News @ M-Media
Tag: poem
  • ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)
    ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)
    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
    M-Media
    ရေးသူ- ဇော်မင်းထွေး
    မြေပေါ် နဲ့ မြေအောက်၊ သယံဇာတ ကွယ်ပျောက်ယုံမက
    သဘာဝပါ ငါးပါးမှောက်တော့မယ်၊ ရောင်းလိုက်ပုံများ
    မှောင်လိုက်တဲ့အနာဂတ် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်
    သန်းခေါင်ထက်ညဥ့်နက် နေခဲ့ပြီ၊ အဆင်ခြင်မဲ့ အပြုအမှု
    ရမ်းကားတဲ့ အလွဲသုံးစားမှုကြောင့်၊ ဂေဟနဲ့ သဘာဝ
    အရည်ပျက်ကာ စတေးခဲ့ရပေါ့
    ဦးဏှောက်ကို ပုံစံရိုက်သွင်းဖို့
    တည်ဆောက်ခရဲ့တဲ့ ပညာရေးစံနစ်
    စူးစမ်းတဲ့ဥာဏ်ရည် ကို ရိုက်ချိုး
    အတွေးခေါ် တွေကို အဆိပ်ခတ်ခဲ့ပြီးမှ
    ကျောင်းပြီးခဲ့ ငါတို့ဘ၀တွေ၊ ဦးဏှောက်တွေ ပုံယွင်းနေခဲ့ကြ
    ဒါတင်မက၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကိုပါ ပုံဖျက်ခံခဲ့ရပြီ
    နေရာတကာကြည့်စမ်း…လူငယ်တွေ၊ လူငယ်တွေ ၊ရည်မှန်းချက်မဲ့ လူငယ်တွေ
    ဟော..ကြည့် ..တရားရေးမဏ္ဍိုင်တဲ့
    ဘယ်သူ့ အတွက် အနိုင် ဆိုတာ ငါတို့ အသိပေပဲ
    ငါတို့တွေ ခိုကိုးရာမဲ့ကြတော့၊ မျက်ရည်သာ ခမ်းခြောက်သွားကြတယ်
    ဖိနှိပ်ခံလမ်းက လွတ်မြောက်ဖို့၊ အတွေးတွေတောင်
    မရဲရင့်ကြတော့ပြီ ၊ ဒါလားကွဲ့ ဒီမိုကရေစီ
    ချောက်ထဲရောက်၊ ကျန်းမာရေးစံနစ်ကြောင့်
    ရှင်သန်ရေး မျှော်လင့်ချက်၊ ငွေမရှိရင်ကျိုးပျက်ကြရပေါ့
    ချိနှဲ့တဲ့၊ စံနစ်အောက်မှာ၊ အသက်တွေက မြက်ခြောက်တွေအလား
    မပွင့်လန်းခင်၊ ကြွေနွမ်းကြရပြီ
    ငါကြားဖူးခဲ့ဇာတ်လမ်းတွေ
    တစ်ချို့များ၊ သေသာသေခဲ့ရ
    ကုသမှု၊ မခံယူဘူးကြ ပြီ ဆိုလေရဲ့
    ခုဆိုရင်လေ
    ဖိနှိပ်မှုတရားအောက် အတွေးအခေါ်တွေလဲ သဂြို င်္လ် ခံခဲ့ရဖူးပြီ
    မှိုင်းတိုက်တဲ့ ၀ါဒအောက်၊ ဦးဏှောက်ထဲ ကျပ်ခိုးပြည့် ပျက်သုဉ်းလုခဲ့ပြီ
    ခက်ခဲတဲ့ ရှင်သန်ရပ်တည်ရေးအောက်၊ ဘ၀ပေါင်းများစွာ မြေမြုပ်ခံခဲ့ရပြီးပြီ
    ရက်စက်တဲ့ ချုပ်ချယ်မှုများအောက်၊ ပါးစပ်ပေါက်ဟဖို့ကို ငါတို့မေ့တတ်ခဲ့ကြဘူးပြီ
    မှိုတက်ဆဲ စရိုက် ဆိုးတွေအောက်၊ ကိုယ်ကျင့်တရားတွေလဲ ပျောက်ရှခဲ့ကြဘူးပြီ
    ဒါပေမယ့်လဲ
    ကတိလာ၊ ဒီမိုကရေစီတရားမှာ၊ ငါတို့ပျော်ကြဖို့ အံခဲကြဘူးတယ်
    အပြောင်းအလဲ ဆိုတဲ့မျှော်လင့်ချက်ထဲ၊ စီးမြောလို့ ပျော်ဝင်ယစ်မှုးခဲ့
    တန်းတူအခွင့်အရေး ရွှေအိပ်မက်ထဲ၊ အနာဂတ်ကိုနှစ်သိမ့်ဖူးခဲ့တယ်
    သို့သော်လဲပေါ့
    ပစ္စုပ္ပန်၊ ငါလည်ပြန် ကြည့်မိတော့
    အား..သွေးတွေ…သွေး…….တွေ
    အမုန်းဓါးချက်တွေအောက်၊ ဘ၀တွေတုန်းနေခဲ့ကြပြီ
    အမျိုးသားရေး ၊ အခြောက်အလှန့်မှာ
    ကျီးလန့်စာ ငါတို့ စားနေခဲ့ရပြီ
    ခြေမြစ်မဲ့၊ မုသာဝါဒီ သတင်းမုန်တိုင်းတွေအဝှေ့မှာ
    တို့ အနာဂတ်တွေ၊ လုဝှက် ခံခဲ့ကြရပြီး
    အကွက်ဆင် အဓိကရုဏ်း တချို့ကြောင့်
    ငါတို့ချင်း ၊ယုံကြည်ချက်တွေ ပျက်သုဉ်းလု ရင်ဆိုင်နေရပြီ
    အခုဆို
    လက်ညိုးတွေက ပြောနေကြတယ်
    ငါက၊ အရင်က ဖြစ်ခဲ့တဲ့ငါ မဟုတ်ဘူးတဲ့။
    ငါမွေးတဲ့မြေမှာ၊ ငါနေထိုင်ခွင့်မရှိဘူးတဲ့။
    ငါအသက်ပေးချစ်တဲ့ တိုင်းပြည်ဟာ ငါ့နေရာမဟုတ်ဘူးတဲ့
    ရင်နာတယ်ကွာ………
    အဲဒီလက်ညိုးတွေက ငါ့ရင်ကိုဖေါက်လို့ နှလုံးသားကိုဒဏ်ရာပေးကြတယ်
    အဲဒီလက်ညိုးတွေမှာ ငါချစ်တဲ့ လူတစ်ချို့ရဲ့ အရိပ်တွေပေကျံနေတယ်
    ခင်ဗျားတို့သိလား
    အသုံးချခံရတိုင်း၊ အကွက်ကျကျ ၀င်ကစားပေးကြတဲ့
    ငါတို့ပြည်သူတစ်ချို့အတွက်၊ ငါငိုနေရတယ်
    နောက်ပြန်လှည့်မှာကို မြင်သာနေရတဲ့
    လမ်းကြောင်းတစ်ချို့က၊ လှည့်ပြန်ပြေးနိုင်ဖို့၊ ငါငိုနေရတယ်
    ပွင့်လန်းစ၊ ဒီမိုကရေစီပန်း
    အဆိပ်ရည်အလောင်းခံနေရတာကို၊ လက်ပိုက်ကာသာ
    ကြည့်နေနိုင်တဲ့၊ ငါ့မျက်လုံးတွေအတွက်၊ ငါငိုနေရတယ်
    ဘယ်တော့ချိုးဖျက်ခံရမယ်မှန်း
    မသိနိုင်တဲ့၊ ငါတို့အနာဂတ်တွေအတွက်
    ရင်ဘတ်ပွင့်လုမတတ် ၊နာကျည်းစွာ ငါငိုနေရတယ်
    အဆိုးဆုံးက…ဗျာ
    မှုန်ဝါးပြီး ပျောက်ကွယ်လုမတတ်ဖြစ်နေတဲ့
    ငါချစ်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်….
    နိုင်ငံကြီးတွေရဲ့၊ စားသုံးခံဖြစ်လာရမယ့်လက်ကျန် သယံဇာတတွေအတွက်
    နုံနဲဆဲငါတို့ ပြည်သူတွေရဲ့၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အသိတွေအတွက်
    ငါ..ငို…နေ…ရ…တယ်။
  • ကဗျာမဲ့နေသော ကဗျာ
    ကဗျာမဲ့နေသော ကဗျာ
    အောက်တိုဘာ၊ ၂၃၊၂၀၁၂
    M-Media
    ခံစားရေးဖွဲ့သူ- လူသား
    ထေရဝါဒ ဆရာတော်ကြီးတွေ တရား
    အကြိမ်ကြိမ် နာဖူးပါတယ်
    လူ့ဘဝ ရခဲလွန်းလို့
    ကောင်းကင်က အပ်ဖျားနဲ့ မြေပြင်က အပ်ဖျား
    ထိခြင်းဆိုတာထက်လို့တောင်လို့
    ပမာပေးကြတယ်
    ဘဝသံသရာဆိုတာ ရှည်လွန်းလို့
    အတိတ်ဆွေမျိုး မတော်ဖူးသူဆိုတာ
    ရှားပါတယ်တဲ့
    ရခဲတဲ့ လူ့ဘဝ ရှည်လွန်းတဲ့ သံသရာမှာ
    အတိတ်က အကျိုးတူပေး ပြုခဲ့ဘူးတဲ့ ကံတွေ အဟုန်ကြောင့်
    ကျယ်ပြော ကမ္ဘာမြေပြင်မှာ တစ်ချိန်တည်း တစ်နယ်တည်း လူအတူလာဖြစ်တယ်ဆိုတာ…
    အဲ့ဒီလို သွန်သင်တဲ့ တရားမွန်ကို နာယူကျင့်သုံးသူလို့ဆိုတဲ့ လူတစ်သိုက်ရဲ့ ဟစ်ကြွေးပုံက
    “မောင်းထုတ်ပစ်… ဒီလူတွေ… မထားနဲ့… ပို့ပစ်… သတ်ပစ်… ”
    တရားမွန်ရဲ့ နောက်လိုက်ကောင်းတွေပါဆိုပြီး အတင်းအော်နေတဲ့ နောက်လူတစ်သိုက်ကလည်း
    “မှန်တယ်…ထောက်ခံတယ်…ကာကွယ်ရမယ်..သူတို့ပြောတာမှန်တယ်…”
    ဒီလို လူတွေ
    တစ်သိုက်…တစ်သိုက်…တစ်သိုက်နဲ့
    ငါသူတစ်ပါး ယောက်ျား မိန်းမ လူဖြူ လူမည်း လူဝါ လူညိုဆိုတာ မရှိဘူးဆိုတဲ့
    လေးနက်ပါဘိလို့ဆိုကြတဲ့ အဘိဓမ္မာ ပရတ်မတ်ဉာဏ်တောင် မရောက်လိုက်ပါလား
    ငါသိထားတာတွေများ မှားတာလေလားလို့ သြချမိပါတယ်…
    နောက်မှ…
    ကာလာမသုတ်တော်ကို ဘေးချိတ် ငါ့လူပြော အကုန်မှန်တယ်ဆိုတဲ့
    တစောက်ကမ်းအတ္တလျှံနေတဲ့ ဒီနှလုံးသားတွေမှာ
    တရားရဲ့ ရောင်လင်း မပြန်နိုင်တာ မထူးပါဘူးလေလို့
    ဆင်ခြင်မိလေရဲ့…
    ဘာပဲဖြစ်ဖြစ်
    အဘွားရဲ့ ဗုဒ္ဓဝင်တွေနဲ့ အိပ်ရာဝင်ခဲ့တဲ့ ငါ့နားတွေအတွက်တော့
    ဒီအတ္တဘောတွေက သကာကို အဆိပ်လောင်းနေသလိုပါပဲ…
    ဘာသာတရားကို မိရိုးဖလာဆိုသူတွေ
    သိမ်းပိုက်ထားတဲ့ ဒီနေ့ကြီးမှာ
    လေ့လာထားတာလေးတွေ မေ့မေ့သွားလို့
    ကျမ်းရင်းတွေ ပြန်လှန်နေရတယ်လေ…
    အနတ္တကို ဗဟိုပြု လူသားဝါဒသွန်သင်မှု အဖြူထည်ကို
    အတ္တစီးလက်တွေနဲ့ လူသားမဆန်မှု ဝိုင်းခြယ်နေကြပြီဆိုတော့
    အော်…ပြက္ခဒိန်ကြည့်မိတော့မှ ၂၅၀၀စွန်းနေပြီလေ
    ၃၀၀၀… ၃၅၀၀…
    ဒီနေ့မြင်ကွင်း အနုကြမ်းစီးထားတဲ့
    ကျွန်တော့်အတွေး
    ရှေ့မဆက်ဝံ့တော့ပါဘူး
    အရင်းနဲ့ မခြားတဲ့ မွေးစားဘွားဘွားကို သတိရမိရင်း
    ဗုဒ္ဓ့ဉာဏ်တော်ကို အသိအမှတ်ပြုမိနေတုန်း
    နားထဲဝင်လာတာက
    “ငါတို့က အမျိုး ဘာသာ သာသနာကို ကာ…”
    ကျွန်တော် ဆက်မကြားတော့ပါ
    နားတွေကိုပဲ ပိတ်မိလိုက်တာလား
    လေ့လာခဲ့ဖူးတဲ့ အသိစိတ်ကပဲ ခွင့်မပြုတော့တာလားတော့မသိပါ။
    ဆန္ဒဆက်ပြုမိတာကတော့…
    ကျွန်တော့် ညီနောင်များ ပရမတ် သစ္စာတရား ဆီသို့…။    ။
  • “အတုံ့ အလှဲ့” (ကဗျာ)
    “အတုံ့ အလှဲ့” (ကဗျာ)
    အောက်တိုဘာ၊ ၂၂၊ ၂၀၁၂
    M-Media
    ခံစားရေးဖွဲသူ – Mohammed Naeem
    မင်းတို့ လုပ်ကြပြန်ပြီလားကွာ!
    ‘ရက်စက်လွန်းတဲ့ မင်းတို့ရဲ့ လုပ်ရပ်’
    အားမတန် မာန်လျော့လို့
    လက်နက်ပြ လူသတ်သမားတွေကို
    လုပ်ထားဦးပေါ့လို့ အံကြိတ်ပြောနေပြီး
    စိတ်နှလုံးထဲ မြိုသိပ်ပေးနေတဲ့
    ငါတို့ရဲ့ သားချင်းတွေက
    ရက်စက်စွာ မီးတင်ရှို့လို့
    သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို
    ရက်စက်စွာ လုပ်ဦးမှာပဲ ဆိုတဲ့
    မင်းတို့ရဲ့ ယုတ်မာမှု လုပ်ရပ်တွေကြောင့်
    တော်ပြီကွာ လွန်လွန်းနေပြီလို့
    မခံနိုင် ပြောလာသူတွေကို
    ပေးရမဲ့ အဖြေက —-
    ‘ပက်စက်လွန်းတဲ့ မင်းတို့ရဲ့ အကြံ’
    အာဏာကိုငမ်းငမ်းတက်
    မက်မောတဲ့ မင်းတို့ အကြံ
    နိုင်ငံကို ချောက်ထဲချ
    မျိုးတုန်းသတ်ကြဖို့ မင်းတို့ရဲ့ ဥာဏ်
    မြင်နေတဲ့ ငါတို့က
    ကိုယ့်ဘက်သား လူတွေကို
    မလွန်အောင် ထိန်းနေရပေမဲ့
    ခုတော့ကွာ ပက်စက်လွန်းလာတော့
    မခံနိုင် ပြောလာသူတွေကို
    ပေးရမဲ့ ငါ့အဖြေက —-
    ‘ရိုင်းစိုင်းလွန်းတဲ့ မင်းတို့ရဲ့ စိတ်ဓာတ်’
    ဘာသာရေးဗန်းပြလို့
    လမ်းပေါ်ထွက် ခွေးလိုဟောင်
    ပြောပြန်တော့ ဆန့်ကျင်တာ OIC
    လုပ်နေတာ ကုလားမုန်းတီးရေး
    ခေါင်းဆောင်က အဟိတ်ဆိုတော့
    စိတ်ဓာတ်က လူစဉ်မမီ
    နောက်လိုက်ပါ လူရမ်းကားတွေက
    ခပ်ချာချာ အပေါစားတွေမို့
    ရိုင်းချက်က ကမ္ဘာကျော်
    ဘာသာကြီးတစ်ခုကို ပတ်ရမ်းလို့
    စော်ကား ခွင့်ပြုတဲ့ ဒီမိုကရေစီ
    ရိုင်းလွန်းတဲ့ မင်းတို့ကို
    မခံနိုင် ပြောလာသူကို
    ပေးရမဲ့ ငါ့အဖြေက —-
    ‘ယုတ်ညံ့လွန်းတဲ့ မင်းတို့ရဲ့ သမိုင်း’
    ဟစ်တလာ ဖအေခေါ်ရလောက်အောင်
    ချစ်ပြကြအမျိုးကို
    ကုန်နေအောင် ဝယ်နေတာက
    မင်းတို့ရဲ့ ပေါက်ဖော်
    ရုပ်တွေကစပ်ရင်းနဲ့ မဲနေတာဖြူကုန်ပြီ
    မှန်ကြည့်မှ နောင်တမရနဲ့
    သမိုင်းမှာ ကုလားမုန်းလို့
    မင်းတို့ဘဝ အေးချမ်းမယ်ဆို
    ဝေးဝေးနေ လာမရောနဲ့
    ငါတို့က ပိုရှောင်တယ်
    မဆိုင်ပဲ ကုလားဆဲလာတော့
    မခံနိုင် ပြောလာသူကို
    ပေးရမဲ့ ငါ့အဖြေက —-
    အတုံ့ အလှဲ့ ဆိုတာ ရှိစမြဲ။
  • “ သတိ” အမှား နှင့် အမှန်ဆိုတာ “မ”ဟပ်ထိုးအထိတော့ အတူတူပါပဲ (ကဗျာ)
    “ သတိ” အမှား နှင့် အမှန်ဆိုတာ “မ”ဟပ်ထိုးအထိတော့ အတူတူပါပဲ (ကဗျာ)
    အောက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    စိန်ဌေးဟန်
    သားတို့က ဆင်းရဲပါတယ် အမေ
    ကလေးဘ၀တုန်း တစ်ခါတလေ ရုပ်ရှင်ကြည့်ဖြစ်ရင်
    DC ရမယ် ၊ STALL ရမယ် အော်သံတွေနားဆင်ရင်း
    အစ်ကို၊အစ်မတွေက ရိုးရိုးတန်းလက်မှတ်ပဲ ၀ယ်တာကြောင့်
    ဘာဖြစ်လို့ DC မ၀ယ်တာလဲလို့ မေးတော့
    DC ဆိုတာ အထက်တန်းကျသူ၊ ချမ်းသာသူတွေပဲ ကြည့်တာတဲ့လေ။
    သားစိတ်ထဲမှာ အဲဒီ့အချိန်ကစလို့
    DC ဆိုတဲ့ အရသာကို ခံစားဖူးချင်နေခဲ့မိတယ်။
    ဟော – ၈၈ အရေးအခင်း မိုးစက်တိုနှင့်အတူ
    လူမျိုးမရွေး ဘာသာမရွေးတို့က
    ပျိုးကျဲလိုက်တဲ့ မျိုးစေ့လေးတွေကို
    ဒီမိုကရေစီလို့ ၀ိုင်းသမုတ်လေတော့
    သား – စိတ်ဝင်စားခဲ့မိတယ် အမေ။
    အဓိပ္ပါယ်သိလို့တော့ မဟုတ်ပါဘူး
    အစစာလုံးနဲ့အဆုံးစာလုံးလေးက
    သားခံစားဖူးချင်တဲ့ “ ဒီစီ”ဖြစ်နေလို့ပါ။
    DC ကအထက်တန်းကျမကျတော့မသိပါ
    မျက်နှာပန်းမလှဘဲ လက်ပန်းကျနေတာက
    သားတို့လိုကျောမွဲဆင်းရဲသားတွေပါ
    သားတို့ဘယ်လောက်ပဲဆင်းရဲဆင်းရဲ
    စိတ်ဓါတ်အောက်တန်းမကျတဲ့
    စာရိတ္တချမ်းသာသူပဲဖြစ်ချင်ပါတယ်။
    တိုင်းတပါးတို့ china တို့ဆိုတာက
    သားတို့ကို ခိုင်းနွားအဆင့်ပဲ သဘောထားမှာပါ။
    ပိုစိတ်ပျက်စရာက
    ဘာသာကိုအယောင်ပြလို့
    အာဏာကိုအချောင်ရဖို့
    မျှော်လင့်ဆဲ အလစ်သမားတွေ။
    မြန်ပြည်မှာ အုံကြွမှ
    ကြံစည်ရာ အကုန်မဖို့
    အတော်အတင့်ရဲ အပြစ်သားတွေလောက်တော့
    ငယ်ငယ်က အဖွါးပြောတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနဲတင်
    ဒင်းတို့ခြေလှမ်းကို မှန်းလို့ရနိုင်ပါတယ်
    အပြစ်မဲ့တဲ့သူတွေကိုသတ်၊ အစာရေစာဖြတ်
    ဒါကို လက်ခုပ်တီးအားပေးတယ်ဆိုတာ
    အရူးတွေလုပ်တဲ့ လုပ်ရပ်ဖြစ်သလို
    တရားခံတွေကိုထိန်ချန်တာဟာလည်း
    ပြစ်မှုမြောက်တာပါပဲ မဟုတ်လား။
    လူမျိုးဂုဏ်ဆိုတာ
    လူ့ဂုဏ်ပေါ်မှာ တည်မှီနေတာပါ
    လူ့ဂုဏ်ရည်ပျက်ယွင်းနေတဲ့
    လူမျိုးတွေရဲ့ ဂုဏ်ရည်ဆိုတာ
    ဘာမှအထင်ကြီးစရာ မရှိပါဘူး။
    သံသရာဆိုတာ လည်တယ်
    ထေရတို့တိုင်းပြည်က လူတွေလည်း
    လက်သည်အစစ်ကို ရှာနိုင်စွမ်းရည်နိမ့်ပါးခြင်းနဲ့အတူ
    ခေါင်းတွေပါလည်ကုန်ကြတော့
    တရားခံအစစ်က ကိုယ်ပျောက်ဝိဇ္ဇာဘ၀ကို
    ရောက်သွားတော့တာပေါ့ ။
    ယုတ်ပတ်ကာ အကြင်နာ ရင်မှာမရှိလေခဲ့
    မဟုတ်မဟတ်သာ ထွင်တာအစဉ်အလာရှိလေရဲ့
    လုပ်ဇာတ်ဟာမြင်သာထင်သာရှိပေမယ့်
    မဟာအခွင့်အရေးရထားတော့
    ရနိုင်သမျှအကုန်ခူး
    ရနိုင်သမျှအကုန်တူးပြီး
    မြန်ပြည်မှာတွင်းတွေဖြစ်လို့
    ဈေးကွက်အဖြစ်သုံးလို့မရရင်
    တံတွေးခွက်အဖြစ်သုံးကြဦးမှာပါ။
    အကျပ်အတည်းတို့ ရပ်ဆဲဖို့
    ပြဿနာတို့ထပ်မလာဖို့
    အဖြေတစ်ခု ပေးနိုင်နေပါလျှက်
    အမေ အခုဘေးထိုင်မနေပါနဲ့
    အမေ ပြုံးပြရင်လှပါတယ်
    အမေ ဆုံးမရင်ရပါတယ်
    သား…မျှော်လင့်မိပါတယ်။
    စိန်ဌေးဟန်
  • ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    အောက်တိုဘာ၊ ၂၀၊ ၂၀၁၂
    M-Media
    Pearl Ster
    အာ် ငါ့ဘဝ! သနားမယ့်သူမရှိ ……
    တွင်းထဲမှာ နေမရတဲ့တခဏ ထွက်ခဲ့မိပါ၏။
    နေ့စေ့လစေ့ မွေးကာနီးဖွားခါ နီး
    အပြင်လောကတစ်ခဏ
    သွားလိုသည့်စိတ်ဆန္ဒ ကြောင့် ငါလှမ်းခဲ့မိ
    ငါ့အား စောင့်ပြီးဖမ်းမည့် သူများလှပါဘိ ……
    ငါ့လိုဘဲအဖမ်းခံထားရသူများလှပါဘိ …….
    ငါ့ဘဝလည်း သူ့လက်ထဲသို့ ကျရောက်ရရှာ၏ ……
    နွားအားသနားသူ မိတ်ဆွေအပေါင်းတို့ !
    ကျွန်ုပ်သည် လည်းအသက်နဲ့ပါ .
    ကျွန်ုပ်၏ဖြစ်လာတော့မယ့်
    သားသမီးလေးတွေ အပြင်ထွက်ဖို့တာဆူနေချိန်ပါ …..
    ကျွန်ုပ်သည် အသက်ခန္ဓာနဲ့တကွ ဆီပူအိုးထဲ ကိုရောက်ရရှာတာပါ …..
    တခြားသတ္တဝါတွေကသေမှ ဆီပူထဲ ရောက်ရတာ
    ကျုပ်တို့ကျတော့ အရှင်လတ်လတ် ရောက်ရတာ
    မကျေနပ်ဘူးဗျာ ….
    သနားကြပါဗျာ ကျုပ်တို့ကိုလည်း
    မစားကြပါနဲ့ဗျာ
    ကျွနုပ်၏ ခံစားချက်မည်သို့ရှိမည်ကို သင်တို့ စဉ်းစားကြည့်မိပါသလား …….
    သင်တို့အလွန်ကြိုက်နှစ်သက်စွာစားသောက်နေသော ပုရစ်ကြော် ,
    ခံစားချက်မဲ့စွာ ဥ ပါမှအရသာရှိတာလို့
    ပြောရက်လိုက်ကြတာ …….
    ခံပြင်းတယ်,နာကျည်းတယ်
    ပုရစ်ဆိုတဲ့ဘဝ ဘဝဆက်တိုင်းမရောက်ရပါစေနဲ့…
    ကိုရွှေနွားရယ် အားကျတယ်ဗျာ
    သက်ရှိသတ္တဝါခြင်းတူ တူ
    ခင်ဗျားကျတော့ သနားလိုက်ကြတာ ….
    ကျုပ်ကိုကျ ကုလားမစားလို့ မသနားကြတာများလား …
    ကျုပ်သိချင်တယ်ဗျာ..
    ကျုပ်တို့လည်း မျိုးတုန်းတော့မယ် ထင်ပါရဲ့ဗျာ …