ဧပြီ ၄၊ ၂၀၁၉
M-Media
– အစားအသောက်ကို အချိုးအစားနဲ့ ချင့်ချိန်စားသုံးမှုမရှိတာကြောင့် ကမ္ဘာတစ်ဝှမ်း အချိန်မတိုင်မီ သေဆုံးသူအရေအတွက်ဟာ တစ်နှစ်ကို ၁၁ သန်းလောက်ရှိတယ်လို့ ကမ္ဘာ့ နာမည်ကြီး ဆေးပညာဂျာနယ် Lancet မှာ ဖော်ပြထားတဲ့ သုတေသန စာတမ်းသစ်တစ်ခုမှာ တွေ့ရပါတယ်။
နေ့စဉ် စားသောက်မှုစနစ်က လူတွေရဲ့ အသက်ရှင်သန်မှုကို ဘယ်လောက်အထိ သက်ရောက်စေလဲဆိုတာကို အဓိက သုံးသပ်တဲ့ ဒီသုတေသနကို Global Burden of Disease Study အဖွဲ့က လုပ်ဆောင်တာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၅ ဦးမှာ ၁ ဦးဟာ နေ့စဉ်အဟာရကို ချင့်ချိန်စားသုံးမှုမရှိတာကြောင့်ဖြစ်ပြီး ဆေးလိပ်သောက်မှုကြောင့် သေဆုံးမှုထက် ပိုမို ကြောက်စရာကောင်းတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
ဆား အလွန်အကျွံစားသုံးမှုကြောင့် သေဆုံးသူဟာ တစ်နှစ်ကို ၃ သန်းရှိပြီး၊ ဆန်လို သီးနှံအစေ့ (whole grain) တွေ စားသုံးမှုနည်းတာကြောင့် သေဆုံးသူဟာ ၃ သန်းရှိတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ အသီးအနှံ စားသုံးမှု နည်းတာကြောင့် သေဆုံးသူဟာ ၂ သန်း ရှိနေပါတယ်။
အခွံမာသီး၊ သီးနှံအစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက် ပင်လယ်စာကနေရတဲ့ omega-3 စားသုံးမှုနည်းတာကလည်း အစားအသောက်မမျှတာတာကြောင့် သေဆုံးရမှု အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။
“အစားအစာကို ချင့်ချိန်စားသုံးမှုဟာ ကမ္ဘာ့ကျန်းမာရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ တွေ့ရပြီး တော်တော်လေးကို သက်ရောက်မှုရှိပါတယ်” လို့ သုတေသနမှာ ပါဝင်တဲ့ ပရော်ဖက်ဆာ ခရစ္စတိုဖာ မူရေးက ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်း နေ့စဉ်အဟာရကို ချင့်ချိန်စားသုံးမှု မရှိတာကြောင့် သေဆုံးသူ ၁၁ သန်းမှာ ၁၀ သန်းလောက်က နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ပြီး ဆားအလွန်အကျွံစားသုံးမှု နောက်ဆက်တွဲ ဖြစ်ပါတယ်။ ကျန်တဲ့တစ်သန်းလောက်က ကင်ဆာနဲ့ အဆင့် ၂ ဆီးချိုရောဂါတွေကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။
နေ့စဉ် အစားအသောက်မှာ လူသားတွေ ထည့်သွင်းစားသုံးဖို့ မေ့လျော့ကျတဲ့ အစားအသောက်တွေက အခွံမာသီးနဲ့ အစေ့အဆံတွေဖြစ်တယ်လို့ အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။
“ဒီအစားအသောက်က စွမ်းအင်စုလေးတွေလို့ ပြောလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် အဆီဓာတ်ပေးပြီး ကောင်းတဲ့အဆီဓာတ်ဖြစ်ပါတယ်။ လူတော်တော်များများက ဒါကို အဓိက အစားအသောက်အနေနဲ့ မယူဆကြဘူး။ ဈေးကြီးတာကလည်း အကြောင်းတစ်ရပ်ပါ” လို့ ကမ်းဘရစ်ခ်ျတက္ကသိုလ်က ပရော်ဖက်ဆာ နီတာ ဖူရူဟီက သုံးသပ်ပါတယ်။
ပြင်သစ်၊ စပိန်နဲ့ အစ္စရေးတို့လို မြေထဲပင်လယ်နိုင်ငံတွေဟာ အဟာရ မမျှတာမှုကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံးနိုင်ငံတွေဖြစ်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အလယ်အာရှနိုင်ငံတွေကတော့ သေဆုံးမှုအများဆုံး နိုင်ငံတွေဖြစ်ပါတယ်။
Ref: BBC









