News @ M-Media

Tag: Public Health in Myanmar

  • ရန်ကုန်ရှိ တီဘီလူနာများကို အဆင့်မြင့်စက်များဖြင့် စမ်းသပ်စစ်ဆေးကုသမည်

    ရန်ကုန်ရှိ တီဘီလူနာများကို အဆင့်မြင့်စက်များဖြင့် စမ်းသပ်စစ်ဆေးကုသမည်

    အောက်တိုဘာ ၄၊ ၂၀၁၉
    M-Media

    -ရန်ကုန်မြို့က မြို့နယ် ၅ ခုမှာ ရှိနေတဲ့ တီဘီရောဂါ သံသယလူနာတွေကို နောက်ဆုံးပေါ် GeneXpert စက်ကို အသုံးပြုကာ စမ်းသပ်စစ်ဆေး ကုသမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး အစီအစဉ် အကြီးအကဲ ဒေါက်တာ ဇော်မြင့်က ပြောကြားခဲ့ပါတယ်။

    “ဒီစက်ကိုအသုံးပြုပြီး စမ်းသပ်စစ်ဆေးတာအပြင် ဆေးယဉ်ပါး တီဘီရောဂါအတွက် ကုသမှုတွေလည်း ကျွန်တော်တို့ လုပ်ဆောင်ပေးသွားမှာပါ။ အရင်က ဆေးယဉ်ပါး တီဘီရောဂါကို စမ်းသပ်စစ်ဆေးရာမှာ ဒီစက်ကို အသုံးပြုခဲ့ပေမယ့် အခုတော့ အခြား တီဘီလူနာတွေအတွက်ပါ အသုံးပြုမှာ ဖြစ်ပါတယ်”

    လက်ရှိ ရန်ကုန်မှာ GeneXpert စက် ၂၂ လုံး ရှိနေပြီး အခုနှစ်မကုန်ခင် နောက်ထပ် ၄ လုံး ထပ်ပြီး ချထားဖို့ ရှိနေပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တောင်ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တွေဟာ ရန်ကုန်မြို့မှာ တီဘီရောဂါ ဖြစ်ပွားမှုအမြင့်ဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။

    ပုံမှန် တီဘီရောဂါသည်တွေဟာ ၆ လကနေ ၈ လအထိ ဆေးစွဲသောက်ရပေမယ့်၊ ဆေးယဉ်ပါ တီဘီရောဂါကတော့ ၁၁ လနေ တစ်နှစ်အထိ သောက်သုံးရပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်က တီဘီရောဂါဖြစ်ပွားမှုနှုန်း လျော့ချဖို့ဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပြီး ဒါမှသာ ရလဒ်ကောင်းကို ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ တီဘီလူနာ ၃၃၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ တီဘီရောဂါဟာ မြန်မာနိုင်ငံမှာ အဓိက ရောဂါတစ်ခုဖြစ်နေပြီး ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံ ၃၀ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရကတော့ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ၂ နှစ်တာစီမံကိန်းတစ်ခုကို အခုနှစ် ဇန်နဝါရီလမှာ ချမှတ်ခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ယခုနှစ်အတွင်း H1N1 ကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၀၈ ဦး သေဆုံး

    ယခုနှစ်အတွင်း H1N1 ကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၀၈ ဦး သေဆုံး

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ရန်ကုန်မြို့မှ H1N1 လူတစ်ဦး၏ ဈာပန (Photo credit – Myanmar Times)

    -အခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း ရာသီတုပ်ကွေး (H1N1) ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၀၈ ဦး ရှိပြီး၊ ရောဂါဖြစ်ပွားမှုက ၆၄၈ ခု ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးမှုဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ၆၈ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၀ ခု၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ၄ ခု၊ မွန်ပြည်နယ်မှာ ၃ ခု၊ ရခိုင်ပြည်နယ်မှာ ၂ ခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ ၁ ခုစီ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း H1N1 တုပ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၃၈ ဦး ရှိခဲ့ပြီး အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသသူ အရေအတွက်ကတော့ ၄၀၆ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ H1N1 ကြောင်း သေဆုံးမှု မရှိပါဘူး။

    အခုနှစ်အတွင်း သေဆုံးသူ ၁၀၈ ဦးမှာ ၉ ဦးဟာ H1N1 ရောဂါတစ်ခုတည်းကြောင့် ဖြစ်ပြီး၊ ၈၆ ဦးက ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ အခြား ၁၃ ဦးက အန္တရာယ်ရှိတဲ့ အသက်အရွယ်တွေဖြစ်တဲ့ ၅ နှစ်အောက်နဲ့ ၆၅ နှစ်အထက်အရွယ်တွေ ဖြစ်ပါတယ်။

    H1N1 ရောဂါလက္ခဏာတွေက ရုတ်တရက် အဖျားကြီးတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ နှာစေးတာတွေဖြစ်ပါတယ်။ ကူးစက်သူအများစုဟာ ဆေးဝါး သောက်သုံးခြင်းမရှိဘဲ တစ်ပတ်အတွင်း ကောင်းသွားလေ့ရှိပါတယ်။

    မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း H1N1 အဖြစ်များလေ့ရှိပါတယ်။

    အခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း ရောဂါကူးစက်သူတွေထဲက ၅၆ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ ကြား အရွယ်တွေဖြစ်ပြီး၊ ၁၅ ရာခိုင်နှုန်းက ၁ နှစ်ကနေ ၅ နှစ်အရွယ် ကလေးငယ်တွေ ဖြစ်ပါတယ်။ ၉ ရာခိုင်နှုန်းက ၆၅ နှစ်အထက် ဖြစ်ပြီး၊ ၅ နှစ်ကနေ ၁၅ နှစ်ကြားက ၁၃ ရာခိုင်နှုန်း၊ ၁ နှစ်အောက် ကလေးငယ်တွေက ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အသက် ၆ နှစ်က ၅ နှစ်အတွင်း ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်းလုပ်သားတွေလို ကူးစက်နိုင်ခြေ မြင့်မားသူတွေကို ကာကွယ်ဆေးထိုးပေးဖို့ အကြံပြုထားပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ခွေးရူးရောဂါတိုက်ဖျက်ရေး အစိုးရကို WHO ကူညီနေ

    ခွေးရူးရောဂါတိုက်ဖျက်ရေး အစိုးရကို WHO ကူညီနေ

    သြဂုတ် ၂၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    -အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ခွေးရူးပျံရောဂါ ကာကွယ်ဆေး ၁၄၀၀၀ ပေးအပ်ခဲ့တယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ခွေးရူးရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနဟာ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံတို့မှာ ၂၄ နာရီ ကုသရေးစင်တာတွေကို ဖွင့်လှစ်ပြီး ခွေးကိုက်ခံရသူတွေကို ကုသပေးနေပါတယ်။

    ကာကွယ်ဆေးကတော့ WHO က သတ်မှတ်ထားတဲ့အတိုင်း ၀.၁ မီလီလီတာထိုးဆေးကို တစ်လအတွင်း ၃ ကြိမ် ထိုးသွင်းပေးနေတာ ဖြစ်ပါတယ်။

    WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတီဖင်ပေါလ်ဂျော့စ်က ခွေးရူးရောဂါဟာ ပြည်သူလူထု ကျန်းမာရေးမှာ အဓိကကျတဲ့ ရောဂါတစ်ခုဖြစ်ပြီး မိမိတို့အနေနဲ့ ဒီကိစ္စမှာ မြန်မာနိုင်ငံကို ဆက်လက် ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခွေးကိုက်တာကို တတ်နိုင်သလောက် တားဆီးဖို့ အရမ်း အရေးကြီးပါတယ်။ ဒါမှ ခွေးရူးရောဂါကို တားဆီးနိုင်မှာပါ။ ခွေးရူးရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ ခွေးတွေကို ကာကွယ်ဆေးထိုးပေးထားတာက အရမ်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ခွေးကိုက်တာတွေ ဆက်ဖြစ်နေတော့ လူတွေကို ကာကွယ်ဆေး လုံလုံလောက်လောက် ထိုးပေးဖို့လည်း အရေးကြီးပါတယ်”

    ခွေးရူးရောဂါအကြောင်းနဲ့ ဖြစ်ပွားလာရင် ဘယ်လို ကိုင်တွယ်ဆောင်ရွက်ရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပြည်သူလူထု အသိပညာပေးလုပ်ငန်းမှာလည်း WHO က ကူညီထောက်ပံ့ပေးနေပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးမြင့်ထွေးက မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရမှု မြင့်တက်လာပြီး၊ ခွေးရူးရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ မြန်မာနိုင်ငံက ရောဂါဖြစ်ပွားမှုနှုန်း အမြင်ဆုံးမှာ ပါဝင်နေကြောင်း ပြောကြားခဲ့ပါတယ်။

    “ခွေးကိုက်တဲ့အရေအတွက်ဟာ တစ်ဖြည်းဖြည်း မြင့်တက်လာပါတယ်။ ခွေးကိုက်တာနည်းသွားရင် ခွေးရူးရောဂါ ကာကွယ်ဆေးအတွက် သုံးစွဲမှုလည်း လျော့သွားမှာပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ခွေးရူးရောဂါ ကာကွယ်ဆေးနဲ့ ဆက်စပ်ဆေးဝါးတွေဝယ်ဖို့ ငွေကျပ် ၁၃.၇ ဘီလီယံ သုံးစွဲခဲ့ရပါတယ်”

    မြန်မာနိုင်ငံမှာ အိမ်မွေးခွေးနဲ့ လမ်းဘေးခွေး စုစုပေါင်း ၆ သန်းလောက်ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး လူ ၁၀ ယောက်ကို ခွေးတစ်ကောင်နှုန်းဖြစ်ပါတယ်။ ခွေးကောင်ရေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြ ပြောဆိုထားပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဆေးရုံးတွေမှာ ခွေးကိုက်လူနာပေါင်း ၁၈၀၀၀၀ လောက် လာရောက်ကုသခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာတော့ ပိုမိုမြင့်က်ကာ ၁၉၂၀၀၀ အထိ ဖြစ်လာပါတယ်။ အခုနှစ် ပထမ ၆ လအတွင်းမှာတော့ ခွေးကိုက်ခံရတဲ့ လူနာပေါင်း ၆ သောင်းလောက် ရှိခဲ့ပါတယ်။

    ခွေးရူးရောဂါကြောင့် သေဆုံးသူကတော့ ၂၀၁၁ ခုနှစ်မှာ ၂၄၅ ဦး ရှိရာကနေ၊ ၂၀၁၈ ခုနှစ်မှာ ၇၁ ဦးအထိ ကျဆင်းသွားပါတယ်။ အခုနှစ်မှာတော့ သေဆုံးသူ ၄၀ ခန့်သာ ရှိပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    အွန်လိုင်းတွင် ရောင်းနေသည့် တုပ်ကွေးကာကွယ်ဆေး စိတ်မချရဟု FDA ထုတ်ပြန်

    ဇူလိုင် ၃၀၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    -အွန်လိုင်းမှာ ရောင်းချနေတဲ့ တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ဟာ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိတာကြောင့် ပြည်သူလူထုအနေနဲ့ ၀ယ်ယူသုံးစွဲခြင်းမပြုဖို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနရုံး FDA က ထုတ်ပြန်ထားပါတယ်။

    ကာကွယ်ဆေးတွေဟာ သတ်မှတ်ထားတဲ့ အပူချိန်ထိန်းညှိခန်းတွေမှာ စနစ်တကျ သိမ်းဆည်းထားရတာဖြစ်ပြီး အွန်လိုင်းမှာရောင်းနေတဲ့ ဆေးတွေက ဒီလို မသိမ်းထားနိုင်ဘူးလို့ FDA က ပြောပါတယ်။

    “ဒီကာကွယ်ဆေးဟာ ပြည်ပက တင်သွင်းတဲ့ ဆေးတွေအဖြစ် FDA မှာ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။ ဒီဆေးဝါးတွေကို ကိုင်တွယ်စီမံမယ်လို့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးလုပ်ငန်းလည်း မရှိပါဘူး” လို့ FDA ရန်ကုန်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးမင်းဝန်က ပြောကြားခဲ့ပါတယ်။

    Vaxigrip Tetra ဆေးဟာ ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်ပြီး တုပ်ကွေး A/H1N1 နဲ့ A/H3N2 တို့ အပါအ၀င် တုပ်ကွေးအမျိုးအစား ၄ မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

    ဆေးဝါးလုပ်ငန်းတွေ၊ ဆေးဝါးတင်သွင်းသူတွေနဲ့ တစ်ဆင့် ပြန်လည်ရောင်းချသူတွေဟာ FDA မှတ်ပုံတင်ရပြီး၊ Vaxigrip Tetra ထိုးဆေးကတော့ မှတ်ပုံတင်ထားခြင်း မရှိသေးပါဘူး။

    ဦးမင်းဝန်က မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေဟာ လူထုအတွက် အန္တရာယ်မကင်းဘူးလို့
    ပြောကြားခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးဖို့ FDA မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဆေးဝါး ၉၄ မျိုး ရှိနေပါတယ်။

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • နိုင်ငံတကာက အတုယူရမယ့် မြန်မာနိုင်ငံက ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း

    နိုင်ငံတကာက အတုယူရမယ့် မြန်မာနိုင်ငံက ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    -တစ်ချိန်က ငှက်ဖျားရောဂါ ထူပြောခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားအကူအညီယူကာ ငှက်ဖျားတိုက်ဖျက်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မှုကို တစ်ခြားနိုင်ငံတွေက အတုယူရမယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    ရက်အနည်းငယ်ကြာတဲ့သင်တန်းကို တက်ထားပြီး ဈေးသက်သာတဲ့ဆေးအပြည့်နဲ့ စေးမူဖော ငငှက်ဖျားတိုက်ဖျက်ရေး လုပ်ဆောင်ရာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီးက သူမရဲ့ ရွာလေးဟာ ငှက်ဖျား လုံးဝကင်းစင်တဲ့အနေအထားကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

    ခြင်တွေပေါက်ဖွားရာ တောတောင်တွေ ဝိုင်းနေပြီး လူ ၆၀၀ လောက်နေထိုင်တဲ့ မိချောင်းလှောင်ကျေးရွာမှာ ၂၀၁၅ ခုနှစ်က ငှက်ဖျားဖြစ်နေတဲ့ လူ ၁၆ ယောက် သူ့မဆီကို လာရောက် ကုသခဲ့ကြပါတယ်။ အဲဒီတုန်းက ကျန်းမာရေးမှူးအဖြစ် သူမ တာဝန်ထမ်းဆောင်မှု သက်တမ်းဟာ တစ်နှစ်သာ ရှိပါသေးတယ်။

    ကြက်ပေါင်စေးလက်အိပ်၊ သွေးဖောက်အပ်၊ တစ်ခါသုံး ငှက်ဖျားပိုးစမ်းသပ်ရေး ကိရိယာ အပြည့်အစုံနဲ့ သူမဟာ ပြီးခဲ့တဲ့နှစ်က လူ ၂၅၀ ကို ငှက်ဖျား ရှိ၊ မရှိ စမ်းသပ်ခဲ့ရာမှာတော့ တစ်ဦးမှာသာ ငှက်ဖျားရှိတာကို တွေ့ခဲ့ရပါတယ်။

    သူမ ကျန်းမာရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်က သူမရဲ့ပတ်ဝန်းကျင်ဟာ ငှက်ဖျားရောဂါဆိုတာဘာလဲ၊ ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိမရှိကြပါဘူး။

    “အခုဆိုရင် ရောဂါလက္ခဏာ တွေ့တာနဲ့ တစ်ခြား ဘယ်ကိုမှ မသွားဘဲ ကျွန်မဆီကို တန်းလာကြတာ” လို့ စေးမူဖောက ပြောပါတယ်။

    ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး အကူအညီတွေ တရစပ်ဝင်လာတဲ့ ၂၀၁၁ ခုနှစ်ကစလို့ နိုင်ငံခြား အလှူရှင်နိုင်ငံတွေ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးကာ နိုင်ငံတစ်ဝှမ်း စေလွှတ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ထောင်ချီမှာ စေးမူဖောလည်း ပါဝင်ပါတယ်။

    သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် လူထောင်သောင်းချီ အသက်ချမ်းသာရာ ရခဲ့ပြီး တစ်ချိန်က ငှက်ဖျားအဖြစ်အများဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ငှက်ဖျားတိုက်ဖျက်ရေးမှာ တစ်ခြားနိုင်ငံတွေက အတုယူရမယ့် ဦးဆောင်သူနိုင်ငံ ဖြစ်လာပါတော့တယ်။

    ၂၀၁၀ က မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက် ၄ ထာင်လောက် ရှိခဲ့တယ်လို့ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ငှက်ဖျားကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၀ ကျော်သာ ရှိပါတော့တယ်။

    ငှက်ဖျားရောဂါကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ဒေါက်တာ ပက်ထရီစီယာ ဂရေ့ဗ်က ၂၀၃၀ ခုနှစ်ရောက်ရင် ငှက်ဖျား လုံးဝကင်းတဲ့နိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျေးရွာအခြေပြု ကျန်းမာရေး လုပ်သားတွေရဲ့ အားထုတ်မှုနဲ့ ရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ “အခြားတိုင်းပြည်တွေက အတုယူရမယ့် အထင်ကရ ကိစ္စတစ်ခု ဖြစ်တယ်” လို့လည်း သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းတွေကို လေ့လာဖို့ ပက်ထရီစီယာဟာ ပြီးခဲ့တဲ့နှစ်က အကြံပေးတစ်ဦးအဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။ ငှက်ဖျားကြောင့် သေဆုံးမှုအရေအတွက် သိသိသာသာ လျော့ကျခြင်းရဲ့ အဓိကအကြောင်းအရင်းက ခြင်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကို ဝေငှပေးတာဖြစ်တယ်လို့ သူမက ပြောပါတယ်။

    ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါပိုးကြောင့် ဒီလို တိုးတက်မှု မရှိမှာကို တစ်ချို့တွေက စိုးရိမ်နေကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သတ်မှတ်ထားတဲ့ ရွာတွေမှာ ရောဂါလက္ခဏာ ပြပြ၊ မပြပြ ရွာသားအားလုံးကို ကုသပေးခြင်းအားဖြင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ကနဦး စမ်းသပ်မှု ပြုလုပ်ခဲ့ရာမှာတော့ ရွာပေါင်း ၅၀ မှာ ငှက်ဖျားရောဂါ သိသိသာသာ လျော့ကျသွားတာ၊ လုံးဝကင်းစင်သွားတာကို တွေ့ခဲ့ရပါတယ်။

    ဂရေ့ဗ်က ငှက်ဖျားဖြစ်ပွားမှုနှုန်း သုညအထိ ရောက်သွားပေမယ့် ဆက်လက် စောင့်ကြည့်ဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လုံးဝကင်းစင်ဖို့ ဆောင်ရွက်နေတဲ့အတွက် ရောဂါကို မြန်မြန်ဆန်ဆန် အမြစ်ဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော ဒီရောဂါက အမြန် ပြန်ဖြစ်လာတတ်လို့ပါ”

    အမေရိကန် USAid အဖွဲ့က ထောက်ပံ့မှုနဲ့အတူ မြန်မာနိုင်ငံမှာ ငှက်ဖျားကင်းစင်ရေး ဆောင်ရွက်နေတဲ့အဖွဲ့က University Research Co (URC) ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက URC ရဲ့ စီမံကိန်းမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘိုဘိုသက်က ငှက်ဖျားရောဂါ ကင်းစင်မယ့်အခြေအနေ နီးကပ်လာခဲ့ပေမယ့် ပြဿနာ ၂ ခု ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တစ်ခုက ငှက်ဖျားရောဂါအကြောင်း လူထုရဲ့သိရှိမှု အားနည်းနေတာပါ။ ဒါ့ကြောင့် ဖျားပြီဆိုတာနဲ့ ငှက်ဖျားရောဂါ စစ်တာမျိုး မလုပ်ကြဘူး။ နောက်တစ်ခုက ငှက်ဖျားရောဂါဖြစ်ပွားမှု ကျဆင်းလာတာနဲ့အမျှ ငှက်ဖျားရောဂါကို ခုခံနိုင်စွမ်းလည်း လူတွေမှာ လျော့ကျလာတာပါ။ ဒါ့ကြောင့် ငှက်ဖျား အလွယ်တကူ ကူးစက်ဖြစ်ပွားနိုင်ပါတယ်”

    ငှက်ဖျားရောဂါအကြောင်း သိရှိမှုအားနည်းတာဟာ သာမန် ပြည်သူတွေတင်မကဘဲ အစိုးရ ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ခါတစ်လေမှာ ငှက်ဖျားလက္ခဏာတွေကို သတိမမူမိတာ ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ် ပေးစေဟာ ပြီးခဲ့တဲ့လက ကတုန်ကယင်ဖြစ်ပြီး၊ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကြောင့် မီးချောင်းလှောင်ရွာပြင်က အစိုးရဆေးပေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။

    ဒါပေမယ့် ၀န်ထမ်းတွေက သူ့ကို ငှက်ဖျားရောဂါ မစစ်ပေးဘဲ ဆေးတစ်လုံးထိုးပေးကာ အိမ်ပြန်လွှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်က ငှက်ဖျားရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီး၊ ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အကြံဉာဏ်ရဖို့အတွက် စေးမူဖောဆီ သွားရောက်ခဲ့ပါတယ်။

    စေးမူဖောက သွေးဖောက်စစ်ကြည့်လိုက်တဲ့အခါမှာ ငှက်ဖျားရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ စေးမူဖောသာ မရှိဘူးဆိုရင် ပေးစေဟာ ငှက်ဖျားဖြစ်နေကြောင်း သိမှာမဟုတ်ဘဲ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။

    “ကျေးလက်ဒေသတွေမှာ ဆရာဝန်တွေအပါအ၀င် ၀န်ထမ်းတွေ မလုံလောက်ဘူ။ ငှက်ဖျားတိုက်ဖျက်ဖို့ဆိုရင် အခြေခံအဆောက်အဦးတွေက တကယ့်ကို အရေးကြီးပါတယ်” လို့ ဒေါက်တာ သင်းသင်းချစ်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ၂၀၃၀ ကျရင် ငှက်ဖျားကင်းစင်ဖို့ အခွင့်အလမ်း ရှိနေတယ်လို့ ဂရေ့ဗ်က မျှော်လင့်ထားပေမယ့် ငွေကြေးထောက်ပံ့မှု မလုံလောက်တာ အပါအ၀င် မြန်မာနိုင်ငံက ကျန်းမာရေးစနစ်မှာ ရှိနေတဲ့ အားနည်းချက်တွေကြောင့် သူမနဲ့ ဒေါက်တာ ဘိုဘိုသက်တို့ကတော့ သိပ်ပြီး မမျှော်လင့်ထားပါဘူး။ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ ခုနှစ်ထက်စာရင် ၂၀၃၀ မှာ ကမ္ဘ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါကို နည်းဆုံး ၉၀ ရာခိုင်နှုန်း လျော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    “၂၀၃၀ လား။ သိပ်မသေချာပါဘူး။ အဲဒီအချိန်ရောက်ရင် မြန်မာနိုင်ငံက တစ်ချို့နေရာတွေမှာ
    ငှက်ဖျားကင်းစင်မှာဖြစ်ပေမယ့် တစ်နိုင်ငံလုံးတော့ မဟုတ်လောက်ပါဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။

    URC က ကူညီနေတဲ့ ဒေသတွေမှာ ငှက်ဖျားရောဂါ ကင်းစင်သွားပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို တီဘီ၊ HIV လို အခြားရောဂါတွေ ဖော်ထုတ်ကုသနိုင်အောင် လေ့ကျင့် သင်ကြားပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီလိုဆောင်ရွက်ပေးထားတာကြောင့် ရွာတွေမှာ ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားလာမှု ရှိ၊ မရှိ အဲဒီဝန်ထမ်းတွေ စောင့်ကြည့်နိုင်မှာဖြစ်သလို၊ ငှက်ဖျားရောဂါမရှိတော့တဲ့အတွက် ငှက်ဖျားကို အာရုံစိုက်လုပ်ဆောင်နေတဲ့ လူ့စွမ်းအား ရင်းမြစ်တွေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

    ဒီလိုဆောင်ရွက်မှုတွေဟာ တော်တော်အရာရောက်ပေမယ့် တစ်ခုအောင်မြင်သွားလို့ နိုင်ငံခြား အလှူရှင်တွေက ဆက်ထောက်ပံ့ဖို့ စိတ်မ၀င်စားတော့ဘူးဆိုရင် ရပ်တန့်မယ့်အလားအလာ ရှိနေပါတယ်။

    “ပြင်ပက ထောက်ပံ့မှုမပါဘဲ ဒါတွေ ဘယ်လိုလည်ပတ်ရမလဲဆိုတာ ကျွန်တော် မစဉ်စားတတ်တော့ဘူး” လို့ ဒေါက်တာ ဘိုဘိုသက်က ပြောကြားခဲ့ပါတယ်။

    အိုဟောင်းနေတဲ့ ဆေးရုံတွေ၊ ဆေးပေးခန်းတွေဟာ ဒီလိုစိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်တာကြောင့် အဆုံးသတ်တဲ့အချိန်အထိ ဆောင်ရွက်ဖို့အတွက် အမေရိကန်လို နိုင်ငံခြားအလှူရှင်နိုင်ငံတွေကို မြန်မာနိုင်ငံက လိုအပ်နေပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာစီယဲလ်က ငှက်ဖျားတိုက်ဖျက်ရေး ထောက်ပံ့မှုကို လွှတ်တော်က နှစ်စဉ် အတည်ပြုပေးတာဖြစ်ပြီး မြန်မာနိုင်ငံကို ဦးစားပေးထောက်ပံ့ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အန္တရာယ်က အားရကျေနပ်မှု ရရှိဖို့ပါ” လို့ မာစီယဲလ်က ပြောကြားခဲ့ပါတယ်။

    (The Gurdian သတင်းစာတွင် ဖော်ပြထားသည့် How Myanmar became an example to the world in the battle against malaria ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)