News @ M-Media

Tag: Palestine

  • ဓားစားခံနှစ်ဦး ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်၏ ကမ်းလှမ်းမှုကို အစ္စရေးငြင်းဆို

    ဓားစားခံနှစ်ဦး ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်၏ ကမ်းလှမ်းမှုကို အစ္စရေးငြင်းဆို

    အောက်တိုဘာ ၂၂၊ ၂၀၂၃

    M-Media 


    ဓာတ်ပုံ- ဟားမက်စ်က ပြန်လွှတ်ပေးခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦး

    -ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ လူတွေထဲက အစ္စရေးနိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပေးမယ်လို့ မိမိတို့က ကမ်းလှမ်းခဲ့ပေမယ့် အစ္စရေးဖက်က လက်ခံဖို့ ငြင်းဆိုတယ်လို့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ 

    နူရစ် ယစ်ရှက်နဲ့ ယုခ်ဖဒ် လစ်ဖ်ရှစ်တို့ဖြစ်ပြီး ဘာတောင်းဆိုမှုမှ မပါ၀င်ဘဲ လူသားချင်းစာနာထောက်ထားမှု အကြောင်းအရင်းတွေကြောင့် လွှတ်ပေးဖို့ စီစဥ်ခဲ့တာလို့ ဟားမက်စ်က ပြောပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်ဟာ အစ္စရေးစစ်သားနဲ့ အရန်တပ်သားတွေ အပါအ၀င် လူ ၂၁၀ လောက်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ 

    ကာတာရဲ့ ကြား၀င်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ဟားမက်စ်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးနိုင်ငံသား နှစ်ဦးကိုလည်း အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးဖို့ ကာတာကတစ်ဆင့် ကမ်းလှမ်းခဲ့တာလို့ ဟားမက်စ်ရဲ့ လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အိုဘိုက်ဒါက ပြောပါတယ်။ 

    အစ္စရေးက ဟားမက်စ်ရဲ့ ဒီပြောကြားချက်ဟာ အလိမ်အညာ ၀ါဒဖြန့်မှုသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ 

    စိတ်မ၀င်စား

    —————

    ဟားမက်စ် ပြောရေးဆိုခွင့်ရှိသူ ခါလစ် အလ်-ကဒ်ဒူမီက အစ္စရေးဟာ မိမိတို့ ဖမ်းထားသူတွေ ပြန်လွတ်ရေးအတွက် စိတ်မ၀င်စားဘူးလို့ ပြောပါတယ်။ 

    “အဲဒီနှစ်ယောက်ကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ လွှတ်ပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပါတယ်။ သူတို့ မိသားစုတွေထံ ပြန်လွှဲပေးချင်တယ်။ အစ္စရေးအစိုးရက စိတ်မ၀င်စားပါဘူး။ ဒီလူတွေကို ပြန်လက်ခံဖို့ အစ္စရေးအစိုးရကိုယ်တိုင်က ငြင်းဆိုခဲ့တာပါ” 

    ဘာ့ကြောင့် ပြန်လက်မခံတာလဲဆိုတာနဲ့ပတ်သက်ပြီး အစ္စရေးဖက်က အကြောင်းပြချက် မပေးခဲ့ဘူးလို့လည်း ကဒ်ဒူမီက ပြောပါတယ်။ 

    Ref: Aljazeera

  • ဂါဇာမတည်မငြိမ်ဖြစ်ချိန် အနောက်ဖက်ကမ်းမှာ မြေခိုးနေတဲ့ ဂျူးအခြေချနေထိုင်သူများ

    ဂါဇာမတည်မငြိမ်ဖြစ်ချိန် အနောက်ဖက်ကမ်းမှာ မြေခိုးနေတဲ့ ဂျူးအခြေချနေထိုင်သူများ

    အောက်တိုဘာ ၂၀၊ ၂၀၂၃

    M-Media 


    -အစ္စရေးက ဂါဇာကမ်းမြှောင်မှာ တိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတဲ့အချိန် အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နယ်မြေတွေကို အကြမ်းဖက်သိမ်းယူနေတယ်လို့ သိရပါတယ်။ 

    အနောက်ဖက်ကမ်းက ဘဒူအင်လူမျိုးစု ရွာတွေထဲက တစ်ခုဖြစ်တဲ့ ၀ါဒီ အလ်-ဆစ်က ရွာသားတွေအာလုံးဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ 

    အနီးအနားက အစ္စရေးရဲ့ တရားမ၀င် အခြေချအိမ်ယာမှာ နေထိုင်သူတဲ့ ဂျူးလူအုပ်က လက်နက်တွေနဲ့ လာရောက်ပြီး ရွာကို ဖျက်ဆီးခဲ့ကြလို့ ဖြစ်ပါတယ်။ 

    ၀ါဒီအလ်-ဆစ်ရွာကို သိမ်းဖို့နဲ့ တွေ့သမျှလူတွေကို သဖြတ်ဖို့အတွက် ဂျူးအခြေချနေထိုင်သူတွေဟာ ရက်အတော်ကြာ ဆော်သြ လူစုခဲ့ကြတာပါ။ အဲဒီလူအုပ်ကို အစ္စရေး အရန်စစ်သားတွေက ဦးဆောင်တာ ဖြစ်ပါတယ်။ 

    ဘဒူအင်လူမျိုးတွေ မနေနိုင်အောင် ဂျူးလူအုပ်က နေ့စဥ်နဲ့အမျှ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ အပြီးသိမ်းယူကာ ရွာက နေအိမ်အဆောက်အဦးတွေအားလုံးကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ 

    ဟစ်တလာရန်ကြောင့် ထွက်ပြေးလာရတဲ့ အရှေ့ဥရောပက ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့ဖွဲ့ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ကြတာပါ။ 

    အဲဒီနောက်ပိုင်း အစ္စရေးအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့က ပါလက်စတိုင်းမြေတွေကို ကျူးကျော်သိမ်းပိုက်ခဲ့သလို၊ ဂျူးလူအုပ်ကလည်း နည်းလမ်းမျိုးစုံနဲ့ နယ်မြေတွေ၊ နေအိမ်တွေကို လုယက်ယူငင်နေကြတာဖြစ်ပါတယ်။ 

    ဂါဇာမှာ တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း ဒီလုယက်မှုဟာ ပိုဆိုးလာပါတယ်။ 

    “အနောက်ဖက်ကမ်းတစ်ခုလုံးမှာ ဖြစ်နေတာဗျ။ အခြေအနေကို အခွင့်ကောင်းယူပြီး ထင်ရာစိုင်းနေကြတာ” လို့ အစ္စရေး ငြိမ်းချမ်းရေးလှုပ်ရှားသူ ဂိုင် ဟီရ်ရှဖလ်က ပြောပါတယ်။ 

    အနောက်ဖက်ကမ်း ရာမာလာမြို့ အရှေ့ပိုင်းက ပါလက်စတိုင်းရွာတွေဆိုရင် ကုန်သလောက်ရှိနေပါပြီ။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းက ရပ်ကွက် ၁၃ ခုလောက်ဟာ ဂျူးအခြေချ နေထိုင်သူတွေရဲ့ ခိုးယူ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါတယ်။ 

    ဂျူးအစွန်းရောက် အီတာမာ ဘင် ဂါဗီရ် လုံခြုံရေး၀န်ကြီး ဖြစ်လာပြီးနောက်ပိုင်း အစ္စရေးအစိုးရဟာ အရပ်သားတွေကို လက်နက်တွေ ပိုမိုထုတ်ပေးလာတာကြောင့်၊ ပါလက်စတိုင်းပိုင်နက်က ဂျူးအခြေချနေထိုင်သူတွေဟာ လက်နက်တောင့်တင်းကာ ခြိမ်းခြောက် တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းကို အစ္စရေးက တိုက်ခိုက်၊ လူအများအပြားသေဆုံး

    ဂါဇာရှိ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းကို အစ္စရေးက တိုက်ခိုက်၊ လူအများအပြားသေဆုံး

    အောက်တိုဘာ ၂၀၊ ၂၀၂၃

    M-Media 


    -စစ်ဘေးရှောင် ရာနဲ့ချီ ခိုလှုံနေတဲ့ ဂါဇာကမ်းမြှောင်က အော်သိုဒေ့ါစ် ခရစ်ယာန်ဘုရားကျောင်းကို အစ္စရေးက ကြာသာပတေးနေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်၊ 

    ဂါဇာစီးတီးက Saint Porphyrius Church ဘုရားကျောင်းဖြစ်ပြီး သက္ကရာဇ် ၁၁၅၀ ခုနှစ်က တည်ဆောက်ခဲ့တာပါ။ ဂါဇာနဲ့ အရှေ့အလယ်ပိုင်းက သမိုင်းအမွေအနှစ် စာရင်း၀င် ဘုရားကျောင်းစာရင်းမှာလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးစစ်တပ်ကတော့ ဒုံးကျည်တွေ၊ မော်တာကျည်တွေနဲ့ ပစ်ခတ်တဲ့နေရာကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းမျက်နှာစာနဲ့ ပရ၀ုဏ်အတွင်းက အဆောက်အဦးတစ်ခု ပြိုကျပျက်ဆီးခဲ့ပါတယ်။ 

    ဘုရားကျောင်းဟာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ရာနဲ့ချီကို လက်ခံစောင့်ရှောက်ထားတာပါ။ 

    အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချတယ်လို့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်က ထုတ်ပြန်ပါတယ်။ 

    “ပြီးခဲ့တဲ့ ၁၃ ရက်လုံးလုံး လူနေအိမ်တွေကို အစ္စရေးက တိုက်ခိုက်လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ အပြစ်မဲ့ အရပ်သားတွေ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ဘုရားကျောင်းတွေ၊ အသင်းတော်အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ ဒါမျိုးကို လစ်လျူရှုထားလို့ မရပါဘူး”  လို့ အသင်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃၇၈၅ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူနာတွေ၊ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဆေးရုံတစ်ခုကို အစ္စရေးက ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljzeera 

    (ဓာတ်ပုံ – တိုက်ခိုက်မခံရခင်နှင့် တိုက်ခိုက်ခံရပြီးပုံ)

  • ဂါဇာပြည်များအား အကူအညီပေးရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ပယ်ချ

    ဂါဇာပြည်များအား အကူအညီပေးရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ပယ်ချ

    အောက်တိုဘာ ၁၉၊ ၂၀၂၃

    M-Media 


    -ဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနိုင်ရေး တိုက်တွန်းတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ဗီတိုသုံး ပယ်ချလိုက်ပါတယ်။ 

    အဲဒီဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ကို ရှုတ်ချထားပြီး၊ ဂါဇာမှာ အစ္စရေးကလုပ်နေတဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတာပါ။

    ကောင်စီ၀င် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး၊ ရုရှားနဲ့ ယူကေတို့က ကြားနေခဲ့ကာ၊ အမေရိကန်က ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။ 

    ဒီဆုံးဖြတ်ချက်ကို ဘရာဇီးလ်နိုင်ငံက တင်သွင်းတာဖြစ်ပြီး အရပ်သားတွေအပေါ် ပြုမူတဲ့ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ရေးသားထားပါတယ်။ 

    အောက်တိုဘာ ၆ ရက်နေ့ ဟားမက်စ်ရဲတိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာကမ်းမြှောင်ကို လေကြောင်းကနေ တိုက်ခိုက်မှု တောက်လျှောက်ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၃၄၀၀ ကျော် သေဆုံးကာ ၁၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    အစ္စရေးဟာ လူနေအိမ်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေလို နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွေ အရပ်သားတွေ သေဆုံးမှု များပြားတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာရှိဆေးရုံတစ်ခုကို အစ္စရေးက ဒုံးကျည်ဖြင့်တိုက်ခိုက်၍ လူ ၅၀၀ ကျော်သေဆုံး

    ဂါဇာရှိဆေးရုံတစ်ခုကို အစ္စရေးက ဒုံးကျည်ဖြင့်တိုက်ခိုက်၍ လူ ၅၀၀ ကျော်သေဆုံး

    အောက်တိုဘာ ၁၈၊ ၂၀၂၃

    M-Media 


    -ဂါဇာစီးတီးမှာရှိတဲ့ အလ်-အဟ်လီ အာရပ် ဆေးရုံကို အစ္စရေးက မနေ့ညပိုင်းမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၅၀၀ လောက် သေဆုံးသွားခဲ့ပါတယ်။ 

    ဆေးရုံမှာ လူနာတွေအပြင် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ချီ ခိုလှုံနေရတဲ့ နေရတာပါ။  ဒဏ်ရာသူတွေ၊ အပျက်အဆီးကြားမှာ ပိတ်မိနေသူတွေ ရာချီရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုများလာနိုင်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ 

    ဆေးရုံကို ခရစ်ယာန်အသင်းတော်တစ်ခုက စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ 

    ငြင်းဆို 

    ——–

    အစ္စရေးက ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းပြီး၊ 

    ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ အစ္စလာမ့်မစ်ဂျီဟတ် PIJ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

    PIJ ကတော့ ဇိုင်ယွန် အစ္စရေးဟာ ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တာ၀န်မခံချင်တဲ့အတွက် မိမိတို့အဖွဲ့ကို လက်ညှိုးထိုးအပြစ်တင်တာလို့ ထုတ်ပြန်ပါတယ်။ 

    အလ်-အဟ်လီ အာရပ်ဆေးရုံ တိုက်ခိုက်မခံရခင်ကတည်းက အစ္စရေးဟာ ဂါဇာမှာ ရှိနေတဲ့ အရပ်ဖက်ပစ်မှတ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

    အစ္စရေးစိတ်ထား 

    —————-

    အစ္စရေးခေါင်းဆောင်အဆက်ဆက်ဟာ ပါလက်စတိုင်းလူမျိုးစုကို အမြစ်ဖြုတ်လိုတဲ့ သူတို့ရဲ့ ဆန္ဒကို လူသိရှင်ကြား ပြောကြားထားဖူးပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်းမှာလည်း အစ္စရေးခေါင်းဆောင်တွေထံက ပါလက်စတိုင်းတွေကို ရှင်းလင်းလိုတဲ့ စကားတွေကို ထပ်ကြားခဲ့ရပါတယ်။ 

    စစ်ပွဲအစပိုင်းကတည်းက အစ္စရေးကာကွယ်ရေး၀န်ကြီး ယိုအဗ် ဂါလန့်ဟာ ပါလက်စတိုင်းတွေကို လူ့တိရစ္ဆာန်တွေလို့ သုံးနှုန်းကာ အစာဖြတ်၊ ရေဖြတ်၊ မီးဖြတ်၊ လောင်စာဖြတ်ကာ ချေမှုန်းဖို့ အမိန့်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ 

    အလ်-အဟ်လီ အာရပ်ဆေးရုံကို မတိုက်ခိုက်ခင် တစ်ရက်အလို အောက်တိုဘာ ၁၆ ရက်နေ့မှာ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက အခုအဖြစ်အပျက်ဟာ အလင်းထဲက လူမျိုးတွေနဲ့ အမှောင်ထဲကလူမျိုးတွေ အားပြိုင်မှုဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒါကို ပြန်ဖျက်သွားပါတယ်။ 

    အစ္စရေး ပြည်ထဲရေး၀န်ကြီး အီတာမာရ် ဘင်-ဂါဗီရ်က ဖမ်းထားတဲ့သူတွေကို ဟားမက်စ်က ပြန်မလွှတ်ပေးရင် ဂါဇာကို ဗုံး တန်ချိန်ပေါင်းများစွာ ချမှာဖြစ်ပြီး၊ အကူအညီတစ်အောင်စတောင် မရောက်စေရဘူးလို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera