News @ M-Media
Tag: Philippines
  • စနေနေ့မနက် ဖိလစ်ပိုင်ငလျင် အနည်းဆုံး ၈ ဦးသေဆုံး
    စနေနေ့မနက် ဖိလစ်ပိုင်ငလျင် အနည်းဆုံး ၈ ဦးသေဆုံး
    ဇူလိုင် ၂၇၊ ၂၀၁၉
    M-Media
    -ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက အင်အား အသင့်အတင့်ရှိတဲ့ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
    လူနေနည်းတဲ့ ကျွန်းစုလေးတွေကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြင်းအား ၅.၄ မဂ္ဂနီကျုနဲ့ ၅.၉ မဂ္ဂနီကျု ရှိပါတယ်။ ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၄ မိနစ်မှာ တစ်ကြိမ်နဲ့ နောက်ထပ် ၄ နာရီအကြာမှာ နောက်ထပ်တစ်ကြိမ် လှုပ်ခတ်ခဲ့တာပါ။
    ဆူနာမီသတိပေးချက်တော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
    ငလျင်ကြောင့် အဆောက်အဦးတွေပြိုကျတာ၊ လမ်းတွေ အက်ကွဲတာလည်း ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ ငလျင်ကြောင့် ဒဏ်ရာရသူကတော့ ခန့်မှန်းခြေ ၆၀ လောက်ရှိတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အတိအကျကို မသိရသေးပါဘူး။
    ဧပြီလ ၁၁ ရက်နေ့က မြို့တော်မနီလာမြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၃ မဂ္ဂနီကျု ငလျင်ဟာ အခုနှစ်အတွင်း အပြင်းဆုံးဖြစ်ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးကာ စူပါမားကတ်တစ်ခု ပြိုကျခဲ့ပါတယ်။
    Ref: CNA
  • ဖိလစ်ပိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု သိသိသာသာမြင့်တက်၊ သတိပေးချက်ထုတ်ပြန်ထား
    ဖိလစ်ပိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု သိသိသာသာမြင့်တက်၊ သတိပေးချက်ထုတ်ပြန်ထား
    ဇူလိုင် ၂၂၊ ၂၀၁၉
    M-Media
    ဖိလစ်ပိုင်မှ ဆေးရုံတစ်ခု
    -အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅၀ ကျော်လာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က နိုင်ငံတစ်ဝှမ်း သွေးလွန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
    ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုဟာ တစ်သိန်းဝန်းကျင်လောက် ရှိခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပထမ ၆ လနဲ့ နှိုင်းယှဉ်ရင် ၈၅ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်ပါတယ်။
    နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း သန်း ၂၀ လောက်နေထိုင်တဲ့ နိုင်ငံအနောက်ပိုင်း ပြည်နယ် ၄ ခုမှာ အဖြစ်များနေတာဖြစ်ပြီး အခြားဒေသတွေကိုလည်း စောင့်ကြည့်ရတဲ့အနေအထားမှာ ရှိနေပါတယ်။
    သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေက ဆိုးဆိုးဝါးဝါး ခေါင်းကိုက်တာ၊ ကြွက်သားတွေ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊ အဖျားတက်တာ၊ ခန္ဓာကိုယ်တစ်ဝှမ်း အဖုအပိန့်ထွက်တာတွေ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘ္ဘာတစ်ဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ အရေအတွက်ဟာ သန်းချီရှိပြီး ၁၂၅၀၀၀ လောက် သေဆုံးလေ့ရှိတယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။
    ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ ဘရာဇီးလ်တို့လို အပူပိုင်းဒေသတွေမှာ အဖြစ်များပေမယ့်၊ ကမ္ဘ္ဘာကြီးရဲ့အပူချိန် မြင့်တက်လာတာကြောင့် ဒီရောဂါဖြစ်ပွားမှုဟာလည်း ပိုမို ကျယ်ပြန့်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
    ဖိလစ်ပိုင်မှာ ၃ နှစ်၊ ဒါမှမဟုတ် ၄ နှစ်မှာတစ်ကြိမ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာလေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ဖူးပါတယ်။
    ဖိလစ်ပိုင်ဟာ လက်ရှိမှာ ၀က်သက်ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကိုလည်း ကြုံတွေ့နေရတာပါ။ အခုနှစ်အတွင်း ၀က်သက်ရောဂါကြောင့် သေဆုံးမှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးထက် များပြားပြီး ကလေးငယ် ၂.၆ သန်းမှာ ဒီအန္တရာယ် ရင်ဆိုင်နေရတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
    Ref: CNN
  • နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး
    နိုင်ငံခြား လက်နက်ကိုင်အဖွဲ့ ၃ ခုမှ စစ်သွေးကြွ ၄ ဦးကို မလေးရှား ဖမ်းဆီး
    ဇူလိုင် ၁၀၊ ၂၀၁၉
    M-Media
    -ပြည်နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
    ဆီလန်ဂေါနဲ့ ကဒါဟ် ပြည်နယ်တို့မှာ ဇွန်လ ၁၄ ရက်နေ့က ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ၂ ဦး၊ ဖိလစ်ပိုင် တစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။
    မလေးရှားရဲချုပ် ဒါတွတ်ဆရီ အဘ်ဒူလ် ဟာမစ် ဘဒွရ်က ဖိလစ်ပိုင်နိုင်ငံသား အသက် ၅၄ နှစ်အရွယ် အမျိုးသားကို ဇွန်လ ၁၄ ရက်နေ့က ကလန်းမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဖိလစ်ပိုင်က အဘူဆယက်ဖ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှုရှိသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာဘားပင်လယ်ပြင်မှာ အဘူဆယက်ဖ်အဖွဲ့က ကျူးလွန်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ဒီအမျိုးသား ပါဝင်ခဲ့ပြီး အရှေ့ဆာဘား လုံခြုံရေးဌာနချုပ် Esscom က အလိုရှိနေသူလည်းဖြစ်ပါတယ်။
    အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကို အမ်ပန်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လှေကားပြုပြင်သူအဖြစ် လုပ်ကိုင်နေတဲ့သူဟာ Babbar Khalsa International (BKI) အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းတွေအတွက် မလေးရှားရင်းဂစ် ၇၆၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။
    မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၂ ဦးကိုတော့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့ပါတယ်။
    အသက် ၄၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားကို ကဒါဟ်ပြည်နယ် စွန်ငိုင်း ပက်တာနီမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို အသက်အန္တရယ်ခြိမ်းခြောက်တဲ့ ဗီဒီယို လွှင့်တင်မှုအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ မလေးရှားကို တရားမ၀င် ၀င်ရောက်လာမှု၊ ၂၀၁၂ ခုနှစ်မှာ ခရီးသွားအထောက်အထားအတု သုံးစွဲမှု၊ လူကုန်ကူးမှုမှာပါဝင်မှု စတဲ့ ရာဇ၀တ်မှုမှတ်တမ်းတွေ ရှိတယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။
    ဇူလိုင်လ ၃ ရက်နေ့က ကဒါဟ်ပြည်နယ် အေလိုဆီတာမြို့မှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားက အသက် ၂၅ နှစ်အရွယ်ရှိနေပြီး ဘူကစ်ပီနန်မြို့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ ကျောင်းဆရာလုပ်နေသူဖြစ်ပါတယ်။ သူဟာ ARSA အဖွဲ့ကို အားပေးထောက်ခံတဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref: The Star
  • အငြင်းပွားရေပိုင်နက်တွင် တရုတ်က ငါးအကြီးအကျယ်ခိုးဖမ်းမှု ဥပဒေအရ ဖိလစ်ပိုင်တုန့်ပြန်မည်
    အငြင်းပွားရေပိုင်နက်တွင် တရုတ်က ငါးအကြီးအကျယ်ခိုးဖမ်းမှု ဥပဒေအရ ဖိလစ်ပိုင်တုန့်ပြန်မည်
    ဧပြီ ၁၆၊ ၂၀၁၉
    M-Media
    – တောင်တရုတ်ပင်လယ်က ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတစ်ခုမှာ တရုတ်ဟာ အကြီးအကျယ် ငါးဖမ်းမှုတွေ လုပ်နေတာကြောင့် နိုင်ငံတကာဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ စဉ်စားနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ဖိလစ်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတမ်းက ကီလိုမီတာ ၂၃၀ အကွာမှာရှိတဲ့ Scarborough ကျွန်းစု ပိုင်ဆိုင်မှု ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့ အငြင်းပွားနေကြတာပါ။
    တရုတ်သင်္ဘောတွေဟာ ကျွန်းစုက ငါးသိုက်ကြီးမှာ အကြီးအကျယ် ငါးဖမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဖိလစ်ပိုင် ငါးဖမ်းသမားတွေက သတင်းပေးပို့တာကြောင့် တရုတ်အစိုးရကို သံတမန်နည်းလမ်းနဲ့ ကန့်ကွက်ထားတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုရို လော့စင်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။
    “ဒီလိုလုပ်နေတာကို မကြာခင်ကပဲ ဖမ်းမိခဲ့တာပါ။ သံတမန်နည်းလမ်းနဲ့ သတိထောက်လွှာပေးပိုးထားပါတယ်။ ဥပဒေအရလည်း ဆောင်ရွက်သွားမှာပါ”
    ငါးဖမ်းသမားတွေ သတင်းပေးပို့မှုအတွက် မိမိတို့ရဲ့ ပင်လယ်ပြင် လုပ်ငန်းအဖွဲ့ထံကနေ သက်သေအထောက်အထား တောင်းခဲ့ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီး ဖြစ်တယ်လို့လည်း လော့စင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Scarborough ကျွန်းစုကို တရုတ်က Huangyan Dao လို့ ခေါ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလကစလို့ နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ ဖိလစ်ပိုင်က ဒီကိစ္စအတွက် နိုင်ငံတကာ ခုံသမာဓိရုံးကို တိုင်ကြားခဲ့ပါတယ်။
    တောင်တရုတ်ပင်လယ်ကို မိမိတို့သာပိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ ပြောဆိုချက်တွေဟာ ဥပဒေကြောင်းအရရော၊ သမိုင်းကြောင်းအရပါ အခြေအမြစ်မရှိဘူးလို့ နိုင်ငံတကာ ခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်မှာ ဆုံး ဖြတ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်က ကျွန်းစုတွေအတွက် တရုတ်ဟာ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းတို့နဲ့ အငြင်းပွားနေပါတယ်။
    Ref: Aljazeera
  • တရုတ်အလုပ်သမားများ အလုံးအရင်းနှင့် ၀င်ခွင့်ပြုမှုအတွက် ဖိလစ်ပိုင်ကို မဟာသီ သတိပေး
    တရုတ်အလုပ်သမားများ အလုံးအရင်းနှင့် ၀င်ခွင့်ပြုမှုအတွက် ဖိလစ်ပိုင်ကို မဟာသီ သတိပေး
    မတ် ၈၊ ၂၀၁၉
    M-Media
    ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာသည့် မဟာသီယာ မိုဟာမက်
    – တရုတ်နိုင်ငံက လုပ်သား တော်တော်များများကို ဖိလစ်ပိုင်က ခေါ်သွင်းမှုအတွက် မလေးရှားဝန်ကြီးချုပ် မဟာသီက သတိပေးလိုက်ပြီး ဒါဟာ နိုင်ငံရေးညီမျှမှုကို ထိခိုက်နိုင်တယ်လို့ မနေ့မှာ ပြောကြားလိုက်ပါတယ်။
    အသက် ၉၃ နှစ်အရွယ် မဟာသီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ဖိလစ်ပိုင်ကို ပထမဆုံးအကြိမ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
    ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးဟာ ၂၀၁၆ ခုနှစ် အာဏာရပြီးနောက်ပိုင်း တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိလာပြီး တရုတ်အလုပ်သမား အနည်းဆုံး ၂ သိန်းလောက်ကို တိုင်းပြည်ထဲ ခေါ်သွင်းထားပါတယ်။ အဲဒီအလုပ်သမား အများစုဟာ တရုတ်ပြည်က တရုတ်နိုင်ငံသားတွေ ကစားတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
    “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတာမှာ နိုင်ငံခြားသားတွေ တိုင်းပြည်အတွင်း အမြောက်အများ လာရောက် နေထိုင်တာမျိုး မပါဝင်ပါဘူး။ ဒါမျိုးဟာ နိုင်ငံရေးဟန်ချက်ကို အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားသားအမြောက်များ တိုင်းပြည်အတွင်းမှာ လာနေမယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် လွှမ်းမိုးလာမယ်ဆိုရင် ဒါဟာ အကောင်းဖြစ်လာမလား၊ အဆိုးဖြစ်လာမလားဆိုတာနဲ့ သူတို့အပေါ် ကန့်သတ်မှု လုပ်ရမလား ဆိုတာတွေကို ပြန်စဉ်းစားရပါမယ်” လို့ မဟာသီက ABS-CBN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း ဖိလစ်ပိုင်လွှတ်တော်ရဲ့ ဆွေးနွေးမှုမှာ အမတ်တွေက နိုင်ငံအတွင်း တရုတ်အလုပ်သမား ၂ သိန်းလောက် ရှိနေပြီး နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီး ကားလို့စ် ဒိုမီဂက်ဇ်က အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေအပေါ် အခွန်စည်းကြပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စမှာ တရုတ်နဲ့ တင်းမာမှု ရှိနေပေမယ့် ဒူတာတေးက တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရရှိအောင် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့လက ပြောကြားမှုတစ်ခုမှာ ဒူတာတေးက တရုတ်ဟာ ဖိလစ်ပိုင်နိုင်ငံသား သိန်းချီကို လက်ခံထားတာကြောင့် ဖိလစ်ပိုင်ကလည်း တရုတ်နိုင်ငံသားတွေ နေထိုင်ခွင့် ပြုရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
    မဟာသီက နာဂျစ်လက်ထက် တရုတ်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်တွေဟာ မမျှတဘူးလို့လည်း အရင်က ဝေဖန်ဖူးပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စမှာ ရေကြောင်းသွားလာမှုက ပိုမိုအရေးကြီးတယ်လို့ မဟာသီက ဖိလစ်ပိုင်ခရီးစဉ်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
    Ref: CNA