News @ M-Media

Tag: opinion

  • ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေသူများ (သူ့အတွေး သူ့အမြင် )

    ဇူလိုင်-၂၄၊ ၂၀၁၃
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    miktelar1
    ဓါတ်ပုံအညွှန်း- ၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိထ္ထိလာမြို့ရှိ မွတ်စလင်မ်များပိုင် ဆိုင်နှင့် အိမ်များ ဖျက်ဆီးနေသည့် မြင်ကွင်း

    တောင်ကြီး ထင်ရှုးမြိုင် ကျောင်းတိုက် က အရှင်က၀ိစာရ ကို ကျောင်းလု မှုနဲ့ မနှစ်က တရားစွဲထားတာ မနေ့ကတော့ သာသနာတော် ညှိုးနွမ်းစေမှု နဲ့ ဆိုပြီး အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ် ကို တောင်ကြီး တရားရုံးက ချမှတ်လိုက်တယ်တဲ့။

    ဒီမှာ စဉ်းစားစရာ ရှိတာက ဘုန်းကြီးတစ်ပါး ဟာ သူ ၁၀ နှစ်ကျော် ကျောင်းထိုင်လာခဲ့တဲ့ ကျောင်းကို ဆေး တက္ကသိုလ် ဆောက်ရန် ဆိုပြီး အစိုးရ သိမ်းထားတဲ့ မြေ ပေါ်မှာ မဖယ်ရှားရရေး ကြိုးပမ်း တာဟာ သာသနာတော် ညှိုးနွမ်းစေမှု မြောက်သလား ဆိုတာပါ။

    ကဲထားပါတော့ … ဒါက ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်း စေတယ် ဆိုရင် ဒီ့ထက် အပုံကြီး ပိုပြီး သာသနာတော် ကို ညှိုးနွမ်းစေတဲ့ ဘုန်းကြီး တွေများကျတော့ ရောဗျာ။

    တစ်ချို့ဘုန်းကြီးတွေရဲ့ ဗုဒ္ဓသာသနာ နဲ့ မပတ်သက်တဲ့ အလဇ္ဇီတရား တွေ ဟောကြားမှုကြောင့် လူပေါင်း သိန်းကျော် အိုးအိမ်တွေ မီးရှို့ခံရ၊ ဥကွဲသိုက်ပျက်တွေ ဖြစ်ရ၊ အသက်ပေါင်းများစွာတွေ ဗုဒ္ဒသာသနာအကြမ်းဖက်မှု ဆိုတဲ့ တံဆိပ်ကပ်ခံရမှု တွေ နောက်မှာ ပိုးစိုးပက်စက် စတေးခံခဲ့ရ။

    တစ်ချို့ ဗီဒီယို အထောက်အထားတွေ မှာဆို သင်္ကန်းပတ် ထားတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ကို ဓါးတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး ကာယကံမြောက် ခုတ်ထစ်သတ်ဖြတ်ကြ၊ လူစင်စစ် တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ကြနဲ့ လူကြားလို့လည်း မကောင်းဘူး၊ လူမြင်လို့လည်း မကောင်းဘူး။

    လူမမယ် ကလေးငယ်လေး တွေကိုတောင် စာနာညှာတာ ရကောင်းမှန်းမသိ၊ အဘိဇ္ဇာမောဟ စီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တော်မူကြတဲ့ ဘုန်းကြီးတွေ၊ ဒါတွေအားလုံး က ၀ှက်ထားလို့လည်း ရတာမဟုတ်ဘူး။ ကမ္ဘာကသိကြပြီ။ ဟိုးလေးတကြော် ကို မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးယုတ်တွေရဲ့ အကြောင်းကို ခါးစောင်းတင် ဖော်ပြနေလိုက်ကြတာမှ လိုက်ဖတ်လို့မနိုင်။

    ဒီကြားထဲ ကိုယ်တိုင် ကာယကံမြောက် မသတ်ဖြစ်ဘူး ဆိုရင်တောင် ၀ဇီကံမြောက် တရားဟောပြီး၊ ဗီစီဒီ တွေ စာအုပ်ကြီးငယ် တွေဖြန့်ပြီး ဒါမျိုးဖြစ်အောင် ၊ ဒါမျိုးသတ်ဖြတ်အောင် ဇောင်းပေး လှုံ့ဆော်ပေးနေတာတွေ မမြင်ချင့် အဆုံး။

    ဟိုတလောက ဆိုရင် ဘုန်းကြီးဆိုတဲ့ ပလ္လင်ပေါ် က လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုပြီး တခြားဘာသာဝင် တွေ အလေးအမြတ် ထားတဲ့ ကိစ္စတွေကို ယုတ်ယုတ်ရိုင်းရိုင်း၊ ရင့်ရင့်သီးသီး ပျက်လုံးထုတ်တဲ့ ၊ သီလ၊သမာဓိ၊ ပညာ၊ စာဂ ဘာမှမရှိတဲ့၊ ရုပ်ရည်တွေ ကြည့်လိုက်ပြန်ရင်လည်း ကြက်သရေမဲ့လှတဲ့ ဘုန်းကြီးတွေ ဆိုလည်း မတွေ့ချင် အဆုံး။

    သူတို့ သူတို့ တွေရဲ့ ကာယကံ၊ ၀ဇီကံ၊ မနောကံ လုပ်ရပ်မှားတွေ ကြောင့် မြန်မာဗုဒ္ဓဘာသာလည်း ကမ္ဘာ့ အလယ် မှာ အဖတ်ဆည် မရအောင် နာမည်ပျက်ရ၊ နောက်ဆုံး အတုံ့အလှည့်အဖြစ် ဘယ်တုန်းကမှ ဘာယင်ကောင်မှ တောင် မ၀ဲ ခဲ့ဘူးတဲ့ ဗုဒ္ဓဂယာ က ဗုဒ္ဓသမိုင်းဝင် အဆောက်အအုံ တွေလည်း ဥပါဒ်ပြုခံရ။

    အကြောင်းကြောင့် အကျိုးဖြစ်ရတာတဲ့၊ ဒါက ဗုဒ္ဓအဘိဓမ္မာလေ နော်။ ကဲ ..ဒီလိုဒီပုံအကျိုးတွေ ဖြစ်လာရတာ ဒီဘုန်းကြီးတွေရဲ့ အကြောင်းပြုမှုကြောင့်ပဲ မဟုတ်ပေဘူးလား။ ဒါဆို ဘာလဲ ဒီဘုန်းကြီးတွေ က ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ဘူးလား။ ဒါမှ မဟုတ် ဗုဒ္ဓသာသနာတော် ကို ဂုဏ်ရောင် ပြောင်အောင် သိဒ္ဓိတင်ပေးနေကြသူတွေ လား။

    ကဲဘယ်ဘုန်းကြီးတွေကို ပြောနေတာလဲ မေးစရာတော့ မလိုပါဘူးနော်။ သူတို့ဟာ ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ကြဘူးလား။ သူတို့ကိုကျ ဘာ့ကြောင့် လူဝတ်လဲ ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ မချ နိုင်တာလဲ။ ဒီလိုမှ မဟုတ်ရင် ဒီဘုန်းကြီးတွေကပဲ ဗုဒ္ဓသာသနာ ကို ဖျက်ဆီးမယ့် သူတွေပဲ ဆိုတာ ပြောပါရစေ။

    (ရောဘတ်အယ်လ်ဟို့စ်)

  • မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    မြန်မာ မွတ်စလင်မ်များ ကိုယ်ညံ့ကိုယ်ခံလို့ ပဲ ပြောရလေမယ်

    ဇူလိုင် ၁၃၊ ၂၀၁၃
    ဆောင်းပါးရှင်- ဇက္ကရီယာ

    opinion

    မြန်မာပြည် ပွင့်လင်းလာပြီဆိုတဲ့ အချိန်ရောက်တော့မှ မွတ်စလင်မ်တွေ ပက်ပက်စက်စက်ခံ လိုက်ရတယ်။ အရင်က ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိပေမယ့်၂၀၁၂ မတိုင်ခင်ကစခဲ့တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေးဟာ ကျနော်တို့ ဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက် အဆိုးဆုံးဖြစ် တယ်။ ဗမာတွေ ဗုဒ္ဓဘာသာတွေကိုချည်း အပြစ်တင်နေရင်တော့ မှားပြီးရင်း ထပ်မှားရင်းဖြစ် အုံးမယ်။ ခုချိန်မှာ ဘယ်သူမပြု မိမိမှုတို့ မပြောချင်ပေမယ့် ကိုယ်ညံ့ကိုယ်ခံလို့ တော့ ပြောရလိမ့် မယ်။

    ဟုတ်ပါတယ်။ ခုခံနေရတာ မြန်မာမွတ်စလင်မ်တွေ ကိုယ်တိုင်က ညံ့လို့ ပါ။ ပြဿနာရှိနေမှန်း သိရဲ့၊ ခံရတော့မယ့် အရိပ်တွေ ရှိနေပါလျက် ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားလို့ ပါ။ အဓိက အကြောင်းအရာကို မပြောခင် ဘာမှ ပြင်ဆင်မထားလို့ ဆိုပြီး ထောက်ပြတာကို မကျေနပ်တဲ့ မြန်မာမွတ်စလင်မ်တွေ ရှိတယ်ဆိုရင် မေးချင်ပါတယ်။ ဘာတွေပြင်ဆင်ထားသလဲလို့ ။ မွတ်စလင်မ် တွေအတွက် ရှေ့ တန်းက ရပ်တည်ပေးမယ့် ပြတ်ပြတ်သားသား သတ္ထိရှိရှိ ရပ်တည်ပေးမယ့် ခေါင်း ဆောင်ကောင်းတွေ၊ နိုင်ငံရေး တိုက်စစ်မှုးတွေ၊ နိုင်ငံရေးဗျူဟာမှူးတွေရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ် အခွင့်အရေးကို သမိုင်းနဲ့ ချီကိုင်ပြီး တိုက်မယ့် ပညာရှင်တွေရှိရင် ပြကြည့်ပါ။ ပါလေရာ ပညာရှင် ၂ ယောက် ၃ ယောက်အပြင် ရှိသေးရင် ပြကြည့်ပါ။ သုတေသီတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ အစိုးရဌာနတွေကို လာဘ်ထိုးပြီး ပါးယက် နားယက် မဟုတ်ဘဲ နိုင်ငံရေးအရ ဥပဒေရေးရာအရ ပြောနိုင်ဆိုနိုင် ထိုးဖောက်နိုင် စိန်ခေါ်နိုင်တဲ့ လူတွေရှိရင် ပြကြည့်ပါ။ မဟုတ်က ဟုတ်ကလည်းရေး၊ မွတ်စလင်မ်တွေ နာမည်ဆိုး မရရအောင် ရတဲ့နည်းတဲ့ လုပ်ကြံတဲ့ သတင်းဌာနတွေကို ချေပရုံတင်မက တွန်းလှန်နိုင်တဲ့၊ ပြည်သူတွေဆီကို သတင်းမှားကို မှား နေတဲ့အကြောင်း ဖြတ်ခနဲ  ဖြတ်ခနဲ ဆော်ပလော်တီးနိုင်တဲ့ မြန်မာမွတ်စလင်မ် မီဒီယာရှိရင်၊ သတင်းစာရှိရင်၊ ဂျာနယ်ရှိရင်၊ FM ရေဒီယိုရှိရင်၊ အင်တာနက် တီဗွီ ဗီဒီယို များရှိရင် ပြကြည့်ပါ။ မဟုတ်တာကို မဟုတ်တဲ့အကြောင်း၊ မတရားတာကို မတရားတဲ့အကြောင်း ရဲရဲဝံ့ပြောတဲ့ နိုင်ငံရေးသမား ရှိရင်ပြကြည့်ပါ။ ရဲရဲဝံ့ဝံ့ နိုင်ငံရေးသမား မပြောနဲ့  နိုင်ငံရေးသမားဆိုတာရှိရင် ပြကြည့်ပါ။ မြန်မာ မွတ်စလင်မ်ကိုတော့ တကျွန်း အပါအ၀င် ထောင်ဒဏ်နှစ်ရှည်ချ၊ တခြားလူတွေ တော့ ၂ နှစ်ချတဲ့ မတရားမှုကို မတရားပါဘူးဆိုပြီး ရဲရဲထပြောတဲ့ ရှေ့ နေတွေ မွတ်စလင်မ် ရှေ့နေအဖွဲ့  တွေရှိရင် ပြကြည့်ပါ။ အနုပညာရှင်တွေက ရုပ်ရှင်မှာ တမျိုး၊ သီချင်းမှာတမျိုး၊ ကာတွန်းမှာတမျိုး၊ ၀တ္ထုမှာတမျိုး မွတ်စလင်မ်ကို ပြောင်ချင်တိုင်းပြောင် လှောင်ချင်တိုင်း လှောင်တာကို ပြန်တုန့် ပြန်တဲ့ မြန်မာ မွတ်စလင်မ် အနုပညာနဲ့  အနုပညာရှင်ဆိုတာရှိရင်ပြပါ။

    ဘာရှိလဲ။ ဘာမရှိဘူး။ ခေါင်းဆောင်မရှိဘူး၊ အဖွဲ့ မရှိဘူး။ ဗျူဟာမရှိဘူး။

    အဖွဲ့ ကြီးဆိုတာတွေတော့ရှိတယ်။ လူတိုင်းအသိမလို့ ထည့်မပြောတော့ဘူး။

    ကိုယ့်ဖက်က ဘာမှ ပြင်ဆင်မထားဘူးဆိုတာ ဒါကိုပြောတာ။ ခေါင်းဆောင်လုပ်ချင်တဲ့လူရယ်၊ နည်းနည်းဆို ဖသွဝါထုတ်ချင်တဲ့ခေါင်းဆောင်ရယ်၊ အလုပ်လုပ်ဖို့ ထက် နေရာလုပြီး ကွဲပြဲကြတဲ့ဇာတ် လမ်းရယ်။ ဒါတွေက မြန်မာမွတ် စလင်မ်တွေရဲ့  မော်ဒန်သမိုင်းပဲ မဟုတ်ဘူးလား။

    အဓိက အကြောင်းအရာကို ဆက်ရရင် ၇၈၆ ဆိုတာ ၂၁ ရာစုမှာ မြန်မာကို အပြီးသတ် လွှမ်း မိုးဖို့ ကြံထားတဲ့ အကြံအစည်ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်တွေက မနေ့ တနေ့ ကမှ ထွက်လာ တာမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ကြားဖူးနေတယ်။ အမျိုးပျောက်မှာစိုးကြောက်စရာဆို တာလာလည်း ပြန့်နေတာကြာပြီ။ ကုလားတွေ မိန်းမ ၄ ယောက်ယူတယ်ဆိုပြီး လိုရာဆွဲပြော တာတွေ၊ ဒါတွေက ဆယ်စုနှစ်တွေနဲ့ ချီကြာပြီးရှိနေတာ။ ဒါပေမယ့် မြန်မာ မွတ်စလင်မ်တွေ ဖက်က ဘာမှ မတုန့် ပြန်ခဲ့သလို  ဘာမှလဲပြင်ဆင်ထားတာမရှိဘူး။ မွတ်စလင်မ် ဆန့် ကျင်ရေး ဟိုးလေးတကျော် ဖြစ်လာတော့မှ အလူးအလဲ ကောက်ရေးကြတာ။ ဒါတောင် ရေးတဲ့လူ (ရေးနိုင်တဲ့လူ)၊ လူရှေ့ ထွက်ပြောနိုင် (ပြောရဲ) တဲ့လူက ၅ ယောက်ထက်မပိုဘူး။ မွတ်စလင်မ် ၁၀ ရာခိုင်နှုန်းလို့ တော့ပြောတယ်၊ မွတ်စလင်မ်တွေအတွက် နိုင်ငံရေးအရ ရှေ့ တန်းက ရေးနိုင် ရေးရဲ ပြောနိုင် ပြောရဲတဲ့လူ ၅ ယောက်မပိုတာ ဘာကြောင့်လဲ။ (အာချောင်တဲ့ လူတွေကို ထည့်မတွက်ပါ)။

    နှစ်ပေါင်းများစွာရှိလာတဲ့ သံသယနဲ့  စွပ်စွဲမှုကို ဘာမှ တုန့် မပြန်ခဲ့ဘူး။ အတွန့် တက်ချင် တက်ပါလိမ့်မယ်၊ စစ်အစိုးရခေတ်မှာ ဘာများလုပ်လို့ ရလဲဆိုပြီး။ ဒါဆို တခြား အဖွဲ့ အစည်း တွေက ဘယ်က ဘယ်လို ပေါ်လာတာလဲ။ တိုင်းရင်းသားတွေက တောထဲမှာ စစ်တပ်ထောင် ထားသလို မြို့ ထဲမှာလဲ ခရစ်ယာန်ကျောင်းတွေမှာ ရုံးခန်းတွေဖွင့်ထားတယ်။ လူမှုရေး၊ ဖွံ့ ဖြိုး ရေးနဲ့ တွဲပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေးလုပ်တယ်။ လူငယ်အဖွဲ့ တွေဖွဲ့ တယ်။ ကျောင်း တွေထောင်တယ်။ ခုဆိုရင် ရန်ကုန်မှာ ကောလိပ်တောင်ရှိနေပြီ မဟုတ်ဘူးလား။ လူကြီးအဖွဲ့ တွေက သူတို့ ကို ကျောထောက်နောက်ခံပေးဖို့  လူငယ်အဖွဲ့ တွေ နယ်လှည့်ဖွဲ့ ၊ ငွေထုတ် ပေး၊ ဒါမှမဟုတ် နိုင်ငံခြားငွေရှာပေးတယ်။ ဘာသာရေး ခေါင်းစဉ်အောက်ကနေ ရရင် ရသလို နိုင်ငံသား အခွင့်အရေး တိုင်းရင်းသား အခွင့်အရေးတောင်းဖို့ ကြိုးစားတယ်၊ လူထုအခြေပြု အဖွဲ့ အစည်း၊ အမျိုးသမီး အဖွဲ့ အစည်းတွေဖွဲ့ တယ်၊ ခေါင်းဆောင်ငယ်တွေပေါ်လာအောင် ကြိုးစားတယ်။ မြန်မာမွတ်စလင်မ်တွေက အဲ့ဒီအဖွဲ့ တွေလို ကြိုးစားရမှန်း၊ အားကျရမှန်း၊ အတုယူ သင့်မှန်း သိပုံမရ။

    မြန်မာမွတ်စလင်မ်တွေ အတွက် နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့ ဆိုတာ ရှိရင်ပြပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် အခွင့်အရေးကို နိုင်ငံရေးအရ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပါတီနိုင်ငံရေးနဲ့ မကွဲပြားတာကို မသိတဲ့ မြန်မာ မွတ်စလင်မ် လူကြီးတွေ အများကြီး ရှိနေသေးတာ တွေ့နေရတယ်။

    ကရင်လူငယ်၊ ချင်းလူငယ်၊ ကချင်လူငယ် ဆိုပြီး တစုပြီး တစု တွေ့ တွေ့ နေရတယ်။ ပွင့်လင်း သွားပြီဆိုတော့ အရင်က တီဗွီသတင်းမှာတွေ့ ဖူးတဲ့ တိုင်းရင်းသား လူငယ်တွေကို ရန်ကုန်မှာ ဟိုနားတပွဲ ဒီနားတပွဲမှာတွေ့ ရတယ်။ လူတွေများသလို အဖွဲ့ တွေလဲ မှတ်လို့ မနိုင်အောင်။ မွတ်စလင်မ်လူငယ်တွေကို ဘယ်နေရာမှာမှ မတွေ့ ဘူး။ မွတ်စလင်မ် ကောင်လေး ကောင်မလေးတွေ တခါတလေ တွေ့ တယ်။ လာတယ်၊ နားထောင်တယ်၊ ပြီးရင်ပြန်တယ်။ စကားပြော ကြည့်ရင် အဖွဲ့ နာမည်တွေတော့ပြောတယ်၊ နာမည်ကြီးကြီးအဖွဲ့  (တခြားအ ဖွဲ့ တွေနဲ့ ရင် ဘောင်တန်းနိုင် တဲ့) အဖွဲ့ ဆိုတာ သတိမထားမိသေးဘူး။

    မီဒီယာလိုတယ်ဆိုပြီး ပြောသံတွေကြားတယ်။ ရှေ့ နောက်မဆိုင်းဆိုသလို ၃ ခုလောက် ထွက် လာတယ်။ အသံတွေက ကြားရတယ်၊ ရေဒီယိုလိုတယ် တီဗွီလိုတယ်ဆိုပြီး။ အဲ့ဒီလိုပြောတဲ့ လုပ်ငန်းရှင်တွေကို မေးကြည့်ပါတယ်။ လိုအပ်တယ်ဆိုရင် ခင်ဗျားတို့ လုပ်ပါလားလို့ ။ စီးပွား ရေးတဖက်ကြောင့် ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာက ဇာတ်တိုက်ထားတဲ့ အဖြေတခု။ ဒါဆို ရှိ ပြီးသား မီဒီယာတွေကို ထောက်ပံ့ပြီး လုပ်ခိုင်းပါလားဆိုတော့ အင်ရှာအလ္လာဟ်ဆိုပြီး ရပ်သွား တယ်။ မကြာမကြာတွေ့ လို့ ခင်ဗျားတို့  မြန်မာ မွတ်စလင်မ် မီဒီယာတွေကို ဆက်သွယ်ဖြစ်လားဆို တော့ အင်ရှာအလ္လာဟ်က အဖြေတမျိုး၊ လိပ်စာသိရင် ပေးခဲ့ပါဆိုတာက နောက်တမျိုး။ အပြစ် မပြောလိုပါ။ ကိုယ့်ငွေနဲ့ ကိုယ် ကိုယ့်သဘော မဟုတ်ပေဘူးလား။

    နိုင်ငံရေးသင်တန်း၊ မီဒီယာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း စသဖြင့် သင်တန်းတကာ လျှောက်သွားဖြစ်တယ်။ မြန်မာ မွတ်စလင်မ် ကလေးတွေ မတွေ့ ဘူး။ မြန်မာမွတ်စလင်မ် ကလေးတွေ မတွေ့ တော့ သင်တန်းလုပ်တဲ့ အဖွဲ့ တွေကို အကြံပေးပါတယ်။ မြန်မာမွတ်စလင်မ် ကလေးတွေကို လည်း ထည့်စဉ်းစားပေးဖို့ ။ အမြဲလိုလိုကြားရတဲ့ အဖြေက မွတ်စလင်မ် ကလေး တော်တော် များများက အင်္ဂလိပ်စာအားနည်းတယ်၊ နိုင်ငံခြားသားကပေးတဲ့ သင်တန်းဆိုရင် အဆင်မ ပြေဘူးဆိုတာက တမျိုး၊ စကားပြန်ပေးတဲ့ သင်တန်းဆိုရင်တောင် အခြေခံမရှိထားတဲ့ အတွက် အဆင်မပြေဘူးဆိုတာကတမျိုး၊ နိုင်ငံရေးပါတီတွေနဲ့  လူထုအဖွဲ့ အစည်းမှာလုပ်နေတဲ့ လူငယ် တွေ ကို ဦးစားပေးတဲ့ သင်တန်းဖြစ်တော့ မွတ်စလင်မ်ထဲက လာလျှောက်ရင် အဖွဲ့ တွေက မဟုတ် တော့ ရွေးတဲ့အခါ အဆင်မပြေဖြစ်ရတယ်ဆိုတာက တမျိုး၊ သင်တန်းသားတွေ စုနေ စုစားရတဲ့အခါမှာ မွတ်စလင်မ်ကလေးတွေနဲ့ က အစားအသောက် အဆင်မပြေဘူးဆိုတာက တမျိုး။

    လူငယ်တွေနဲ့  စကားပြောတဲ့အခါ သတိထားပြီးမေးဖြစ်တယ်။ အထူးသဖြင့် နယ်ကလူငယ် တွေဆိုရင်ပိုဆိုးတယ်။ အင်္ဂလိပ်စာကမရ၊ ကွန်ပျူတာကမတတ်၊ ကျောင်းကမပြီး၊ လူကြီးတွေ နဲ့  အလိုက်အထိုက်က မဆက်ဆံတတ်၊ အ၀တ်အစားက မသေမသပ်၊ အဖွဲ့ အစည်းတွေမှာ လည်း လုပ်နေတာမရှိ။ ဒီလိုအခြေအနေမှာ ဘယ်သင်တန်းတွေက လက်ခံမလဲ။

    ကိုယ်တိုင်ကလည်းဘာမှ လုပ်မထားဘူး၊ သူများနဲ့ ကပ်ဖို့ ကျတော့လည်း အခြေအနေတွေက အဆင်မပြေဘူး။

    ရှင်းရှင်းပြောရရင်တော့ မြန်မာ မွတ်စလင်မ်တွေအနေနဲ့  ပြဿနာဖြစ်ရင် ထိထိရောက်ရောက်ရင်ဆိုင် ဖို့  ဘာမှလုပ်ထားတာမရှိဘူး။ နိုင်ငံခြားလွှတ် စကောလားရှစ်ပေးရုံနဲ့  မွတ်စလင်မ် အရေးလုပ် တယ် ဆိုပြီး ကျေနပ်နေရင် ထပ်မှားအုံးမယ်။

    အဓိက လိုအပ်တာ နိုင်ငံရေး၊ လူမှုရေး၊ ဥပဒေ ရေးရာတွေမှာ ဦးဆောင်မှုပေးနိုင်တဲ့ စင်ပေါ် တက်မဲ့ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ၊ စင်အောက်ကနေ စင်နောက်ကနေ ဦးဆောင်မယ့် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ဗျူဟာပိုင်းဆိုင်ရာ သုတေသနဆိုင် ရာတွေမှာ ဦးဆောင်မှုပေးဖို့  ခေါင်းဆောင်သစ်တွေ မွေးထုတ်ဖို့ ။ ဒါတွေဖြစ်လာဖို့ ကျောင်း၊ သင်တန်း၊ ဆရာ ဆရာမ၊ သင်ရိုး စတာတွေပြင်ဆင်ဖို့ ၊ သင်ကြားထားဖို့ ၊ တနည်းပြောရရင် Institution building  ရှိဖို့ လိုတယ်။

    ဘာမှမရှိလေတော့ ခုလိုဖြစ်လာတဲ့အခါ ဘာမှ မတတ်ကြဘူး။ အချိန်ရှိတဲ့အခိုက်မှာ ဖသွဝါ တွေပေးရင်း၊ လိုင်းတွေကွဲရင်း၊ နေရာတွေလုရင်း၊ ဘတပြန် ကျားတပြန် ချရင်း အချိန်တွေ ဖြုန်းခဲ့ကြတယ်။ မွတ်စလင်မ်ကိစ္စ လုပ်ပြန်ရင်လည်း သာရေး နာရေးထက် မပိုတာများတယ်။ မြန်မာ မွတ်စလင်မ်တွေ အနာဂတ် လှူပါ၊ ငွေထည့်ဝင်ပါဆိုရင် သူတောင်းစားကို ကြည့်တဲ့ အကြည့်မ ဟုတ်ရုံတမယ်။ ရပ်ကွက်အလှူခံတို့  ဌာနဆိုင်ရာ အလှူခံတို့ ဆိုရင်တော့ မျက်နှာလိုမျက်နှာရ အားရပါးရ။ အပြစ်မပြောလိုပါ။ ကိုယ့်ငွေနဲ့  ကိုယ်မလို့  ကိုယ့်သဘောပါ။

    ဘာမှ ပြင်ဆင်မထားတဲ့အတွက် ကိုယ်ညံ့ကိုယ်ခံလို့ ပဲပြောချင်ပါတယ်။ ပြင်ဆင်မထား ဘာမှလုပ်မထားဆိုတာ ပြီးခဲ့တဲ့ နှစ် သုံးလေးဆယ်အတွင်းမှာ ဒုတ်ဆွဲ ဓားဆွဲ အစိုးရကို ပြန်မချလို့ ၊ မွတ်စလင်မ် မုန်းတီးရေး စာရေး စာဖြန့် နေသမားတွေကို ဒဲ့မရှင်းလို့ ဆိုပြီး ပြောနေတာမဟုတ်ပါ။ ခေါင်းဆောင်တွေ၊ အဖွဲ့ အစည်းတွေ၊ ကွန်ရက်တွေရှိမထားတာ၊ အဲ့ဒါတွေရှိပြီး လည်ပတ်ပေးမယ့် လူငယ်တွေမွေးထုတ်ပေးဖို့  ကျောင်းတွေ သင်တန်းတွေ မတည်ဆောက်ထားတာကို ပြောတာပါ။

    ဆက်ပြီး ညံ့နေအုံးမယ်ဆိုရင်တော့ သဘောပါ။ ဆက်တော့ ခံလိုက်ကြအုံးပေါ့ဗျာ။

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

     

  • ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ

    မေ-၂၅၊၂၀၁၃
    M-Media
    မောင်သမာဓိ

    vesak2013

    ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။

    ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။

    ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။

    ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။

    `        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။

    TGR_6932

    သာဓု သုံးကြိမ်ခေါ်ပါသည်။   

    ၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။

    ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

    ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။

    ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။

    TGR_6676

    ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

    မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။

    သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။

    ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။

    လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။

    သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။

    မည်သူမပြု မိမိမှု။

    ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။

    ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။

    ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။

    ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။

    အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊

    အကြမ်းဖက်မှုများတွင် တုတ် ဓါး လက်နက်ကိုင်ဆွဲ၍ လုယက်သတ်ဖြတ် ခဲ့ကြသည့် မြန်မာ သံဃာ တော်များကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝေဖန် ရှုံ့ချသော အင်တာနက် သတင်းများ အောက် တွင် ဗုဒ္ဓဘာသာ အစွန်းရောက်တို့၏ မဖွယ်မရာ ကော်မန့်များသည် ဗုဒ္ဓဟောကြားခဲ့သော (ပူစာစ ပူဇနေယနံ) ကိုးကွယ် ဆည်းကပ် ပူဇော်ထိုက်သူကို ပူဇော်ရ၏ ဟူသည့် မေတ္တာ သုတ်နှင့် အကြီးအကျယ် လွဲချော်နေ၏။

    နာဇီလက်သစ် ဂိုဏ်းဖွဲ့ကာ ခိုးဆိုး လုယက် သတ်ဖြတ်မှုများကို ဦးဆောင်နေသော ဝီရသူနှင့် ဘာသာ ရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရန် လှုံ့ဆော်ခြင်းဖြင့် ဗုဒ္ဓနေ့ဆောင်ပုဒ် (Global Citizenship) ကို ဆန့်ကျင် နေသော မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဘာသာကို စောင့်ရှောက် ကာကွယ်သူ မျိုးချစ် များအဖြစ် ကိုးကွယ် ဆည်းကပ် ထောက်ပံ့ ကာကွယ်ပေးနေသူများသည် ဗုဒ္ဓ ဟောကြားခဲ့သော (အသေဝနာစ ဘာလနံ) လူမိုက်တို့နှင့် မပေါင်းအပ်ဟူသော ဗုဒ္ဓ၏ မေတ္တာသုတ်ကို ဖေါက်ဖျက် ကျူးလွန်သူများသာ ဖြစ်ကုန်၏။ ပါရာဇိတကံ ကျရောက်ပြီးသူတို့သည် ရဟန်း မဟုတ်တော့ပါ။

    ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လေးလေးနက်နက် အကောင်အထည် ဖေါ်ကြပါစို့။

    ဒေါက်တာစိုင်းမောက်ခမ်း၏ မိန့်ခွန်းနိဂုံးတွင် ယခုနှစ် ကုလသမဂ္ဂဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေး ချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

    ကြုံကြိုက်သည့် အခိုက် အာဏာပိုင်များကို မေးလိုသည်မှာ ကုလသမဂ္ဂဗုဒ္ဓနေ့ ဆောင်ပုဒ် (Education and Global Citizenship) ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦး တစ်လေ တွေ့မိပါသလား ခင်ဗျား။

    ဗုဒ္ဓနေ့ ဆောင်ပုဒ်အတိုင်းလိုက်နာသော နိုင်ငံများတွင် အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲ သေချာသော် လည်း မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ၏ အကျိုးကို အမှန်တကယ် လိုလား ပါက ပညာဥာဏ် နုံနည်း လှသော ဘာလနံ ဝီရသူနှင့် အပေါင်းအပါတစ်သိုက်ကို ဦးစွာပထမ ဖမ်းဆီး ဟန့်တား မှသာလျှင် ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆောင်ပုဒ်ကို လိုက်နာရာနှင့် အကောင်အထည်ဖေါ်ရာ ကျမည် ဖြစ် ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။

    မောင်သမာဓိ
    ၁၃၇၅ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့)

  • လူမျိုးခွဲခြားရေးအား အဆုံးသတ်ရန် အချိန်တန်ပြီ (ဘာသာပြန်)

    မေ-၁၃၊၂၀၁၃

    အင်္ဂလိပ်ဗားရှင်း ဆောင်းပါးရှင် – Nyi Nyi Ohn Myint and Okkar Kyaw

    okkan-violence
    A Muslim man stands inside a damaged mosque near Okkan on May 1, a day after one person was killed and nine injured in religious violence. Photo: AFP

    အမှောင်သည် အလင်းအနေဖြင့်ဝင်ရောက်လာခြင်းက ဤကမ္ဘာလောကကအတွက် အန္တရာယ်အများဆုံး နှင့် မရိုးသားဆုံးဖြစ်သည် ဟု အဆိုရှိသည်။

    သေနတ်တစ်လက်အား အာရုံတွင် မြင်ကြည့်ပါ။ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၄င်းအရာသည် မကောင်းမှု၏သင်္ကေတ ဖြစ်သည်။ သေနတ်သည် လူသတ်လက်နက် အနေဖြင့် ပြုလုပ်ထားသောအရာဖြစ်သည်။ ဘုန်းတော်ကြီးတစ်ဦးအား မြင်ကြည့်လိုက်ပါ၊ သန့်စင်မွန်မြတ်သော၊ လေးစားထိုက်သော ကောင်းခြင်း၏သင်္ကေတ တစ်ခုဖြစ်သည်။ ဘုန်းတော်ကြီးများသည် နားလည်မှု နှင့် ကရုဏာတရားအား ကျင့်သုံးသူများဖြစ်သည်။ ဘုန်းတော်ကြီးတစ်ဦးမှ သူ၏သင်္ကန်းအားခြုံကာ၊ မတ်မတ်ရပ်၍ လက်အုပ်ချီလျက် ဗုဒ္ဓအား အာရုံပြုနေပုံအား နောက်ဆုံးအနေဖြင့် သင့်အာရုံတွင် မြင်ကြည့်ပါ။ ထိုပုံရိပ်သည် ဗုဒ္ဓဘာသာ သာသနာအား သက်ဝင်ယုံကြည်မှုကို ပြသသော ပုံရိပ်ပင်ဖြစ်သည်။

    ယခု သင့်စက္ခုအာရုံတွင်မြင်ကြည့်ပါ၊ ဘုန်းတော်ကြီး၏ ညာလက်သည် ဖြည်းညှင်းစွာဖြင့် သူ၏သင်္ကန်း အတွင်းသို့ရောက်သွားကာ၊ ဖြည်းဖြည်းခြင်း သင့်ထံသို့ ဦးတည်ပြီး သူ၏ညာလက်ညှိုးသည် သေးငယ်သော သေနတ်ခလုပ်ကိုဖိနှိပ်၍ သေနတ်တစ်လက်အား ဆွဲထုတ်လိုက်သည်ဆိုပါစို့။

    ဘုန်းတော်ကြီးအပေါ်ထားရှိခဲ့သော သင့်အယူအဆများက အချိန်တိုလေးအတွင်း ပြောင်းလဲသွားမည် ဖြစ်သည်။ သို့သော်လည်း တုံ့ပြန်ရန်အတွက်နောက်ကျသွားပြီဖြစ်သည်။ သင်၏ဦးနှောက်သည် အလုပ်လုပ်နေချိန်အတွင်းမှာပင် သွေးအေးသော လူသတ်သမား၏ ကျည်ဆံသည် သင့် ဦးခေါင်းအတွင်းသို့  ၀င်ရောက်သွားပြီးဖြစ်လေပြီ။ ယင်းသို့ လူတစ်ယောက်အားသတ်ရန် အလွယ်ကူဆုံးနှင့် ပညာသားပါသော လုပ်ရပ်မျိုးကို ဘုန်းတော်ကြီးများသည် လုပ်ဆောင်နိုင်ကြပါမည်လော ?

    ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် သီရိလင်္ကာ ၀န်ကြီးချုပ် ဆော်လမွန် ဘန်ဒါရာနိုက်ခ် (Solomon Bandaranaike) သည် သူ၏ နေ့စဉ် အစည်းအဝေးပွဲအား ပြုလုပ်နေခိုက် တော်ဒုဝေ ဆိုမရာမ (Talduwe Somarama) ဘုန်းတော်ကြီးသည် အိမ်တော်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။ ၀န်ကြီးချုပ်သည် ဘုန်းတော်ကြီးရှေ့တွင် ဒူးထောက်ကာ ဗုဒ္ဓဘာသာ နည်းလမ်းအရ အရိုသေပေးချိန်တွင် ဘုန်းတော်ကြီးသည် ခြောက်လုံးပြူးသေနတ်ကိုထုတ်ကာ သီိရိလင်္ကာဝန်ကြီးချုပ်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်ဆောင်ရသနည်း ?  ယင်းဘုန်းတော်ကြီးမှ “ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ သာသနာအတွက် ကောင်းမွန်ရန်ရှေ့ရှု၍ လုပ်ဆောင်ခဲ့ကြောင်း”  ဟုပြောကြားခဲ့သည်။

    ယခုပေးစာသည် ဖြစ်ပျက်နေသောကိစ္စများကို မူတည်၍ အများသိစေရန် ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ သူငယ်ချင်းကျောင်းသားများမှ ရေးသားသောစာဖြစ်ပါသည်။

    မသိချင်ယောင်ဆောင်နေသော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာဝင် ညီအစ်ကိုများအား ပြောချင်ပါသည်၊ တောင်းပန်ချင်ပါသည်၊ ၄င်း ရူးသွပ်မှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုချင်ပါသည်။ ရိုဟင်ဂျာများအား လူမျိုးတုံးစစ်ဆင်ရေး ရပ်တန့်ရန် အချိန်တန်ပါပြီ၊ သွေးထွက်သံယိုဖြစ်ခြင်းသည် အဖြေမဟုတ်ပါ၊ အကုသိုလ်သာ ဖြစ်သည်။

    လိမ်လည်နေသူများအား ပြောချင်ပါသည်။ ရိုဟင်ဂျာ သို့မဟုတ် အခြားသော လူမျိုးစုများအား သုတ်သင်မှုသည် ကောင်းမွန်သော အလုပ်မဟုတ်ကြောင်း ဗုဒ္ဓဘာသာကို လုံးဝ သက်ဝင်ယုံကြည်ကိုးကွယ်သော ဘုန်းတော်ကြီးများ ပြောဆိုခဲ့သည်။ လူငယ်များအား လိမ်ညာပြောဆိုခြင်းသည် သူတို့၏နှလုံးသားအတွင်းသို့ လူမျိုးခွဲခြားရေးဝါဒ နှင့် အမုန်းတရားများ ရိုက်သွင်းပေးခြင်းဖြစ်ပြီး၊ အကြမ်းဖက်မှုနှင့် အမြင်လွဲမှားမှုများက ဗုဒ္ဓဘာသာ၏အဓိပ္ပါယ်ကို ဂုဏ်ကျက်သရေ ညှိုးနွမ်းစေခဲ့သည်။ ယခု အလားတူဖြစ်ပျက်နေသော မြန်မာနိုင်ငံသည် ကျွန်တော်တို့ တစ်ချိန်က သိခဲ့သော၊ တစ်ချိန်က ကြီးပြင်းခဲ့သော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံနှင့်မတူတော့ပါ။

    ကျွန်တော်တို့နိုင်ငံ၏အကြီးကဲများအား လေးစားစွာ တောင်းဆိုချင်ပါသည်။ ရိုဟင်ဂျာများနှင့် ငြိမ်းချမ်းစွာဆွေးနွေးပါ။ အစိုးရသည် ဘက်မလိုက်သော ဆုံးဖြတ်ချက်နှင့် ယခုဖြစ်ပေါ်ခဲ့သည်ကို နိုင်ငံအတွင်း ဖြစ်ပျက်ခဲ့သော သဘောထားကွဲလွဲချက်တစ်ခုဟု အမြင်ထားစေချင်ပေသည်။ သို့သော်လည်း အစိုးရသည် မြန်မာနိုင်ငံအတွင်း နေထိုင်နေသော တိုင်းရင်းသားလူမျိုးတိုင်းကို ကာကွယ်မှုပေးမည်ဖြစ်သည်၊ သို့သော်လည်း တရားမ၀င် မြန်မာနိုင်ငံ နယ်နမိတ်အတွင်းသို့ဝင်လာခဲ့သည့် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ လူမျိုးစုများတွင်မပါဝင်ကြောင်း သမ္မတ ဦးသိန်းစိန် မှ ပြောကြားခဲ့သည်။

    ထိုပြောကြားချက်အရ ဦးသိန်းစိန်သည် ယခုဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွက် တာဝန်မယူ ဟု ပြောဆိုနေခြင်းပင်ဖြစ်သည်။ သို့သော် ကျွန်တော်တို့အနေနှင့် ၄င်းလူမျိုးစုအား တစ်ခြား နိုင်ငံတစ်ခုသို့ အလွယ်တကူ လွှဲပြောင်းလိုက်ဖို့မသင့်ပါ၊ သူတို့သည် ကုန်ပစ္စည်းများ မဟုတ်ကြပါ။၊ သူတို့သည် ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ သင်တို့ ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်သည်။ ထို့အတွက် လူ့အခွင့်အရေးအပြည့်အ၀ရသင့်ပေသည်။

    လူတို့အား နိုင်ငံသားအဖြစ်လက်ခံရန်မှာ အစိုးရထံတွင်သာ တာဝန်ရှိသော်လည်း ၄င်းတို့အား နိုင်ငံသား မဟုတ်ဟု ငြင်းဆိုခဲ့ခြင်းမှာ မည်သည့်အကျိုးများ ရရှိစေပါသနည်း ?  လူမျိုးစုများကြားတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ စီးပွားရေးနှင့် ဒီမိုကရေစီနည်းလမ်းများကိုလည်း ထိခိုက်စေခဲ့သည်။ တိုင်းပြည်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ယုံကြည်မှု မရှိတော့ကြောင်း၊ ယုံကြည်မှု ပျက်သုဉ်းပါက နိုင်ငံကို ပြန်လည်တည်ဆောက်ရန် မလွယ်ကူကြောင်း၊  မတူညီမှုများအား လျစ်လျူရှုကာ တူညီချက်အားရှာဖွေသင့်ကြောင်း အသိဝင်အပ်ပါသည်။ သို့မဟုတ်ပါက လူနေမှုအဆင့်တန်းမြင့်မားရေးအား မည်ကဲ့သို့ဆောင်ရွက်နိုင်မည်နည်း ?  ကျွန်တော်တို့သည် နှစ်ပေါင်း ၅၀ စစ်တပ်အုပ်ချုပ်ရေးအား ပြောင်းလဲရန်ကြိုးစားခဲ့သော်လည်း ထိုကဲ့သို့ အကြမ်းဖက်မှုများ မရပ်တန့်ပါက စစ်အုပ်ချုပ်ရေးကို ပြန်လည်လက်ကမ်း ကြိုဆိုနေသည်နှင့်မခြားတော့ပါ။ ယခုဖြစ်ပေါ်နေသော လူမျိုးစုပြဿနာကိုအကြောင်းပြု၍ စစ်တပ်မှ ပြန်လည် အာဏာသိမ်းခြင်းဖြစ်လာနိုင်ပါသည်။

    စစ်မှန်သော ဒီမိုကရေစီ နည်းလမ်းအားကျင့်သုံးသော မြန်မာနိုင်ငံအဖြစ် ယုံကြည်စေရန် လိုအပ်နေသည်။ ၄င်းပြင် ဒီမိုကရေစီနည်းလမ်းအား ကိုယ်ကျိုးအတ္တအတွက် အသုံးချခြင်းမျိုး မဖြစ်ရန်လည်း အရေးကြီးသည်။ ဤဆယ်စုနှစ်များအတွင်း ကျွန်တော်တို့ လိုချင်ခဲ့သော လွတ်လပ်မှုအား ရရှိနေပြီဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချ၍ နှစ်ရှည်လများ ရင်းနှီးခဲ့ရသည့် သွေး နှင့် ချွေးအား အလဟဿ မဖြစ်စေလိုပါ။၊ နိုင်ငံတိုးတက်မှုအတွက် ပညာရေး နှင့် ကျန်းမာရေးတွင် အသုံးပြုသင့်သည့် ကုန်ကျစရိတ်များမှာ အကြမ်းဖက်မှု၏ အကျိုးဆက်များဖြစ်သော  ဒုက္ခသည်စခန်းများရှိ လူတို့အား ကျွေးမွေးခြင်း၊ အိုးအိမ်များအား အသစ်ပြန်လည်တည်ဆောက်ခြင်း၊ စသည်တို့၌ အသုံးပြုနေရလေသည်။ ကမ္ဘာမှစောင့်ကြည့်နေခဲ့သော ကျွန်တော်တို့နိုင်ငံသည် ဖိနှိပ်ချုပ်ချယ်မှုမှ ဖြည်းဖြည်းခြင်း ဒီမိုကရေစီသို့ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။ လူမျိုးခွဲခြားမှုအား အတိတ်တွင် ချန်ရစ်၍ အနာဂတ်သစ်သို့ လက်တွဲလျှောက်လှမ်းရန်အချိန်ရောက်ပြီဖြစ်သည်။

    လက်ရှိအခက်အခဲအား အမြန်ဆုံးဖြေရှင်းနိုင်ပါက ကျွန်တော်တို့သည် အကောင်းဆုံးအနာဂတ်ကို အတူတကွ အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်သည်။ မြင့်မားသော အကာအဆီးဖြစ်စေကာမူ ကျွန်တော်တို့သည် အတူတကွ လက်တွဲ၍ ကျော်လွှားကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။

    (Nyi Nyi Ohn Myint, 17, from the International School of Yangon, and Okkar Kyaw, 20, from Grinnell College, are brothers with completely different personalities who want to work together for a greater cause.)

    Myanmar Times မှ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုခြင်းဖြစ်ပါသည်။

  • လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ

    လူမျိုး၊ ဘာသာ သာသနာ နဲ့ နိုင်ငံသား ပြဿနာ

    မေ-၂၀၊၂၀၁၃
    M-Media
    ဆောင်းပါးရှင်- Dr နေလင်းအောင်

    မြန်မာနိုင်ငံသား အများစု (ပညာတတ်ဆိုသူများ အပါအဝင်)ရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဆိုတာကို ခွဲခွဲခြားခြား မသိခြင်းသည် ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံသားများ အကြား စည်းလုံးညီညွတ်မူ ပြိုကွဲနေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တို့မြန်မာ/ဗမာ က အိမ်ထောင်ဦးစီး၊ ကျန်တိုင်းရင်းသားတွေက အိမ်ထောင်စုဝင် အိမ်ရှင်၊ တရုတ် ကုလား တွေက ငါတို့သနားလို့ လက်ခံထားတဲ့ ဧည့်သည်တွေဆိုတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေးအခြေခံ ဧည့်သည်အိမ်ရှင် ခွဲခြားတဲ့ဘာသာကြီးဝါဒ ကြီးဆိုးနေသမျှ ကျနော်တို့နိုင်ငံ တိုးတက်ဖို့လမ်းမမြင်ပါ။ နိုင်ငံသားအချင်းချင်း ရန်လိုတိုက်ခိုက်မှု တွေနဲ့ပဲ လုံးပါးပါးဖို့သာရှိပါတယ်။ နိုင်ငံသားတိုင်း ခွင့်တူညီမျှတဲ့ အချိန်ကာလရောက်မှ သာလျှင် နိုင်ငံသားအားလုံး စစ်မှန်တဲ့ နိုင်ငံသား စိတ်ဓာတ်နဲ့ တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်မှာပါ။

    လူမျိုး

    ခေတ်သစ်သိပ္ပံပညာရှင်များကတော့ လူဆိုတာ Homo sapiens တစ်မျိုးဘဲရှိတယ်လို့ ဆိုကြပါတယ်။ ဘယ်ဒေသကဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ လူမှန်ရင် မျိုးရိုးဗီဇ genetic material ၉၉.၉၉% တူညီနေလို့ဘဲဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်များကတော့ အသားအရောင်၊ သွင်ပြင်လက္ခဏာ ပေါ်မူတည်ပြီး Caucasian, Mongoloid, Negroid ဆိုပြီး ပင်မလူမျိုး (၃) မျိုးရှိတယ် လို့ဆိုပါတယ်။ အချို့က Australoid ၁မျိုးကိုပါ ထည့်တွက်ပါတယ်။ ဒီပင်မလူမျိုးတွေကနေ ရေကြည်ရာ မြက်နုရာ နေထိုင်ကြရင်း သွေးနှော ကြရင်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူမျိုး ၅၀၀၀ ကျော်ရှိနေတယ် လို့ သုတေသန စာစောင် တခုကဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ” လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ် ပြီးလျှင် နှစ်ပရိစ္ဆေရဒ ရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ ကိုတစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့်ဘာသာတရား၊ ပြောဆိုသည့် စကားတို့ကိုအရေးထားရမည်ဖြစ်သော် လည်းစင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသော ဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတတရားသည် တည်နေပေ၏။” လို့ လူမျိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆို ခဲ့ပါတယ်။ (၁၉၄၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပသော အလယ်ပစ္စယံညီလာခံ) လူမျိုးကို သွေးနဲ့ သတ်မှတ်သည် ဆိုတာ မမှန်သော်လဲ မိဘ မျိုးရိုးအတိုင်းသာ ဆက်ခံရပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိသော Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ Unmodifiable factor ပြုပြင်ပြောင်းလဲလို့မရသော အရာလဲ ဖြစ်ပါတယ်။ ဥပမာ တရုတ်လူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ မြန်မာ/ဗမာလူမျိုး တစ်ယောက် မဖြစ်နိုင်သလို မြန်မာ/ဗမာလူမျိုး မိဘ ၂ပါး က မွေးဖွားလာသူ တစ်ဦးဟာ ကိုးရီးယားလူမျိုး တစ်ယောက်ဘယ်တော့မှ မဖြစ်လာနိုင်ပါ။

    ဘာသာ သာသနာ

    ဘာသာတရားဟာ နှလုံးသား နဲ့ ဦးနှောက်က လက်ခံယုံကြည်ရတဲ့ ယုံကြည်မူပါ။ မိဘ လက်ခံယုံကြည်တဲ့ ဘာသာတရားကို လက်ခံယုံကြည်နိုင်သလို မိမိကြိုက်နှစ်သက်ရာ မည်သည့်ဘာသာကိုမဆို လက်ခံယုံကြည်နိုင်ပါတယ်။ တနည်းအားဖြင့် မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတဲ့ Identity ကိုယ်ပိုင် အမှတ်သညာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး နိုင်ငံတစ်ခုမှာ လူများစုကိုးကွယ်ရာ ဘာသာရှိနိုင်ပေမယ့် ဘာသာတရား ဟာ လူမျိုးနဲ့ မသက်ဆိုင်သလို နိုင်ငံ နဲ့လဲ မသက်ဆိုင်တဲ့ သီးခြားကိုယ်ပိုင် အမှတ်သညာပါ။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မူသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ/ဗမာလူမျိုး အစ္စလာမ်ဘာသာဝင် (မွတ်ဆလင်) ရှိသလို ဘင်္ဂါလီလူမျိုး ဗုဒ္ဓဘာသာဝင် လဲရှိပါတယ်။ ပိုလန်နိုင်ငံသား ဟိန္ဒူဘာသာဝင်ရှိသလို အီရန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင်လဲရှိပါတယ်။

    နိုင်ငံသား

    ဥပဒေဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခု ဥပဒေ မတူညီပေမယ့် ဘာသာတရား အပေါ်မှာ မူတည်ပြီး နိုင်ငံသားသတ်မှတ်တဲ့ နိုင်ငံဆိုလို့ ယနေ့ကမ္ဘာပေါ်မှာ တစ်နိုင်ငံမှ မရှိပါ။ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေသည်လဲ ဘာသာတရားအပေါ်မှာ လုံးဝ (လုံးဝ) အခြေမခံပါ။ လူမျိုးအပေါ်မှာအခြေခံသည်မှာတော့မှန်ပါတယ်။ သို့သော် တိုင်းရင်းသား မဟုတ်သူအချို့လဲ နိုင်ငံသားဖြစ်နိုင်ကြောင်း ခေတ်အဆက်ဆက်နိုင်ငံသားဥပဒေ တွေကိုလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါကလဲ သဘာဝကျပါတယ်။ ကိုလိုနီခေတ်မှာ မြန်မာနဲ့ အိန္ဒိယ ဟာနိုင်ငံတခုထဲ အဖြစ်ရပ်တည်ခဲ့ပါတယ်။

    ဒါကြောင့် အိန္ဒိယလူမျိုးအချို့ လာရောက်အခြေချတာရှိသလို တရုတ်လူမျိုးအချို့လဲ နည်းအမျိုးမျိုးနဲ့ လာရောက်အခြေချတာရှိပါတယ်။ လွတ်လပ်ရေးရတဲ့အခါ မျိုးရိုးအစဉ် အဆက်နေခဲ့ကြတဲ့ ဒီလူမျိုးတွေကို အသိအမှတ်မပြုဘဲနေလို့ မရတဲ့အတွက် စည်းကမ်းအချို့နဲ့ နိုင်ငံသား သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ လုပ်ကိုလုပ်ပေးရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင် အစိုးရပြောပြောနေသလို (မပြောကောင်း မဆိုကောင်း) ပြည်ထောင်စုပြိုကွဲခဲ့မယ်ဆိုရင် ပေါ်ထွန်းလာမယ့် ရခိုင်နိုင်ငံတော် ရှမ်းနိုင်ငံတော်တွေမှာ မြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း ရခိုင်ပြည်နယ် ရှမ်းပြည်နယ် ကာလတုန်းက ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ မြန်မာ/ဗမာ အပါအဝင် အခြား လူမျိုးတွေကို မောင်းထုတ်မယ်၊ ဧည့်သည်အဖြစ် သတ်မှတ်မယ်လို့ မရစကောင်းသလိုဘဲဖြစ်ပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲမှာ တိုင်းရင်းသားတွေပါသလို၊ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ အခြားလူမျိုးတွေ၊ ကပြားတွေလဲပါဝင်ပါတယ်။ လူမျိုးအပေါ် အသားပေးရေးဆွဲထားတဲ့ မြန်မာနိုင်ငံသား ဥပဒေ ဟာလဲ တိုင်းပြည် တိုးတက်လာတာနဲ့ အမျှ လက်တွေ့ ကျင့်သုံးရာမှာ အခက်အခဲရှိလာနိုင်တာမလို့ မကြာတော့သော ကာလမှာ နိုင်ငံတကာ အဆင့်မီနိုင်ငံသား ဥပဒေအဖြစ် ပြောင်းလဲရတော့မှာဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုးတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ သန်းနဲ့ချီရှိနေတာဟာ လက်ရှိ မြန်မာနိုင်ငံသား ဥပဒေရဲ့ ပြဿနာ တွေထဲက ထင်ရှားတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။

    ခြုံပြောရယင် လူမျိုး၊ ဘာသာ၊ နိုင်ငံသားဟာ သီးခြားလွတ်လပ်တဲ့ Identity ကိုယ်ပိုင် အမှတ်သညာတွေဖြစ်ပါတယ်။ လူမျိုးတူပေမယ့် နေထိုင်ရာနိုင်ငံမတူ ကိုးကွယ်ရာ ဘာသာမတူသူ တွေ၊ ဘာသာတူပေမယ့် နိုင်ငံမတူ လူမျိုးမတူသူ တွေ နဲ့ နိုင်ငံတူပေမယ့် ဘာသာလူမျိုးကွဲပြားသူတွေ ရှိပါတယ်။ လူမျိုးတူသူတွေဟာ ကိုယ့်လူမျိုးအကျိုး၊ ဘာသာတူသူတွေဟာ ကိုယ့်ဘာသာအကျိုး စုပေါင်း ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတူသူတွေဟာလဲ လူမျိုး ဘာသာ မခွဲခြားဘဲ ကိုယ့်နိုင်ငံအကျိုး ဆောင်ရွက်ကြမှသာလျှင် တိုင်းပြည် အမြန်ဖွံဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်အင်အား ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ ဆိုရိုးတခုရှိပါတယ်။ ဒီနိုင်ငံ မင်းတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ ငြင်းဆန်မူ နဲ့ ဒီနိုင်ငံ ငါတို့နိုင်ငံမဟုတ်ဘူးဆိုတဲ့ တုံ့ပြန်မူ ထပ်တူကြသွားရင်တော့ အောက်တန်း နောက်တန်းကျနေတယ့် ဘဝကရုန်းထွက်ဖို့အား မရှိနိုင်တဲ့ အပြင် ပိုဆိုးတဲ့ အခြေအနေထဲ ဆုံးဆုံးမြုပ်ဖို့သာ ရှိကြောင်း ထင်မြင်မိပါတယ်။