News @ M-Media

Tag: Palestine

  • ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    မေ ၃၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်း အနုပညာရှင်တစ်ဦး၏ အသိပညာပေး ဂရပ်ဖတီ

    -ပါလက်စတိုင်းနိုင်ငံရဲ့ ကိုရိုနာတိုက်ဖျက်ရေးမှာ အကူအညီဖြစ်စေဖို့အတွက် ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ လှူဒါန်းကူညီသွားမယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ပါလက်စတိုင်းမှာ ဧပြီလ ၃၀ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ၃၄၀ ရှိပြီး သေဆုံးသူက ၂ ဦးရှိပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ နိုင်ငံအတွင်း လူစုခွင့် ပိတ်ပင်ထားသလို၊ ရွေ့လျားသွားလာမှုကို တစိတ်တစ်ပိုင်း ကန့်သတ်မှု လုပ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေတွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့က ပါလက်စတိုင်းပြည်သူတ​ွေဟာ အစ္စရေးရဲ့ နှစ်ပေါင်းများစွာ ကျူးကျော်မှု၊ ကန့်သတ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြပြီး အခု ဗိုင်းရပ်စ်ပြန့်နှံံမှုဒဏ်ကြောင့် အခြေအနေ ပိုမိုဆိုးရွားနေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် ဆော်ဒီဟာ ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းအကူအညီတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီဟာ ဆော်ဒီအစိုးရရဲ့ ပရဟိတအဖွဲ့ King Salman Humanitarian Aid and Relief Center (KSRelief) ကနေ ဆောင်ရွက်တာ ဖြစ်ပါတယ်။

    ဆော်ဒီဟာ Covid-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပြီးခဲ့တဲ့လမှာ ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပြီး၊ ဗိုင်းရပ်စ်ဒဏ် ခံစားနေရတဲ့ အခြားတိုင်းပြည်တွေကိုလည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: Alarabiya

  • ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းပိုင်နက်မှ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့နေရာတစ်ခုမှာ တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ ဆောက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။

    လာမယ့်တစ်ပတ် အထွေထွေရွေးကောက်ပွဲရှိနေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီစကား ပေါ်ထွက်လာတာပါ။ အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့ E1 ဒေသက အဲဒီအိမ်ယာဟာ အနောက်ဖက်ကမ်းကို နှစ်ခြမ်းခြမ်းလိုက်သလို ဖြစ်လာမှာဖြစ်ပါတယ်။

    အစ္စရေးဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် အမေရိကန်၊ ဥရောပနဲ့ အခြား အင်အားကြီးနိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

    နေတန်ယာဟုက ၆ နှစ် ၇ နှစ်လောက် ရပ်ဆိုင်းထားရတဲ့ ဒီအစီအစဉ်ကို စတင်ဖို့ အမိန့်ပေးထားပြီး အိမ်ယာပေါင်း ၃၅၀၀ လောက် ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူအာရ်ဒိုင်နာက နေတန်ယာဟုရဲ့ ဒီကြေငြာချက်ဟာ စည်းဖောက်မှုဖြစ်ပြီး နိုင်ငံတာအသိုင်းအ၀ိုင်းအနေနဲ့ အရေးယူလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒါဟာ အန္တရာယ်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့လုပ်ရပ်အဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”

    အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ပြီး တရားမဝင် အခြေချအိမ်ယာတွေ ဆောက်လုပ်ခဲ့တာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    ဘဒူအင်လူမျိုးတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကို တားဆီးရေး ဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့ Jahalin Solidarity ရဲ့ ပူးတွဲဒါရိုက်တာ အန်ဂျလာ ဂွဒ်ဖရေး-ဂိုးလ်ဒ်စတိုင်းက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ E1 ဧရိယာမှာရှိတဲ့ ဘဒူအင်လူမျိုးတွေကို အဓမ္မပြောင်းရွှေ့တာမျိုး ဖြစ်လာပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က နယ်စပ်ခြံစည်းရိုးအနီးမှာ မနေ့က ဖြစ်ပွားခဲ့တာပါ။ အစ္စရေးစစ်တပ်ကတော့ နယ်စပ်ခြံစည်းရိုးအနားမှာ ဗုံးထောင်တယ်လို့ သံသရှိသူ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူဟာ ၂၇ နှစ်အရွယ် မိုဟာမက် အလီ အလ်-နအင်း ဆိုသူ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုမှာတော့ အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဘူဒိုဇာနဲ့ ခြံစည်းရိုးနား ဆွဲယူနေတာကို မြင်ရသလို၊ ရုပ်အလောင်းကို ပြန်လည်ဆွဲယူတဲ့ ပါလက်စတိုင်းတွေထဲက ၂ ဦးလည်း အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

    ပါလက်စတိုင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PIJ က ဒီဗီဒီယိုဟာ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ကို အုပ်စိုးနေတဲ့ ဟားမက်စ်အဖွဲ့က ဒီအဖြစ်အပျက်ဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ဖော်ပြနေပြီး ဗီဒီယိုမှတ်တမ်းတင်ထားနိုင်တဲ့အတွက် အများက သိရှိရတာဖြစ်ကြောင်း မှတ်တမ်းမတင်ထားနိုင်တဲ့ ဒီလိုအဖြစ်အပျက်တွေ ရာနဲ့ချီ ရှိနေကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -အရှေ့ဂျေရုစလင်က မွတ်စလင်တွေနဲ့ ဂျူးတွေ အထွဋ်အမြတ်ထားရာ နေရာမှာ ရထားလိုင်းတိုးချဲ့ကာ ဘူတာရုံဆောက်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို ဂျော်ဒန်နိုင်ငံက ကန့်ကွက်လိုက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းက‌ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ချင်နေတာပါ။

    အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဌာနက တလ်အဗီး-ဂျေရုစလင် မြေအောက် အမြန်ရထားလိုင်းကို အရှေ့ဂျေရုစလင်က Western Wall အထိ တိုးချဲ့သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ Western Wall အနောက်က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုဖြစ်ပြီး ဂျူးတွေကတော့ ဒီနေရာကို Temple Mount လို့ ခေါ်ပါတယ်။

    ဂျေရုစလင်က ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုင်ဖာလာ အလ်-ဖာယက်ဇ်က အစ္စရေးရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို တုန်ပြန်ရေး မိမိတို့မှာရှိနေတဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    တလ်အဗီး-ဂျေရုစလင် ရထားလိုင်း Western Wall အထိ တိုးချဲ့မယ့်အစီအစဉ်ကို အစ္စရေးက ၂၀၁၇ ခုနှစ်မှာ ကြေငြာခဲ့တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်သမ္မတထရမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘူတာရုံကို ထရမ့်အမည်ပေးမယ်လို့ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး အစ္စရာအီလ် ကက်ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအဆိုပြုချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘဲ ပါလက်စတိုင်းဟာ ‘ထန်းချက်ခဲခွေးရက်သလို’ လုံးပါးပါးမယ့် အခြေအနေမျိုးကိုသာ ဖြစ်စေမယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ ဒီအဆိုပြုချက်ကို လက်မခံကြောင်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက အရင်ကတည်းက ပြောကြားထားပြီး မနေ့ကမိန့်ခွန်းမှာတော့ အဘတ်စ်က ထပ်မံပယ်ချခဲ့တာပါ။ အာရပ်လိဂ်၊ အိုအိုင်စီအဖွဲ့နဲ့ အာဖရိကသမ္မဂတို့ကလည်း မိမိတို့နဲ့အတူ ရပ်တည်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစ္စရေး-အမေရိကန်တို့ရဲ့ အဆိုပြုချက်ကို ပါလက်စတိုင်းက လက်မခံဘူးဆိုတာ ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်”

    ၁၉၆၇ ခုနှစ်မတိုင်ခင် နယ်နမိတ်ကိုအခြေခံတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ဆွေးနွေးဖို့ ထရမ့်ကို အဘတ်စ်က တိုက်တွန်းခဲ့သလို၊ ပြဿနာဖြေရှင်းရေး နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့လည်း ဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အတူတကွ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မှာ ပါလက်စတိုင်းပိုင်နက်တွေမှာရှိနေတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာအားလုံးကို အသိအမှတ်ပြုထားပါတယ်။ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ရှိရေး ပါဝင်ပေမယ့် ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံထားတဲ့ ၁၉၆၇ မတိုင်ခင် နယ်နမိတ်အတိုင်းမဟုတ်ဘဲ နယ်မြေအနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ်။

    သမ္မတ အဘတ်စ်ကတော့ ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ အာရပ်ငြိမ်းချမ်းရေးအစီအစဉ်တို့ကို ချိုးဖောက်တဲ့ တစ်ဖက်သတ်ဆောင်ရွက်မှုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ရေးနဲ့ ၊ လွတ်လပ်မှုကို ဒီအဆိုပြုချက်က ပျက်သုဉ်းစေခဲ့ပြီး အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေ၊ ပါလက်စတိုင်းတွေရဲ့နယ်မြေ သိမ်းပိုက်ခံရမှုကို တရားဝင်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”

    Ref: Aljazeera