News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းရှိ ခရစ်ယာန်တို့၏ အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်က ဖယ်ရှား

    ပါလက်စတိုင်းရှိ ခရစ်ယာန်တို့၏ အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်က ဖယ်ရှား

    ဇူလိုင် ၂၄၊ ၂၀၂၀
    M-Media

    -ယေရှုခရစ်တော် ဖွားမြင်ရာ ဘက်သလီဟန်မြို့ ဘုရားကျောင်းက ရှေးဟောင်းသမိုင်းဝင် ဘာသာရေး အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်ကနေ ခိုးယူသွားခဲ့တယ်လို့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘက်သလီဟန်ခရိုင်က တူကူမြို့က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းမှာရှိပြီး နှစ်ခြင်းခံရာမှာ အသုံးပြုတဲ့ ရေဖလားကြီးတစ်ခုကို အစ္စရေးစစ်တပ်က အခုတစ်ပတ်အစောပိုင်းမှာ ထရပ်ကားနဲ့ ညဘက် လာရောက်သယ်ဆောင်သွားတာ ဖြစ်ပါတယ်။

    ဘိုင်ဇန်တိုင်းခေတ်က ဖြစ်ပြီး နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ အဲဒီရေဖလားဟာ ကမ္ဘာပေါ်မှာ ၃ လုံးသာရှိပြီး ပါလက်စတိုင်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ရှိနေတာဖြစ်ပါတယ်။ ခရစ်တော်မွေးဖွားရာနေရာမှာ တည်ထားတဲ့ Church of the Nativity ဘုရားကျောင်းမှာ တစ်လုံး၊ ရှေးဟောင်း ပါလက်စတိုင်းမြို့ဖြစ်တဲ့ Beit Jibrin က ဘုရားကျောင်းမှာ တစ်လုံး ရှိနေတာပါ။

    ဂျူးတွေက အစ္စရေးနိုင်ငံတည်ထောင်ဖို့ ၁၉၄၈ ခုနှစ် ပါလက်စတိုင်း ပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ Beit Jibrin မြို့ဟာ ပျက်ဆီးသွားခဲ့ပါတယ်။

    အစ္စရေးစစ်တပ်က ရေဖလားကို ထရပ်ကားနဲ့ သယ်ဆောင်သွားတဲ့ ဗီဒီယိုကို ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ဌာနက Twitter စာမျက်နှာ လွှင့်တင်ခဲ့ပြီး စက်ဆုပ်ဖွယ်ရာကောင်းတဲ့ သူခိုးဓားပြလုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    PLO အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဟာနန် အက်ရှ်ရာဝီက ကျူးကျော်သူအစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းဌာနေတွေရဲ့ အမှတ်သညာ၊ အထောက်အထားတွေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်တွေကိုဖယ်ရှားတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးသတင်းစာ Jerusalem Post က ရေဖလားကို အစ္စရေးစစ်တပ်က ခိုးယူသွားတာမဟုတ်ဘဲ မူလနေရာကို ပြန်သွားထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစ္စရေးဟာ မှောင်ခိုသမားတွေ၊ ဓားပြဂိုဏ်းတွေနဲ့ပေါင်းပြီး ပါလက်စတိုင်းတွေရဲ့ ရှေးဟောင်း သမိုင်းအမွေအနှစ် ပစ္စည်းတွေကို ခိုးယူဖျောက်ဖျက်လေ့ရှိတယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ သတင်းဌာန Wafa က ဖော်ပြခဲ့ပါတယ်။

    Ref: Middle East Eye

  • ပါလက်စတိုင်းရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးကဖြိုချမှု ကုလရှုတ်ချ

    ပါလက်စတိုင်းရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးကဖြိုချမှု ကုလရှုတ်ချ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    ဟီဘရွန်ရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးက ဖျက်ဆီးပြီးနောက် တွေ့ရစဉ်

    -ပါလက်စတိုင်းပိုင်းနက်က အစ္စရေးရဲ့လုပ်ရပ်တွေ၊ အစ္စရေး-ပါလက်စတိုင်းအကြား ဆက်ဆံရေး တင်းမာလာတာတွေက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ထိခိုက်ပျက်ဆီးစေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။

    အနောက်ဖက်ကမ်း ဟီဘရွန်မြို့က ကိုဗစ်ကုသရေးစင်တာကို အင်္ဂါနေ့မှာ ဆောက်လုပ်ရေးပါမစ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးစစ်တပ်က ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ ဆာလ်ဖစ်မြို့မှာ အစ္စရေးက နေအိမ်တစ်ခုကို ဖြိုချခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ အရှေ့ဂျေရုစလင်က ယဉ်ကျေးမှုစင်တာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အစ္စရေးဟာ ပါက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်သိမ်းဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နီကိုလေ ​မလာဒီနော့ဗ်က အစ္စရေးနဲ့ ပါလက်စတိုင်းမှာ ကိုဗစ်ကူးစက်မှုအခြေအနေဟာ ဆိုးရွားလာခဲ့ပြီး၊ အခုနှစ်အစောပိုင်းက ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မမြင်ရတော့ဘဲ ပြည်သူတွေရဲ့ဘ၀ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကုလလုံခြုံရေးကောင်စီမှာ မနေ့က သတိပေးခဲ့ပါတယ်။

    အနောက်ဖက်ကမ်းက ဒေသတစ်ချို့ကို ပိုင်နက်ထဲသွတ်သွင်းမယ့်အစီအစဉ်ကို စွန့်လွှတ်ဖို့လည်း မလာဒီနော့ဗ်က သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးတုန့်ပြန်ရေး၊ အစ္စရေးရဲ့ပိတ်ဆို့မှုကို ခံထားရတဲ့ ဂါဇာကမ်းမြှောင်က ဗိုင်းရပ်စ်ကူးစက်နေသူတွေကို လွှဲပြောင်းနိုင်ရေး ကုလက ကြားဝင်ကူညီပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ Covid-19 ကူစက်သူအရေအတွက် စုစုပေါင်း ၁၀၉၂၃ ဦး၊ သေဆုံးသူ ၆၇ ဦးရှိပြီး အစ္စရေးမှာ ကူးစက်သူ ၅၄၆၆၃ ဦး၊ သေဆုံးသူ ၄၃၀ ဦး ရှိနေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းအား ထပ်ကျူးကျော်မည့်အစ္စရေး၏လုပ်ရပ်ကို နိုင်ငံ ၄ နိုင်ငံက သတိပေး

    ပါလက်စတိုင်းအား ထပ်ကျူးကျော်မည့်အစ္စရေး၏လုပ်ရပ်ကို နိုင်ငံ ၄ နိုင်ငံက သတိပေး

    ဇူလိုင် ၉၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းဒေသအား ဂျူးများက ကျူးကျော်သိမ်းပိုက်မှု အဆင့်ဆင့်

    -ကျူးကျော်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကို ပိုင်နက်ထဲ ထပ်မံသွတ်သွင်းမယ်ဆိုရင် ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ထိခိုက်လိမ့်မယ်လို့ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျော်ဒန်တို့က အစ္စရေးကို သတိပေးလိုက်ပါတယ်။

    မဟာဗျူဟာကျတဲ့ ဂျော်ဒန်ချိုင့်ဝှမ်းဒေသ အပါအဝင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နယ်မြေ ၃၀ ရာခိုင်နှုန်းလောက်ကို ဇူလိုင် ၁ ရက်နေ့မှာ ပိုက်နက်ထဲထည့်သွင်းဖို့ နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရအဖွဲ့က စီစဉ်ထားတာပါ။ ဒီသိမ်းပိုက်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုတဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အစ္စရေးအစိုးရက ဇူလိုင် ၁ ရက်နေ့မှာ ဘာမှမထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်တာဝန်ရှိသူတွေနဲ့ အစ္စရေးလုံခြုံရေး အကြီးအကဲတွေအကြား ဆွေးနွေးမှုတွေ ဆက်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ပိုင်နက်ထဲ သွတ်သွင်းတာမျိုးဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့ အုတ်မြစ်ကို ထိခိုက်စေလိမ့်မယ်လို့ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးတွေ အင်္ဂါနေ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ဒီပြဿနာမှာ ပါဝင်တဲ့သူတွေက သဘောတူတာမျိုးမဟုတ်ဘဲနဲ့ ၁၉၆၇ ခုနှစ်တုန်းက ရှိတဲ့ နယ်နိမိတ် အပြောင်းအလဲလုပ်တာကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ အစ္စရေးရဲ့ ဒီခြေလှမ်းဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာဖြစ်ပြီး မျှတပြည့်စုံတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာလည်း အဓိကအဟန့်အတား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်”

    နိုင်ငံတကာဥပဒေကို အခြေခံတဲ့ နှစ်နိုင်ငံတည်ရှိရေးမူကိုသာ မိမိတို့က လက်ခံပြီး အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့ လုပ်ရပ်ဟာ မိမိတို့နဲ့ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းအား ထပ်သိမ်းရေး အစ္စရေး၏ အစီအစဉ်သစ်က ကမ္ဘာ့လုံခြုံရေးကို ထိခိုက်လာနိုင်

    ပါလက်စတိုင်းအား ထပ်သိမ်းရေး အစ္စရေး၏ အစီအစဉ်သစ်က ကမ္ဘာ့လုံခြုံရေးကို ထိခိုက်လာနိုင်

    ဇွန် ၂၅၊ ၂၀၂၀
    M-Media

    လုံခြုံရေးကောင်စီ အစည်းအ၀​ေးတွင် တွေ့ရသည့် ပါလက်စတိုင်း ကိုယ်စားလှယ်များ

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ အစိတ်အပိုင်းတစ်ချို့ကို ပိုင်နက်ထဲထည့်သွင်းမယ့် အစ္စရေးရဲ့ အစီအစဉ်ကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို အန္တရာယ်ရှိစေပြီး၊ မတည်ငြိမ်မှုဟာ ဒေသအပြင်ဖက်အထိ ​ေရာက်သွားနိုင်တယ်လို့ အဖွဲ့ဝင် ၂၂ နိုင်ငံပါတဲ့ အာရပ်လိဂ်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    အစ္စရေးဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဇူလိုင်လ ၁ ရက်နေ့ရောက်ရင် ပိုင်နက်ထဲ သွတ်သွင်းဖို့ စီစဉ်ထားတာပါ။

    ကုလ လုံခြုံရေးကောင်စီရဲ့ မနေ့က အရေးပေါ်အစည်းအဝေးမှာ အာရပ်လိဂ်ရဲ့ အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘ်ဒူလ် ဂီအစ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာလုံခြုံရေးကို ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    “အစ္စရေးရဲ့ ဒီနယ်မြေသွတ်သွင်းရေးအစီအစဉ်ကိုသာ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ ဒီကနေ့ရနေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ဆီးစေရုံသာမက အနာဂတ် ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကိုလည်း ပျက်ဆီးစေပါလိမ့်မယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရေးကို ပါလက်စတိုင်းတွေ ယုံကြည်တော့မှာမဟုတ်သလို၊ အာရပ်တွေကိုယ်တိုင် ဒေသတွင်းငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားမှု လျော့ကျသွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်”

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က အစ္စရေးအနေနဲ့ ဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပြီး၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို အကြီးအကျယ် ချိုးဖောက်တာဖြစ်ကြောင်း၊ နှစ်နိုင်ငံတည်ရှိရေး မျှော်မှန်းချက်ကို ပျက်ဆီးစေပြီး ညှိနှိုင်းဆွေးနွေးမှုပြန်စရေး ဖြစ်နိုင်ခြေတွေ အဆုံးသတ်သွားနိုင်ကြောင်း အဖွင့်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

    ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲအပါအဝင် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေအားလုံးကလည်း အစ္စရေးရဲ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ လက်ရှိအဖွဲ့ဝင်နဲ့ နောက်ပိုင်းမှာ အဖွဲ့ဝင်ဖြစ်လာတော့မယ့် ဥရောပနိုင်ငံ စုစုပေါင်း ၆ နိုင်ငံက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစ္စရေးရဲ့ ဒီလုပ်ရပ်ကို မိမိတို့က အသိအမှတ်ပြုမှာမဟုတ်သလို မိမိတို့နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ နယ်မြေ ၃၀ ရာခိုင်နှုန်းကို အစ္စရေးက ပိုင်နက်ထဲထည့်သွင်းမယ့် အစီအစဉ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပါလက်စတိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချထားပါတယ်။

    Ref: Alarabiya

  • အစ္စရေးက ပါလက်စတိုင်းအား တရားဝင်ထပ်သိမ်းမည့် အစီအစဉ်ကို ဥရောပ ရှုတ်ချ

    အစ္စရေးက ပါလက်စတိုင်းအား တရားဝင်ထပ်သိမ်းမည့် အစီအစဉ်ကို ဥရောပ ရှုတ်ချ

    ဇွန် ၂၄၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုက်နက်ထဲသွတ်သွင်းဖို့ ပြင်ဆင်နေတဲ့ အစ္စရေးရဲ့ အစီအစဉ်ကို ဥ​ရောပလွှတ်တော်အမတ် တစ်ထောင်ကျော်က ကန့်ကွက် ရှုတ်ချလိုက်ပြီး ဒါဟာ ‘အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး မျှော်မှန်းချက်ကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်’ လို့ ပြောကြားလိုက်ပါတယ်။

    အနောက်ဖက်ကမ်းမှာ ဆောက်လုပ်ထားတဲ့ တရားမဝင် ဂျူးအခြေချအိမ်ယာတွေကို ဇူလိုင်လ ၁ ရက်နေ့ကျရင် ပိုင်နက်ထဲ သွတ်သွင်းဖို့ အစ္စရေးအစိုးရက စီစဉ်နေတာပါ။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကမကထပြုတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒီလို သွတ်သွင်းမှုကို တားဆီးဖို့နဲ့ နှစ်နိုင်ငံတည်ရှိရေးမျှော်မှန်းချက်ကို ကာကွယ်ဖို့အတွက် ဥရောပ ၂၅ နိုင်ငံက လွှတ်တော်အမတ် ၁၀၀၀ ကျော်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    “​၂၀၂၀ ရောက်နေတဲ့ အခုလိုအချိန်မျိုးမှာ နယ်မြေကို အင်အားသုံးပြီး သိမ်းပိုက်တာမျိုးအတွက် နေရာမရှိတော့ပါဘူး။ သာတူညီမျှအခြေအနေမျိုးပဲ ရှိရပါမယ်”

    ဒီအခြေအနေကို ထိထိရောက်တုန့်ပြန်ဖို့လည်း ဥရောပခေါင်းဆောင်တွေကို အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီကလည်း ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

    ထရမ့် ကမကထပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အရှေ့ဂျေရုစလင်ကလွဲလို့ ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းဒေသတွေကို ဆက်သွယ်ပေါင်းစပ်ကာ စစ်မက်မရှိတဲ့ ပါလက်စတိုင်းနိုင်ငံ ထည်ထောင်ဖို့ အဆိုပြုထားပါတယ်။

    ဒါပေမယ့် ဒီအစီအစဉ်ကို ပါလက်စတိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လူသိရှင်ကြား ကန့်ကွက်ထားပါတယ်။

    ထရမ့်ရဲ့ ဒီအစီစဉ်ဟာ ပြန့်ကျဲနေတဲ့ ပါလက်စတိုင်းပိုင်နက်တွေအပေါ် အစ္စရေးက အမြဲတမ်းထိန်းချုပ်ထားနိုင်ဖို့၊ ပါလက်စတိုင်းတွေက အချုပ်အခြာအာဏာ မပိုင်တော့တဲ့အပြင် အစ္စရေးက အနောက်ဖက်ကမ်းရဲ့ အဓိကအစိတ်အပိုင်းတွေကို တစ်ဖက်သက် သိမ်ဆည်းနိုင်ဖို့ အားပေးအားမြှောက်ပြုရာ ရောက်နေတယ်လို့ ဥရောပလွှတ်တော်အမတ်တွေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera