News @ M-Media

Tag: Palestine

  • ဂါဇာမှာ လူသတ်နှုန်း စံချိန်တင်တဲ့ အစ္စရေး

    ဂါဇာမှာ လူသတ်နှုန်း စံချိန်တင်တဲ့ အစ္စရေး

    အောက်တိုဘာ ၂၅၊ ၂၀၂၃ 

    M-Media 


    အောက်တိုဘာ ၂၄ ရက် တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်း ကလေးငယ်

    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေရာမှာ အောက်တိုဘာ ၂၄ ရက်နေ့ တစ်နေ့လည်း လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    ဒါဟာ အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုအတွင်း တစ်ရက်အတွင်း သေဆုံးမှု အမြင့်ဆုံး ဖြစ်ပါတယ်။ 

    အလ်-နူစီရတ် ဒုက္ခသည်စခန်း၊ အလ်-ရှာတီ ဒုက္ခသည်စခန်း၊ ခန်ယူနစ်မြို့က အလ်ဇိုက်တွန် ရပ်ကွက်၊ ဂါဇာစီးတီးက အီတလီတာ၀ါ စတဲ့ အရပ်ဖက်နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ 

    ၁၇ ရက်အတွင်း ဂါဇာက ပါလက်စတိုင်းပြည်သူ ၅၇၀၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီး အဲဒီအထဲက ၂၄၀၀ ကျော်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ အကြိမ်ကြိမ် ကျူးကျော်ဖျက်ဆီးမှုကို ခံထားရသည့် ဂါဇာမှ ဒေသများ

    အစ္စရေး၏ အကြိမ်ကြိမ် ကျူးကျော်ဖျက်ဆီးမှုကို ခံထားရသည့် ဂါဇာမှ ဒေသများ

    အောက်တိုဘာ ၂၄၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဟာ အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး အစ္စရေးရဲ့ တစ်ကျော့ပြန် တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလာရပါတယ်။ 

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်မှုကို တုန့်ပြန်တာလို့ အစ္စရေးဖက်က ပြောပေမယ့် ဒုက္ခသည်စခန်းတွေ၊ လူနေရပ်ကွက်တွေကိုသာ အဓိက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကို တွေ့ရပါတယ်။ 

    လေကြောင်း၊ ကြည်းကြောင်းနဲ့ ရေကြောင်း ဘက်ပေါင်းစုံက ဂါဇာကို အစ္စရေးက တိုက်ခိုက်နေတာပါ။ 

    လူနေအိမ်တွေအပြင်၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေလည်း အကြီးအကျယ် ဖျက်ဆီးခံနေရပါတယ်။

    ဂါဇာကမ်းမြှောင်မှာ လူဦးရေ ၂ ဒဿမ ၃ သန်းရှိပြီး ၁ ဒဿမ ၇ သန်းဟာ ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေရဲ့ နယ်မြေလု သတ်ဖြတ်မောင်းထုတ်မှုကြောင့် အခြား ပါလက်စတိုင်းဒေသတွေကနေ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ 

    အစ္စရေး၊ အီဂျစ်နဲ့ မြေထဲပင်လယ်တို့ ၀ိုင်းထားတဲ့ ဂါဇာမှာ မြောက်ဂါဇာ၊ ဂါဇာစီးတီး၊ ဒီ အလ်-ဘာလာ၊ ခန်ယူနစ်နဲ့ ရာဖာဆိုပြီး အုပ်ချုပ်ရေးဒေသ ၅ ခု ရှိပါတယ်။ 

    အကျယ်က ၁၄၁ စကွဲယားမိုင် ရှိပြီး ကမ်းမြှောင်တစ်ခုလုံးကို မြောက်ဖက်ကနေ တောင်ဖက် ကားမောင်းသွားရင် တစ်နာရီသာ ကြာမြင့်ပါတယ်။ 

    ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးကတည်းက ဂါဇာကို အီဂျစ်လက်ကနေ အစ္စရေးက သိမ်းယူခဲ့ပြီး ပါလက်စတိုင်းတွေကို ထိန်းချုပ်ထားတာပါ။ ၂၀၀၇ ခုနှစ်မှာတော့ ဂါဇာကမ်းမြှောင်တစ်ခုလုံးကို အစ္စရေးက လုံး၀ ပိတ်ချလိုက်ပြီး ကမ္ဘာ့အကြီးဆုံး လဟာပြင်ထောင်ဆိုပြီး အမည်တွင်ခဲ့ပါတယ်။ 

    ၁၆ ရက်အတွင်း ဂါဇာမှာ အားလုံးနီးပါး ဖျက်ဆီးခံလိုက်ရတဲ့ ဂါဇာက ဒေသတွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

    ဂါဇာမြောက်ပိုင်း ဒေသများ 

    —————–

    ဂါဇာမြောက်ပိုင်းဒေသဟာ ၂၄ စကွဲယားမိုင် ကျယ်ပါတယ်။ အီရဇ်လို့ခေါ်တဲ့ နယ်ခြားထွက်ပေါက်တစ်ခုသာ ရှိပြီး ဒါကို အစ္စရေးက ထိန်းချုပ်ထားပါတယ်။ 

    လူပေါင်း ၄ သိန်း ၄ သောင်း နေထိုင်ပြီး အကြီးဆုံး ပါလက်စတိုင်း ဒုက္ခသည်စခန်း ဂျာဘာလီယာဟာ ဒီမြောက်ပိုင်းဒေသမှာ ရှိပါတယ်။ မြောက်ဂါဇာမှာ ဘိုသ် လာဟီယာ၊ ဘိုသ် ဟန်နွန်၊ မာဒီနတ် အလ်-အောင်ဒါ၊ ဂျာဘာလီယာ အလ်-ဘာလဒ် စတဲ့ ရပ်ကွက်တွေ ရှိပါတယ်။ 

    အစ္စရေးဟာ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အောက်တိုဘာ ၉၊ ၁၂၊ ၁၉ နဲ့ ၂၂ ရက်နေ့တွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    လက်ရှိမှာ ကုလသမဂ္ဂက တည်ဆောက်ပေးထားတဲ့ စာသင်ကျောင်း ၃ ကျောင်းမှာ ပါလက်စတိုင်းတွေ ခိုလှုံနေရပါတယ်။ 

    ဂါဇာစီးတီး 

    ————–

    ဂါဇာစီးတီးဟာ ဂါဇာကမ်းမြှောင်မှာ လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခုပါ။ လူပေါင်း ၇ သိန်း ၅ သောင်းကျော် နေထိုင်ပါတယ်။ 

    ဂါဇာစီးတီးမှာ ဒုတိယအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ရှာတီ ဒုက္ခသည်စခန်း ရှိနေပါတယ်။ ဂါဇာဟာဘား၊ မြောက်ရီမာ၊ တောင်ရီမာ၊ ရှိခ် ရဒ်၀မ်၊ အလ်-နဆာရ်၊ အလ်-ဒါရက်ဂျ်၊ အလ်-တူဖာ၊ အလ်-ဆာဘရာ၊ တာလ် အလ်-ဟာ၀ါ စတဲ့ ရပ်ကွက်တွေ ပါ၀င်ပါတယ်။ 

    ရီမာမြို့နယ်ရဲ့ အလယ်မှာ အလ် ရှီဖာ ဆေးရုံရှိပြီး ဂါဇာပြည်သူတွေ အားကိုးအားထားပြုရတဲ့ ဂါဇာက ဆေးရုံအနည်းငယ်ထဲမှာ ပါ၀င်ပါတယ်။ အစ္စရေးလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တော်တော်များများ ဒီဆေးရုံမှာ ခိုလှုံနေရပါတယ်။ 

    ဆေးရုံပတ်၀န်းကျင်မှာလည်း ကုလသမဂ္ဂရဲ့ အကူအညီပေးရေးစင်တာတွေ ရှိနေပြီး၊ ဂါဇာထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ ဂါဇာ အစ္စလာမ့်တက္ကသိုလ်၊ အလ်-အဇ်ဟာရ် တက္ကသိုလ်၊ အလ်-အက္ကဆာတက္ကသိုလ်တွေလည်း ရီမာလ်မြို့နယ်ထဲမှာရှိပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့မှာ ရီမာမြို့က ၁၄ ထပ်ရှိတဲ့ တာ၀ါအဆောက်အဦးကို အစ္စရေးက ဒုံးကျည်နဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ 

    ရှာတီဒုက္ခသည်စခန်းဟာ အောက်တိုဘာ ၂၃ ရက်နေ့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်အများစုအပါအ၀င် လူအများအပြား သေဆုံးခဲ့ပါတယ်။ 

    အောက်တိုဘာ ၉ ရက်နေ့မှာ ရီမာလ်မြို့က ယာစင်ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ဗလီ၀တ်ကျောင်းတော် ၁၁ လုံးရှိလာပြီဖြစ်ပါတယ်။  

    အောက်တိုဘာ ၁၈ ရက်နေ့က အလ်-ဟာ၀ါ မြို့နယ်မှာရှိတဲ့ အလ်-ကွဒ်စ် ဆေးရုံပတ်၀န်းကျင်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ 

    ၂၀၀၉ ခုနှစ်ကလည်း အစ္စရေးဟာ ဒီဆေရုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ဖူးပါတယ်။ လက်ရှိ အလ်-ကွဒ်စ်ဆေးရုံမှာ စစ်ရှောင် ပါလက်စတိုင်းပြည်သူ ၈၀၀၀ ကျော် နေထိုင်နေရပါတယ်။ 

    ဂါစီးတီးမြို့ဟောင်းမှာ အိုမာရီဗလီ၊ ဂါဇာဂျာမေဗလီ၊ St Philip the Evangelist Chapel ဘုရားကျောင်း နဲ့ St Porphyrius Church ဘုရားကျောင်းတို့လို သမိုင်း၀င်နေရာ အများအပြားရှိပါတယ်။ 

    အောက်တိုဘာ ၁၇ ရက်နေ့မှာ အစ္စရေးဟာ မြို့ဟောင်းက အလ်-အဟ်လီ အာရပ် ဆေးရုံကို တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း ၅၀၀ လောက် သေဆုံးခဲ့ပါတယ်။ 

    သေဆုံးသူအများစုဟာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကနေ ထွက်ပြေးလာရသူတွေပါ။ 

    နောက်ထပ် ၂ ရက်အကြာ အောက်တိုဘာ ၁၉ ရက်နေ့မှာ ခရစ်ယာန်ဘုရားကျောင်း St Porphyrius Church ကို အစ္စရေးက ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ပါတယ်။ 

    ဂါဇာစီးတီးက အကြီးဆုံး ရက်ကွက်တွေထဲကတစ်ခုဟာ ရှူဂျိုင်ယာဖြစ်ပါတယ်။ အရင် အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေမှာ ရှုဂျိုင်ယာဟာ အကြီးအကျယ် ဖျက်ဆီးခံခဲ့ရပါတယ်။ 

    ဂါဇာစီးတီးရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ အလ်-ဇဟ်ရာ၊ အလ် မူဂ်ရက်ကာ၊ ဂျူဟို အက်ဒစ် ရပ်ကွက်တွေကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ 

    အလ်-ဇဟ်ရာမှာ လူနေတိုက်ခန်း အနည်းဆုံး ၁၀ ခု ဖြိုချဖျက်ဆီးခံခဲ့ရပြီး၊ ယခုအချိန်အထိ လူထောင်ချီ အပျက်အဆီးတွေထဲမှာ ပိတ်မိနေဆဲပါ။ 

    ဒီ အလ်-ဘာလာ 

    ——————-

    ဒီ အလ်-ဘာလာ ဒေသမှာ နူစီရသ်၊ အလ်-ဘူရက်ဂျ်၊ အလ်-မဂ်ဟာဇီနဲ့ ဒီ အလ်-ဘာလာဆိုတဲ့ ဒုက္ခသည်စခန်း ၄ ခုရှိပါတယ်။ 

    ဂါဇာရဲ့ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ဒီ အလ်-ဘာလာမှာ ရှိနေပါတယ်။ 

    တိုက်ခိုက်မှုတွေကြောင့် စားနပ်ရိက္ခာရှားပါလာတဲ့အတွက် မုန့်ဖုတ်ဆိုင်တွေမှာ ပေါင်မုန့် တန်းစီ၀ယ်နေရတဲ့သူတွေကိုလည်း အစ္စရေးက အလွတ်မပေးဘဲ တိုက်ခိုက်မှုတွေ လုပ်ပါတယ်။

    ဒီတိုက်ခိုက်မှုတွေထဲက အထင်ရှားဆုံး အဖြစ်အပျက်တစ်ခုဟာ နူစီရသ် ဒုက္ခသည်စခန်းက ပေါင်မုန့်ဖိုမှာ ဖြစ်ခဲ့တာပါ။ ပေါင်မုန့်၀ယ်ဖို့ လူတွေ တန်းစီစောင့်နေတဲ့အချိန် အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ပြီး ပေါင်မုန့်ဖိုလည်း ပြိုကျပျက်ဆီးသွားခဲ့ပါတယ်။ 

    နူစီရသ် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၈၅၀၀၀ လောက် နေထိုင်ပါတယ်။ 

    ခန်ယူနစ် 

    ———

    ဂါဇာတောင်ပိုင်းမှာရှိတဲ့ ခန်ယူနစ်ဟာ ဧရိယာ အကျယ်အ၀န်းအရ ဂါဇာရဲ့ အကြီးဆုံး ဒေသဖြစ်ပါတယ်။ လူဦးရေ ၄ သိန်း ၃ သောင်းရှိပြီး ဒေသရဲ့အလယ်မှာ လူ ၉ သောင်း နေထိုင်တဲ့ ခန်ယူနစ် ဒုက္ခသည်စခန်း ရှိနေပါတယ်။ 

    အစ္စရေးဟာ မြောက်ပိုင်းက ပါလက်စတိုင်းတွေကို တောင်ပိုင်းကိုရွှေ့ခိုင်းခဲ့ပြီး တောင်ပိုင်းဖြစ်တဲ့ ခန်ယူနစ်ကိုလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ 

    ခန်ယူနစ်မှာ မြောက်ပိုင်းက ရောက်လာတဲ့ စစ်ရှောင်တွေဟာ သောက်သုံးရေ၊ အစားအစာ၊ ဆေး၀ါးတွေ လုံလုံလောက်လောက်မရှိဘဲ နေထိုင်နေကြပါတယ်။ 

    ရာဖာ 

    —–

    အီဂျစ်နဲ့ ကပ်နေတဲ့ ရာဖာဟာ ဂါဇာ တောင်ဘက်စွန်းဒေသ ဖြစ်ပါတယ်။ လူပေါင်း ၂၇၅၀၀၀ လောက်နေထိုင်ပြီး ဂါဇာရဲ့ ထွက်ပေါက် ၃ ပေါက်ထဲက ၂ ပေါက်ရှိတဲ့ဒေသပါ။ 

    ရာဖာထွက်ပေါက်ကို အီဂျစ်က ထိန်းချုပ်ထားပြီး ကရင် အဘူ ဆလင်းထွက်ပေါက်ကို အစ္စရေးက ထိန်းချုပ်ထားပါတယ်။ ထွက်ပေါက်နှစ်ပေါက်လုံးဟာ အမြဲလိုလို ပိတ်ထားပါတယ်။ 

    ရာဖာက လူနေရပ်ကွက်တွေကိုလည်း အစ္စရေးက လေကြောင်းကနေ ထိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်ပြီး ဂါဇာမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးတဲ့ ပါလက်စတိုင်း အရေအတွက်ဟာ ၅၀၈၇ ဦး ရှိပါပြီ။ ဒဏ်ရာရသူ အရေအတွက် ၁၄၀၀၀ ကျော်ပြီ ဖြစ်ပါတယ်။ 

    Ref: Al Jazeera

  • အစ္စရေး၏ တနင်္လာနေ့ လူသတ်ပွဲတွင် ဂါဇာ၌ လူ ၄၀၀ ကျော် သေဆုံး

    အစ္စရေး၏ တနင်္လာနေ့ လူသတ်ပွဲတွင် ဂါဇာ၌ လူ ၄၀၀ ကျော် သေဆုံး

    အောက်တိုဘာ ၂၄၊ ၂၀၂၃

    M-Media 

    (ဓာတ်ပုံ – ဒီ အလ်-ဘာလာ သုဿာန်တွင် သေဆုံးသူများကို မြှုပ်နှံနေစဥ်)

    -အစ္စရေးဟာ ဂါဇာပြည်သူတွေအပေါ် လေကြောင်းကနေတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေပြီး တနင်္လာနေ့ တစ်နေ့တည်း လူ ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့က အလ်-ရှာတီ ဒုက္ခသည်စခန်းကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အလ်-ရှာတီ ဒုက္ခသည်စခန်းဟာ ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေ နယ်မြေလု သတ်ဖြတ်မောင်းထုတ်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပါလက်စတိုင်းတွေ နေထိုင်ရာနေရာ ဖြစ်ပါတယ်။ 

    လူဦးရေ ၉၀၁၀၀ လောက်ရှိပြီး၊ နေရာကျဥ်းကျဥ်းလေးထဲမှာ ပြွတ်သိပ် နေထိုင်နေရတာကြောင့် ကမ္ဘာ့ လူဦးရေ အထူထပ်ဆုံး နေရာတွေထဲကတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်ပြီး ဂါဇာမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးတဲ့ ပါလက်စတိုင်း အရေအတွက်ဟာ ၅၀၈၇ ဦး ရှိပါပြီ။ ဒဏ်ရာရသူ အရေအတွက် ၁၄၀၀၀ ကျော် ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဒုက္ခသည်စခန်းနှင့် ဆေးရုံများကို ပစ်မှတ်ထားခဲ့သည့် အစ္စရေး၏  တနင်္ဂနွေနေ့ လူသတ်ပွဲ

    ဒုက္ခသည်စခန်းနှင့် ဆေးရုံများကို ပစ်မှတ်ထားခဲ့သည့် အစ္စရေး၏ တနင်္ဂနွေနေ့ လူသတ်ပွဲ

    အောက်တိုဘာ ၂၃၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး မနေ့က  ဒုက္ခသည်စခန်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားခဲ့တာကြောင့် အများအပြား သေဆုံးခဲ့ပါတယ်။

    ဂျာဘာလီယာ ဒုက္ခသည်စခန်းက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၃၀ လောက် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ နေထိုင်ရာ ဒုက္ခသည်စခန်း ဂါဇာမှာ ၈ ခုရှိပြီး ဂျာဘာလီယာက အကြီးဆုံးဖြစ်ပါတယ်။ 

    ဒဏ်ရာရသူက အနည်းဆုံး ၂၇ ဦးရှိပါတယ်။ ဂါဇာမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံ ဒါရိုက်တာက ဆေး၀ါးပစ္စည်းတွေ၊ ကိရိယာတွေ ပြတ်တောက်နေတာကြောင့် ထိထိရောက်ရောက် ကုသမှု မပေးနိုင်ဘူးလို့ ပြောပါတယ်။

    ဂါဇာရဲ့ အလ်-ရှီဖာ၊ အလ်-ကွဒ်စ်နဲ့ အင်ဒိုနီးရှား ဆေးရုံတွေ တစ်၀ိုက်မှာလည်း အစ္စရေးက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    မနေ့ကတစ်ရက်အတွင်း အစ္စရေးလက်ချက်ကြောင့် ဂါဇာမှာ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    ဂါဇာပြည်သူတွေကို လေကြောင်းကနေ အစ္စရေးက ဗုံးကြဲတိုက်ခိုက်လာတာ ၁၆ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၄၆၅၁ ဦးရှိကာ၊ ဒဏ်ရာရသူအရေအတွက်က ၁၄၂၄၅ ဦး ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် အသတ်ခံရသူ ၄၃၀၀ ကျော်ပြီ

    ဂါဇာတွင် အသတ်ခံရသူ ၄၃၀၀ ကျော်ပြီ

    အောက်တိုဘာ ၂၂၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အောက်တိုဘာ ၂၁ ရက်နေ့အထိ ၄၃၈၅ ဦး ရှိပြီလို့ သိရပါတယ်။ 

    သေဆုံးသူတွေထဲက ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။ ဒဏ်ရာရသူအရေအတွက်က ၁၃၀၀၀ ကျော်ရှိပါတယ်။ 

    ကလေးငယ် ၇၂၀ အပါအ၀င် ပျောက်ဆုံးနေသူ ၁၄၀၀ ကျော်ရှိပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ ဟားမက်စ်က အစ္စရေးထဲ ၀င်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း အစ္စရေးက ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဦးတည် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ 

    ဟားမက်စ်လက်ချက်ကြောင့် သေဆုံးသူ ၁၄၀၀ ကျော် ရှိတယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာပြည်သူတွေကို အစာဖြတ်၊ ရေဖြတ်၊ လောင်စာဖြတ်၊ မီးဖြတ်မှု လုပ်ဆောင်ထားပြီး ဆေးရုံတွေ၊ ကျောင်းတွေ၊ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကိုလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ 

    အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေပြီး တင်းမာမှုတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ 

    Ref: Aljazeera