နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media

– ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ကွာလန်ဒီယာ ဒုက္ခသည်စခန်းတွင် ယမန်နေ့မနက် အာရုဏ်တက်အချိန်က ပါလက်စတိုင်းနှစ်ဦးကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ် အဟ်မဒ် အဘူ အလ်-အီရှ်နှင့် ၂၁ နှစ်အရွယ် လာအစ် မာနာဆရာတို့ ဖြစ်ကြပြီး ထိုပစ်ခတ်မှုအတွက် အခြားတစ်ဦးလည်း ဒဏ်ရာရရှိကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။
ဂျေရုစလင်မြောက်ပိုင်းရှိ အဆိုပါဒုက္ခသည်စခန်းသို့ ရာနှင့်ချီသော အစ္စရေးစစ်သားများနှင့် အထူးတပ်ဖွဲ့ဝင်များမှာ ၀င်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့များမှာ ဇူလိုင်လက ပါလက်စတိုင်းပိုင်နက်အတွင်းရှိ တရားမ၀င်ခြေချအိမ်ယာတွင် နေထိုင်သည့် ဂျူးတစ်ဦးကို ပစ်ခတ်မှုကြောင့် လက်ရှိအတွင် ဖမ်ဆီးခံထားရသည့် မိုဟာမက် အဘူ ရှာဟင်၏ နေအိမ်ကိုလည်း ဖြိုချဖျက်ဆီးခဲ့သည်။
ဖာတာအဖွဲ့ကို သစ္စာခံသော အလ်-အက်ဆွာ အာဇာနည်တပ်ဖွဲ့နှင့် ဒုက္ခည်စခန်းကို ၀င်ရောက်စီးနင်းသည့် အစ္စရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများမှာ ၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အစ္စရေး သတင်းရင်းမြစ်များကမူ ၎င်းတို့၏ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
အဘူရှာဟင်၏ နေအိမ်အား ဖြိုချရန် အစ္စရေးစစ်တပ်က ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကြိုးစားခဲ့သော်လည်း ကွာလန်ဒီယာ ဒုက္ခသည်စခန်းမှ ဒေသခံများက ဆန့်ကျင်ဆန္ဒပြမှုခဲ့ကြောင့် မဆောင်ရွက်နိုင်ခဲ့ပေ။
ယခုအချိန်တွင် ဆာဟင်၏ မိသားစုများကို နေအိမ်မှာ အတင်းမောင်းထုတ်ကာ နေအိမ်အား ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုဖောက်ခွဲမှုကြောင့် အနီးရှိ နေအိမ်များတွင်လည်း ဆိုးဆိုးရွားရွား ပျက်ဆီးမှုများ ရှိခဲ့သည်။
အစ္စရေး၏ ထိုကဲ့သို့ စီးနင်းဝင်ရောက်မှုအတွင်း ပါလက်စတိုင်းလူငယ်မျာမှာ ဒုက္ခသည်စခန်းမှထွက်ကာ ဆန္ဒပြ၍ ကျောက်ခဲဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ခဲ့သည်။
Ref: Aljazeera









