News @ M-Media
Tag: Pathein
  • ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဦးဆောင်ပြုလုပ်မည်
    ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှ ဦးဆောင်ပြုလုပ်မည်
    ဇွန် ၁၊ ၂၀၁၃
    M-Media
    နေပိုင်
    ပုသိမ် ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီကွန်ရက်မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဇွန်လ ၃-ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရခြင်းမှာ ပုသိမ်မြို့တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုတွင် ယာဉ်ကြီးနှင့် ယာဉ်ငယ် တိုက်မှုဖြစ်သော်လည်း ငွေအင်အားတောင့်တင်းသော ယာဉ်ကြီးပိုင်ရှင်ဘက်မှ ဘက်လိုက် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ အဆိုပါ ဘက်လိုက်စစ်ဆေးခဲ့မှုကြောင့် ယာဉ်ငယ်၏ ယာဉ်မောင်းဖြစ်သူ ကျော်မျိုးနိုင်မှာ တရားခံအဖြစ် ရောက်ရှိနေရပြီး ယင်းကဲ့သို့ မတရားပြုလုပ်မှုအပေါ် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်။ ၎င်းမတရားဘက်လိုက်မှုနှင့်အတူ မတရားသဖြင့် အသိမ်းခံထားရသော လယ်ယာမြေများ ပြန်လည် လုပ်ကိုင်နိုင်ခွင့်ရရှိရေး၊ ခေတ်နောက်ပြန်ဆွဲသူတချို့၏ အတ္တများကြောင့် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွားနေခြင်း၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေနိုင်ထိုင်ရေးတို့အတွက်ပါ ဆန္ဒထုတ်ဖော်ပြမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီကွန်ရက်(NDN)၏ ဥက္ကဌဖြစ်သူ ဦးသန်းဝင်းမှ ပြောပြပါတယ်။
    ယခုကဲ့သို့ဆန္ဒထုတ်ဖော်မှုအား မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ထိ တင်ပြ အကြောင်းကြားခဲ့သော်လည်း ကျောင်းဖွင့်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ခွင့်ပြုချက် မပေးကြောင်း၊ ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံတင်ပြ၍ ခွင့်ပြုမိန့် တင်သွင်းထားကြောင်း၊ခွင့်ပြုချက်မရရှိပါကလည်း မိမိတို့စီစဉ်ထားသော ဆန္ဒထုတ်ဖော်ပွဲအား မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခွင့်ပြုချက်မရရှိသည့်အတွက် ထိုနေ့တွင်တားဆီးမှုများရှိလာပါက ငြိမ်းချမ်းစွာဖြေရှင်းမည် ဖြစ်ကြောင်းကိုလည်း ဦးသန်းဝင်းမှ ဆက်လက်ပြောပြခဲ့ကြောင်း သိရပါတယ်။
  • ပုသိမ်မြို့တွင် သြဇာ အရှိန်အ၀ါသုံး ရမ်းကားနေမှုများကို အရေးယူပေးစေလို
    ပုသိမ်မြို့တွင် သြဇာ အရှိန်အ၀ါသုံး ရမ်းကားနေမှုများကို အရေးယူပေးစေလို
    မေ-၂၉၊ ၂၀၁၃
    M-Media
    နေပိုင်
    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သိဒ္ဓိရပ်ကွက်အတွင်း၊ ၂၄.၅.၂၀၁၃ ရက်နေ့တွင် လူတစ်ယောက်သည် ဓားတစ်ချောင်းဖြင့် ရမ်းကားနေခြင်း၊ မိန်းကလေးတစ်ဦးအားလည်း ဖက်နမ်းမည်ပြု၍ ထိုမိန်းကလေးမှ ထွက်ပြေးခဲ့ရခြင်း၊ အရက်ဆိုင်ထဲတွင်လည်း အတူသောက်စားနေသူအား ရိုက်နှက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
    ဤဖြစ်စဉ်၌  ရမ်းကားနေသူမှာ အပြူး (ခ) သူရ၀င်း (ဘ)ဦးတင်ဝင်းဖြစ်ပြီး ပုသိမ်မြို့၊ သဲတန်းရပ်ကွက်အတွင်း နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
    အပြူး(ခ) သူရ၀င်းမှာ ရပ်ကွက်အတွင်း – အရက်ဆိုင် – ဖဲဝိုင်း – ကမ်းနားဆိပ် နှင့် နေရာမျိုးစုံတွင် မိုက်ကြေးခွဲ ဆက်ကြေးတောင်းကာ ဆိုးသွမ်းရမ်းကားလေ့ရှိသူသူ တစ်ဦးဖြစ်သည်။ ၄င်းသည် ၁၅.၅.၂၀၁၂ ခုနှစ် ညပိုင်းတွင် ဥမ္မာဒဏ္ဍီရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သောအိမ်သို့ ပြည့်တန်ဆာခေါ်ယူရန် သွားရောက်ရာမှ ပြည့်တန်ဆာခေါင်း အိမ်ရှင်နှင့် စကားများရန်ဖြစ်ကြပြီး၊ ပြည့်တန်ဆာခေါင်း၏ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေ့ညဥ့် (၁)နာရီခန့် အချိန်၌လည်း ကမ်းနားလမ်း၊လူမှုဖူလုံရေးရုံးရှေ့တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချသူ ကိုကတုံး ဆိုသူ လူတစ်ယောက်အား သူရ၀င်းမှ သစ်သားဒုတ်ဖြင့်လိုက်၍ ရိုက်နှက်ကြောင်း၊ ထွက်ပြေးသည်ကို ဆက်လက် လိုက်လံရိုက်နှက်ခြင်း၊ ခဲလုံးဖြင့် ထုနှက်ခြင်းကြောင့် ထိုကတုံး ဆိုသူမှာ ညောင်ပင်အောက်တွင် သေဆုံးခဲ့ရပါသည်။  သေဆုံးသူအား ကိုဘဲဥနှင့် ကိုအပြူးတို့မှ အနီးရှိ ကုန်စုံဆိုင်ရှေ့သို့ အလောင်းကိုရွှေ့ပြောင်း ထားရစ်ခဲ့သည်။ ကိုအပြူး(ခ)သူရ၀င်းမှ မျက်မြင်သက်သေ ဆိုက်ကားသမားတစ်ဦးအား ယင်းအကြောင်းကိုပြောလျှင် သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ ရန်ကုန်မြို့သို့အချိန်အတန်ကြာ တိမ်းရှောင်သွားခဲ့ပါသည်။
    တိမ်းရှောင်ပြီး တစ်နှစ်အကြာ ယခုပြန်လည်ရောက်ရှိလာရာတွင်လည်း အထက်ဖော်ပြပါအတိုင်း ထပ်မံရမ်းကားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ထိုအပြူး (ခ) သူရ၀င်း၏ဖခင်ဖြစ်သူ ဦးတင်ဝင်း (ခ) ဗဂျီးယားဆပ်မှာ ငယ်စဉ်က ပြည်ထဲရေးလက်အောက်တွင် လက်ဝှေ့ထိုးသတ်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ယခုအချိန်တွင်လည်း လက်ဝှေ့နည်းပြလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ ၄င်း၏တပည့်တပန်းအများအပြားမှာ ဌာနဆိုင်ရာ အတော်တော်များများတွင် နေရာရနေသော လူကြီးလူကောင်းများဖြစ်ကြသည်။ ၄င်းတို့အပေါ်တွင်လည်းကောင်း၊ ရဲစခန်းအပေါ်တွင်လည်းကောင်း ယခုတိုင်အောင်  ဦးတင်ဝင်း၏ သြဇာ ကြီးစိုးသက်ရောက်နေဆဲဖြစ်ကြောင်း သိရပါသည်။
  • ပုသိမ်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် ကြံရွယ်၍ သတင်းမှားထုတ်လွှင့်နေ
    ပုသိမ်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် ကြံရွယ်၍ သတင်းမှားထုတ်လွှင့်နေ
    မေလ-၁၉၊ ၂၀၁၃
    M-Media
    နေမင်း
    ပုသိမ် ။     ။        ပုသိမ်မြို့ ရေကြည်ဦးရပ်ကွက်တွင် မူးယစ်သောက်စားရမ်းကားသူတစ်ဦးမှ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးအား မေလ ၁၇-ရက်ညပိုင်းက ရိုက်နှက်ခဲ့တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းရိုက်နှက်မှုမှာ ဘာသာရေး လူမျိုးရေးများ ထည့်သွင်းရေးသားပြီး ပဋိပက္ခဖြစ်စေရန် ကြံစည်လုပ်ဆောင်နေမှုများရှိနေကြောင်း သိရသည်။
    ထိုရိုက်နှက်မှုအား အင်တာနက်စာမျက်နှာများတွင် ဖော်ပြသည်မှာ – ပုသိမ်မြို့၊ ရေကြည်ဦးရပ်ကွက် ၁၃-လမ်း၌ အစ္စလာမ် ဘာသာဝင်(၃) ဦးမှ မြန်မာမိသားစု တစ်ခုအား ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ အရိုက်ခံရသူမှာ မမာမာဦးဆိုသူအမျိုးသမီးဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့်မောင်အရင်းတော်စပ်သူတို့ပါ အရိုက်ခံရကြောင်း ရိုက်နှက်သူတို့မှာ အကြိမ်ပေါင်းများစွာရိုက်နှက်မှုများကို ကျူးလွန်နေဆဲဖြစ်သော်လည်း အရေးယူခြင်းမရှိခဲ့ကြောင်း၊ ထို့သို့ ရိုက်နှက်မှုများ ဖြစ်ပွားပြီးသောအခါ မြို့ပေါ်ရှိ အစ္စလာမ်ကူညီရေးအဖွဲ့မှ အကြီးအကဲ မိုးပုလဲ ဒံပေါက်ဆိုင်ပိုင်ရှင်နှင့် အစ္စလာမ်လူမျိုးများမှ ၀ိုင်းကာကွယ်ပေးထားကြောင်း ရေးသားလာကြသည်။
    ထို့ကြောင့် ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းရာ ယင်းသို့ အင်တာနက်ပေါ်တွင် သတင်းပျံ့နှံ့လာခြင်းကြောင့် မလိုလားအပ်သော အဓိကရုဏ်းများ မဖြစ်ပေါ်လာစေရန်နှင့် သတင်းအမှန်ကို ပြည်သူအများသိရှိနိုင်စေရန် လိုအပ်ပါကထိရောက်သော အရေးယူမှုကို တာဝန်ရှိသူများ ဆောင်ရွက်နိုင်ရန်အတွက် အစ္စလာမ့် လူမှုကူညီရေးကွန်ယက်မှ အဖွဲ့ဝင်များဖြစ်ကြသော မင်္ဂလာချစ်အေး၊ ဦးသူရိန်ထွန်း၊ ဦးမာမတ်တို့သုံးဦးမှအခင်းဖြစ်ပွားခဲ့သော ရေကြည်ဦး ၁၃-လမ်းနှင့် အနီးပတ်ဝန်းကျင်များသို့ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။
    ထိုသို့လေ့လာခဲ့ကြရာတွင် အင်တာနက်ပေါ်တွင် ရေးသားထားသောစာအချို့မှာ မှားယွင်းမှုတချို့ ရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါသည်။ အဖြစ်မှန်များကိုရပ်ကွက် တာဝန်ရှိသူများနှင့်အရပ်သား အချို့အားမေးမြန်းခဲ့သည်များကို ဟုတ်မှန်သည့်အတိုင်းရေးသား တင်ပြလိုက်ရပါသည်။
    အမှုကျူးလွန်ခဲ့သော ကျော်ကြီးဆိုသူနှင့် အရိုက်ခံရသူ မမာမာဦး၏မောင်ဖြစ်သူတို့မှာ အခင်းဖြစ်နေ့ညနေတွင် အရက်ဆိုင်တွင် အရက်အတူတူသောက်ခဲ့ကြရာမှပြန်လာခဲ့ပြီး မမာမာဦးတို့ အိမ်ရှေ့အရောက်တွင်ကျော်ကြီးမှ ရုတ်တရက်ဆိုသလို အတူတူပါလာသူ မမာမာဦး၏မောင်အား ၄င်းအိမ်ရှေ့တွင်ရှိသော ၀ါးပိုင်းဖြင့်ရိုက်နှက်ပါသည်။ထိုအခါ အရိုက်ခံရသူမှ အိမ်ပေါ်သို့ တက်ပြေးရာကျော်ကြီးမှနောက်မှ လိုက်၍ ရိုက်ရာတွင် မမာမာဦးမှ ကလေးများရှိ၍ကြောက်လန့်သွားမည် စိုး၍အိမ်ပေါ်သို့မတက်ရန် ပြောဆိုရာကျော်ကြီးမှ မမာမာဦးအားလက်ထဲတွင်ပါလာသော ၀ါးပိုင်းဖြင့်ရိုက်နှက်ပါသည်။
    ထိုသို့ရိုက်နှက်နေသည်ကိုပတ်ဝန်းကျင်မှ လူအများတွေ့ရှိသော်လည်း ၀င်ရောက်ဆွဲခြင်း၊ ဖြန်ဖြေခြင်းအလျဉ်းမရှိခဲ့ပါ။မခံရပ်နိုင်သူများမှ ရဲစခန်းသို့အကြောင်းကြားရာ ၁၃-လမ်းထိပ် ရဲကင်းတွင် တာဝန်ကျနေသောရဲအရာရှိများမှ လာရောက်ဖမ်းဆီးရာ ကျော်ကြီးမှခုခံသောကြောင့် အရပ်ထဲမှလူအများနှင့် ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ရပါသည်။ ထိုသို့ဖမ်းဆီးရာတွင် ကျော်ကြီးမှရဲများ ထိန်းသိမ်းထားသည့်ကြားမှ ဗမာများက အုပ်စုဖွဲ့၍ ရိုက်နှက်ကြသည်ဟု အော်ဟစ်ပြောဆိုသွားကြောင်း၊ ၎င်း၏မိခင်ဖြစ်သူမှာလည်း သူ၏သားအား ဗမာများက မတရား အနိုင်ကျင့်ကြသည်ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိရပါသည်။
    ထို့သို့ဖမ်းဆီးသွားပြီး နောက် တနေ့နေ့ခင်းပိုင်းတွင်ကျော်ကြီးမှာအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်ထဲတွင် အာမခံရရှိခဲ့ကြောင်း မိမိအားအာမခံပေးသူသည် မိုးပုလဲဒန်ပေါက်ဆိုင်ရှင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ကျော်ကြီး၏ ဦးလေးတော် စပ်သူဆိုသူမှလည်းနေ့ခင်းပိုင်းတွင်အခင်းဖြစ်နေ့၌ ဒဏ်ရာရရှိခဲ့သူ မမာမာဦးအားဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သော NLDအဖွဲ့ဝင်များအားကြိမ်းမောင်းပြောဆို ဆဲဆိုရေရွတ်နေသောကြောင့် ရပ်ကွက်ထဲရှိ ပါတီဝင်အချို့နှင့် စကားများခဲ့ကြောင်းသိရှိရပါသည်။ ညအချိန်တွင်ကျော်ကြီး၊ ကျော်ကြီး၏ဦးလေးနှင့် အခြားတစ်ဦးတို့သည် ကင်းစောင့်သည်ဟုဆိုကာ တုတ်များကိုင်ဆောင်၍ရပ်ကွက်အတွင်းသို့ လှည့်လည်၍ “ငါတို့ကို မိုးပုလဲနဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ကနောက်ကနေ ကူညီပေးကြတယ်။ ဘယ်ကောင်မှ စောက်ဂရုမစိုက်ဘူး။ မကျေနပ်တဲ့ကောင်ထွက်ခဲ့“ဟု စိန်ခေါ်ကာ ရပ်ကွက်အတွင်း လှည့်လည်ရမ်းကားခဲ့ကြောင်း သိရှိရပါသည်။
    ရမ်းကားနေသူအားဘာကြောင့် မည်သည့်အတွက် မဖမ်းသလဲဟု ကွင်းဆင်းလေ့လာသူများက ရဲအား မေးမြန်းခဲ့ရာ ၄င်းအား အာမခံပေးခဲ့သူရှိနေသဖြင့် လွတ်လာခဲ့ကြောင်း အာမခံပေးသူမှလည်း ၄င်းအကြောင်း မသိ၍သာ အာမခံပေးခြင်းဖြစ်နိုင်ကြောင်း၊ ၄င်းတို့သည် အစ္စလာမ်ဘာသာဝင် အစစ်အမှန်များ မဟုတ်ကြဘဲ အယောင်ဆောင်များသာဖြစ်ကြကြောင်း ၄င်းနှင့် ၄င်း၏ မိဘမောင်နှမများသည် ရပ်ကွက်အတွင်းတွင် အမှုများစွာကို ကျူးလွန်ကြသော်လည်း ရပ်ကွက် အတွင်းမှာ နေထိုင်ကြသူများသည် ၄င်းတို့၏ မိုက်ရိုင်းရမ်းကားမှုကို မခံနိုင်ကြသဖြင့် လျစ်လျူရှုထားကြခြင်းကို အခွင့်ကောင်းယူ၍ မိုက်ရိုင်းနေကြခြင်းဖြစ်ကြောင်း၊ အခုဖြစ်စဉ်တွင်လည်း  မိုးပုလဲဆိုင် ပိုင်ရှင်မှ အာမခံပေးခဲ့သည်ဆိုသည်ကို မယုံကြည်ကြောင်းပြောဆိုခဲ့ကြပါသည်။ ထို့ကြောင့်  မိုးပုလဲဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအွတ်စမန်းအားမေးမြန်း စုံစမ်းရာတွင် မိမိမှာ ဘာမှမသိကြောင်း၊ မိမိနာမည်ကိုအသုံးချ၍ စော်ကားခြင်းသာဖြစ်ကြောင်း မိမိအခု ရန်ကုန်ရောက်နေ၍ အမြန်ဆုံးပြန်လာကာ ၄င်းမိသားစုအား တရားစွဲဆိုမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
    ထို့ကြောင့်အစ္စလာမ် ဘာသာဝင်မဟုတ်ဘဲ အစ္စလာမ်အမည်ခံကာ သူတစ်ပါး ထိခိုက်နစ်နာစေရန် မိုက်ရိုင်းဆိုးသွမ်းသူများအား ရပ်ကွက်အတွင်း နေထိုင်သူပြည်သူများမှ ပြင်းထန်စွာ အရေးယူပေးပါရန်နှင့် ၄င်းတို့အားရပ်ကွက်အတွင်းမှ နှင်ထုတ်ပေးပါရန်တောင်းပန်ခဲ့ကြပါသည်။ မိမိတို့ရပ်ကွက်အတွင်းတွင် အစ္စလာမ်ဘာသာဝင်များရှိသော်လည်း ၄င်းတို့အပေါ်မည်သို့မျှ သဘောမထားကြောင်း မကောင်းသောသူကိုသာလျှင် အမြန်ဆုံးရှင်းလင်းဖယ်ရှားပေးပါရန် ပြောကြားခဲ့ပါသည်။
    ထို့ကြောင့် အင်တာနက်တွင်ပျံ့နှံ့နေသော သတင်းထဲတွင်ပါဝင်သည့် အစ္စလာမ်ဘာသာဝင်ဆိုသည့် စကားလုံးနှင့် မိုးပုလဲဒန်ပေါက်ဆိုင်ပိုင်ရှင်နှင့် အစ္စလာမ်လူထုဆိုသည့်စကားလုံးသည် လူမျိုးရေးအဓိကရုဏ်းကိုဖြစ်ပွားစေနိုင်သောကြောင့် ပယ်ဖျက်ပေးစေချင်ကြောင်း၊တကယ်မှာမူ ၄င်းတို့မှာအစ္စလာမ်ဘာသာကိုးကွယ်ကြသူများမဟုတ်ကြပဲ ကျုံသလို သာသည့်ဘက်သို့ကူးကာ အနေအစားချောင်ရန် နေထိုင်ကြသူများဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
  • နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်
    နှစ်ဆန်း တရက်နေ့တွင် ပုသိမ်မြို့၌ ဘာသာပေါင်းစုံ စုပေါင်းပြီး နှစ်ဦး ဆုတောင်းပွဲ အခမ်းအနားပြုလုပ်
    ဧပြီ -၁၈ ၊၂၀၁၃
    M-Media
    သတင်း-နေမင်း
    ၁၃၇၅ ခု နှစ်ဆန်းတစ်ရက်နေ့ (၁၇.၄.၂၀၁၃) ဗုဒ္ဓဟူးနေ့ ညနေ (၅း၀၀)နာရီအချိန်တွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဌောဘုရား အင်္ဂါထောင့်၌ နှစ်ဦးမင်္ဂလာ ကမ္ဘာသူကမ္ဘာသားများအတွက် မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရှိ လူ့အခွင့်အရေး ချစ်မြတ်နိုးသူများအဖွဲ့မှ ဘာသာပေါင်းစုံ စုပေါင်း၍ နှစ်ဦးဆုတောင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ကြွရောက်လာကြသူများမှ ဆုတောင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အခုလို ပြောကြားသွားခဲ့ကြပါသည်။
    ” ကျွန်တော်တို့အခု ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရခြင်းရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေကြတဲ့ အားလုံး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး အခုနှစ်ဦးအစ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာပြည်အေးချမ်းစေချင်တယ်၊ ၀ပြောစေချင်တယ် အားလုံး ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့ (၇)ရက်သားသမီးတွေနေထိုင်တဲ့ ဒီတိုင်းပြည်ကြီး အေးချမ်းစေချင်တယ်။ ဘာသာမရွေးအားလုံး ညီအစ်ကိုမောင်နှမတွေ တစည်း တစ်လုံးတည်း နေစေချင်တဲ့ သဘောနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တို့ရဲ့ အားကိုးရာကတော့ တို့မြန်မာလူမျိုးများမှာတော့ ဘုရား၊ တရား၊ သံဃာသာလျှင် အားကိုးဖွယ်ရာရှိပါတယ်။ ဒါကြောင့် အားကိုးရာဖြစ်တဲ့ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးရဲ့ထံမှာ အခုဒီရွှေမုဓောစေတီတော်မြတ်ကြီးရဲ့ အင်္ဂါထောင့်မှာ လာရောက်ပြီးတော့ ဆုတောင်းပွဲကျင်းပတာဖြစ်ပါတယ်။” လာရောက်ဆုတောင်းခဲ့တဲ့ ဗုဒ်ဓဘာသာဝင် တယောက်မှ ပြောကြားခဲ့တာဖြစ်ပါသည်။
    “၁၃၇၄ ခုနှစ်မှ ၁၃၇၅ ခုနှစ်သို့ ကူးပြောင်းတဲ့ ဒီနှစ်သစ်မှာ တို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့လူများဟာ မိမိတို့ ကိုးကွယ်သည့် ဘာသာ အလျောက် မြတ်သောမင်္ဂလာ အကျင့်အကြံများနဲ့ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာအကျိုးတို့ကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်တော်တို့ လူအခွင့်အရေး မြတ်နိုးသူများအဖွဲ့မှ ဆုတောင်းလိုက်ပါတယ်။”
    ” ဒီနေ့ နှစ်သစ်မင်္ဂလာနေ့မှာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများဟာ အငြိုး၊ အမုန်း၊ အာဃာတများကိုမထားပဲ နှစ်ဆန်းမှာ ညီအစ်ကိုမောင်နှမရင်း သဖွယ် နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”
    ” ကျွန်တော်ကတော့ နိုင်ငံအတွင်းမှာရှိကြတဲ့သူများဟာ အချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ် ထားကြဖို့ပဲလိုပါတယ်။ ပြဿနာဖြစ်လာတဲ့အခါ အချင်းချင်းပဲ ဖြေရှင်းကြတာကောင်းပါတယ်။ အပြင်က ၀င်လာတာမကောင်းပါဘူး။ ဒါကြောင့် ပြဿနာဆိုတာ အချင်းချင်းမဖြစ်ကြရင် အကောင်းဆုံးပါပဲ။”
    ” ကျွန်တော်တို့အခုလုပ်တဲ့ပွဲဟာ နိုင်ငံအတွင်းမှာရှိကြတဲ့ ဘာသာပေါင်းစုံများ ညီညီညွတ်ညွတ် နေထိုင်နိုင်ကြဖို့ ကျွန်တော်တို့ လူအခွင့်အရေးမြတ်နိုး သူများအဖွဲ့မှ ပေါင်းစုပြီး ဆုတောင်းကြတာဖြစ်ပါတယ်။”
    ” အစ်ကိုက ဘိုးတော်ဝင်းနိုင်ပါ။ ဒီအင်္ဂါထောင့်ဟာ အစ်ကိုတို့ လူအခွင့်အရေးမြတ်နိုးကြသူများအဖွဲ့ရဲ့ အမြဲတမ်း ၀တ်ပြုဆုတောင်းနေကြနေရာလေးပါ။ အမေစုရဲ့မွေးနေ့အမှတ်တရ ဒီနေရာလေးမှာ အမြဲတမ်း လုပ်ဖြစ်တာပါ။ ဆုတောင်းရတဲ့အကြောင်းအရင်းကတော့ ကိုယ့်နောင်တော်တွေပြောသွားသလိုပဲ တို့နိုင်ငံမှာ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲဖြစ်စေချင်ပါတယ်။ ကဗျာဆရာကြီးအန်ကယ်ပွင့်ပြောသလို လက်နက်သံမကြား လို့ ငြိမ်းချမ်းတယ်လို့ ထင်နေကြတယ်။ လက်နက်သံကြားမှ မငြိမ်းချမ်းတဲ့နေရာလို့ထင်ကြတယ်။ အစ်ကိုတို့ ဒီပုသိမ်မြို့မှာလည်း လက်နက်သံမကြားပေမယ့် ငြိမ်းချမ်းတယ်လို့ မထင်ပါနဲ့။ လူတိုင်းလူတိုင်းဟာ တော်တော် လေးကို အခက်အခဲတွေဖြစ်နေကြတယ်။ လယ်သမားတွေဆို တော်တော်လေးကိုအခက်အခဲရှိတယ်။ ဒီလယ်သမားတွေကြောင့် အစ်ကိုတို့ ရှင်သန်နေကြရတယ်။ အမျိုးဘာသာထွန်းကားအောင်လုပ်တယ်ဆိုတာ ငွေရေးကြေးရေးတွေလိုကြတယ်။ အခု လယ်သမားတွေ လယ်တွေအသိမ်းခံထားကြရတယ်။ အစိုးရကလည်း သိမ်းသလို အစိုးရနဲ့ပူးပေါင်းပြီး သိမ်းထားတာတွေလည်းရှိတယ်။ အာဏာရှင်နဲ့ ဓနရှင် ပူးပေါင်းသိမ်းတာပေါ့။ အစ်ကိုတို့ အခုဆို ငပုတောမြို့နယ်ထဲမှာဆိုရင် ကြိမ်ချောင်းတို့၊ သဲချောင်းတို့ စသည်အားဖြင့် အစ်ကိုတို့ လယ်သမားတွေ အတွက် ဆောင်ရွက်ပေးနေရတာတွေရှိတယ်။ ဒါကြောင့် အခုလိုအစ်ကိုတို့ပေါင်းစုပြီး ဘာသာပေါင်းစုံ စုံစုံညီညီနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြတာဖြစ်ပါတယ်
  • ပုသိမ်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
    ပုသိမ်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
    ဧပြီ ၅၊ ၂၀၁၃
    M-Media
    နေမင်း
    ပုသိမ် ။         ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေ ၆-နာရီက ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီကွန်ရက်တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စီမံမှုများအား ပြည်သူများအား ဟောပြောဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပြီး၊ ယင်းတွေ့ဆုံဆွေးနွေးပွဲအား ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကွန်ရက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
    ယင်းဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကျောင်းသားသမဂ္ဂအဖွဲ့နှင့် စိတ်ဝင်စားသူ စုစုပေါင်း ၆၀-၀န်းကျင် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။