင်တတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပါတယ်။) အဲဒီလိုမျိုး ဘဝဆိုးမှာ တွေ့ကြုံဖူးတဲ့ အငုံ့စိတ်ကို အခြေခံ၊ အတ္တကို အခြေခံ၊ နောက်တစ်ပိုင်းကလည်း လက်ရှိ အာဏာရှင်တို့က ကိုယ့်အာဏာစက်တည်မြဲရေးအတွက် လူပြိန်းကြိုက် အလွယ်ဆုံးနည်းလမ်းဖြစ်တဲ့ ဘာသာရေးနာမည်ခံ အသုံးချ မှိုင်းတိုက်လေတော့ မဖြစ်သင့်တာတွေ ဖြစ်နေရတာပါ။ မူလဘူတ ဘာသာတရားရဲ့ အဆုံးအမနဲ့ ဘာမှ မပတ်သက်ပါ။

    ခေတ်ပညာ၊ ဘာသာရေးပညာ … ဘယ်လိုပညာကို သင်ကြားထားသူဖြစ်ပါစေ အဲဒီပညာတွေက ပေးတဲ့ အသိကို လက်တွေ့ဘဝမှာ မကျင့်သုံးသမျှ စစ်မှန်တဲ့ ပညာတတ် မဟုတ်ပါ။ ပညာ သိသူသာ ဖြစ်ရင် ဖြစ်ပါမယ်။ ခေတ်ပညာ ဘွဲ့တွေရပြီး မတော်မတရားလုပ်သူတွေ၊ ဘာသာရေးပညာ ဆည်းပူးထားပြီး ဘုရားသခင် မကြိုက်တာ လုပ်သူတွေ စတဲ့ စုံးပြူးအချို့ကို ကြည့်ပြီး သူတို့တွေ သင်ဖူးတဲ့ ပညာရေးကို ကောက်ချက်ချဖို့ အတော်ခက်ပါမယ်။

    ကျွန်တော့် အမြင်အရတော့ ဒီပညာနှစ်မျိုးဟာ ငှက်တစ်ကောင်ရဲ့ အတောင်နှစ်ဖက်လိုပါပဲ … နှစ်ဖက်လုံး ဟန်ချက်ညီညီ ရှိတဲ့အခါ အအောင်မြင်ဆုံး အမြင့်မားဆုံး ပျံသန်းနိုင်မှာပေါ့။ နှစ်ဖက်လုံးတတ်သိနားလည်သူတွေ ကိုယ်ကျင့်တရား မြင့်မားသူတွေ၊ တာဝန်ယူတတ်သူတွေ၊ စိတ်ကောင်းရှိသူတွေ၊ လူကိုလူလိုမြင်သူ humanity စိတ်ဓာတ်ရှိသူတွေ မွေးထုတ်နိုင်ကြရမှာပါ။

    ဘယ် ဘာသာဝင်ပဲ ဖြစ်ပါစေ ကိုယ်တိုင်နဲ့ ကိုယ့်သားသမီးတွေကို စစ်မှန်တဲ့ ခေတ်ပညာ၊ စစ်မှန်တဲ့ ဘာသာရေးပညာ တတ်သိလိုက်နာကျင့်သုံသော ပြည့်ဝသော လူသားကောင်း ဖြစ်အောင် ပြင်ဆင် လေ့လာ သင်ယူကြရအောင်ပါလေ။

  • ပညာရေးကို အာရုံထားပေးကြပါ

    မေ ၇ ၊ ၂၀၁၄
    M-Media
    .ရေးသူ- အောင်ဇော်ဦး

    ROHINGYA
    ဓါတ်ပုံအညွှန်း- စစ်တွေ အကြမ်းခံ ဒုက္ခသည်များ စခန်းမှ ကျောင်းနေအရွယ် ကလေးငယ်တစ်ဦး၊ Photo-AP

    မေ လဆိုတာ မြန်မာပြည်က အခြေခံကျောင်းများရဲ့ ကျောင်းအပ်နှံရေး လပါ။ ဒီလဟာ ကျောင်းနေ အရွယ် သားသမီး ရှိတဲ့ မိဘတိုင်းရဲ့ သားသမီးနဲ့ပက်သက်ပြီး ထားတဲ့ နောင်ရေး အပူတွေကို ဒီလမှာ အထင်အရှားမြင်ကြရမှာပါ။ မိဘတိုင်းက သားသမီးတိုင်းကိုပညာတတ်ကြီးတွေ ဖြစ်စေချင်တာ ဘယ်တော့မှ မပြောင်းလဲတဲ့ သဘာဝအလှတရားပါ။

    အခြေခံလူတန်းစားနဲ့ ဆင်းရဲတွင်းနစ်နေတဲ့ ပြည်သူအများစု ရှိနေတဲ့ နိုင်ငံမှာ ဒီလို ကျောင်းဖွင့်ရာသီဆို မိဘတွေ ရုန်းကန်ပြေးလွှားရပြီးဆိုတာ ဗေဒင်မေးစရာမလိုတဲ့ ကိစ္စပါ။ လက်လုပ်လက်စား မိဘတွေက အလျင်မှီအောင် သားသမီးကို ကျောင်းအပ်နိုင်ဖို့၊ လူလတ်တန်းစားနဲ့ လူကုံတန် အသိုင်းအ၀ိုင်းက မိဘတွေကလည်း သားသမီးတွေကို နာမည်ကြီး ကျောင်းတွေမှာ အပ်နိုင်ဖို့ ပြေးလွှားနေရတာကိုမြင်ရတာ မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ။ အမှန်တော့ ဒီလို အခြေခံပညာရေး စနစ်ကို သင်ကြားခွင့်ရဖို့ဆိုတာ မိဘအုပ်ထိန်းသူတွေရဲ့ တာဝန်တခုတည်း မဟုတ်ပါဘူး။ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရမှာ လုံးဝ တာဝန်ရှိတာပါ။ ဒီမှာ မေးစရာရှိလာပါတယ်၊

    မိဘတွေရဲ့ တာဝန်က ဘာလဲဆိုတာပေါ့။ အမှန်တော့ မိဘတွေရဲ့ တာဝန်က သားသမီး တက်ရောက် သင်ကြားနေတဲ့ ပညာရေးမှာ ထူးချွန်ထက်မြက်လာအောင်၊ လိမ္မာရေးခြားရှိလာအောင် သွန်သင်ဆုံးမဖို့၊ သားသမီးရဲ့ ပင်ကိုယ်ပါလာတဲ့ ထူးချွန်တဲ့အရည်အသွေး (၀ါသနာ) ကို ဖော်ထုတ်ပြီး မြေတောင် မြောက်ပေးဖို့စတာတွေပါ။

    ကျနော်ဟာ မိဘနေရာမရောက်သေးပေမယ့်၊ ဒီလိုရာသီမျိုးရောက်တိုင်း ကျနော့်မိဘ နှစ်ပါးရဲ့ကျနော်တို့ ညီအစ်ကိုတွေ အပေါ်မှာ ထားခဲ့တဲ့ မေတ္တာ တရားတွေနဲ့ ပြေးလွှားခဲ့ရတာတွေကို အမြဲမြင်ယောင်မိတယ်။ ဒါကြောင့် ကျနော့်မှာ ကျောင်းအပ်ရမယ့် သားသမီး တာဝန် မရှိသေးပေမယ့်လည်း ဒီလိုအချိန်တွေဆို အရွယ် မရောက်သေးဘဲ လုပ်ငန်းခွင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ လုပ်နေရတဲ့ ကလေးတွေနဲ့ လမ်းပေါ်လေလွင့်နေရတဲ့ ကလေးတွေ အတွက် ပူပန်မိတယ်။ ဒီနေရာမှာတတ်နိုင်တဲ့ လူတန်းစားတွေ၊ သားသမီး မရှိကြသေးတဲ့ လူတွေ၊ သားသမီးတွေ အရွယ်ရောက်သွားလို့ ကျောင်းအပ်စရာ မလိုတော့တဲ့ မိဘတွေ၊ စတဲ့ အလွှာစုံက လူတွေဟာ ကျောင်းနေအရွယ် ကလေးတွေအတွက် မဆိုင်သလို မနေကြဘဲ တတ်နိုင်သလောက် ကူညီကြပါလို့ တိုက်တွန်းချင်တယ်။ မျိုးဆက်တဆက်နဲ့ တဆက် တိုးတက်ဖြစ်ထွန်းမှာသာလျှင် အဲဒီလူ့အသိုင်းအ၀ိုင်း၊ အဲဒီ လူသားမျိုးနွယ်ဟာ ရှင်သန်မှာပါ။ လူတိုင်းဟာမိမိ မိသားစု၊ ဆွေမျိုးသားချင်းတွေရဲ့ စားဝတ်နေရေး တခုတည်းကို ထောက်ပံကူညီနေရုံနဲ့ လူသားတယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်တာ မဟုတ်ပါဘူး။ ဒီလို မိသားစုတာဝန်၊ နီးစပ်ရာဆွေးမျိုးသားချင်း တာဝန်တွေဆိုတာကတော့ လူသားတွေ မပြောနဲ့ တိရိစ္ဆာန်တွေလည်း အသိုက်အမြုံလေးတွေလုပ်၊ မိတ်လိုက်၊ ဥ တွေ ဥ၊ သားသမီးတွေကို ဂရုစိုက်ကျွေးမွေး၊ တချို့တိရိစ္ဆာန်တွေဆိုဥာဏ်ရည်မြင့်သလောက် လုပ်ကိုင်နိုင်စွမ်းတွေလည်း မြင့်မားကြတာဘဲ။ ဒါပေမယ့် သူတို့တိရိစ္ဆာန် မျိုးစိတ်တွေမှာ အရည်အသွေးတွေ တိုးတက်ထွန်းကားလာအောင်၊ သူတို့ မျိုးစိတ်တွေ မျိုးမတုန်းသွားအောင် လုပ်ဆောင်ဖို့ သူတို့မှာ တာဝန်မရှိကြသလို၊ လုပ်ရကောင်းမှန်းလည်း အသိဥာဏ် မမြင့်မားကြပါဘူး။

    အစိုးရရဲ့ တာဝန်မဲ့မှု့၊ ဆိုးရွားတဲ့ အုပ်ချုပ်ရေးစနစ်၊ ပညာရေးဘက်ဂျက်မှာ မသာထာရေစာလို သုံးစွဲနေမှု့၊ ကျောင်းသားလူငယ်တွေကို တလွှဲအသုံးချနေမှု့၊ စတာတွေကို ချရေးနေရရင် အခန်းဆက် ၀တ္တူရှည်ကြီး တစ်ပုဒ်ဖြစ်သွားမှာပါ။ ဒါကြောင့် မိဘတွေနဲ့ ကျနော်တို့ပြည်သူတွေကဘဲ မနိုင်ဝန်ထမ်းပြီး သွားရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ ကူးလူးယှက်နွယ်ဖြစ်ထွန်း တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပညာရေးက အရေးကြီးဆုံး အခန်းကဏ္ဍကို ရောက်လာနေပါတယ်။ ဒီနေရာမှာ လောကီ ပညာတင် မကဘဲ လောကုတ္တရာ ပညာတွေလည်း အကျုံးဝင်လာ ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေးတွေ၊ လူမှုရေးတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေဟာ ပထ၀ီ အကန့်အသတ်ဆိုတာ မရှိတော့ဘဲ ကူးလူးဆက်နွယ်ပြန့်ပွားနေတယ်။ ဒီလို ကိုးကွယ်ယုံကြည်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပြန့်နှံလာနေတာကို မည်သည့် ယုံကြည်မှုကမှ တပါးသူရဲ့ ယုံကြည်မှု့ကို မဟန့်တားနိုင်တော့ပါဘူး။ တပါးသူရဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှု စတာတွေကို အတင်းအဓမ္မပိတ်ဆို့ဟန့်တားနေတာဟာ ရေကို ဓါးနဲ့ပိုင်ခြားနေသလိုဘဲ ရှုးသွပ်ရာရောက်သလို ပညာဥာဏ်နည်းရာလည်း ဖြစ်နေပါတယ်။ ဒီမှာတော့ နိုင်ငံရေးအတွက် ဒါတွေကို အသုံးချနေသလို၊ ဆင်ခြင်တုံတရား နည်းပါးတဲ့ လူတွေကလည်း စောစောက ပြောသလို မဖြစ်နိုင်တာတွေကို ဟန့်တားဖို့ကြိုးစားနေတာပါ။ အမှန်တော့ မိမိယဉ်ကျေးမှု၊ မိမိတို့ရဲ့ ကိုးကွယ်ယုံကြည်ရာဘာသာတရား၊ ရိုးရာအမွေအနှစ် စတာတွေကို မပျောက်ပျက်အောင် (သို့) တိုးတက်ပြန့်ပွား ချင်တယ်ဆိုရင် တပါးသူတွေရဲ့ ယင်းအရာတွေကို လိုက်ဖျက်ဆီးနေတာထက်၊ မိမိတို့ရဲ့ မျိုးဆက်သစ်တွေကိုသာလျှင် လောကီ နှင့် လောကုတ္တရာ ပညာရပ်တွေကို စနစ်တကျသင်ပေးရမှာဖြစ်ပါတယ်။

    မိဘတွေဟာ သားသမီးတွေကို မိမိဖြစ်စေချင်တာ တခုတည်းထက်၊ သားသမီးရဲ့ မွေးရာပါ ဗီဇတွေကို ဖော်ထုတ်ပြီး လေ့ကျင့် ပျိုးထောင်ပေးမယ်ဆိုလျှင် အမှန်တကယ်ကို အဖိုးထိုက်တန်ပြီး၊ လူ့အသိုင်းအ၀ိုင်း အတွက် အကျိုးဖြစ်ထွန်းစေမယ့် မျိုးဆက်သစ်တွေဖြစ်လာမှာပါ။ ဒီနေရာမှာ အရေးတကြီး ပြောစရာက အတန်းထဲမှာ အဆင့် ၁ ဖြစ်နေအောင်ဘဲ ကလေးကို တိုက်တွန်းနေမှာလား၊ ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ဘဲ အဆင့်မြင့်တယ်လို့ သတ်မှတ်ထားတော့မှာလား။

    ဒီနေရာမှာ သားသမီးတွေရဲ့ ပင်ကိုယ် ဗီဇနဲ့ ဥာဏ်ရည်အကြောင်းကို အနည်းအကျဉ်းဖော်ပြ ချင်ပါတယ်။ ဒါတွေကို ကြည့်ပြီး မိမိသားသမီးရဲ့ ပင်ကိုယ် ဗီဇဟာဘာလဲ၊ ဘယ်လိုပြုစု ပျိုးထောင်ပေးရင် ဘယ်နေရာမှာ ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာမလဲဆိုတာ မိဘတိုင်းနဲ့ လူတိုင်းသိသင့်ပါတယ်။ မိဘဆိုတာ သားသမီးကို မမွေးဖွားလာခင် ကိုယ်ဝန်ဆောင်ထားကတည်းက သားသမီးအတွက် အကောင်းဆုံးပြင်ဆင်ခဲ့ကြတာပါ။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ သားသမီးရဲ့ ဥာဏ်ရည်ထက်မြက်ဖို့အတွက် အနေအထိုင်တွေ၊ ဗီတာမင်ဆေးဝါးတွေ သုံးစွဲတာတွေ အပါအ၀င်ပေါ့။

    Intelligent Quotient (IQ) ဆိုတာ ကျောင်းစာတွေကို ခရားရေလွတ် ရွတ်ဆိုပြနေရုံ၊ အတန်းထဲမှာ ထိပ်ဆုံးဖြစ်နေရုံလောက်ကိုဘဲ ခေါ်ဆိုတာ မဟုတ်ပါဘူး။ တချို့ကလေးတွေဟာ များသောအားဖြင့် ပန်းချီဆွဲနေတာ၊ ဂီတတခုခုကို တိတ်တဆိတ် အာရုံရောက်နေတာ၊ တချို့တွေက တခုခုကို စူးစမ်းလေ့လာချင်နေတာ စတာတွေမှာ တချို့ကလေးတွေဟာ လမ်းညွှန်ပြသတတ်တဲ့ မိဘနဲ့ဆို တချိန်မှာ သူဝါသနာပါခဲ့တဲ့ နယ်ပယ်မှာ ထူးချွန်တဲ့ ပညာရှင်ကြီးတွေ ဖြစ်လာကြတာများပါတယ်။ ပညာရှင်တွေကတော့ IQ အမျိုးအစားကို ၇ မျိုး၊ ၈ မျိုး၊ ၉ မျိုး စသည်ဖြင့် တိုင်းတာတွက်ချက်ကြပါတယ်။ ၈ မျိုးကိုတော့ အများဆုံးအသုံးပြုကြပါတယ်လို့သိရတယ်။

    ၁ – စာပေအရေးအသားနှင့် ဘာသာစကားလုံးတွေကို သိမှတ်တဲ့ဥာဏ်၊
    ၂- အတွက်အချက်နဲ့ ယုတ္တိဗေဒနဲ့ဆိုင်တဲ့ ဉာဏ်၊
    ၃- အမြင်အာရုံနဲ့ဆိုင်တဲ့ ဉာဏ်တဲ့၊ ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေ၊ပန်းချီ၊ပန်းပုဆရာတွေမှာ တွေ့ရတတ်တဲ့ အိုင်ကျူမျိုးပေါ့။
    ၄- ကိုယ်ခန္ဓာနဲ့ လှုပ်ရှားမှုတွေဘက်မှာ ပိုသာတဲ့ဉာဏ်ရည်ပေါ့။ အကသမားတွေ၊ ရုပ်ရှင်မင်းသားတွေမှာ တွေ့ရများမယ်ထင်တယ်။
    ၅- ဂီတနဲ့ပတ်သက်တဲ့ အိုင်ကျူ၊
    ၆- လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဉာဏ်ရည်နဲ့
    ၇-  စူးစမ်းလေ့လာလိုတဲ့ဉာဏ်ပေါ့။
    ၈- သဘာဝတရားကြီးကို နားလည်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်လို့ ပြောကြတယ်လို့ ဖတ်မှတ်ဖူးတယ်။

    အဲဒီလို အိုင်ကျူ အမျိုးအစားရှစ်မျိုးထဲမှာ ကျောင်းသင်ခန်း စာတွေက ၁၊ ၂၊ ၆၊ ၇ စတာတွေကိုပိုပြီး အလေးထားကြပါတယ်။

    နိဂုံးချုပ်ရရင် မိဘတွေနဲ့ လူတိုင်းဟာ မျိုးရိုးစဉ်ဆက်၊ လူ့ဘောင်အဖွဲ့အစည်း၊ လူသားမျိုးနွယ် တို့အတွက် တာဝန်ရှိကြပါတယ်။ ဒါကြောင့် လူတိုင်းဟာ မိမိတက်နိုင် သလောက် လက်လှမ်းမှီရာနှင့် ကျောင်းနေအရွယ် ကလေးတွေကို ကူညီပံ့ပိုးကြရမယ်ဆိုတာ မဖြစ်မနေတာဝန် တခုပါ။ ဒါမှသာလျှင် ကျနော်တို့ရဲ့ မျိုးဆက်တွေကို တလွဲအသုံးချခံရခြင်းမှလည်းကောင်း၊ ကျနော်တို့ လွန်သောအခါမှာ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ကောင်းမွန်စွာ တိုးတက်ရှင်သန်နိုင်ဖို့ရာ လည်းကောင်း၊ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်ဟာ တိုးတက်ရှင်သန်နေခြင်းဆိုတဲ့ သဘောတရားကိုသော် လည်းကောင်း လုပ်ဆောင်နိုင်စွမ်းရှိကြမှာပါ။ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းစာသင်ခန်းအသီးသီးဆီကို အရောက်ပို့နိုင်ဖို့ ကြိုးစားကြပါစို့လို တိုက်တွန်းလိုက်ရပါတယ်။

    Aungzaw OO
    7/5/14

  • မြန်မာနိုင်ငံရေး အပြောင်းအလဲကို အကဲဖြတ်ခြင်း

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media
    ရေးသားသူ- ဦးဦး မှော်ဆရာ

    69
    ကာတွန်း Credit – လဂွန်းအိမ်

    မြန်မာပြည် ပြောင်းလဲနေပြီလားလို့မေးရင် ပြောင်းလဲနေပြီလို့ အတိအကျပြောလို့ရပါတယ်။ (ပြောင်းလဲနေပြီဆိုတဲ့ အဖြေတစ်ခွန်းထဲနဲ့တော့ ကျနော့်ကို အပြင်းအထန်ကန့်ကွက်မဲ့သူ များလိမ့်မယ် ထင်တယ်။ ကျနော် ရေးတာပြီးအောင်ဖတ်ပြီးမှ ကန့်ကွက်ပါ။)

    Democratization လို့ခေါ်တဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် ဒီမိုကရေစီလုံးဝမရှိတဲ့အခြေအနေကနေ ဒီမိုကရေစီစနစ်ဆီသို့ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို နိုင်ငံရေး သိပ္ပံမှာ ယေဘုယျအားဖြင့် အဆင့်(၃) ဆင့် ခွဲခြားပါတယ်။

    (၁) Liberalization : ယခင်အာဏာရှင်စနစ်ဟောင်းက တင်းကြပ်ဖိနှိပ်ထားမှုတွေကို တဖြေးဖြေးချင်း ဖြေလျော့ပေးတဲ့ အဆင့်ပါ။ ဥပမာ- မီဒီယာ တင်းကြပ်ထားမှုတွေ ဖြေလျော့တာမျိုး၊ နိုင်ငံရေးဆိုရင် ရှေ့ နောက် ကြည့်ပြောနေရတဲ့ အခြေအနေကနေ အော်ကြီးဟစ်ကျယ်ပြောလို့ရတဲ့ အခြေအနေတွေ ဖြစ်လာခြင်း။ သို့သော် ဒီဖြေလျော့မှုတွေဟာ ကဏ္ဍအားလုံး၊ နိုင်ငံသားအားလုံးအပေါ် အကျိုးသက် ရောက်မှုရှိလိမ့်မယ်လို့ မှတ်ယူလို့မရပါဘူး။

    (၂) Transition : ဖြေလျော့ခြင်းအဆင့်ကို လွန်မြောက်တဲ့အခါ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို စတင် မိတ်ဆက်ခွင့်ပေးပြီး ဘောင်ကိုလည်း တဖြေးဖြေး ခိုင်မာအောင် အခြေတည်စေပါတယ်။ ဒီ အဆင့်ကနေ ဒီမိုကရေစီ စနစ်ကို အခက်အခဲမရှိ တန်းတန်းမတ်မတ်ရောက်အောင် သွားနိုင်မယ်လို့ တော့ အသေအချာ မပြောနိုင်ပါဘူး။ ဒါဟာ ဘာမှန်းမသိတဲ့ သေချာရေရာမှုမရှိသေးတဲ့ အနေအထား တစ်ရပ်ဖြစ်နေဆဲ မို့လို့ပါ။ နည်းနည်းပါးပါး အကြပ်အတည်း ကြုံရပြီး ဒီမိုကရေစီပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်သွားတာလဲရှိသလို၊ တခါတလေကျတော့ လမ်းတ၀က် တောင် မရောက်သေးဘဲ နောက်ထပ်တဖန် အာဏာပြန်သိမ်းခံရပြီး ပိုဆိုးတဲ့အာဏာရှင်စနစ်ကို ရောက်သွားတာလဲ ရှိတယ်။ ဒါကြောင့် ဒီအဆင့်ကို နိုင်ငံရေးပညာရှင်တွေ ပိုမိုအာရုံစိုက်လေ့ ရှိပါတယ်။

    (၃) Substantive Democratization : ဒီအဆင့်မှာလည်း နှစ်ပိုင်း ထပ်ခွဲသေးတယ်။ Initial state နဲ့ Consolidation of Democracy ဆိုပြီးတော့..။ ဒီအဆင့်ရောက်ပြီဆိုရင်တော့ ရေရှည်တည်တန့်မည့် ဒီမိုကရေစီစနစ်တစ်ရပ် ခိုင်ခိုင်မာမာ ဖြစ်လာစေဖို့ ဒီမိုကရက်တစ်ဘောင်ကို ချဲ့ထွင်တည်ဆောက်ပါ ပြီ။ ဒီအဆင့်မှာ သေချာပြောနိုင်တာက နောက်ကြောင်း ပြန်ခြင်းဆိုတဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ မရှိသလောက်နည်းသွားပြီ။ ဘယ်လို ဒီမိုကရေစီပုံစံမျိုး ဖြစ်ထွန်းလာ သလဲဆိုတာ ဆန်းစစ်ဖို့ပဲလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကူးပြောင်းခြင်း ဖြစ်စဉ်တိုင်းဟာ ပေမှီဒေါက်မီဒီမိုကရေစီ စနစ် တစ်ရပ်အဖြစ် ရောက်ရှိ သွားလိမ့်မယ်လို့ ဘယ်သူကမှ အာမခံလို့မရလို့ပါပဲ။ ကျနော့်လေ့လာမှုအရ ပြောရရင် အသွင်ပြောင်းခြင်းဖြစ်စဉ်တွေတုန်းက အခြေခံခဲ့တဲ့ အိုင်ဒီယိုလော်ဂျီတွေအပေါ် အဓိက အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီစနစ်ဟာလည်း အဆင့်အတန်း ကွာခြားသွားနိုင်ပါတယ်။ ဥပမာ- ဆိုရှယ်လစ် အတွေးအခေါ်ကို အဓိက အခြေခံတဲ့ အပြောင်းအလဲရဲ့ရလဒ်က ဆိုရှယ်ဒီမိုကရေစီ ဖြစ်လာဖို့ရာခိုင်နှုန်း ပိုများပါတယ်။ ဒီအကြောင်းကို အကျယ်တ၀င့် မရှင်းတော့ဘဲ မြန်မာပြည်ဘက်ပြန်လှည့်ကြမယ်။

    ကျနော့်အမြင်အရ မြန်မာပြည် အပြောင်းအလဲက Liberalization အဆင့်ကို ကျော်လွန်ခဲ့ပြီလို့ ဆိုနိုင်တယ်။ အတိုင်းအတာ တစ်ရပ်ထိ လွတ်လပ်စွာ ပြောဆိုရေးသား ခွင့် ပြုလိုက်တယ်။ (ဒါ သန်းရွေအချိန်က မရှိခဲ့ဘူး) နောက်ပြီး democratic institutions တွေ ပေါ်လာပြီ။ လွှတ်တော် ပေါ်လာပြီ၊ လွှတ်တော် နဲ့ အစိုးရကို ခွဲထုတ်ပြီ။ ရွေးကောက်ပွဲတွေ ပေါ်လာပြီ။ ဒီ Institutions တွေက Transition ကိုဖေါ်ညွှန်းတယ်။ ယခင်က စစ်အစိုးရက အပြင်းအထန် ဆန့်ကျင်ခဲ့သယောင်ရှိတဲ့ တချို့ပုဂ္ဂိုလ်များဆိုရင် ဒီလို Liberalization ရဲ့အစွမ်း ကြောင့် `ငါတို့ သမ္မတကြီးကို မထိနဲ့´ ဆိုတဲ့ထိ ပြောင်းလဲသွားကြတယ်။ ဒါပေမဲ့ ဒီအသွင်ကူးပြောင်းခြင်း အဆင့် အောင်မြင်သလား ဆိုတာထက် ဘယ်လိုပြောင်းလဲနေသလဲဆိုတာကို ကျနော် ပိုစိတ်ဝင်စားတယ်။ ပညာရှင်တချို့က ဒါကို Contested Democracy ရော၊ Electoral Authoritarianism လို့လဲခေါ်ကြတယ်။ ရွေးကောက်ပွဲတွေ ပုံမှန် လုပ်ပေးနေပေမဲ့ အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီ elements တွေမပြည့်ဘူးလို့ ဆိုလိုတယ်။

    ဒီတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို သီအိုရီအရ စံနှုန်းတချို့နဲ့ ချိန်ထိုးကြည့်လို့ရတယ်။

    (၁) ပထမဆုံးတော့ ဆင်မြူရယ်ဟန်တင်တန်ရဲ့ အသွင်ကူးပြောင်းမှု ပုံစံသုံးမျိုးနဲ့ ချိန်ထိုးကြည့်မယ် ..

    (i) တစ်မျိုးက Replacement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရပြိုလဲသွားလို့ ဒါမှမဟုတ် အတိုက်အခံ အင်အားစုက အာဏာသိမ်းပိုက်လိုက်နိုင်လို့ အတိုက်အခံဘက်က အစိုးရတစ်ရပ်အနေနဲ့အစားထိုး ၀င်လာတာမျိုး။

    (ii) နောက်တမျိုးက Trans-placement လို့ခေါ်တဲ့ လက်ရှိအာဏာရှင်အစိုးရနဲ့ အတိုက်အခံနဲ့ပေါင်းပြီးတော့ အသွင်ကူးပြောင်း ယူတာမျိုး။

    (iii) နောက်ဆုံးတမျိုးက Transformation လို့ခေါ်တယ်။ လက်ရှိရှိနေတဲ့ အစိုးရကပဲ သူတို့ကိုယ်ကို မထိခိုက်စေ ရအောင် အကာကွယ်ယူပြီး သူတို့ရဲ့ အာဏာကို တဆင့်ခြင်းဆီလျော့ချသွားပြီး အသွင်ပြောင်းပေး သွားတာမျိုး။

    လက်ရှိ မြန်မာပြည်က နံပါတ်(iii) transformation ပုံစံနဲ့ ပြောင်းနေတာ..။ ဒီလို transformation ပုံစံ အပြောင်းအလဲက မသေချာမှုတွေ အရမ်းများတယ်။ အပြောင်းအလဲဖြစ်စဉ်ကို အာဏာရှင်တွေ ကိုယ်တိုင်က ထိန်းချုပ်ထားတာဖြစ်လို့ stability ရှိကောင်း ရှိနိုင်ပေမဲ့ Democratic elements တွေ မပြည့်ဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေက သူတို့ကိုယ်ကျိုးစီးပွားတွေကို ဘယ်လောက်ထိ လျော့ပေးမှာလဲဆိုတာ ထည့်တွေးနေတာကိုး..။ State within the State ပုံစံနဲ့ နှစ်ပေါင်းရှည်ကြာ ရှိနေခဲ့တဲ့ စစ်တပ်ကြီးလို အဖွဲ့အစည်းကြီးတစ်ခုကို ချက်ချင်းကြီး ပုံစံပြောင်းဖို့ အင်မတန် ခက်ခဲပါတယ်။ နောက်ပြီး ဒီပုံစံအပြောင်းအလဲက ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်လိမ့်မယ်လို့လည်း တထစ်ချ ပြောလို့မရဘူး။ – ဒီလိုပဲ ပုံစံ(i)Replacement ကရော သေချာသလားဆိုရင်.. အဲဒါလည်း မသေချာဘူး။ stability မရှိဘူး။
    ( မြန်မာပြည်ရဲ့ Transformation ဖြစ်စဉ်နဲ့ပက်သက်ပြီး သီးခြား ဆောင်းပါးတစ်ပုဒ်ရေးပြီး အကျယ်ရှင်းပါဦးမယ်။)

    (၂) နောက်ထပ် Democratic Civilian-Military Relations (ဒီမိုကရက်တစ် အရပ်ဘက် -စစ်ဘက် ဆက်ဆံရေး) ကို ကြည့်ရမယ်။ စစ်ဘက်ကို အရပ်သားက ထိန်းချုပ်လို့ရတဲ့ ဆက်ဆံရေးမျိုးကိုခေါ်တာ။ လွှတ်တော်က စစ်တပ်ကို ထိန်းချုပ် ကွပ်ကွဲနိုင်ပြီလားဆိုတာ ကြည့်ရမယ်။ တစ်နှစ်စာ စစ်တပ်အသုံး စရိတ်ကို လွှတ်တော်က ဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုးတွေ လုပ်လို့ရပြီလား။ ဒါတွေ ကြည့် ရမယ်။ ဒါဆို ဒီအချက်ကလည်း မြန်မာပြည် အပြောင်းအလဲကို တိုင်းတာတဲ့ `စံ´တစ်ချက် ဖြစ်ပြန်တယ်။  (ဒီအချက်မှာလည်း သိန်းစိန်အစိုးရ မအောင်မြင်ဘူး။)

    (၃) နောက်တစ်ချက်က အရင်စစ်အစိုးရပုံစံမှာ ရှိခဲ့တဲ့ Regional Command System(တိုင်းစစ်ဌာနချုပ်) တွေ ဆက်ရှိနေ သေးသလားဆိုတာ ကြည့်ရမယ်။ Regional Command System က လိုအပ်လား၊ မလိုအပ်ဘူးလား .. အဲဒါတွေက လက်ရှိ ရှိနေတဲ့ Civilian Administrated Centers တွေနဲ့ အားပြိုင်မှု ဘယ်လိုရှိသလဲ .. အဲဒါတွေနဲ့ အားပြိုင်မှု ရှိနေတယ်ဆိုရင် တိုင်းစစ်ဌာနချုပ်တွေ ဘာလို့ဆက်ထား တာလဲ .. အဲဒါလည်း အပြောင်းအလဲကို ချိန်ထိုးကြည့်မယ့် indicator တစ်ခုပဲ။ (ကျနော်သိသလောက်ခုချိန်ထိ အဲဒီလို တိုင်းစစ်ဌာနချုပ်တွေကို မဖြုတ်သေးဘူး။)

    (၄) နောက်တချက်က စစ်တပ်အနေနဲ့ သူ့ရဲ့ ဘက်ဂျက်ကို ဘယ်ကရတာလဲ .. အရပ်သားထိန်းချုပ်တယ် ဆိုရင် အရပ်သားပေးမှ ရ ရမယ်။ ခုတော့ အရပ်သားမပေးဘဲ သူ့ဆီမှာ သီးသန့်စီးပွားရေး ၀င်ပေါက် ထွက်ပေါက်တွေ ရှိနေတယ်။ အဲဒါတွေက Civilian control over Military ကို တိုင်းတာတဲ့အချက်ပဲ .. (ခုထိ ဒီအချက်လည်း မအောင်မြင် သေးဘူး။)

    (၅) နောက်တချက်က စစ်တပ်ရဲ့ ပညာရေးပိုင်း .. အရင်တုန်းက စစ်တက္ကသိုလ်ဆင်းရင်လည်း ရန်ကုန် တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင်မှာပဲ ဘွဲ့ပေးရတယ်။ စစ်တက္ကသိုလ်တွေမှာ စစ်ပညာသင်ကြားပေးပေမဲ့ အရပ်ဘက်ပညာတွေ ကိုတော့ ရန်ကုန်တက္ကသိုလ်က သင်ကြားပေးပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ကြီးကြပ်မှု အောက်မှာ ရှိတယ်။ ခုကျတော့ ဒီနှစ်ခုကို သီးခြားစီ ခွဲထုတ်ပစ်လိုက်တယ်။ Education of Liberal Art က Professional Army ဖြစ်ဖို့အတွက် ဘာတွေလိုလဲဆိုတာတွေကို ကြည့်တာဖြစ်တယ်။ (ဒါလည်းမဖြစ်နိုင်သေးဘူး။)

    (၆) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ(Sovereignty)ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုပြီး ကဏ္ဍသုံးရပ်ခွဲထားတယ်လို့ ဆိုတယ်။ လက်ရှိ မြန်မာစစ်တပ်ကို ပြန်ကြည့်ရင် စစ်ခေါင်းဆောင်တွေကပဲ အုပ်ချုပ်တယ်။ သမ္မတလည်း အုပ်ချုပ်လို့မရဘူး။ ကချင်မှာ စစ်ဖြစ်နေတဲ့ကိစ္စ ရပ်တန့်အောင် သမ္မတက အမိန့်ပေးလို့မရတာတွေ့ရတယ်။ လွှတ်တော်က ဥပဒေတစ်ရပ်ထုတ်ပြန်လိုက်ရင် ဒီဥပဒေက စစ်တပ် ပေါ်မှာ မသက်ရောက်ဘူး။ လွှတ်တော်က တစ်နိုင်ငံလုံးအတွက် ဘက်ဂျက်ကိုဆွဲတဲ့အခါ စစ်တပ်ဘက်ဂျက်မပါဘူး။ နောက်ပြီး စစ်တပ်ကိုယ်တိုင်မှာ ဘယ်သူကမှ စစ်ဆေးမေးမြန်းခွင့်မရှိတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိနေတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က(ထင်တယ်) ပဲခူးမြို့မှာ စစ်သားတွေက ရပ်ကွက်ထဲဝင်ပြီး သေနတ်နဲ့ပစ်သတ်လို့ လူ ၂ ဦး သေခဲ့တယ်။ အဲဒီအမှုကို စစ်ခုံရုံးမှာပဲ စစ်ဆေးပြီး စီရင်ခဲ့တယ်လို့သိရတယ်။ ဒါ စစ်ပွဲတွင်းဖြစ်တဲ့ ကိစ္စ၊ တပ်တွင်းဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် အရပ်ဘက် တရားရုံးကစီရင်ရမှာ .. ခု ဒီလိုမရဘူး။ သူ့တရားသူစီရင်တယ်။ ဒီတော့ အချုပ်အခြာအာဏာ ရှုထောင့်က ကြည့်ရင် စစ်တပ်ဆိုတာ နိုင်ငံတော်အတွင်းမှာရှိတဲ့ သီးခြားနိုင်ငံတော်သဖွယ်ဖြစ်နေတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို ပညာရှင်အများစုက State within the State လို့ ဆိုကြတယ်။

    သုံးသပ်ခဲ့သမျှ အချက်အလက်တွေကို အခြေခံပြီး အဖြေတစ်ခုထုတ်ကြည့်မယ်ဆိုရင် သန်းရွှေခေတ်နဲ့ ဘာမှ ထူးပြီးမပြောင်းလဲသေးတာ တွေ့ရမယ်။ ဒါဆို ကျနော် အပေါ်ဆုံးမှာ `မြန်မာပြည်ပြောင်းလဲနေပြီ´ လို့ ပြောခဲ့တာက လွဲနေပြီလို့ဆိုရတော့မယ်။ မလွဲပါဘူးခင်ဗျာ။ တကယ်ပြောင်းလဲနေပါပြီ။ လက်ရှိ သိန်းစိန်တို့ လုပ်ဆောင်နေတဲ့ အပြောင်းအလဲက ဘယ်ကိုဦးတည်နေလဲဆိုတာကို နောက်ထပ်ရေးမယ့် အပိုင်းမှာ ဆက်ရှင်းပါမယ် ..။

    Xavier Sorcerer
    (25 – 4 – 2014)

  • နှစ်ဆတိုး၍ မကျိုးလိုလျှင် ….. (သူ့အမြင်)

    နှစ်ဆတိုး၍ မကျိုးလိုလျှင် ….. (သူ့အမြင်)

    ဧပြီ ၂၈၊ ၂၀၁၄
    M-Media
    “ဥတ္တရဆူး ” ရေးသားတင်ပြသည်။

    r775929_6639783

    ဂုဏ်သိက္ခာရှိစွာနဲ့တောင်းပန်ခြင်းက မေတ္တာနဲ့ကရုဏာကို အစားပြန်ရစေပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဖက်ဆစ်ဂျပန်တွေရဲ့ လက်သံပြောင်မှုကို ကောင်းကောင်းကြားဖူးကြမှာပါ။

    အဲ့ဒီခေတ်ကိုမှီခဲ့တဲ့ ဘိုးသက်ရှည် ဘွားသက်ရှည်များရဲ့ ပြန်လည်လက်ဆင့်ကမ်းမှုကိုလည်း ဖတ်ဖူးကြမှာပါ။

    နောက်တစ်ဖက်မှာ ဂျာမဏီက နာဇီဟစ်တလာကိုလည်း တစ်ကမ္ဘာလုံးက မုန်းတီးခဲ့ကြတယ်။ ဖက်ဆစ်တွေနဲ့ နာဇီတွေအပေါ် ကမ္ဘာ့လူသားတွေထားရှိတဲ့ အမုန်းတရားက မကွာခြားလှပါဘူး။ သို့သော် မဟာမိတ်တပ်များက ဟီရိုရှီးမားကို အနုမြူဗုံးကြဲချလိုက်တာနဲ့ ဖက်ဆစ်တွေရဲ့ လည်ဂုတ်ကို တိကနဲဖြတ်တောက်လိုက်သလိုဖြစ်ပြီး တစ်ခါတည်း ပွဲသိမ်းသွားခဲ့တယ်။ နောက်ထပ် ၂ လုံး ၃ လုံးသာ ထပ်ကြဲချလိုက်လို့ကတော့ ကမ္ဘာမှာ ဂျပန်လူမျိုးဆိုတာကို မနည်းရှာယူရတော့မယ့်အထိ မျိုးပြုတ်သွားနိုင်တယ်။ ကြောက်စရာအဖြစ်ဆိုးကိုတွေ့ရတော့ တစ်ကမ္ဘာလုံး မှင်သက်ကုန်တယ်။ ဒါပေမယ့် မုန်းတီးခြင်းကတော့ ရှိနေဆဲ။

    ဂျပန်နည်းတူ ဂျာမဏီလည်း ပြားပြားဝပ်သွားလို့ ဒုတိယကမ္ဘာစစ်မီး ငြိမ်းသွားခဲ့တယ်။

    ဒီနှစ်နိုင်ငံမှာ ဂျပန်က ပိုပြီး အမှတ်ရသွားတယ်။ ပိုတော်တယ်လို့ ပြောရမယ်။ ဒီဖြစ်ရပ်ဆိုးအပြီး စစ်ရှုံးခြင်းနဲ့အတူ မရှေးမနှောင်းမှာပဲ ဂျပန်က ကမ္ဘာကို သိက္ခာရှိရှိ တောင်းပန်ဝန်ချမှု ပြုလုပ်ခဲ့တယ်။ တန်ပြန်အကျိုးကျေးဇူးအဖြစ် ကမ္ဘာ့မေတ္တာနဲ့ ကရုဏာကို ရရှိခံစားသွားခဲ့တယ်။ ကမ္ဘာ့လူသားတွေရဲ့ စာနာဖေးမမှုကို ဂျပန်က ခပ်ယူသွားနိုင်ခဲ့တယ်။ ပြာပုံဘ၀ရောက်ပြီး ဦးကျိုးသွားတဲ့ ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာကို ခါးစောင်းတင်လို့ ပြန်လည်ဝင်ဆန့်သွားနိုင်ခဲ့တာ ဒီနေ့ထက်ထိပါပဲ။ (နောက်ပိုင်းတော့ ဂျာမဏီလည်း ၀န်ချတောင်းပန်ခဲ့ပါတယ်)။

    ဖက်ဆစ်ဂျပန်နဲ့ နာဇီဂျာမန်တွေဟာ လူမျိုးကြီးဝါဒ ထိပ်တန်းတင်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းမှာ ထပ်တူထပ်မျှဖြစ်တယ်။ သို့သော် ဂျပန်က အမြန်ဆန်ဆုံး မာန်ချနိုင်ခဲ့တဲ့အတွက် – မကောင်းသောစံနစ်ကို ချက်ခြင်းစွန့်နိုင်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်သွားတာ အထင်အရှားပါပဲ။

    ဒုတိယကမ္ဘာစစ်ကာလ အတွင်း စံနစ်တစ်ခုချင်းစီနဲ့ ကမ္ဘာ့တစ်ခြမ်းစီကို ထိုးဖောက်စိုးမိုးလုမတတ်အခြေအနေ ရောက်ခဲ့တဲ့ မဟာအင်အားကြီးနိုင်ငံတွေပင်လျှင် အချိန်တန်လို့ ကျရှုံးတဲ့အခါ ဦးကျိုးမာန်ချ တောင်းပန်ခယမှု ပြုခဲ့ကြရတယ်။

    လက်ရှိကျွန်တော်တို့နိုင်ငံမှာ ဖက်ဆစ်တစ်ပိုင်း နာဇီတစ်ပိုင်း ပေါင်းစပ်စံနစ်တစ်ခု လွှမ်းမိုးလာနေတယ်။ ဒါ့အပြင် တစ်ချိန်က အထက်ဖော်ပြပါနိုင်ငံတွေရဲ့ ကမ္ဘာ့ကိုင်လှုပ်မှုနဲ့ နှိုင်းစာရင် ခြေဖျားတောင်မှီမယ် မထင်ပါဘူး။ နိုင်ငံပြင်ပမှာ အမြီးပင်လျှင် ဖြောင့်တန်းအောင် မထောင်နိုင်သေးပါဘူး။ လက်တစ်ဆုပ်စာအင်အားလေးနဲ့ ကမ္ဘာ့အသံကိုအံတုလို့ မာန်ဖီကောင်းနေတုန်း။ တကယ်လို့များ ကျရှုံးခန်းရောက်ခဲ့ရင်တော့ ၀ မရှိဘဲ ၀ိ လုပ်ခဲ့တဲ့အတွက် မိမိရှေ့က နမူနာတွေထက်ပိုပြီး နှစ်ဆတိုး တောင်းပန်ရပါတော့မယ်။ ပြည်သူပြည်သားတွေလည်း နှစ်ဆတိုးလို့ မျက်နှာငယ်ရမယ်။ တိုင်းပြည့်ဒေါက်တိုင်တွေလည်း နှစ်ဆတိုးပြီး ကျိုးသွားနိုင်ပါတယ်။ နှစ်ဆတိုး မောက်မာထားသူများကလည်း နှစ်ဆတိုးလို့ ခံစားကြရမှာ အမှန်ပါ။ ဒါကြောင့်မို့ နှစ်ဆတိုးလို့ မတောင်းပန်လိုရင် မကောင်းတဲ့စံနစ်လမ်းကြောင်းကို ကြိုကြိုတင်တင် နှစ်ဆတိုးပြီး ချေဖျက်ဖို့ အချိန်တန်အခါသင့်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။