အောက်တိုဘာ၊ ၂၃၊၂၀၁၂
M-Media
ခံစားရေးဖွဲ့သူ- လူသား
ထေရဝါဒ ဆရာတော်ကြီးတွေ တရား
အကြိမ်ကြိမ် နာဖူးပါတယ်
လူ့ဘဝ ရခဲလွန်းလို့
ကောင်းကင်က အပ်ဖျားနဲ့ မြေပြင်က အပ်ဖျား
ထိခြင်းဆိုတာထက်လို့တောင်လို့
ပမာပေးကြတယ်
ဘဝသံသရာဆိုတာ ရှည်လွန်းလို့
အတိတ်ဆွေမျိုး မတော်ဖူးသူဆိုတာ
ရှားပါတယ်တဲ့
ရခဲတဲ့ လူ့ဘဝ ရှည်လွန်းတဲ့ သံသရာမှာ
အတိတ်က အကျိုးတူပေး ပြုခဲ့ဘူးတဲ့ ကံတွေ အဟုန်ကြောင့်
ကျယ်ပြော ကမ္ဘာမြေပြင်မှာ တစ်ချိန်တည်း တစ်နယ်တည်း လူအတူလာဖြစ်တယ်ဆိုတာ…
အဲ့ဒီလို သွန်သင်တဲ့ တရားမွန်ကို နာယူကျင့်သုံးသူလို့ဆိုတဲ့ လူတစ်သိုက်ရဲ့ ဟစ်ကြွေးပုံက
“မောင်းထုတ်ပစ်… ဒီလူတွေ… မထားနဲ့… ပို့ပစ်… သတ်ပစ်… ”
တရားမွန်ရဲ့ နောက်လိုက်ကောင်းတွေပါဆိုပြီး အတင်းအော်နေတဲ့ နောက်လူတစ်သိုက်ကလည်း
“မှန်တယ်…ထောက်ခံတယ်…ကာကွယ်ရမယ်..သူတို့ပြောတာမှန်တယ်…”
ဒီလို လူတွေ
တစ်သိုက်…တစ်သိုက်…တစ်သိုက်နဲ့
ငါသူတစ်ပါး ယောက်ျား မိန်းမ လူဖြူ လူမည်း လူဝါ လူညိုဆိုတာ မရှိဘူးဆိုတဲ့
လေးနက်ပါဘိလို့ဆိုကြတဲ့ အဘိဓမ္မာ ပရတ်မတ်ဉာဏ်တောင် မရောက်လိုက်ပါလား
ငါသိထားတာတွေများ မှားတာလေလားလို့ သြချမိပါတယ်…
နောက်မှ…
ကာလာမသုတ်တော်ကို ဘေးချိတ် ငါ့လူပြော အကုန်မှန်တယ်ဆိုတဲ့
တစောက်ကမ်းအတ္တလျှံနေတဲ့ ဒီနှလုံးသားတွေမှာ
တရားရဲ့ ရောင်လင်း မပြန်နိုင်တာ မထူးပါဘူးလေလို့
ဆင်ခြင်မိလေရဲ့…
ဘာပဲဖြစ်ဖြစ်
အဘွားရဲ့ ဗုဒ္ဓဝင်တွေနဲ့ အိပ်ရာဝင်ခဲ့တဲ့ ငါ့နားတွေအတွက်တော့
ဒီအတ္တဘောတွေက သကာကို အဆိပ်လောင်းနေသလိုပါပဲ…
ဘာသာတရားကို မိရိုးဖလာဆိုသူတွေ
သိမ်းပိုက်ထားတဲ့ ဒီနေ့ကြီးမှာ
လေ့လာထားတာလေးတွေ မေ့မေ့သွားလို့
ကျမ်းရင်းတွေ ပြန်လှန်နေရတယ်လေ…
အနတ္တကို ဗဟိုပြု လူသားဝါဒသွန်သင်မှု အဖြူထည်ကို
အတ္တစီးလက်တွေနဲ့ လူသားမဆန်မှု ဝိုင်းခြယ်နေကြပြီဆိုတော့
အော်…ပြက္ခဒိန်ကြည့်မိတော့မှ ၂၅၀၀စွန်းနေပြီလေ
၃၀၀၀… ၃၅၀၀…
ဒီနေ့မြင်ကွင်း အနုကြမ်းစီးထားတဲ့
ကျွန်တော့်အတွေး
ရှေ့မဆက်ဝံ့တော့ပါဘူး
အရင်းနဲ့ မခြားတဲ့ မွေးစားဘွားဘွားကို သတိရမိရင်း
ဗုဒ္ဓ့ဉာဏ်တော်ကို အသိအမှတ်ပြုမိနေတုန်း
နားထဲဝင်လာတာက
“ငါတို့က အမျိုး ဘာသာ သာသနာကို ကာ…”
ကျွန်တော် ဆက်မကြားတော့ပါ
နားတွေကိုပဲ ပိတ်မိလိုက်တာလား
လေ့လာခဲ့ဖူးတဲ့ အသိစိတ်ကပဲ ခွင့်မပြုတော့တာလားတော့မသိပါ။
ဆန္ဒဆက်ပြုမိတာကတော့…
ကျွန်တော့် ညီနောင်များ ပရမတ် သစ္စာတရား ဆီသို့…။ ။
Leave a Reply
You must be logged in to post a comment.